Chapter 27
ကျွင်းချင်ယွီက အမြန်ထလိုက်၏။
"ကျွန်တော်လည်းလိုက်မယ်..."
"အပြင်မှာအန္တရာယ်များတယ်...အခန်းထဲမှာပဲဆော့နေနော်..."
"ဒီမှာပျင်းဖို့ကောင်းတယ်...ခေါ်သွားပေးပါ..."
ကျွင်းချင်ယွီက သူ့လက်များကိုဆန့်တန်းလိုက်သည်။ "အာ~"
ဖုယွမ်ချွမ်းက စောင်ကိုအရင်ခင်းလိုက်ကာ ရေသူလေး၏ "ကိုယ် ကွမ်းမင်ကိုမင်းဆီလွှတ်လိုက်မယ်လေ..."
ကျွင်းချင်ယွီက ဖုယွမ်ချွမ်း၏လက်ကောက်ဝတ်ကို မှီနွဲ့ကာ ကပ်ချွဲလာသည်။
"ကျွန်တော်က ခင်ဗျားနဲ့နေချင်တာ..."
ဖုယွမ်ချွမ်း၏နှလုံးသားက တစ်ချက်ဆောင့်ခုန်သွားလေသည်။
စကားပြောတတ်သောရေသူလေးမှာ စကားမပြောခင်ကထက် ပို၍ချွဲတတ်လာလေသည်။
ရှောင်ယွီ ထိတ်လန့်နေသဖြင့် တစ်ယောက်ထဲမနေချင်ခြင်းဖြစ်မည်ဟု ဖုယွမ်ချွမ်းတွေးမိလိုက်သည်။
သူက မေးလိုက်၏။
"အိတ်ထဲဝင်ပြီးလိုက်မလား..."
"အာ~"
ဘယ်လိုပဲလိုက်ရလိုက်ရ အဆင်ပြေတယ်...
ကျွင်းချင်ယွီက နိုရယ်၏လူများကို အကဲခတ်ချင်နေခြင်းဖြစ်သည်။
ဖုယွမ်ချွမ်းက အိမ်တွင်ဂျက်ကတ်အစား တီရှပ်ကိုသာဝတ်လေသည်။ ကျွင်းချင်ယွီက တစ်ဖက်လူရင်ဘတ်နားရှိ အိတ်ကပ်ထဲသို့ခုန်ဝင်လိုက်သည်။
နေရာက မကျဥ်းလွန်းမကျယ်လွန်းပဲ ကျွင်းချင်ယွီ၏ ခန္ဓာကိုယ်အပေါ်ပိုင်းသေးသေးလေးသာ အိတ်အပြင်သို့ထွက်နေလေသည်။
ကျွင်းချင်ယွီက ဖုယွမ်ချွမ်း၏ရင်ဘတ်ကိုမှီရင်း ပြောလိုက်၏။
"ခင်ဗျား နှလုံးခုန်တာအရမ်းမြန်နေတယ်..."
ဖုယွမ်ချွမ်းက ချောင်းအသာဟန့်ကာ "စကားမပြောမိစေနဲ့နော်..."
"အာ~!" ကျွင်းချင်ယွီအတွက် ထိုအရာမှာပြသနာမဟုတ်ချေ။
ယနေ့ဖြစ်ရပ်မှာ မတော်တဆသာဖြစ်၏။ အကယ်၍ နေရာလွတ်သာမပိတ်သွားခဲ့လျှင် သူ့လျှို့ဝှက်ချက်ပေါ်စရာအကြောင်းမရှိချေ။
အောက်ထပ်တွင်...
ရွှီခဲ့လင်က အေးစက်စက်မျက်နှာဖြင့် ဆိုဖာပေါ်၌ထိုင်နေသည်။ သူ့ရှေ့ရှိလက်ဖက်ရည်မှာ အေးစက်နေပြီဖြစ်ပြီး မည်သည့်အစေခံမှလည်းအနားမရှိချေ။
ဖုယွမ်ချွမ်း အောက်ထပ်ပြန်ဆင်းလာသည့်အခါ ရွှီခဲ့လင်မျက်ဝန်းတွင် ရွံရှာမှုများဖြတ်သန်းသွား၏။ သူက ပြုံးရင်းဖုံးကွယ်လိုက်ကာ "မာရှယ်ပြောတော့ နေ့လည်စာသွားပို့မလို့ဆို...ဘာလို့များအရမ်းကြာနေပါလိမ့်..."
