Chapter 29
ဖုယွမ်ချွမ်းက ကျွင်းချင်ယွီ၏ခါးကိုထိန်းကိုင်ထားကာ သူလှုပ်ရှားသမျှကို တိတ်တဆိတ်စောင့်ကြည့်နေလေသည်။
ကျွင်းချင်ယွီက ဖုယွမ်ချွမ်း၏အကြည့်ကိုရှောင်ရင်း တီးတိုးပြောလိုက်၏။
"မရည်ရွယ်ပါဘူး...မတော်တဆဖြစ်သွားတာ..."
ထို့နောက် ခြုံစောင်ကိုသူ့လက်ကလေးများဖြင့် တင်းတင်းဆွဲပတ်လိုက်လေသည်။
ကျွင်းချင်ယွီ စောင်ကိုခေါင်းမြီးခြုံပြီးသည်နှင့် မျက်ရည်မကျပဲငိုလေတော့သည်။
ဘာဖြစ်သွားပြန်တာလဲ...
လူသားပုံစံပြောင်းတာက တစ်ခါထက်တစ်ခါပိုပြီး ရုတ်တရက်ဆန်လာသလိုပဲ...
နောက်ဆုံးတစ်ခေါက်က နေရာလွတ်ထဲကစွမ်းအင်ကို အများကြီးစုပ်ယူမိလို့ပြောင်းသွားတယ်ထား...
ဒါပေမယ့် အခုက...
သူက ဖုယွမ်ချွမ်းနိုးလာသဖြင့် လန့်သွားကာ နေရာလွတ်ကိုဖွင့်မိပြီး ဝိဉာဥ်စွမ်းအင်များကို စုပ်ယူမိသွားခြင်းပင်။
ကျွင်းချင်ယွီက အနေခက်ဟန်ဖြင့် "အဲ့ဒါက...အင်း..."
သူ့စကားမဆုံးသေးခင် တစ်ကိုယ်လုံးလေထဲမြောက်သွားသည်ကို ခံစားမိလိုက်သည်။
ဖုယွမ်ချွမ်းက ပေါင်ပေါ်တွင်ထိုင်နေသည့် လူသားလေးအား ပွေ့ချီလိုက်ကာ အိပ်ယာပေါ်သို့တင်ပေးလိုက်သည်။
ကျွင်းချင်ယွီ စောင်ကြားမှချောင်းကြည့်သည့်အခါ သူ့အတွက် အဝတ်သွားရှာနေသည့်တစ်ဖက်လူကို တွေ့လိုက်ရ၏။
မှာထားသည့်အဝတ်များက မရောက်လာသေးသလို ရေသူလေး၏အဝတ်များကိုလည်း ဝတ်လို့မရချေ။
ခန္ဓာကိုယ်ရုတ်တရက်ကြီးထွားလာမှကြောင့် သူဝတ်ထားခဲ့သည့် အဝတ်များမှာလည်း စုတ်ပြဲသွားခဲ့ပြီဖြစ်သည်။
ဖုယွမ်ချွမ်းဗီရိုက ပုံမှန်အတိုင်းရှင်းလင်းနေကာ ကျွင်းချင်ယွီဝတ်နိုင်သည့် ဆိုဒ်မျိုးရှိမနေချေ။
ဖုယွမ်ချွမ်းက တခြားအဝတ်များထက် မဆိုသလောက်ဆိုဒ်သေးသည့် အင်္ကျီနှင့်ဘောင်းဘီကို ထုတ်ယူလိုက်ကာ သူ့ကိုကမ်းပေးလာ၏။
"ဒါလေးခဏဝတ်ထား..."
"ဟုတ်ကဲ့..." ကျွင်းချင်ယွီက ဝတ်စုံကိုလှမ်းယူလိုက်သည်။
ဖုယွမ်ချွမ်းက အိပ်ခန်းအပြင်သို့ထွက်ရင်း ပြောလိုက်၏။
"အင်္ကျီလဲနှင့်နော်...ကိုယ်အပြင်ခဏသွားပြီး ပြန်ခဲ့မယ်..."
