အပိုင်း ၃၁
Viewers 18k

Chapter 31


အိပ်ယာဘေးတွင် အမဲသားကြော်ပူပူနွေးနွေးက မနက်စာအဖြစ် ရှိနေသည်။


ကျွင်းချင်ယွီက ခုမှနိုးလာခြင်းဖြစ်ရာ ဗိုက်မဆာသေးပေ။


သူက စောင်ကိုဖယ်ကာ တစ်စုံတစ်ယောက်ကိုရှာရန်စဥ်းစားလိုက်သည်။


သို့သော် မနေ့ညက အကြာကြီးလမ်းလျှောက်ကျင့်ထားသဖြင့် ခြေထောက်ချလိုက်သည်နှင့် အနည်းငယ်နာကျင်လာလေသည်။


ကံကောင်းစွာဖြင့် မခံမရပ်နိုင်အောင် နာခြင်းမဟုတ်ပေ။


ကျွင်းချင်ယွီက ဖိနပ်အပါးကိုစီးကာ ဖြည်းဖြည်းလေးလမ်းလျှောက်ကြည့်သည်။


ထိုစဥ် ဖုယွမ်ချွမ်း အိပ်ခန်းထဲဝင်လာ​လေသည်။


ကျွင်းချင်ယွီက အိပ်ယာပေါ်ပြန်ထိုင်လိုက်ကာ မျက်ဝန်းများကိုပွတ်သပ်လိုက်သည်။ 


"ဘယ်သွားနေတာလဲ..."


ဖုယွမ်ချွမ်းက သူ့ထံလျှောက်လာကာ "မင်းအတွက် အာဟာရမှုန့်ဖျော်နေတာ..."


ကျွင်းချင်ယွီက ဖုယွမ်ချွမ်း၏ခါးကိုဖက်ကာ ခေါင်းလေးနှင့်တိုးဝှေ့လိုက်သည်။ 


"အွန်...အိပ်ချင်တယ်...မသောက်တော့ဘူးနော်..."


"ဒါလေးသောက်ပြီးမှအိပ်လေ..." 


အာဟာရမှုန့်က ဖျော်ပြီးပြီးခြင်းသောက်မှသာ ပို၍အကျိုးသက်ရောက်မှုကောင်းမွန်လေသည်။


ကျွင်းချင်ယွီက အပြည့်အဝမနိုးသေးသည့်အတွက် အရာအားလုံးနှေးကွေးနေလေသည်။


ဖုယွမ်ချွမ်းက အာဟာရပျော်ရည်အား သူ မသောက်မခြင်းတိုက်မည့်ဟန်ရှိနေလေရာ ကျွင်းချင်ယွီပါးစပ်ဟလိုက်ရတော့သည်။ "အာ..."


ထိုအပြုအမူလေးကြောင့် ဖုယွမ်ချွမ်း၏နှုတ်ခမ်းထောင့်များ မြင့်တက်သွား၏။ အာဟာရပျော်ရည်မှာ အရင်သောက်နေကျထက် ပို၍ခါးလေသည်။


အရင်က အာဟာရပျော်ရည်တိုက်လျှင် ကျွင်းချင်ယွီ ရေထဲဆင်းကာ ပုန်းလေ့ရှိသည်။


ယခုမူ စောင်ထဲပြန်ပြေးရန်ပင် အချိန်မမီတော့ချေ။


ရေသူလေးက အိပ်ရာထခါစအချိန်တွင် ပို၍ဉာဏ်များတတ်သည်ဟု ဖုယွမ်ချွမ်းတွေးလိုက်သည်။ သူက အာဟာရပျော်ရည်တစ်ဇွန်းခွံ့တိုက်လိုက်၏။


ခါးသက်သောအရသာကြောင့် ကျွင်းချင်ယွီ မျက်မှောင်ကြုတ်လိုက်မိကာ အိပ်ချင်စိတ်လည်းပြယ်သွားလေသည်။


ဖုယွမ်ချွမ်းက နောက်တစ်ဇွန်းထပ်တိုက်ဖို့ပြင်ချိန်တွင် ကျွင်းချင်ယွီ အလန့်တကြားဖြင့် တံခါးကိုညွှန်ပြလိုက်သည်။ "ဟိုမှာ..."


"ဟမ်.." ဖုယွမ်ချွမ်းက မည်သူမှမလာမှန်းသိသော်လည်း တစ်ချက်လှည့်ကြည့်လိုက်လေသည်။ "ဘယ်သူမှမရှိပါဘူး..."


ထို့နောက် အာဟာရပျော်ရည်တိုက်ရန် ပြန်လှည့်လိုက်သည့်အခါ စောစောကအထိ မျက်စိ​ရှေ့ရှိနေသည့် ရေသူလေးမရှိတော့ချေ။


ထိုအစား ခြုံစောင်ကသာ ဖောင်းနေ၏။


ဖုယွမ်ချွမ်း: "ငါးကလေး..."


