အပိုင်း ၂၈
Viewers 16k

Chapter 28


မကြာခင် ဖုယွမ်ချွမ်းက အိတ်တစ်အိတ်နှင့်ပြန်လာသည်။


ကျွင်းချင်ယွီက တစ်ချက်ကြည့်လိုက်၏။ "ဘာတွေလဲ..."


"အဝတ်တွေ..." ဖုယွမ်ချွမ်းက အထုပ်ကိုဖြည်လိုက်သည်။


 "လူကြီးဝတ်ကတော့ ကြာဦးမှာဆိုပေမယ့် ဒါလေးတွေကတော့ ရဖို့လွယ်တယ်လေ..."


ကျွင်းချင်ယွီက ဖုယွမ်ချွမ်းလက်ထဲရှိ အဝတ်ပိစိလေးကိုကြည့်လိုက်သည်။


"ခင်ဗျား ပြင်ဆင်ထားတာလား..."


"မင်း အသုံးလိုမယ်ထင်လို့..." 


ဖုယွမ်ချွမ်းက ကျွင်းချင်ယွီလူသားပုံစံပြောင်းလျှင် ဝတ်ရန်အဝတ်အစားရှာရင်း ရေသူလေးဆိုဒ်ကိုပါ မှာခဲ့ခြင်းဖြစ်၏။


ရေသူလေးက သူ့လက်ပေါ်၌အိပ်နေကျဖြစ်ရာ ဆိုဒ်ခန့်မှန်းဖို့သိပ်မခက်ချေ။


"စမ်းဝတ်ကြည့်ပါဦး..."


"ကောင်းပြီလေ...." ကျွင်းချင်ယွီက အဝတ်များကိုသယ်သွားလိုက်သည်။


ဖုယွမ်ချွမ်းက တစ်ဖက်သို့လှည့်ပေးထား၏။


အဝတ်အားလုံးမှာ အနေတော်ပင်ဖြစ်သည်။


ကျွင်းချင်ယွီက အမြှီးနှင့်နေ​နေကျဖြစ်ရာ ဘောင်းဘီဝတ်ရသည်ကို ချက်ချင်းအသားမကျပဲဖြစ်​နေသည်။ သူ​က မတ်တပ်ပင်ကောင်းကောင်းမရပ်နိုင်ပဲ လဲလဲကျနေ၏။


ဖုယွမ်ချွမ်းက ရေသူလေးချော်လဲသွားသည့် အသံကြောင့် နောက်လှည့်ကြည့်လာသည်။ 


"မင်းအဆင်ပြေရဲ့လား..."


"အင်း...အသားကျဖို့တော့အချိန်ယူရမယ်..."


ဖုယွမ်ချွမ်းက ရေသူလေးကိုလက်ဖဝါးပေါ်တင်လိုက်ကာ မတ်တပ်ရပ်ဖို့ကူညီပေးလိုက်သည်။


 "မင်းနဲ့ကြည့်လို့ကောင်းတယ်..."


"တခြားတစ်စုံစမ်းကြည့်ချင်သေးလား..." ဖုယွမ်ချွမ်းက ကျွင်းချင်ယွီနှင့် လိုက်ဖက်မည်ထင်သည့် ဝတ်စုံတော်တော်များများ မှာထားလေသည်။


ကျွင်းချင်ယွီက အိတ်ကိုတစ်ချက်ကြည့်လိုက်သည်။ ဝတ်စုံအားလုံးကိုဝတ်ရန်မှာ အချိန်အတော်ကြာမှာပင်။


"ခင်ဗျား ကျွန်တော့်ကိုဂိမ်းထဲကဇာတ်ကောင်လိုသဘောထားနေတာလား..."


"ဘယ်ကသာ..." ဖုယွမ်ချွမ်းက ပြောသည်။


 "ဂိမ်းထဲကဘယ်ဇာတ်ကောင်ကမှ မင်းလောက်ချစ်စရာမကောင်းပါဘူး..."


ဖုယွမ်ချွမ်းက အလေးအနက်ချော့လာသဖြင့် ကျွင်းချင်ယွီနှုတ်ခမ်းလေး ပြုံးယောင်သမ်းသွားသည်။ 


"တကယ်လား..."


