Chapter 30
ရေသူလေးက အသီးအနှံနှင့် ငါးခြောက်ကိုသာ စားလေ့ရှိသော်လည်း ယခုမူ သူက လူသားဖြစ်နေပြီဖြစ်ရာ အသီးအရွက်မွှေကြော်ကဲ့သို့ တစ်ခုခုစားသင့်လေသည်။
ကျွင်းချင်ယွီက ဘာစားရမှန်းမစဥ်းစားတတ်သလို ဗိုက်လည်းသိပ်မဆာချေ။ သူက အမဲသားကိုတွေ့သည့်အခါ ပြောလိုက်၏။
"အမဲသားကင်နဲ့ အသီးအရွက်ကြော်စားရအောင်...နေရာလွတ်ထဲက အရွက်တွေသုံးကြမယ်..."
"ကောင်းပြီ..." ဖုယွမ်ချွမ်းက ရေသူလေးကိုချီရင်း ဟင်းချက်ရန်မလွယ်ကူသဖြင့် "မီးဖိုချောင်က မီးခိုးတွေမွှန်လိမ့်မယ်...ကိုယ့်ကိုဧည့်ခန်းကစောင့်နေနော်..."
ကျွင်းချင်ယွီက ထိုသို့မလုပ်ချင်ပေ။ "ကျွန်တော်လည်း ကူညီပေးမယ်လေ..."
ရေသူလေး မသွားချင်မှန်းသိသဖြင့် ဖုယွမ်ချွမ်းက "ဒါဆိုကိုယ့်ဟာကိုယ် မတ်တပ်ရပ်ဖို့အဆင်ပြေလား..."
"အွန်း..."
ဖုယွမ်ချွမ်းက ရေသူလေးကို ကြမ်းပြင်ပေါ်မတ်တပ်ရပ်စေသည်။
"မသက်မသာဖြစ်လာရင် ကိုယ့်ကိုပြောနော်..."
"ဟုတ်..."
ဖုယွမ်ချွမ်းက ရေခဲသေတ္တာအတွင်းမှ အမဲသားကိုထုတ်လိုက်၏။
တစ်ချိန်ထဲတွင် ကျွင်းချင်ယွီကလည်း နေရာလွတ်ထဲမှ ခရမ်းချဥ်သီးအနည်းငယ်ကို ထုတ်ယူလိုက်သည်။
ဖုယွမ်ချွမ်းရှေ့တွင် ပထမဆုံးချက်ပြုတ်ခြင်းဖြစ်ရာ ရိုးရိုးရှင်းရှင်းဟင်းပွဲကို သူရွေးချယ်လိုက်ခြင်းဖြစ်၏။
ကျွင်းချင်ယွီက ရေသူမျိုးနွယ်များ ချက်ပြုတ်နိုင်စွမ်းရှိမရှိ ဂရုစိုက်မနေတော့ချေ။ ဖုယွမ်ချွမ်းက သူ့တွင် ထူးခြားချက်အများကြီးရှိမှန်း သိပြီးသားဖြစ်သည်။ တစ်ချက်ထပ်တိုး၍ ဘာမှထူးခြားမသွားချေ။
ကျွင်းချင်ယွီက ခရမ်းချဥ်သီးများကို ဆေးကြောလိုက်သည်။
ထို့နောက် စဥ့်တီတုံးပေါ်တင်ချိန်၌ ဖုယွမ်ချွမ်း သူ့အနားရောက်လာ၏။ "ကိုယ်လှီးလိုက်မယ်...မင်းတခြားအသီးတွေဆက်ဆေးနှင့်နော်..."
ကျွင်းချင်ယွီက ဓားကိုပြန်ချလိုက်၏။ "ကောင်းပြီလေ..."
ကျွင်းချင်ယွီက နေရာလွတ်ထဲမှ အသီးအနှံများကို ထပ်မံ၍ခူးလိုက်၏။ သူက အသီးစားရခြင်းကိုကြိုက်သည့်အတွက် စိုက်ပျိုးထားခဲ့ခြင်းဖြစ်လေသည်။
သူတို့နှစ်ယောက်စာ သစ်တော်သီး၊ လိမ္မော်သီးနှင့် သရက်သီးအလုံအလောက်ကို ခူးလိုက်သည်။
ကျွင်းချင်ယွီက အသီးများကိုဆေးကြောပြီးချိန်တွင် ဖုယွမ်ချွမ်းက ခရမ်းချဥ်သီးများအား လှီးနေဆဲဖြစ်သည်။
စဥ့်တီတုံးအပိုလည်းမရှိလေရာ လိမ္မော်သီးကို အခွံနွှာလိုက်သည်။
ကျွင်းချင်ယွီက လိမ္မော်သီးတစ်စိတ်ကို ယူစားကြည့်လိုက်သည်။ သူ၏မျက်ဝန်းလေးများတောက်ပသွားကာ "အာ...အရမ်းချိုတာပဲ..."