"ဟမ်..."


ဖုယွမ်ချွမ်း : "..."


အိပ်ချင်ယောင်ဆောင်နေလည်း အာဟာရပျော်ရည်တော့ သောက်ဖို့လိုအပ်တယ်လေ...


ဖုယွမ်ချွမ်းက ပြောလိုက်သည်။ "အာဟာရဖျော်ရည်သောက်ရင် သကြားကျွေးမယ်လေ..."


စောင်လုံးလေးက လှုပ်ရှားသွားကာ ရေသူလေး၏အသံထွက်ပေါ်လာ၏။ 


"တကယ်လို့ မသောက်ရင်ရော ကျွန်တော် သကြားစားချင်တယ်လို့ပြောရင် ခင်ဗျားကကျွေးမှာပဲမဟုတ်လား..."


ဖုယွမ်ချွမ်း ကြောင်အသွားသည်။


သူက ဖျော်ရည်ခွက်ကိုကိုင်ရင်း ဆုအဖြစ်သင့်တော်မည့်အရာကို စဥ်းစားနေ၏။


ရှောင်ယွီ ဘာပဲတောင်းဆိုပါစေ သူက ဖြည့်ဆည်းပေးနေကျဖြစ်လေရာ တစ်ခုမှခေါင်းထဲပေါ်မလာချေ။


ခဏအ​ကြာ၌ ကျွင်းချင်ယွီက စောင်အောက်မှတိုးထွက်လာ၏။ "ကျွန်တော် ရေသူလေးပြန်ဖြစ်တော့မယ်ထင်တယ်..."


သူ့တွင်ရှိသော ဝိဉာဥ်စွမ်းအင်က လူသားပုံစံအဖြစ် ကြာမြင့်စွာထိန်းမထားနိုင်ချေ။


"အားကုန်သွားပြီလား..."


ကျွင်းချင်ယွီခေါင်းညိတ်လိုက်သည်။


"ကိုယ်မင်းကို ပူဖောင်းနဲ့ဆော့လို့ရအောင်ခေါ်သွားမယ်..." ဖုယွမ်ချွမ်းက ရေသူလေး၏ဆံနွယ်များကို ပွတ်သပ်လိုက်၏။


 "ကိုယ်ထင်တာတော့ ရေသူလေးပြန်မဖြစ်ခင် အာဟာရဖျော်ရည်မြန်မြန်သောက်သင့်တယ်နော်..."


"ဟင်...ပြန်ပြောင်းတာနဲ့ အာဟာရဖျော်ရည်က ဘာဆိုင်လို့လဲ..."


ဖျော်ရည်က ဒီအရသာပဲဖြစ်သည်။ ရေသူလေးအဖြစ်သောက်လျှင်လည်း ခါးနေဦးမှာပင်။


ဖုယွမ်ချွမ်းက ရှင်းပြသည်။


 "မင်းခန္ဓာကိုယ်သေးသေးလေးဖြစ်သွားရင် ဒါကုန်​အောင် အကြာကြီးသောက်ရမှာပေါ့...အခုဆိုဒ်နဲ့ဆိုရင်တော့ သုံးခါသောက်ရုံနဲ့ကုန်သွားမှာလေ..."


ကျွင်းချင်ယွီ: "..."


အဆုံးသတ်တွင် သူက အာဟာရဖျော်ရည်တစ်ခွက်လုံး ကုန်စင်အောင်သောက်လိုက်တော့သည်။


ဖုယွမ်ချွမ်းက စတော်ဘယ်ရီအရသာချိုချဥ်တစ်လုံး ကျွေးလာ၏။


ချိုချဥ်၏ချိုမြိန်မှုက ဖျော်ရည်၏ခါးသက်သောအရသာကို ဖုံးအုပ်သွား​လေသည်။ 


ဖုယွမ်ချွမ်းတွင် လုပ်စရာအလုပ်များရှိနေလေရာ ရေသူလေးနှင့်အတူမရှိနိုင်သေးချေ။


သူက ဉာဏ်ရည်တုစက်ကို ရေသူလေးဂိမ်းဆော့နိုင်ရန်နှင့် တီဗီရှိုးများကြည့်နိုင်ရန် ထားခဲ့၏။


ကျွင်းချင်ယွီက ဇာတ်ကားများနှင့် ရသစုံရှိုးပွဲများကို စိတ်မဝင်စားချေ။


ထို့အပြင် ဉာဏ်ရည်တုက ကိုင်ဆောင်သည့်လူ၏ အချက်အလက်များကို ထည့်သွင်းထားခြင်းဖြစ်ရာ တစ်စုံတစ်ခုမှားနှိပ်မိမှာစိုးရသေးသည်။