ရေသူလေးပြုံးသည့်အခါ ရွှေအိုရောင်မျက်ဝန်းတစ်စုံက ပို၍တောက်ပသွားလေ့ရှိသည်။


ထိုအ​ပြုံးက ဖုယွမ်ချွမ်းထံသို့ပါကူးစက်သွားကာ "တကယ်ပေါ့..."


ကျွင်းချင်ယွီက တစ်ဖက်လူ၏လက်ဖဝါးပေါ်ထိုင်ချလိုက်၏။ 


"ခင်ဗျားက လူတွေကိုချော့တဲ့နေရာမှာအရမ်းတော်တယ်လို့ တစ်ယောက်ယောက်ဆီကကြားဖူးလား..."


"မကြားဖူးဘူး..."


သူက မဖြစ်မနေအခြေအနေမျိုးတွင်သာ အခြားလူများနှင့်စကားပြောလေ့ရှိသည်။


ကျွင်းချင်ယွီက ဖုယွမ်ချွမ်း၏လက်ချောင်းကို ဖက်လိုက်သည်။ "ဒါဆို ကျွန်တော်အခုပြောမယ်..."


ဖုယွမ်ချွမ်းက လက်ချောင်းကိုအနည်းငယ်ရွှေ့ကာ ရေသူလေး၏ပါးပြင်ကို ပွတ်သပ်လိုက်၏။


 "မင်း ဒီလိုအ​နေအထားနဲ့ ဘယ်လောက်ကြာကြာနေနိုင်လဲ..."


"ကျွန်တော်လည်းမသိဘူး..." ကျွင်းချင်ယွီက ဤကဲ့သို့လူပိစိလေးပုံစံကို နှစ်ခါသာပြောင်းဖူးသည်။


"ဒါပေမယ့် အမြှီးကိုတော့အချိန်မရွေးပြန်ပြောင်းလို့ရတယ်..."


"ကောင်းပြီ..." ဖုယွမ်ချွမ်းက ရေသူလေး၏ဆံနွယ်စကို နားရွက်နောက်သို့သပ်တင်ပေးလိုက်၏။


 "အခန်းထဲမှာ ဒီအတိုင်းလျှောက်မပြေးရဘူးနော်..."


"အွန်းပါ..." ကျွင်းချင်ယွီက တုံ့ဆိုင်းမှုမရှိသဘောတူလိုက်သည်။


ထို့​နောက် ဖုယွမ်ချွမ်း၏လက်ချောင်းများ အကူအညီဖြင့် ကျွင်းချင်ယွီက လမ်းလျှောက်စကျင့်သည်။


"အလျင်မလိုနဲ့...ဖြည်းဖြည်းချင်းသွား..." 


ရေသူလေးလဲမကျစေရန် ဖုယွမ်ချွမ်းက သူ၏လက်ဖဝါးပေါ်တွင်သာ လမ်းလျှောက်ကျင့်စေသည်။ အိပ်ခန်းကြမ်းပြင်ပေါ်သို့ မဆင်းခိုင်းချေ။


ရေသူလေးက ခြေထောက်နှင့်အသားမကျသေးရာ လဲကျပါက သေချာပေါက်ဒဏ်ဖြစ်မှာပင်။


"အာ.." ကျွင်းချင်ယွီက ဖုယွမ်ချွမ်းမျက်မှောင်ကြုတ်လိုက်သည်ကို သတိထားမိလိုက်၏။ "ဘာဖြစ်လို့လဲ..."


"ဘာမှမဖြစ်ပါဘူး...ဒီတိုင်းတွေးနေရုံပါ.."


"ကျွန်တော့်ကိုမြင့်မြင့်မြှောက်​ပေး..."


"..." ဖုယွမ်ချွမ်းက ရေသူလေးရှိသည့်လက်ဖဝါးကို အပေါ်မြှောက်လိုက်သည်။ "ဒီလိုလား..."


"အင်း...ဒီကိုလာ..."