ရွှီခဲ့လင်မျက်ဝန်းများထဲရှိ အပြောင်းအလဲက ဖုယွမ်ချွမ်းအကြည့်အောက်က လွတ်မသွားချေ။
"ဘာမှမရှိတော့ရင်ပြန်လို့ရပြီ..."
"ကျုပ်ပြောတဲ့လူကိုမတွေ့ရသေးပဲ ဘယ်လိုလုပ်ပြန်နိုင်မှာလဲ..." ရွှီခဲ့လင်က အပြုံးနှင့်ပြောလာ၏။
ဖုယွမ်ချွမ်းက ခေါင်းကိုငုံ့ကာ ရေသူလေးနှင့်ဆော့လိုက်သည်။
"ခုထိနားမလည်သေးဘူးလား...ခင်ဗျားပြောတဲ့လူ ကျုပ်မှာမရှိဘူး..."
ရွှီခဲ့လင် တစ်မနက်လုံးထိုအဖြေကိုသာ ကြားနေခဲ့ရခြင်းဖြစ်၏။
"မာရှယ်...ကျုပ် ဒီမှာအကြာကြီးစောင့်နေခဲ့တာပါ...ခင်ဗျား ကျုပ်ကိုလေးစားမှုလေးတော့ရှိသင့်တယ်..."
"လေးစားမှုလား..."
ဖုယွမ်ချွမ်းက သူ့အားနည်းနည်းပင်ဂရုမစိုက်ချင်ပေ။
"နိုရယ်ရဲ့အစေခံအားလုံးက ဒီလိုပဲမဟုတ်ဖူးလား..."
ရွှီခဲ့လင် မျက်နှာပျက်သွားသည်။
"ဖုယွမ်ချွမ်း...သိပ်လွန်မလာနဲ့..."
အဲ့ဒီ့လူကိုသာ လွယ်လွယ်ထုတ်ပေးလိုက်ရင် သူဒီလောက်အကြာကြီးစောင့်နေစရာလိုပါ့မလား...
ဖုယွမ်ချွမ်းက ရွှီခဲ့လင်ဒေါသထွက်သွားခြင်းကို စိတ်မဝင်စားချေ။
"ဒီအချိန်တောင်ရောက်နေပြီပဲ..."
ရွှီခဲ့လင် မျက်မှောင်ကြုတ်လိုက်သည်။
"ခင်ဗျား ဘာပြောတာလဲ..."
ဖုယွမ်ချွမ်းလက်မြှောက်လိုက်သည်နှင့် အိမ်တော်ထိန်းက တစ်နေရာမှထွက်လာကာ တီဗီလာဖွင့်ပေးသည်။
ကျွင်းချင်ယွီက သိချင်စိတ်အပြည့်ဖြင့်ဖုယွမ်ချွမ်းကို ကြည့်လိုက်၏။
ဖုယွမ်ချွမ်းက ရေသူလေး၏နှုတ်ခမ်းများကို
လက်ညှိုးဖြင့်ဒေါင်လိုက်ထိကပ်လိုက်သည်။ "ရှူး..."
ကျွင်းချင်ယွီက ပြုံးလိုက်ပြီး ဖုယွမ်ချွမ်း၏လက်ချောင်းကိုပွေ့ဖက်ကာ အနမ်းချွေလိုက်သည်။ "အာ..."
ရွှီခဲ့လင်က ထိုမြင်ကွင်းကိုကြည့်ရင်း ပို၍ပင်ဒေါသထွက်သွားခဲ့ရ၏။
ထိုစဥ် သတင်းကြေငြာသူက တီဗီဖန်သားပြင်ထက် ပေါ်ထွက်လာသည်။
"မင်္ဂလာပါ...ကျွန်တော်အခုရောက်ရှိနေတဲ့နေရာကတော့ ဇာ့ဂ်တွေကျူးကျော်ခဲ့တဲ့နေရာပဲဖြစ်ပါတယ်...လူကြီးမင်းတို့ ဇာ့ဂ်အလောင်းကောင်တွေအများအပြားကိုတွေ့နိုင်ပါသေးတယ်...ဗိုလ်မှူးရှီခိုင်ရှင်းက ဒီတိုက်ပွဲကိုဦးဆောင်ခဲ့တာပါ..."
ထို့နောက် အပျက်အစီးများကို ညွှန်ပြလိုက်၏။
ရွှီခဲ့လင်က ထိုနေရာမှာ အင်ပါယာခေါင်းဆောင်၏ သီးသန့်နားနေရာဖြစ်ကြောင်း သတိပြုမိလိုက်သည်။ သူက ရုတ်ချည်းထရပ်လိုက်ကာ "ဖုယွမ်ချွမ်း..မင်းလုပ်ရဲတယ်ပေါ့..."