"ကောင်းပြီ..." ကျွင်းချင်ယွီက လက်ကလေးပင်ဝေ့ယမ်းပြလိုက်သည်။
ဖုယွမ်ချွမ်းက အိပ်ခန်းအပြင်သို့ရောက်သည်နှင့် တံခါးကိုကျောဖြင့်ကပ်လိုက်သည်။ သူ၏လျှင်မြန်စွာခုန်ပေါက်နေသော နှလုံးခုန်သံကို မျက်ဝန်းမှိတ်ထားသည့်ကြားမှ ကြားနေရ၏။
လျှောက်လမ်းအဆုံးရှိ အိမ်သန့်ရှင်းရေးက သူ့အနားသို့ စပ်စပ်စုစုဖြင့်ချဥ်းကပ်လာသည်။ မာရှယ် အခုရှက်နေတာလား...
ခဏအကြာတွင် ထိုသူက တွန့်ဆုတ်ဆုတ်ဖြင့်မေးလိုက်၏။ "မာရှယ်...ခင်ဗျား..."
ဖုယွမ်ချွမ်းက လက်ဝေ့ယမ်းလိုက်သည်။ "ရတယ်...မင်းအလုပ်ကိုပဲဆက်လုပ်ပါ..."
"ဟုတ်ကဲ့..."
ဖုယွမ်ချွမ်းက အိမ်သန့်ရှင်းရေးထွက်သွားပြီး ခဏကြာသည်အထိ တံခါးနားတွင်ရပ်နေခဲ့သည်။
သို့သော် သူ၏ရင်ခုန်သံက ပြန်၍တည်ငြိမ်သွားခြင်းမရှိခဲ့ပေ။ မျက်လုံးမှိတ်လိုက်တိုင်း လူသားပုံပြောင်းသွားသည့် ရေသူလေး၏ပုံရိပ်များသာ မြင်ယောင်နေလေသည်။
ဖုယွမ်ချွမ်းက ကိုယ့်စိတ်ကိုယ်တည်ငြိမ်အောင်လုပ်ကာ စီစဥ်စရာရှိသည်များကို စီစဥ်ရန် အောက်ထပ်သို့ဆင်းလာခဲ့သည်။
အိပ်ခန်းထဲ၌...
ကျွင်းချင်ယွီက ဂျက်ကတ်ကိုဝတ်ကြည့်လိုက်သည်။
ဖုယွမ်ချွမ်းအင်္ကျီက သူနှင့်အလွန်ကြီးမားနေကာ ပေါင်လယ်လောက်အထိ ဖုံးအုပ်နေလေသည်။
ထို့အပြင် ဘောင်းဘီမှာလည်း ခါးချောင်နေသဖြင့် ဘယ်လိုမှဆွဲတင်၍မရနိုင်ပဲ ဖြစ်နေ၏။
တီရှပ်နဲ့တင်လုံလောက်တယ်...တော်ပြီ...
ကျွင်းချင်ယွီက အိပ်ယာအစွန်းတွင်ထိုင်လိုက်ကာ နံဘေးရှိစားပွဲကိုမီရင်း မတ်တပ်ရပ်ကြည့်သည်။ သို့သော် ထင်သလောက်မလွယ်လှပေ။ သူက အိပ်ယာပေါ် ပြန်ထိုင်လိုက်ရ၏။
သို့သော် အရွယ်ရောက်လာရခြင်းမှာ ကောင်းမွန်လှသည်။
ထိုစဥ် သူ့ခေါင်းပေါ်မှ တစ်စုံတစ်ခုလှုပ်သွားလေသည်။
ကျွင်းချင်ယွီ ခေါင်းပေါ်မှယူကြည့်လိုက်ချိန်တွင် ဖုယွမ်ချွမ်းဝယ်ပေးခဲ့သော ငွေရောင်ကြိုးတန်းလန်းကလေးက လက်ထဲတွင်ပါလာ၏။
ကံကောင်းစွာဖြင့် လူသားပုံပြောင်းချိန်တွင် ထိုကြိုးလေးက သူ့ဟာသူပွင့်သွားခဲ့ကာ ဆံပင်တွင်ငြိနေခဲ့ခြင်းဖြစ်ပုံရ၏။
ကျွင်းချင်ယွီက လက်ကောက်ဝတ်၌ပြောင်းတပ်ရန် ကြိုးစားလိုက်သည်။ ဒီတိုင်းထားခဲ့ပါက ထိုကြိုးလေးကိုပြန်ရှာဖို့မလွယ်ကူပေ။
သို့သော် အချိန်အတော်ကြာသည်အထိ လက်တစ်ဖက်တည်းနှင့် တပ်၍မရပဲဖြစ်နေသည်။
ထိုစဥ် တံခါးပွင့်သွားကာ ဖုယွမ်ချွမ်းဝင်လာလေသည်။
ကျွင်းချင်ယွီက ပြုံးလိုက်သည်။ "ပြန်လာပြီလား..."