ဖုယွမ်ချွမ်းက ရေသူလေးဘာလုပ်ချင်မှန်းမသိသော်လည်း သူ့မျက်နှာကိုရှေ့တိုးပေးလိုက်သည်။


ကျွင်းချင်ယွီက ဖုယွမ်ချွမ်း၏တွန့်ကွေးနေသော မျက်ခုံးများကို သူ့လက်ကလေးများဖြင့် ဖြောင့်တန်းစေ၏။


ဖုယွမ်ချွမ်းက ကြောင်အသွားသည်။


ကျွင်းချင်ယွီက လက်ဖဝါးပေါ်ပြန်ထိုင်ကာ ပြောလိုက်၏။ 


"မျက်မှောင်ကြီးမကြုတ်ပါနဲ့...ပျော်ပျော်နေပါ..."


ဖုယွမ်ချွမ်းက ညှင်သာစွာပြောသည်။ "ကောင်းပြီ..."


ကျွင်းချင်ယွီက လမ်းလျှောက်ခြင်းတွင်သာ အာရုံစိုက်နေသဖြင့် ဖုယွမ်ချွမ်းခွံ့ကျွေးသမျှလိမ္မော်သီးများကို အကုန်စားလိုက်မိသည်။


သူက ခဏအကြာတွင် တစ်ဖက်လူမစားလိုက်ရမှန်းသတိပြုမိသွားသည်။ ကျွင်းချင်ယွီက နေရာလွတ်ထဲမှ လိမ္မော်သီးအချို့ထုတ်ယူလိုက်၏။


ဖုယွမ်ချွမ်းက သူ့ကိုထပ်ပြီးခွံ့ကျွေးပြန်သည်။


"ကျွန်တော် ဗိုက်ပြည့်နေပြီ..."


ထို့နောက် လမ်းလျှောက်ကျင့်ခြင်းကိုသာ အာရုံပြန်စိုက်လိုက်၏။


ကျွင်းချင်ယွီက ပင်ပန်းလာလျှင်အနားယူလိုက်၊ ခဏနေလျှင် ထပ်မံ၍လေ့ကျင့်လိုက်နှင့် လုပ်နေလေသည်။


သူ များများလေ့ကျင့်ပါမှ ပုံမှန်ခန္ဓာကိုယ်အဖြစ်ပြောင်းနိုင်သည့်အချိန်ရောက်ပါက ဖုယွမ်ချွမ်းအား ထိရောက်စွာ ကာကွယ်​ပေးနိုင်လိမ့်မည်။


ညသန်းခေါင်ထိလေ့ကျင့်ပြီးချိန်တွင် ကျွင်းချင်ယွီခြေလှမ်းအနည်းငယ်လျှောက်နိုင်နေပြီဖြစ်၏။


ရေသူလေးကြိုးစားပမ်းစား လေ့ကျင့်နေချိန်တွင် ဖုယွမ်ချွမ်းက သွားရည်စာအချို့ပြင်ဆင်ထားနှင့်သည်။


 "နောက်ကျနေပြီ...မနက်ဖြန်မှဆက်လေ့ကျင့်တော့နော်..."


ကျွင်းချင်ယွီက အသားခြောက်တစ်ခုကိုကိုက်လိုက်ရင်း "ဟုတ်ပါပြီ..."


ကျွင်းချင်ယွီက ခြေထောက်များကို အမြှီးအဖြစ်ပြန်ပြောင်းကာ ရေထဲသို့ဆင်းလိုက်၏။


သူက ရေနှင့်ထိတွေ့နေချင်သည့်အတွက် ကမာခွံအပြင်ဘက်တွင်သာ အိပ်ရန်ဆုံးဖြတ်လိုက်သည်။


ကျွင်းချင်ယွီက ရေမှော်ပင်များကိုဖက်ရင်း အိပ်မောကျသွားလေသည်။



နောက်တစ်နေ့၌...


မျက်လုံးဖွင့်ဖွင့်ချင်းမြင်ရသည်မှာ မီးခိုးရောင်ရင့်ရင့်ဖြစ်လေသည်။


ကျွင်းချင်ယွီက သူအမြင်မှားသည်ဟု တွေးမိလိုက်သဖြင့် မျက်ဝန်းများကိုပွတ်သပ်ကာကြည့်လိုက်သည်။


သူ့မျက်စိရှေ့ရှိ မီးခိုးရင့်ရောင်မွှေးပွကော်ဇောမှာ ဒီအတိုင်းသာရှိနေလေသည်။


မနေ့ညက တစ်ယောက်ယောက်အခန်းထဲလာသွားတာလား...