ကျွင်းချင်ယွီက ဘေးတွင်အသာချထားလိုက်ပြီး ထပ်မံမကြည့်တော့ချေ။ 


သူက နေရာလွတ်ထဲမှ ပန်းသီးနှစ်လုံးထုတ်လိုက်ကာ တစ်လုံးကိုဖုယွမ်ချွမ်းအတွက် ထားပေးဖို့စဥ်းစားလိုက်သည်။ သို့သော် ပန်းသီးတစ်လုံးပေါ်၌ အနက်ရောက်အစက်ကလေးတစ်ချို့ ရှိနေလေသည်။


၎င်းက ရေဓာတ်ခမ်းခြောက်ခြင်း၏ ပြယုဂ်တစ်ခုပင်။


ကျွင်းချင်ယွီ ထိတ်လန့်သွားသည်။ နေရာလွတ်ထဲက ဝိဉာဥ်စွမ်းအင်မှာ အသီးများလတ်လတ်ဆတ်ဆတ်ရှိရန် လုံလောက်ပေသည်။ မည်မျှကြာရှည်ကာမူ ပုပ်သိုးသွားခြင်းမျိုးမရှိချေ။


သူက အနာအဆာမရှိသောပန်းသီးကို ဖုယွမ်ချွမ်းဘေးတွင် ထားလိုက်၏။ "ကျွန်တော် နေရာလွတ်ထဲဝင်လိုက်ဦးမယ်..."


ဖုယွမ်ချွမ်း: "ဘာဖြစ်လို့လဲ..."


"ပြသနာ​လေးနည်းနည်းရှိလို့ပါ...ခဏပါပဲ မကြာဘူး..."


"ကောင်းပြီလေ..."


သူက ဖုယွမ်ချွမ်းမျက်စိရှေ့တင် ပျောက်ကွယ်မသွားချင်သည့်အတွက် ကုလားထိုင်အနောက်ဘက်သို့သွားကာ နေရာလွတ်အတွင်းဝင်လိုက်သည်။


ကျွင်းချင်ယွီက သစ်သီးပင်အောက်သို့ တန်း၍သွားလိုက်၏။ အပင်အောက်တွင် သစ်သီးမှည့်များစွာကြွေကျနေလေသည်။


သစ်သီးများမှာ ပုပ်သိုးခြင်းမရှိပဲ ရေဓာတ်နည်းပါးခြင်းကြောင့် ကြွေကျခြင်းဖြစ်ပုံရသည်။


သစ်သီးပင်များသာမက ဟင်းသီးဟင်းရွက်စိုက်ခင်းများမှာလည်း ထိုနည်းတူပင် ရေဓာတ်လျော့နည်းနေသည်။


ဤကဲ့သို့တစ်ခါမှမဖြစ်ဖူးသည့်အတွက် ကျွင်းချင်ယွီ အနည်းငယ်စိုးရိမ်သွားခဲ့သည်။


ဖြစ်နိုင်တာ လူသားပုံစံထိန်းထားဖို့ ဝိဉာဥ်စွမ်းအင်အရမ်းကုန်နေလို့ နေရာလွတ်ထဲက အသီးတွေအတွက် စွမ်းအင်မကျန်တော့တာလား...


ကျွင်းချင်ယွီ ခဏတွေးလိုက်သည်။ အနာဂတ်တွင် လူသားပုံစံသို့ အကြိမ်များစွာပြောင်းရဦးမှာဖြစ်ရာ ဝိဉာဥ်စွမ်းအင်ချွေတာသည်က အကောင်းဆုံးဖြစ်သည်။


အသီးအရွက်တွေကို ကြိုသိမ်းထားရင်ရော...


သစ်သီးများက ကြွေကျနေသော်လည်း လတ်ဆတ်နေဆဲဖြစ်သည်။


အသီးအရွက်တွေလတ်ဆတ်နေအောင် ဝိဉာဥ်စွမ်းအင်ပြန်ပြည့်ဖို့က နည်းနည်းတော့ကြာဦးမှာမဟုတ်လား... 


ကျွင်းချင်ယွီက ကြွေကျနေသည့် အသီးအရွက်အားလုံးကို နေရာလွတ်ထဲရှိ အခန်းတစ်ခန်းအတွင်းစု​ပြုံထည့်လိုက်သည်။


အိမ်မှာအပြင်လူမှမရှိတာ...ရေခဲသေတ္တာထဲကို သွားထည့်ထားရမယ်...