"အင်း..." ဖုယွမ်ချွမ်းက ကျွင်းချင်ယွီ၏လက်များထံ အကြည့်ရောက်သွားသည်။ "ဘာလုပ်နေတာလဲ..."
ကျွင်းချင်ယွီက လက်ကောက်ဝတ်ကိုဝေ့ယမ်းပြလိုက်၏။ "နဖူးစည်းပြုတ်သွားလို့လေ...အဲ့ဒါ လက်မှာပတ်ထားမလားလို့..."
"ဒီကိုလာ..." ဖုယွမ်ချွမ်းက သူ့ကိုကူညီ၍တပ်ဆင်ပေးလိုက်၏။ "ကိုယ်တပ်ပေးမယ်..."
ကျွင်းချင်ယွီက ဖုယွမ်ချွမ်းအနားသို့သွားကာ လက်ကိုဆန့်ထုတ်ပေးလိုက်သည်။
ရေသူလေး၏အသားအရေမှာ အေးမြနေပြီး ဖြူဖွေးအိစက်နေ၏။ လက်ကောက်ဝတ်ကလေးမှာလည်း ပါးလျနေကာ လက်ချောင်းသွယ်သွယ်လေးများကအစ ကြည်လင်ကာကျော့ရှင်းနေလေသည်။
ဖုယွမ်ချွမ်းက လက်ပတ်ကို အကျအနတပ်ဆင်ပေးလိုက်သည်။
ကျွင်းချင်ယွီက ပြုတ်မကျတာသေချာစေရန် လက်ကောက်ဝတ်ကို လွှဲယမ်းကြည့်လိုက်သည်။ သူ၏နဖူးစည်းမှာ လက်ပတ်အဖြစ်ပြောင်းသွားသော်လည်း လှပနေဆဲဖြစ်သည်။
"ငါးလေး...ခဏနေရင် နေ့လည်စာ..."
ဖုယွမ်ချွမ်း၏အကြည့်က တီရှပ်နှင့်တစ်ဝက်ခန့်ဖုံးနေသည့် ခြေတံသွယ်သွယ်များထံကျရောက်သွားသည်။
"ဟမ်.."
ဖုယွမ်ချွမ်းက ရေသူလေး၏ခြေတံများထံမှအကြည့်လွှဲရင်း ချောင်းအသာဟန့်ကာ မေးလိုက်၏။
"ဘာလို့...ဘောင်းဘီရှည်ဝတ်မထားတာလဲ..."
"ဘောင်းဘီက အရမ်းကြီးနေတယ်လေ..." ကျွင်းချင်ယွီက တီရှပ်ကိုပြန့်ပြူးအောင် လက်ဖြင့်သပ်လိုက်ပြီး စားပွဲကိုမီ၍မတ်တပ်ရပ်ကာ ကိုယ်ကိုတပတ်လှည့်လိုက်သည်။
"ကြည့်...အဆင်ပြေတယ်မဟုတ်လား..."
ဖုယွမ်ချွမ်းအသက်ရှူမှားသွား၏။ သူက ကိုယ့်စိတ်ကိုယ်တည်ငြိမ်အောင်ထိန်းကာ ဉာဏ်ရည်တုကိုကိုင်လိုက်သည်။
"ကိုယ့်အဝတ်တွေက မင်းနဲ့ကြီးနေမှာ...အဝတ်တစ်ချို့ဝယ်ရအောင်..."
ကျွင်းချင်ယွီက အိပ်ယာအစွန်းတွင်ပြန်ထိုင်ချလိုက်ရင်း "ဒါပေမယ့် မှာထားပြီးသားလေ..."
သူက လူသားပုံအကြာကြီးမပြောင်းနိုင်သေးတော့ အဝတ်အများကြီးမလိုပါဘူး...