ထို့နောက် နောက်တစ်စိတ်ကို ဖုယွမ်ချွမ်းအားခွံ့လိုက်၏။ "အာ...."
ဖုယွမ်ချွမ်းလက်တွင် ခရမ်းချဥ်သီးအရည်များ ပေကျံနေလေရာ ကိုယ်တိုင်ယူစားဖို့အဆင်မပြေချေ။
သူက လိမ္မော်သီးကိုစားလိုက်ပြီးနောက် ရေသူလေး၏ တစ်လက်လက်တောက်ပနေသော မျက်ဝန်းများဖြင့် ရင်ဆိုင်လိုက်ရသည်။
ဖုယွမ်ချွမ်းက အသိအမှတ်ပြုဟန်ဖြင့်ခေါင်းညှိတ်လိုက်သည်။ "အဲ့ဒါက အရမ်းချိုတယ်..."
ကိုယ်စားဖူးသမျှထဲမှာ အချိုဆုံးပဲ...
ကျွင်းချင်ယွီ ကျေနပ်သွားကာ ဖုယွမ်ချွမ်းအား တစ်စိတ်ပြီးတစ်စိတ်ထပ်ကျွေးတော့သည်။
ဖုယွမ်ချွမ်းက ခရမ်းချဥ်သီးတစ်စိတ်ကို ရေသူလေးအားခွံ့ကျွေးလိုက်သည်။
ကျွင်းချင်ယွီက ပါးစပ်ကလေးဟ၍စားလိုက်ကာ အရသာခံကြည့်၏။ "အမ်..."
နေရာလွတ်ထဲက ခရမ်းချဥ်သီးများမှာ အရသာကောင်းမွန်သော်လည်း လိမ္မော်သီးစားထားသဖြင့် ချဥ်သည့်အရသာသာရှိတော့သည်။
ဖုယွမ်ချွမ်းက မေးလိုက်၏။ "အရသာမရှိဘူးလား..."
ကျွင်းချင်ယွီက ချဥ်သောကြောင့်ရှုံ့မဲ့မဲ့ဖြစ်သွားသည့် မျက်နှာလေးကိုပြင်လိုက်ကာ "ခင်ဗျား စားကြည့်..."
ဖုယွမ်ချွမ်းက ခရမ်းချဥ်သီးတစ်စိတ်စားကြည့်သည်။
"ချဥ်လား..." ကျွင်းချင်ယွီက စိတ်ဝင်တစားမေးလိုက်၏။
ဖုယွမ်ချွမ်း အမူအရာက မပြောင်းလဲချေ။ "ဟင့်အင်း...ကောင်းပါတယ်..."
ကျွင်းချင်ယွီက ဖုယွမ်ချွမ်းလက်ထဲရှိ ကိုက်လက်စ ခရမ်းချဥ်သီးကို တစ်ချက်ကြည့်လိုက်၏။ ထို့နောက် လက်လှမ်းလိုက်သည်။
"ကျွန်တော့်ကို နည်းနည်းကျွေး..."
ရလဒ်မှာ....အရမ်း အရမ်းကိုချဥ်လေသည်။
ခေါင်းငုံ့ကာ အသီးအရွက်လှီးနေသော ဖုယွမ်ချွမ်း၏ နှုတ်ခမ်းထောင့်လေးများ မြင့်တက်နေကြောင်း ကျွင်းချင်ယွီ တွေ့လိုက်ရသည်။
"..."
"အိုး..."
ဒါ သက်သက်အနိုင်ကျင့်တာ...