ရွှီခဲ့လင်က မှတ်ဉာဏ်တုကိုဖွင့်ကြည့်လိုက်သည်။ သို့သော် ဘာသတင်းမှတက်မလာချေ။
"မင်းဒီလိုလုပ်ပြီးတော့ ဘာပြစ်ဒဏ်မှအချမခံရဘူးလို့ထင်နေတာလား..."
ရှီခိုင်ရှင်းက ဇာ့ဂ်များနှင့်တိုက်ပွဲကို ဦးဆောင်ခဲ့သူဟူ၍ သတင်းဖြန့်ခံခဲ့ရသည်။ ရွှီခဲ့လင်က အံတင်းတင်းကြိတ်လိုက်၏။
သူတို့က ဖုယွမ်ချွမ်းကိုခန့်မှန်းရန် ဇာ့ဂ်အတုကိုသုံးခဲ့ပြီး ဖုယွမ်ချွမ်းက ဇာ့ဂ်တိုက်ခိုက်မှုကိုအကြောင်းပြ၍ အင်ပါယာခေါင်းဆောင်၏ သီးသန့်နယ်မြေကို ဖျက်ဆီးခဲ့လေသည်။
ရွှီခဲ့လင်က ဘာမှထပ်မပြောနိုင်တော့ပဲ စိတ်ဆိုးမာန်ဆိုးဖြင့်လှည့်ထွက်သွားလေသည်။
ကျွင်းချင်ယွီက ရွှီခဲ့လင်စိတ်ဆိုးသွားပုံကို ပျော်ရွှင်စွာကြည့်နေ၏။
ထိုစဥ် ဖုယွမ်ချွမ်းက သူ့နဖူးကိုခပ်ဖွဖွလေးထိတွေ့လာသည်။
"ခြံထဲဆင်းချင်လား...အိမ်ပေါ်တက်ချင်လား..."
၎င်းမှာ လေ့ကျင့်ခန်းလုပ်ချင်လား သို့မဟုတ် အိပ်ချင်လားဟူ၍ မေးချင်တာဖြစ်သည်။
ကျွင်းချင်ယွီက အိမ်ပေါ်ထပ်ကိုလက်ညှိုးညွှန်ပြလိုက်သည်။ "ဘူး.."
သူက အခုလေးတင် ဝိဉာဥ်စွမ်းအင်ဖြေလျော့ထားရတာဖြစ်သည်။ ထို့အပြင် နေရာလွတ်ကလည်းဖွင့်မရသောကြောင့် အိပ်ခြင်းနှင့်သာပြန်လည်ဖြည့်တင်းနိုင်မှာဖြစ်၏။
ဖုယွမ်ချွမ်းက ရေသူလေးကိုခေါ်ကာ အပေါ်သို့တက်ရန်ပြင်လိုက်၏။ "မင်းခုနကလည်း အိပ်နေတာမဟုတ်ဖူးလား..."
"အာ..." ကျွင်းချင်ယွီက ဖုယွမ်ချွမ်း၏အင်္ကျီစကိုကုတ်ခြစ်ကာ ထိုသူ၏ပုခုံးပေါ်သို့တက်လိုက်သည်။
အခန်းထဲတွင်တစ်ယောက်ထဲမနေလိုခြင်းနှင့်...နိုရယ်၏လူကို အကဲခတ်ချင်လိုခြင်းကြောင့်သာ ဖုယွမ်ချွမ်းနှင့်လိုက်ခဲ့ခြင်းဖြစ်သည်။
ဖုယွမ်ချွမ်းကို စိုးရိမ်တာလည်းပါတာပေါ့...
ခုတော့ စိတ်ချသွားပြီလေ...
ဖုယွမ်ချွမ်းက ရေသူလေး၏အပြုံးကိုသတိပြုမိလိုက်သည်။ "ပျော်နေတာလား..."
"အာ.." ပျော်တာပေါ့...