"မှာထားတာက ရောက်ဖို့ကြာဦးမှာ..." ဖုယွမ်ချွမ်းက ရေသူလေး လတ်တလောတော့ လူပုံစံပြောင်းဦးမည်မဟုတ်ဟု ထင်ထားခဲ့သဖြင့် သူ၏သီးသန့်အပ်ချုပ်ဆိုင်ကိုသာ မှာခဲ့ခြင်းဖြစ်သည်။
သီးသန့်အဝတ်အထည်များက မြန်မြန်မရတတ်ချေ။
ဖုယွမ်ချွမ်းက အိပ်ယာပေါ်တွင်ထိုင်ရင်း ပြောလိုက်သည်။ "မင်းကြိုက်တာရွေးကြည့်..."
ကျွင်းချင်ယွီက ပေါ့ပေါ့ပါးပါးသာရွေးချယ်လိုက်သည်။ အရေးပေါ်အဝတ်လိုအပ်နေသည့်အတွက် ကြည့်ကောင်းရန်မလိုအပ်ချေ။ "ဒါလေး..."
"ကောင်းသားပဲ..."
အင်္ကျီကိုနှိပ်လိုက်သည့်အခါ စျေးနှုန်းနှင့်ရနိုင်သည့်ဆိုဒ်များပေါ်လာသည်။
ကျွင်းချင်ယွီက မေးလိုက်၏။ "ကိုယ်တိုင်းယူဦးမလား..."
"ကိုယ်မှန်းတတ်ပါတယ်..."
နောက်နေ့တွင် စက်ရုပ်က အင်္ကျီများကို စနစ်တကျထုပ်ပိုးကာ အိမ်ရှေ့အရောက်ပို့ဆောင်ပေးမှာဖြစ်သည်။
ဖုယွမ်ချွမ်းက ဥာဏ်ရည်တုစက်ကိုချလျှက် "ရေသူလေးပုံစံပြန်ပြောင်းချင်ရင် ဝိဉာဥ်စွမ်းအင်ကို ဖြန့်ကျက်တဲ့နည်းလမ်းပဲရှိတာလား..."
ကျွင်းချင်ယွီ ခေါင်းညှိတ်လိုက်သည်။ "အင်း..."
တခြားနည်းလမ်းရှိရင်လည်းရှိမှာပေါ့...သူတော့မသိဘူး...
ရေသူလေး လူသားပုံစံပြောင်းနိုင်သည်ကို တခြားလူများတွေ့ပါက အန္တရာယ်ရှိနိုင်သော်လည်း ဖုယွမ်ချွမ်းက ဝိဉာဥ်စွမ်းအင်ဖြန့်ကျက်ခြင်း မပြုလုပ်စေချင်ပေ။
အရင်တစ်ခါ ထိုသို့လုပ်စဥ်က စွမ်းအင်ပြန်ပြည့်ရန် အချိန်များစွာလိုအပ်လေသည်။
ဖုယွမ်ချွမ်းက ပြောသည်။ "အိမ်ကအစေခံတွေ အားလပ်ရက်ရက်ရှည်ရမယ်...ပြီးတော့ ဗီလာမှာအချက်ပြစနစ်တွေအကုန်တပ်ထားမယ်လေ...ဒီလောက်ဆိုလုံခြုံတယ်မဟုတ်လား...."
ကျွင်းချင်ယွီ ကြောင်အသွားသည်။ သူက အိပ်ခန်းအတွင်းသာနေရန် စဥ်းစားထားသော်လည်း ဖုယွမ်ချွမ်းကမူ ဗီလာတစ်ခုလုံးကို သူ့အတွက်ပြင်ဆင်ပေးနေလေသည်။
ဖုယွမ်ချွမ်း ခုနကအပြင်ထွက်သွားသည်ကို ပြန်၍စဥ်းစားလိုက်ကာ "ခင်ဗျား အပြင်ထွက်သွားတာ အဲ့ဒါကြောင့်လား..."
"...ဆိုပါတော့."
ကျွင်းချင်ယွီက ဖုယွမ်ချွမ်းစကားထဲတွင် တစ်စုံတစ်ခုရှိသေးသည်ဟု ခံစားမိလိုက်၏။ သို့သော် ရင်ထဲနွေးထွေးသွားခဲ့သည်။ ထိုသူက သူ့အတွက်ပြသနာအားလုံးကိုဖြေရှင်းပေးခဲ့သည်ပင်။
သူက မသိစိတ်ဖြင့် ဖုယွမ်ချွမ်းအနားသို့ တိုးကပ်လိုက်မိသည်။
ရေသူလေးက အရင်ကလည်းကြည့်လို့ကောင်းသည်။ ယခုမူ မျက်နှာသွင်ပြင်မှာ ပို၍ထင်ရှားချောမွေ့လာလေသည်။
ဖုယွမ်ချွမ်းက ကျွင်းချင်ယွီ၏ပါးပေါ်တွင် ကျနေသော ဆံနွယ်ရှည်ကိုသပ်တင်ပေးလိုက်၏။ "ခဏနေရင် အဝတ်တွေရောက်လာလိမ့်မယ်...ခုတော့ တစ်ခုခုသွားစားရအောင်..."