ကျွင်းချင်ယွီ ဖုယွမ်ချွမ်းခါးကိုဖက်လိုက်၏။
ဖုယွမ်ချွမ်းက မည်သူနှင့်မှ ဤကဲ့သို့ပူးပူးကပ်ကပ်မနေဖူးသဖြင့် တောင့်တင်းသွားသည်။
သို့သော် ကျွင်းချင်ယွီက သူ့အား ရုန်းကန်ရန်အခွင့်မပေးပဲ စတင်ကလိထိုးတော့သည်။
ဖုယွမ်ချွမ်းက ပြုံးလိုက်မိ၏။ သူ့လက်များက ခရမ်းချဥ်သီးအရည်များ ပေနေရာ ကျွင်းချင်ယွီအား ဟန့်တား၍မရချေ။ "ကောင်းပြီ...ကောင်းပြီ...ရှောင်ယွီကလိမ္မာတယ်...မစနဲ့တော့နော်..."
ကျွင်းချင်ယွီက ဖက်ထားသည်ကို လွှတ်မပေးသော်လည်း ထပ်မံမနှောင့်ယှက်တော့ချေ။
"ခရမ်းချဥ်သီးပေး...ကျွန်တော်ကြော်မယ်..."
ဖုယွမ်ချွမ်းက ခရမ်းချဥ်သီးစိတ်များကို ပန်းကန်ထဲထည့်ကာ ပေးလိုက်သည်။
"အပူမလောင်စေနဲ့နော်..."
ဖုယွမ်ချွမ်းက အပူခံရာဘာလက်အိတ်ရှည်ကို ကမ်းပေးလာသည်။ "ဒါစွပ်ထား..."
ကျွင်းချင်ယွီက ခရမ်းချဥ်သီးပန်းကန်ကိုချကာ လက်အိတ်စွပ်လိုက်၏။
ဖုယွမ်ချွမ်းက လက်အရင်ဆေးကာ ကျွင်းချင်ယွီအတွက်အေပရွန်ကို ကူညီ၍ဝတ်ပေးလိုက်သည်။ အေပရွန်က ခေါင်းဆောင်းပင်ပါဝင်လေသည်။
"မီးဖိုနဲ့ခွာမှ ဒါကိုချွတ်နော်..."
ဤကဲ့သို့ လူကိုထုပ်ပိုးထားသလို အေပရွန်မျိုး ကျွင်းချင်ယွီ တစ်ခါမှမမြင်ဖူးချေ။
ဖုယွမ်ချွမ်းက အေပရွန်စနစ်တကျဝတ်ဆင်ပေးပြီးသည့်အခါ ကျွင်းချင်ယွီကို စိတ်ချသွားလေသည်။ သူက မီးဖိုကိုဖွင့်ပေးပြီးနောက် အမဲသားကိုဆက်လက်လှီးဖြတ်နေ၏။
အသားလှီးသည့်စဥ့်နှီတုံးနှင့် အသီးအရွက်လှီးသည့်စဥ့်နှီတုံးဟူ၍ သက်သက်စီရှိသော်လည်း ဖုယွမ်ချွမ်းက ရှောင်ယွီဓားမကိုင်စေချင်သည့်အတွက် ထုတ်မသုံးတာဖြစ်သည်။
သူဒိုင်ခံလှီးပေးရင်ရတာပဲလေ...ရှောင်ယွီ့ကိုဓားပေးမသုံးချင်ပါဘူး...လက်ရှသွားရင်ဘယ်လိုလုပ်မလဲ...
ကျွင်းချင်ယွီက ကြက်ဥကိုအရင်ကြော်လိုက်သည်။ ထို့နောက် ခရမ်းချဥ်သီးများကို နူးညံ့သွားသည်အထိကြော်လိုက်၏။
ရနံ့များ သင်းပျံ့လာသည့်အခါ ကျွင်းချင်ယွီက ကြက်ဥကြော်တစ်ဇွန်းခပ်ယူ၍ အေးအောင်မှုတ်ပြီးနောက် ဖုယွမ်ချွမ်းကို ခွံ့ကျွေးလိုက်သည်။
"ပေါ့လားဟင်...ဆားနည်းနည်းဖြူးလိုက်ရမလား..."
ဖုယွမ်ချွမ်းက ခေါင်းခါလိုက်၏။ "ကောင်းတယ်...အနေတော်ပဲ..."
"ဟုတ်ပြီ..."
သူက ကြက်ဥမွှေကြော်ကြော်ပြီးနောက် ကြက်သွန်ဖြူဆီသတ်ကာ အမဲသားမိုးခိုသားကိုဆက်ကြော်လိုက်သည်။
ဖုယွမ်ချွမ်းက ဟင်းပွဲနှစ်ပန်းကန်ကို စားပွဲပေါ်တင်ပြီးနောက် ဒိန်ချဥ်ခွက်ပေါ်တွင် အသီးတစ်ချို့ကိုပါတင်လိုက်၏။
"စားကြမယ်..."