ဒါပေမယ့်ဖုယွမ်ချွမ်းက ဘယ်သူ့ကိုမှဝင်ခွင့်မပြုဘူးလေ...


ကျွင်းချင်ယွီက အမြှီးကိုလှုပ်ခတ်ကာ ရေမျက်နှာပြင်ပေါ်တက်လိုက်သည်။ "အာ..."


"ဘာဖြစ်တာလဲ..." ဖုယွမ်ချွမ်းက အသံကြားသဖြင့် ကုတင်​အောက်မှထလာ၏။


ကျွင်းချင်ယွီကြောင်အသွားသည်။ "ကုတင်အောက်မှာဘာလုပ်နေတာလဲ..."


"ကော်ဇောခင်းနေတာလေ..." ဖုယွမ်ချွမ်းက ပြောလိုက်သည်။ "မင်းချော်လဲရင် ထိခိုက်မှာစိုးလို့..."


အခန်းတစ်ခုလုံးက သက်တောင့်သက်သာရှိသော မီးခိုးရင့်ရောင်မွှေးပွကော်ဇောဖြင့် ခင်းကျင်းထားလေသည်။


ဖုယွမ်ချွမ်းက ငါးကန်နားလျှောက်လာကာ ရေသူလေးကိုအပြင်ထုတ်ပေးလိုက်သည်။ သူက ကျွင်းချင်ယွီကိုယ်ပေါ်ရှိ ရေများကိုသုတ်ပေးပြီးနောက် အဝတ်လဲရန်အတွက်ပါပြင်​​​ပေးလိုက်၏။


ငါးကန်အပြင်ရောက်သည့်အခါ အိပ်ခန်းကြမ်းပြင်သာမက စားပွဲနှင့်ကုလားထိုင်များကိုပါ မွှေးပွကော်ဇောဖြင့် ဖုံးအုပ်ထားခြင်းဖြစ်ကြောင်း ကျွင်းချင်ယွီ တွေ့ရှိလိုက်ရ၏။


ကျွင်းချင်ယွီက မေးလိုက်သည်။ "ဘယ်အချိန်ကတည်းက ဒါတွေပြင်ဆင်နေခဲ့တာလဲ..."


"သိပ်မကြာသေးပါဘူး..."


သူက ဖုယွမ်ချွမ်းတစ်ဖက်လှည့်နေချိန်၌ အမြှီးကိုခြေထောက်အဖြစ်ပြောင်းစေကာ အဝတ်များလဲလှယ်လိုက်သည်။


ဖုယွမ်ချွမ်းက ရေသူလေးကို ကော်ဇောပေါ်ချပေးလိုက်သည်။


ကော်ဇောက အလွန်နူးညံ့နေကာ အထဲတွင်ထည့်ချုက်ထားသည့်အရာက သူ့ကိုမလဲအောင်ထိန်းပေးနေသလိုပင်။


ဖုယွမ်ချွမ်းက ရေသူလေးလမ်းလျှောက်သည်ကို စောင့်ကြည့်နေလေသည်။


အလွန်နှေးသော်လည်း ချစ်စရာကောင်းလှသည်။


"ကော်ဇောအထူက အဆင်ပြေရဲ့လား...ပိုထူတာတွေလည်းရှိသေးတယ်...ကိုယ်က မင်းလမ်းလျှောက်ရတာ အဆင်မပြေမှာစိုးလို့ ဒီတစ်ခုကိုပဲရွေးလိုက်တာ..."


"အဆင်ပြေပါတယ်..." ကျွင်းချင်ယွီက အလွန်သဘောကျနေလေသည်။ ရုတ်တရက် ဖုယွမ်ချွမ်းသူ့အား ငေးကြည့်နေသည်ကို သတိပြုမိလိုက်၏။


သူလမ်းလျှောက်ပုံက ထူးဆန်းနေမှာမဟုတ်လား...


"ခင်ဗျား အလုပ်ရှုပ်​နေတာမဟုတ်လား..."