"အွန်း..." ကျွင်းချင်ယွီက လွယ်လင့်တကူသဘောတူလိုက်သည်။
ကြယ်စုရှိ အိမ်အရောက်ပို့စနစ်က အလွန်ပင်မြန်ဆန်လေသည်။ နာရီဝက်လောက်အကြာတွင် စက်ရုပ်က ထိုအဝတ်များကို အိမ်ရှေ့သို့လာရောက်ပို့ဆောင်ပေးခဲ့သည်။
ဖုယွမ်ချွမ်းက အောက်ထပ်သို့ဆင်း၍ အထုပ်ကိုလက်ခံကာ အိပ်ခန်းထဲပြန်ဝင်လာခဲ့သည်။
အဝတ်များက ပိုးသတ်ထားပြီးဖြစ်ကာ နေရောင်ခြည်ရနံ့သင်းပျံ့နေ၏။
ဖုယွမ်ချွမ်းက ကျွင်းချင်ယွီအား အဝတ်များကမ်းပေးလိုက်သည်။ "တော်လား စမ်းဝတ်ကြည့်ပါဦး..."
ကျွင်းချင်ယွီက ရှပ်အင်္ကျီကိုချွတ်ကာ ဘေးနားတွင်ခေါက်ထားလိုက်၏။ ထို့နောက် စမ်းဝတ်ကြည့်လေသည်။
ဖုယွမ်ချွမ်းက အိမ်နေရင်းအဝတ်အစားများကိုပါ မှာပေးခဲ့ခြင်းဖြစ်သည်။
ကျွင်းချင်ယွီအဝတ်လဲပြီးသည်နှင့် အိပ်ယာပေါ်ပြန်ထိုင်ချလိုက်သည်။ ဖုယွမ်ချွမ်းက အဝတ်များကိုနေရာချနေ၏။
ထို့နောက် ကျွင်းချင်ယွီအနားသို့လျှောက်လာကာ လည်တိုင်နားရှိ ကြယ်သီးနှစ်လုံးကိုတပ်ဆင်ပေးလိုက်သည်။ "နေရခက်တာမျိုးရှိလား..."
"ဟင့်အင်း...အဆင်ပြေတယ်..."
"ကောင်းပြီ...အောက်ထပ်မှာတစ်ခုခုသွားစားရအောင်..."
သူက ရေသူလေးအတွက် အဝတ်များမှာပေးခဲ့သော်လည်း ဖိနပ်ဝယ်ရန်မေ့သွားခဲ့သည်။
ကော်ဇောက အိပ်ခန်းထဲတွင်သာ ခင်းထားခြင်းဖြစ်သည်။
ကြမ်းပြင်တွင် ခြေဗလာနှင့်လျှောက်သွားခြင်းက အအေးမိနိုင်၏။ ရေသူလေးက ထိုအရာအားဂရုမစိုက်သော်လည်း သူကတော့ထိုသို့မလုပ်နိုင်ချေ။
ကျွင်းချင်ယွီက ဖုယွမ်ချွမ်းမလှုပ်သည်ကိုမြင်သောအခါ ခေါင်းမော့၍မေးလိုက်သည်။ "ဘာဖြစ်လို့လဲ..."
"ကိုယ်မင်းအတွက် ဖိနပ်ပါးတစ်ရံယူပေးမယ်..."