အင်ပါယာခေါင်းဆောင် သတိလက်လွတ်ဖြစ်သွားခဲ့ခြင်းဖြစ်သည်။
မည်သို့ပင်ဆိုစေ ရှီခိုင်ရှင်းက ဆုချီးမြှင့်ခံရတော့မှာဖြစ်ပြီး ဖုယွမ်ချွမ်း၏ဂုဏ်သတင်းမှာလည်း ကောင်းမွန်လာတော့မှာပင်။
အခန်းထဲပြန်ရောက်သည့်အခါ ဖုယွမ်ချွမ်းက ရေသူလေးနှင့်အတူ ကွန်ပြူတာရှေ့တွင်ထိုင်လိုက်သည်။
"ဟမ်.." ကျွင်းချင်ယွီ ခေါင်းလေးစောင်း၍ကြည့်လိုက်သည်။ အလုပ်ရှိသေးတာလား...
"အဝတ်ဝယ်မလို့..." ဖုယွမ်ချွမ်းက စျေးဝယ်သည့်ဝက်ဘ်ဆိုဒ်ကို ဖွင့်လိုက်သည်။
"ကိုယ့်အထင် မင်းအတွက် နည်းနည်းတော့ကြိုဝယ်ထားသင့်တယ်..."
ရေသူလေးမည်သည့်အချိန်၌ လူသားပုံစံထပ်ပြောင်းမယ်မှန်း သူ မသိသော်လည်း ကြိုတင်ပြင်ဆင်ထားခြင်းက အမှားမရှိချေ။
ဖုယွမ်ချွမ်းက အဝတ်အတန်းလိုက်ကို ကျွင်းချင်ယွီကိုယ်တိုင်ရွေးစေသည်။ "ကြိုက်တာရွေး..."
ကျွင်းချင်ယွီက သူ့တွင်ဝိဉာဥ်စွမ်းအင်မလုံလောက်သဖြင့် လူသားပုံစံသို့မပြောင်းနိုင်သေးရာ အဝတ်အကြောင်းစိတ်မဝင်စားချေ။
ထို့အပြင် ဝက်ဘ်ဆိုဒ်ကအဝတ်များမှာ များပြားလွန်းသဖြင့် ရွေးရခက်လှသည်။
ကျွင်းချင်ယွီက ခဏတွေးလိုက်ပြီးနောက် ဖုယွမ်ချွမ်းလက်ကောက်ဝတ်ကိုမှီကာ ပြုံးလျှက်ပြော၏။ "ခင်ဗျား အဝတ်တွေလိုပဲမှာပေးပါ..."
"ကိုယ့်အဝတ်တွေ..."
"အွန်း..."
ဖုယွမ်ချွမ်းတွင် ပုံမှန်အဝတ်များများစားစားမရှိချေ။ အားလုံးက အဖြူနှင့်အနက်ရောင်သာဖြစ်သည်။
ရေသူလေးအတွက် ဝတ်စုံအနည်းငယ်ပြင်ပေးရန်မှာ ဘာမှမခက်ပေ။
သို့သော်……
"ဆိုဒ်ကရော..."
ကျွင်းချင်ယွီက မျက်တောင်ခတ်လိုက်သည်။ သူ ကိုယ်တိုင်းယူမထားခဲ့ဘူးလေ...
ဖုယွမ်ချွမ်းက ပြောလိုက်၏။ "နောက်မှ စိတ်ကြိုက်ပြန်ပြင်တာပေါ့.."
"ကောင်းပြီလေ..."
အဝတ်ဝယ်ပြီးသည့်နောက် ဖုယွမ်ချွမ်းက ရေသူလေးအား ငါးကန်ထဲပြန်ထည့်လိုက်သည်။
ကျွင်းချင်ယွီက သူ့ကိုစပ်စပ်စုစုဖြင့်ကြည့်လာ၏။ "အပြင်သွားမလို့လား..."
"မသွားပါဘူး...မင်းခဏအိပ်သင့်တယ်လို့ ကိုယ်ထင်တယ်..."
"အစောကြီးရှိသေးတာ..." ကျွင်းချင်ယွီက ငါးကန်အစွန်းကိုကိုင်ရင်း ပြောလိုက်သည်။
သူက ငါးကန်ထဲမှာမအိပ်ချင်ပေ။ ဖုယွမ်ချွမ်းအနားတွင်သာ ကပ်၍နေချင်သည်။
ဖုယွမ်ချွမ်းက ငါးကန်ကိုမကာ စားပွဲပေါ်တင်လိုက်၏။ "ဒီလိုဆိုရင်ရော..."
"အာ..."
ကျွင်းချင်ယွီက ကမာခွံနားသို့ကူးခတ်သွားကာ ဖုယွမ်ချွမ်းထံသို့ ရေပူဖောင်းတစ်ခုမှုတ်ထုတ်လိုက်သည်။
"အနားယူလိုက်ဦး..."