သူတို့နှစ်ဦးက နာရီဝက်နှင့်အပြီးပြင်ဆင်ခဲ့တာဖြစ်သည်။
ကျွင်းချင်ယွီက ထမင်းနှင့်အမဲသားတစ်ဖတ်ကို ခပ်ယူစားသောက်လိုက်သည်။ နူးညံ့ပြီးဆားနံ့သင်းနေသော အသားအရသာက လျှာဖျားတွင်ပျော်ဝင်သွား၏။
အာ...အသားမစားရတာဘယ်လောက်တောင်ကြာပြီလဲ...
နေ့လည်စာစားပြီးနောက်...
ကျွင်းချင်ယွီက ဖုယွမ်ချွမ်းအား ကူညီသိမ်းဆည်းပေးရန်ပြင်လိုက်သည်။
"အပြင်မှာသွားစောင့်နေပါ...ကိုယ်ပဲသိမ်းလိုက်မယ်..."
ဖုယွမ်ချွမ်းက ရေသူလေး၏လက်များ မညစ်ပတ်စေချင်ပေ။
သို့သော် ကျွင်းချင်ယွီက ငြင်းလိုက်သည်။ "နှစ်ယောက််တူတူသိမ်းတော့ မြန်မြန်ပြီးတာပေါ့..."
"သိမ်းစရာ အရမ်းမများပါဘူး..."
ရေသူလေးက အပြင်မထွက်ချင်ဟန်ပြနေသဖြင့် ဖုယွမ်ချွမ်းက လက်ထဲရှိတူနှင့်ပန်းကန်လုံးများကို ဘေးချကာ ရေသူလေးကိုပွေ့ချီလိုက်သည်။
ကျွင်းချင်ယွီက ဖုယွမ်ချွမ်း၏လည်တိုင်ကို အလိုက်သင့်တွဲခိုလိုက်မိ၏။
သူက ဧည့်ခန်းရှိဆိုဖာပေါ်တွင် နေရာချပေးခြင်းခံလိုက်ရကာ သစ်သီးပန်းကန်တစ်ခုက ရှေ့စားပွဲပေါ်၌ရှိနေသည်။
"ကိုယ်ခဏနေရင်လာခဲ့မယ်...."
"ကောင်းပြီလေ.."
မီးဖိုချောင်နှင့်ဧည့်ခန်းမှာ မှန်တံခါးနှင့်ကာထားခြင်းဖြစ်သည်။ ဖုယွမ်ချွမ်းက တံခါးကိုအပြည့်ဖွင့်လိုက်ကာ ဆေးလက်စပန်းကန်များကို ဆက်လက်ဆေးကြောလိုက်၏။
ရေသူလေးပုံစံပြန်မပြောင်းသရွေ့ ဤအလုပ်များကိုသူကိုယ်တိုင်ကိုင်တွယ်ရမှာဖြစ်သည်။
ကျွင်းချင်ယွီက ဆိုဖာပေါ်ထိုင်ရင်း အလုပ်များနေသည့်ဖုယွမ်ချွမ်းကို သစ်သီးစားရင်း ငေးကြည့်နေမိသည်။
ဆေးစရာပန်းကန်က အများကြီးမရှိချေ။ ကျွင်းချင်ယွီက ဒီတိုင်းထိုင်နေမည့်အစား လမ်းလျှောက်ကျင့်ရန် ဆုံးဖြတ်လိုက်၏။
သူက မတ်တပ်ရပ်ကာ အကြောဆန့်လိုက်သည်။
ထိုစဥ် ဖုယွမ်ချွမ်းက သစ်သီးဖျော်ရည်ဖန်ခွက်နှင့်အတူ မီးဖိုခန်းအတွင်းမှထွက်လာလေသည်။ သူက ရေသူလေးမတ်တပ်ရပ်နေသည်ကို တွေ့သည့်အခါ အမြန်လျှောက်လာရင်း ဖေးမပေးလိုက်၏။
"ဘာလို့ရပ်နေတာလဲ..."
"လမ်းလျှောက်ကျင့်မလားလို့လေ..."
ဖုယွမ်ချွမ်းက ရေသူလေးလဲကျမှာစိုးသဖြင့် ခါးမှထိန်းပေးလိုက်သည်။ "ဒီမှာ ကော်ဇောမှခင်းမထားတာ...အိပ်ခန်းထဲမှာလျှောက်ပါလား..."