"မရှုပ်ပါဘူး..." ဖုယွမ်ချွမ်းက ရေသူလေးလမ်းလျှောက်ကျင့်နေသည်ကိုသာ ဆက်လက်ကြည့်နေသည်။


ခဏအကြာ၌ သူက ကျွင်းချင်ယွီမနေ့က နေရာလွတ်ထဲမှထုတ်ခဲ့သည့် ကျန်ရှိ​​သောအသီးအနှံများကို ယူလာလေသည်။


ကျွင်းချင်ယွီက နေရာလွတ်ထဲက အသီးအနှံများကို စားဖူးပြီးသားဖြစ်သည်။ ထို့ကြောင့် ဖုယွမ်ချွမ်းကိုသာ များများစားစေချင်၏။


သို့​သော် ဖုယွမ်ချွမ်းက ရေသူလေးကိုယ်တိုင်ခွံ့ကျွေးမှသာ မလွန်ဆန်နိုင်ပဲ စားလေ့ရှိသည်။ ပုံမှန်အားဖြင့် ကျွင်းချင်ယွီစားဖို့သာ ထားတတ်၏။


ကျွင်းချင်ယွီက ပြောသည်။ "ခင်ဗျား အလုပ်သွားလုပ်နှင့်လေ...ကျွန်တော်လမ်းလျှောက်ကျင့်ပြီးရင် လိုက်ခဲ့မယ်..."


ယခုကဲ့သို့အရှိန်ရနေတုန်း နိုရယ်အထိနာသွား​အောင် ဆက်လက်တိုက်ခိုက်တာ အကောင်းဆုံးဖြစ်လေသည်။


ဖုယွမ်ချွမ်းက ပထမတွင်ငြင်းဆန်ရန်ပြင်လိုက်သော်လည်း ကျွင်းချင်ယွီ၏ ဒုတိယစကားကြောင့် လက်ခံလိုက်သည်။ "ကောင်းပြီလေ..."


အိပ်ခန်းက အလွန်ကျယ်လေရာ ရေသူလေးအ​နေ​ဖြင့် လမ်းလျှောက်ရန် နာရီဝက်လောက်အချိန်ယူရလိမ့်မည်။ 


ထို့အပြင် ကျွင်းချင်ယွီက တစ်လှမ်းလှမ်းလိုက်၊ ကိုယ်ဟန်ပြန်ထိန်းယူလိုက်နှင့် လမ်းလျှောက်​နေခြင်းဖြစ်သည်။


သူက အတန်ကြာလမ်းလျှောက်ကျင့်ပြီးနောက် ပင်ပန်းလာသဖြင့် ခဏနားရန်ပြင်လိုက်သည်။


ကျွင်းချင်ယွီက အလုပ်စားပွဲထံအကြည့်ရောက်သွား၏။ "ဖု..."


သို့သော် တစ်ဖက်လူက စားပွဲခုံပေါ်တွင် မှောက်လျှက်အိပ်ပျော်နေလေသည်။


အိပ်ခန်းတစ်ခုလုံးအပြင် ပရိဘောဂများအထိ မွှေးပွကော်ဇောများဖြင့် ဖုံးအုပ်ထားခြင်းဖြစ်ရာ အနေတော်ဆိုဒ်များဖြတ်ရန် အချိန်အတော်ပေးရလိမ့်မှာပင်။


ဖုယွမ်ချွမ်း တစ်ညလုံးထိုအရာများနှင့် အလုပ်ရှုကးပ်နေခဲ့ပုံရ၏။


ကျွင်းချင်ယွီက သူ့ကိုမနှိုးတော့ပေ။ ဖုယွမ်ချွမ်းပုံစံအရဆိုပါက နိုးလာလျှင် အိပ်ယာပေါ်သွားအိပ်မည့်အစား အလုပ်လုပ်ခြင်း၊ သူနှင့်ကစားပေးခြင်းများကိုသာ လုပ်ပေလိမ့်မည်။


ကျွင်းချင်ယွီက အိပ်ယာအနားတွင်ရပ်ကာ စောင်ပါးတစ်ထည်ကို ခပ်ဖြည်းဖြည်းဆွဲယူလိုက်သည်။ 


ထို့နောက် စားပွဲနားသို့သူနှင့်အတူ ဂရုတစိုက်ဆွဲသွားသည်။


ဖုယွမ်ချွမ်းထိုင်နေသည့်အနားရောက်သောအခါ ကျွင်းချင်ယွီက သက်ပြင်းရှည်ကြီးချလိုက်သည်။ ထို့နောက် စောင်ကိုတစ်ဖက်ကကိုင်လျှက် ကုလားထိုင်ပေါ်သို့ ဖက်တက်လိုက်၏။