ကျွင်းချင်ယွီလက်ကလေးဝေ့ယမ်းပြကာ ကမာခွံကိုပိတ်လိုက်၏။
ဖုယွမ်ချွမ်းက ဝက်ဘ်ဆိုဒ်ကိုဖွင့်ကာ ဝိဉာဥ်စွမ်းအင်ပြည့်နှက်နေသည့် ရေသူလေးအား မွေးမြူရန်နည်းလမ်းများ ဟု ရိုက်၍ရှာလိုက်သည်။
သို့သော် ဘာမှကျမလာချေ။
ကြယ်စုရှိလူများက ရေသူမျိုးနွယ်များအကြောင်း အနည်းငယ်သာသိသေးသည်။
ဖုယွမ်ချွမ်းက ခဏတွေးလိုက်ပြီးနောက် သူနာပြုအားစာပို့လိုက်လေသည်။
---
ဤတစ်ကြိမ်တွင် ဝိဉာဥ်စွမ်းအင်ပြန်လည်ဖြည့်တင်းရန်အတွက် ကျွင်းချင်ယွီ ရက်အနည်းငယ်အချိန်ယူခဲ့ရသည်။
အစက အနည်းငယ်ပင်ပန်းရုံသာဖြစ်သော်လည်း နောက်ပိုင်းတွင်မူ တစ်ရက်ကိုဆယ်နာရီလောက် အိပ်စက်နေမိလေသည်။
ဖုယွမ်ချွမ်းက အာဟာရဖြည့်အစားအစာ အမြောက်အများဝယ်ပေးခဲ့သော်လည်း ပြောပလောက်သည်အထိ အကျိုးသက်ရောက်မှုမရှိပေ။
ကျွင်းချင်ယွီက အိပ်ယာဘေးတွင် အာဟာရပျော်ရည်ပုလင်းကိုကိုင်ရင်း အိပ်ပျော်နေသည့်ဖုယွမ်ချွမ်းကို ငေးကြည့်နေသည်။
ဖုယွမ်ချွမ်းက သူ့အားနေ့နေ့ညညဂရုစိုက်နေခဲ့ရ၏။ သူနိုးလာသည့်အခါတိုင်း ဖုယွမ်ချွမ်းကိုပထမဆုံး မြင်ရတတ်သည်။
အခုလည်း သူ့အတွက်အာဟာရဖျော်ရည်ပြင်ဆင်ရင်း အိပ်ပျော်သွားခြင်းဖြစ်ဟန်တူ၏။
ကံကောင်းစွာဖြင့် ခုရက်ပိုင်းအင်ပါယာခေါင်းဆောင်ဘက်က ငြိမ်နေလေသည်။
သူတို့က ဘာမှမတတ်နိုင်ပဲ ရှီခိုင်ရှင်းကိုဆုချရန် ပြင်ဆင်နေကြရခြင်းပင်။
ကျွင်းချင်ယွီက ဖုယွမ်ချွမ်းအနားကိုတိုးသွားရန် ပြင်ဆင်လိုက်၏။
ထိုစဥ် လက်ကောက်ဝတ်မှ စူးကနဲ့ဖြစ်သွားသည်။
ဤကာလတစ်လျှောက်လုံး နေရာလွတ်ကိုဖွင့်မရခဲ့ပေ။ ယခုမူ ဝိဉာဥ်စွမ်းအင်ပြန်ပြည့်သွားခြင်း ဖြစ်ပုံရသည်။
ကျွင်းချင်ယွီက ဖုယွမ်ချွမ်းကိုကြည့်လိုက်၏။ သူ့တွင် နေရာလွတ်ရှိမှန်း တစ်ဖက်လူသိသော်လည်း ဖုယွမ်ချွမ်းနိုးလာချိန် အိပ်ယာဘေးရှိရေသူလေးကိုမတွေ့ပါက စိတ်ပူနေလိမ့်မည်။
ကျွင်းချင်ယွီက ခဏတွေးလိုက်ပြီးနောက် အိပ်ယာဘေးရှိမှတ်စုစာအုပ်မှ စာရွက်တစ်ရွက်ဖြဲလိုက်သည်။ ထို့နောက် သူ့အရပ်နီးပါးရှိသည့် ဘောပင်ကိုယူကာ နေရာလွတ် ဟူသည့်စာလုံးကိုခက်ခက်ခဲခဲရေးလိုက်၏။
ထို့နောက် သူအိပ်ခဲ့သည့်နေရာ၌ စာရွက်ကိုထားကာ နေရာလွတ်ထဲသို့ အတွေးတစ်ချက်နှင့်အတူ ဝင်သွားလေသည်။