ကျွင်းချင်ယွီက လဲကျမှာမကြောက်ပေ။ "အဆင်ပြေပါတယ်...ကျွန်တော်ဖြည်းဖြည်းပဲသွားမယ်လေ..."
သို့သော် ဖုယွမ်ချွမ်းက ကျွင်းချင်ယွီ၏ခါးကိုမလွှတ်ပဲ တောက်လျှောက်လိုက်ထိန်းပေးလေသည်။
ကျွင်းချင်ယွီက ဖုယွမ်ချွမ်း၏စိုးရိမ်မှုနှင့် အသားကျနေပြီဖြစ်ရာ ရုန်းကန်ခြင်းမရှိပေ။ သူက လမ်းနည်းနည်းလျှောက်လိုက်၊ တစ်ဖက်လူကိုမီ၍အနားယူလိုက်နှင့် လမ်းလျှောက်ကျင့်နေ၏။
ရေသူလေးအနေဖြင့် လမ်းလျှောက်ကျင့်ရသည်မှာ အလွန်ပင်ပန်းသည့်ကိစ္စဖြစ်သည်။ အချိန်အတော်ကြာ လေ့ကျင့်ပြီးနောက် ကျွင်းချင်ယွီ လှုပ်ပင်မလှုပ်ချင်တော့ပေ။
သူက ဖုယွမ်ချွမ်းဘက်သို့လှည့်ကာ တစ်ဖက်လူ၏လည်တိုင်ကို သူ့လက်များဖြင့်ရစ်ပတ်လိုက်၏။ "ကျွန်တော် လှေကားမတက်ချင်တော့ဘူး..."
"ကောင်းပြီ..."
ဗီလာထဲတွင် ဓာတ်လှေကားရှိသော်လည်း ဖုယွမ်ချွမ်းက ရေသူလေးကို အိပ်ခန်းထဲအထိ ကိုယ်တိုင်သာပွေ့ချီသွားခဲ့၏။
အခန်းထဲပြန်ရောက်သည့်အခါ သူက ရေသူလေးကို ရေချိုးခန်းအဝတွင် ချပေးလိုက်သည်။ "ရေချိုးလိုက်ဦးနော်..."
ရေချိုးသည်ဟုဆိုသော်လည်း ရေစိမ်ခြင်းသာဖြစ်လေသည်။
"ဟုတ်ပြီ..." ကျွင်းချင်ယွီက ရေနှင့်ထိတွေ့ခြင်းမရှိသည်မှာ အချိန်အတော်ကြာသွားပြီဖြစ်၍ အနည်းငယ် မသက်မသာဖြစ်နေခဲ့သည်။
သူက ဆပ်ပြာပူဖောင်းများနှင့်ရေချိုးရန် အလွယ်တကူသဘောတူလိုက်၏။
ဖုယွမ်ချွမ်းက ရေချိုးကန်ကိုရေဖြည့်ကာ ရေ၏အပူချိန်ကို ချိန်ညှိပေးလိုက်လေသည်။
ထို့နောက် ရေချိုးဘောလုံးကို ရေထဲပစ်ထည့်လိုက်သည်။ မွှေးပျံ့သောရနံ့များထွက်ပေါ်လာ၏။
"ကိုယ် အပြင်ကစောင့်နေမယ်...တစ်ခုခုဆိုရင်လှမ်းခေါ်လိုက်နော်..."
"ကောင်းပြီလေ..."
သူက ရေချိုးခန်းတံခါးကို ပိတ်ပေးသွားလေသည်။
ကျွင်းချင်ယွီက ရေချိုးကန်ထဲသို့ဝင်လိုက်၏။
အပူချိန်မှာ ရေသူမျိုးနွယ်တစ်ဦးအတွက် အနေတော်ပင်။
ကျွင်းချင်ယွီက ရေစိမ်နေရင်း စိတ်ရောကိုယ်ပါအနားရသွားကာ အိပ်ငိုက်လာခဲ့သည်။
သူက ကန်အတွင်းမှ မြန်မြန်ထလိုက်သည်။ ရေသူလေးဘဝတုန်းက ရေစိမ်ခြင်းမှာ အကြောင်းမဟုတ်သော်လည်း လူသားပုံစံဖြင့်အအေးမိနိုင်လား မသေချာပေ။
ထို့နောက် ကိုယ်ပေါ်ရှိဆပ်ပြာမြှုပ်များကို ရေဆေးချလိုက်ကာ ရေချိုးခန်းဝတ်စုံကိုဝတ်လိုက်၏။
"ဖုယွမ်ချွမ်း..."