ထို့နောက် ကုလားထိုင်နောက်မီပေါ်မတ်တပ်ရပ်ကာ ဖုယွမ်ချွမ်းပုခုံးပေါ်သို့ စောင်ကိုလွှားပေးလိုက်သည်။


သို့သော် စောင်က အောက်သို့လျှောကျသွားလေသည်။


ကျွင်းချင်ယွီက ကုလားထိုင်အောက်ပြန်ဆင်း၍ စောင်ကိုကောက်လိုက်ကာ ဖုယွမ်ချွမ်းအပေါ် ထပ်မံခြုံပေးလိုက်သည်။


ထိုစဥ် ဖုယွမ်ချွမ်း၏မျက်ဝန်းများပွင့်လာကာ သူ့လက်မောင်းအောက်ရှိစောင်ကြားသို့ တိုးဝင်နေသည့်ရေသူလေးကိုကြည့်ရင်း ပြုံးလိုက်မိသည်။


ရုတ်တရက် ကျွင်းချင်ယွီက နောက်ပြန်လဲသွားသဖြင့် ဖုယွမ်ချွမ်းထိန်းပေးလိုက်ရ၏။


"အိုး..."


ကျွင်းချင်ယွီလန့်သွားသဖြင့် ဝိဉာဥ်စွမ်းအင်အပြည့်ထုတ်ဖော်လိုက်မိသည်။


ဖုယွမ်ချွမ်းက အမြန်ထိန်းပေးလိုက်စဥ် သူ့လက်ထဲရှိအရာလေးမှာ လက်တစ်ဖက်နှင့်ထိန်းလို့ရသည့် လူပိစိလေးမဟုတ်တော့ကြောင်း သတိပြုမိလိုက်လေသည်။


ခါးတစ်ဝိုက်ဝေ့ဝဲနေသော ရွှေရောင်ဆံနွယ်များက ဖုယွမ်ချွမ်း၏ အကြည့်အောက်ရောက်လာကာ အံ့သြရိပ်ထင်နေသည့်မျက်ဝန်းတစ်စုံက သူ့ကိုပြန်လည်ကြည့်​​နေသည်။


ဖုယွမ်ချွမ်း၏ မျက်ဝန်းအိမ်များလှုပ်ရှားသွားပြီးနောက် သူ့နောက်ကခြုံစောင်ကိုယူကာ မျက်စိရှေ့ရှိလူသားလေးအား တင်းတင်းဆွဲပတ်ပေးလိုက်သည်။


ခြုံစောင်ပါးနှင့် ရစ်ပတ်ခံထားရသည့် လူသားလေးကိုကြည့်ရင်း ဖုယွမ်ချွမ်းအမူအရာ အနည်းငယ်ပြောင်းလဲသွားသည်။


"အမ်..." ကျွင်းချင်ယွီက ဘာဖြစ်သွားမှန်းမသိသေးချေ။ သူ့မျက်ဝန်းများမှောင်မိုက်သွားပြီး စောင်နှင်အထုပ်ခံလိုက်ရခြင်းဖြစ်၏။


ကံကောင်းလို့...သူအောက်ကိုပြုတ်မကျသွားဘူး...ဒါနဲ့သူ တစ်ယောက်ယောက်အပေါ် ထိုင်နေမိသလိုပဲ...


ကျွင်းချင်ယွီက ခြုံစောင်ကိုခပ်ဟဟဖွင့်ကာ ဖုယွမ်ချွမ်းကိုမော့ကြည့်လိုက်သည်။


ဖုယွမ်ချွမ်းနှင့်သူ့ကြားတွင် ဘယ်လောက်မှမကွာချေ။ ကျွင်းချင်ယွီ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်မိ၏။


နေပါဦး...သူ အခုဖုယွမ်ချွမ်းပေါင်ပေါ်ထိုင်နေတာလား...


Xxxxxxxx