နေရာလွတ်က ဘာမှမပြောင်းလဲချေ။
အရင်တစ်ခါကုန်သွားသည့် ဝိဉာဥ်စမ်းရေများက ပြန်၍ပြည့်နေပြီဖြစ်သည်။
ကျွင်းချင်ယွီက စမ်းရေထဲသို့ဝင်စိမ်လိုက်၏။ ထို့နောက် အင်အားပြည့်သွားသည်အထိ ဖြည်းဖြည်းချင်းစုပ်ယူနေခဲ့သည်။
စွမ်းအင်ကပုံမှန်အနေအထားသို့ရောက်သွားသည့်အခါ ခါးဆန့်လိုက်၏။
ကျွင်းချင်ယွီ နေရာလွတ်မှပြန်ထွက်လာသည့်အခါ ဖုယွမ်ချွမ်းက အိပ်စက်နေဆဲဖြစ်လေသည်။
သူက ဝိဉာဥ်စွမ်းအင်ကို ခါးအောက်ပိုင်းတွင် ဖြည်းဖြည်းချင်းစုစည်းကြည့်သည်။
ရွှေအိုရောင်အမြှီး၏အလယ်ပိုင်းက နှစ်ခုကွဲသွားကာ အကြေးခွံများအနည်းငယ်မှိန်ဖျော့သွားပြီး လူ့အသားအရည်ထွက်ပေါ်လာ၏။
ထိုစဥ် ဖုယွမ်ချွမ်း၏မျက်ဝန်းများပွင့်လာသည်။
"ငါးကလေး..."
"နိုးပြီလား..." ကျွင်းချင်ယွီက အသီးဖျော်ရည်လုပ်ရန်စဥ်းစားမိသွားသည်။
သူက နေရာလွတ်ထဲမှ လိမ္မော်သီးကိုထုတ်ယူလိုက်၏။
"လိမ္မော်သီးအရင်စားကြမယ်..."
ဤကြယ်စုတွင် လိမ္မော်သီးအလွန်ရှားပါးလေရာ နိုရယ်ကိုယ်တိုင်ပင် လွယ်လွယ်ကူကူဝယ်လို့မရနိုင်ချေ။ ထို့ကြောင့် ကျွင်းချင်ယွီ အရင်က ဖုယွမ်ချွမ်းအတွက် လိမ္မော်သီးပြင်ဆင်ပေးချင်သော်လည်း သတိပြုမိမှာစိုးသဖြင့် မလုပ်ရဲခဲ့ချေ။
ယခုမူ ဖုယွမ်ချွမ်းက နေရာလွတ်အကြောင်း သိသွားပြီဖြစ်ရာ ထပ်မံ၍ဖုံးကွယ်ရန်မလိုတော့ချေ။
"နေရာလွတ်လား..."
"အွန်း..." ကျွင်းချင်ယွီက ပြုံးရင်းပြန်ဖြေသည်။ "ကျွန်တော် ဒီနေ့ဖွင့်လို့ရသွားပြီ..."
"ကောင်းတာပေါ့..." နေရာလွတ်က ရေသူလေးအတွက်ပုန်းခိုရန် နေရာကောင်းဖြစ်လာနိုင်သည့်အတွက် ဖုယွမ်ချွမ်း စိတ်သက်သာရာရသွား၏။
"ကျွန်တော့်မှာ ခြေထောက်တွေရှိတယ်..." ကျွင်းချင်ယွီက ခြုံစောင်အောက်မှ ခြေထောက်များကိုပြလိုက်သည်။
"ကြည့်...ကျွန်တော် ဝိဉာဥ်စွမ်းအင်ကိုဘယ်လိုထိန်းရမယ်ဆိုတာ သိသွားပြီ..."
"ကောင်းတာပေါ့...ကိုယ့်မှာမင်းအတွက်တစ်ခုခုရှိတယ်..."
"ဘာများပါလိမ့်..."
ဖုယွမ်ချွမ်းက ဘာမှမပြောချေ။ သူက အခွံနွှာပြီးသားလိမ္မော်သီးကို ရေသူလေးလက်ထဲထည့်ပေးလိုက်၏။ "ကိုယ့်ကိုစောင့်နေ..."
ကျွင်းချင်ယွီ: "ဟုတ်..."
Xxxxxxx