ဖုယွမ်ချွမ်းအသံက အပြင်ကထွက်လာသည်။ "ရေချိုးပြီးပြီလား..."
"အင်း..."
"တံခါးနည်းနည်းဖွင့်..." ဖုယွမ်ချွမ်းက အပြင်ဘက်မှ အင်္ကျီဘောင်းဘီဝမ်းဆက်နှင့် တဘက်ကိုကမ်းပေးလိုက်၏။
ကျွင်းချင်ယွီက တဘက်နှင့်အင်္ကျီများကို တံခါးအဟကြားမှ လှမ်းယူလိုက်သည်။ သူက ရေစင်အောင်သုတ်ပြီးနောက် အဝတ်လဲလိုက်သည်။
ထို့နောက် ဆံပင်ရေစိုများကိုမသုတ်တော့ပဲ ရေချိုးခန်းအပြင်သို့ ထွက်လာ၏။
ထိုအခြင်းအရာကို ဖုယွမ်ချွမ်း တွေ့သောအခါ "ဘာလို့ဆံပင်အခြောက်မခံတာလဲ..."
"လေမမှုတ်ချင်လို့..." ကျွင်းချင်ယွီက ပြောပြောဆိုဆိုဖြင့် ဖုယွမ်ချွမ်း၏ခါးကိုဖက်ကာ တစ်ကိုယ်လုံးမီလိုက်သည်။ "ကျွန်တော် အိပ်ချင်နေပြီ..."
ဖုယွမ်ချွမ်းက ရေသူလေးအအေးမိမှာစိုး၍ ဆူပူရန်စဥ်းစားလိုက်ခြင်းဖြစ်သည်။ သို့သော် ထိုစကားများကြောင့် မဆူဖြစ်တော့ချေ။
သူက အိပ်ချင်မူးတူးဖြစ်နေသော ရေသူလေး၏ဆံနွယ်များကို အိပ်ယာပေါ်တင်လိုက်ကာ သူ့ကိုမီ၍ထိုင်စေသည်။
ထိုစဥ် လေနွေးနွေးများတိုက်ခတ်လာသည်ကို ကျွင်းချင်ယွီခံစားမိလိုက်သည်။ သူက ခေါင်းကိိုယိမ်း၍ ရှောင်ရန်ကြိုးစားသော်လည်း အရာမရောက်ချေ။ "အာ..."
"ခဏလေးပဲသည်းခံနော်...ရှောင်ယွီကလိမ္မာတယ်..."
ဖုယွမ်ချွမ်းအသံကြောင့် ကျွင်းချင်ယွီက သူ့ကိုယ်သူ တစ်ဖက်လူ၏လက်မောင်းကြားထဲသို့ မြှုပ်နှံထားလိုက်လေသည်။
ဆံပင်များခြောက်သွားသည့်အခါ ရှောင်ယွီက ဖုယွမ်ချွမ်း၏လက်မောင်းများကြား လိမ္မာစွာအိပ်စက်နေပြီဖြစ်လေသည်။
…
နောက်တစ်နေ့တွင် ကျွင်းချင်ယွီနိုးသည့်အခါ အိပ်ယာပေါ်၌တစ်ယောက်ထဲဖြစ်နေ၏။
ကျွင်းချင်ယွီက အိပ်မှုံစုံမွှားနှင့်လက်ဖြင့် လိုက်စမ်းသည့်အခါ ဖုယွမ်ချွမ်းကိုမစမ်းမိချေ။
ခေါင်းအုံးအလွတ်သာရှိလေသည်။
ကျွင်းချင်ယွီက ခေါင်းအုံးကိုဆွဲယူ၍ဖက်လိုက်ကာ အိပ်ရာပေါ်မှထထိုင်လိုက်သည်။
ဖုယွမ်ချွမ်းဘယ်ရောက်နေတာလဲ...
မနေ့ညက သူတို့တူတူအိပ်တာမဟုတ်ဖူးလား...
ကျွင်းချင်ယွီ မနေ့က အရမ်းအိပ်ချင်နေခဲ့သော်လည်း ဖုယွမ်ချွမ်း သူနှင့်အတူအိပ်ခဲ့မှန်း သေချာလေသည်။
Xxxxxxx