လှေကားအပြင်ဘက်တွင် အိမ်စီးဖိနပ်တစ်ရံတော့ရှိသင့်သည်။
သို့သော် ဖုယွမ်ချွမ်းက ပုံမှန်အားဖြင့် တစ်နှစ်လုံးနေမှတစ်ခါပင် အိမ်ပြန်မလာတတ်ချေ။ ထို့ကြောင့် အိမ်စီးဖိနပ်တစ်ရံမှ ရှိမနေခြင်းဖြစ်၏။
သူက ဟိုဟိုသည်သည်ရှာပြီးသည့်နောက် ယုန်နားရွက်ကလေးများပါသည့် ဖိနပ်ပါးတစ်ရံထွက်လာလေသည်။
ဖုယွမ်ချွမ်းက ဖိနပ်အပါးကိုကိုင်လျှက် အခန်းထဲပြန်ရောက်လာသည့် ဖုယွမ်ချွမ်းကိုတွေ့သည့်အခါ ကျွင်းချင်ယွီ ပြုံးမိသွားသည်။
"ခင်ဗျား ဒီနေ့အရမ်းအလုပ်ရှုပ်နေသလိုပဲ..."
သို့သော် ဖုယွမ်ချွမ်းက ဤကဲ့သို့အလုပ်ရှုပ်ခြင်းကို အလွန်နှစ်သက်သည်။ ရေသူလေးအတွက် ပစ္စည်းများဝယ်ပေးရခြင်းမှာ အလွန်ကောင်းမွန်သည့်ကိစ္စပင်။
သူက ရေသူလေးရှေ့တွင် ဖိနပ်အပါးကိုချပေးလိုက်၏။
"ဒီတစ်ရံပဲရှာတွေ့တယ်...မကြိုက်ရင် ကိုယ်ထပ်မှာပေးမယ်နော်..."
"ဟုတ်ပါပြီ...." ကျွင်းချင်ယွီက ဖိနပ်ကို စမ်းဝတ်ကြည့်သည်။ ဆိုဒ်မှာ သူနှင့်ကွက်တိပင်။
ထို့နောက် ဖုယွမ်ချွမ်းကပြောလိုက်၏။ "အောက်ထပ်ကိုဆင်းကြမယ်..."
ကျွင်းချင်ယွီက သူ၏လက်များကို ဆန့်တန်းလိုက်သည်။"ချီ..."
ဖုယွမ်ချွမ်းက ကြောင်အသွား၏။ ရေသူလေးကို ပွေ့ရသည်မှာ ခက်ခဲသောကိစ္စမဟုတ်ချေ။
သူက ရေသူလေး၏ခါးကို လက်တစ်ဖက်နှင့်ပွေ့လိုက်ကာ ဒူးခေါင်းများအောက်သို့ ကျန်လက်တစ်ဖက်ကိုလျှိုသွင်းလိုက်ပြီး အလွယ်တကူပင် ပွေ့ချီလိုက်၏။
သူက ခေါင်းကိုစောင်း၍မေးလိုက်သည်။ "အခု မီးဖိုချောင်ကိုအရင်သွားမလား..."
ကျွင်းချင်ယွီက မျက်ဝန်းလေးများကွေးညွှတ်သွားသည်အထိ ပြုံးလိုက်မိသည်။ သူက ဖုယွမ်ချွမ်း၏လည်တိုင်ကို လက်နှစ်ဖက်ဖြင့်တွယ်ချိတ်ရင်း ခေါင်းလေးမီလိုက်ကာ "အာ..."
ဖုယွမ်ချွမ်းက ရေသူလေးကိုချီကာ အောက်ထပ်ကိုဆင်းလိုက်သည်။
ကျွင်းချင်ယွီက ဖုယွမ်ချွမ်းကိုမီရင်း အိမ်ကိုဝေ့ဝဲကြည့်လိုက်၏။
သန့်ရှင်းရေးကအစ မည်သူမှရှိမနေချေ။
သူတို့နှစ်ဦးက မီးဖိုချောင်ထဲဝင်သွားလိုက်သည်။ ပုံမှန်အားဖြင့် အပူပေးစက်ထဲတွင် နေ့လည်စာများရှိနေရမှာပင်။
သို့သော် ဖုယွမ်ချွမ်းက စာဖိုမှူးများကိုပါ အားလပ်ရက်ပေးခဲ့ခြင်းဖြစ်၏။
ထို့ကြောင့် နွှေးသည့်စက်ထဲတွင် ဘာမှရှိမနေချေ။
ဖုယွမ်ချွမ်းက ရေသူလေးကိုလက်တစ်ဖက်နှင့်ချီကာ ရေခဲသေတ္တာကိုဖွင့်လိုက်သည်။ "မင်းဘာစားချင်လဲ..."
စားဖိုမှူးမရှိသည့်အတွက် ကိုယ်တိုင်ချက်ရတော့မှာဖြစ်၏။
Xxxxxxxxx