နေရာလွတ်ထဲရှိအခန်းက သစ်သီးများဖြင့်ပြည့်နှက်သွား၏။ ကျွင်းချင်ယွီက သစ်သီးများနှင့်အတူ နေရာလွတ်အပြင်သို့ ပြန်၍ထွက်လာသည်။


အပြင်ဘက်တွင် ဖုယွမ်ချွမ်းက ကျန်သည့်ပန်းသီးကို သစ်သီးခြင်းထဲထည့်နေသည်။


သူက မေးလိုက်၏။ "အသီးတွေဘာဖြစ်လို့လဲ..."


"ဘာမှမဖြစ်ပါဘူး...မှည့်ပြီးကြွေကျကုန်တာ..."


ကျွင်းချင်ယွီက ရှင်းပြလိုက်သည်။ "သစ်သီးတွေ လတ်ဆတ်နေအောင်လို့ ဝိဉာဥ်စွမ်းအင်လိုတယ်လေ...ဒါတွေကို နေရာလွတ်ထဲမှာထားရင် ဝိဉာဥ်စွမ်းအင်အများကြီးကုန်လိမ့်မယ်...အဲ့ဒါကြောင့်အပြင်ထုတ်ခဲ့တာ..."


ဖုယွမ်ချွမ်းက ခေါင်းညှိတ်လိုက်သည်။ "ဒါဆို ကိုယ်ဒါတွေကိုသိမ်းလိုက်မယ်..."


ကျွင်းချင်ယွီက သဘောတူတော့မည့်အချိန်တွင် မကြွေကျသေးသောအသီးများလည်း နေရာလွတ်ထဲတွင်ရှိသေးသည်ကို သတိရသွားသည်။


ခဏခဏလုပ်နေရမှာပေါ့....


စားလို့တောင် ကုန်ပါတော့မလား...


ကျွင်းချင်ယွီက တားလိုက်သည်။ "တစ်မိနစ်လောက်စောင့်ဦး..."


"ကောင်းပြီ.."


"ဒီနားတစ်ဝိုက်မှာ စိတ်စွမ်းအားမတည်မငြိမ်ဖြစ်နေတဲ့ လူတွေရှိလား..."


ဖုယွမ်ချွမ်းက ပြောသည်။ "စိတ်စွမ်းအားမြင့်တဲ့လူတစ်ချို့တော့ရှိတယ်..."


ကျွင်းချင်ယွီ ခေါင်းညှိတ်လိုက်၏။ "ခင်ဗျားရဲ့စစ်တပ်ထဲမှာရော အဲ့လိုရောဂါပြင်းထန်တဲ့လူတွေရှိလား...."


ကျွင်းချင်ယွီ ဘာကိုရည်ရွယ်နေမှန်း နားလည်သဖြင့် ဖုယွမ်ချွမ်း ထိတ်လန့်သွားသည်။


"ကျွန်တော်တို့မှာ သစ်သီးတွေအများကြီးပိုနေတာပဲလေ...ခင်ဗျားရဲ့ လုပ်ဖော်ကိုင်ဘက်တွေကို ခွဲဝေပေးမယ်ဆိုရင်ရော..."


သစ်သီးများထဲရှိ ဝိဉာဥ်စွမ်းအင်မှာ အချို့သေးငယ်သည့်ရောဂါများအတွက် လုံလောက်ပေသည်။


ဤနည်းအားဖြင့် အင်ပါယာခေါင်းဆောင်နှင့် တိုက်ပွဲဖြစ်ပါက ဖုယွမ်ချွမ်း အနိုင်ရနိုင်ချေများလာမှာပင်။


စိတ်စွမ်းအားမတည်ငြိမ်မှုအနည်းငယ်က အကျိုးသက်ရောက်မှုများစွာ ဖြစ်ပေါ်စေနိုင်၏။


ဖုယွမ်ချွမ်းက စစ်ပွဲတွင်ဒဏ်ရာရခဲ့ခြင်းဖြစ်ပြီး ကုသမှုနှောင့်နှေးခဲ့ရာ ပြန်လည်အကောင်းပကတိဖြစ်ရန် အချိန်များစွာလိုအပ်ပေလိမ့်မည်။


ထို့အပြင် ဖုယွမ်ချွမ်း၏နေရာအား ချောင်းမြောင်းနေကြသူ အများအပြားလည်းရှိသေးသည်။ 


ကျွင်းချင်ယွီက ဆက်ပြောသည်။


 "အရင်ဆုံး ယုံကြည်ရတဲ့လူ​တွေကို ရွေးလိုက်မယ်လေ...ဒီအသီးအနှံတွေကို ဆုချီးမြှင့်တဲ့နေရာမှာသုံးကြတာပေါ့..."


ဖုယွမ်ချွမ်းက အသေးစိတ်စဥ်းစားနေသည့် ရေသူလေးကိုကြည့်ရင်း နှလုံးသားထဲနွေးထွေးသွားရသည်။


ဤသို့သောနေရာလွတ်နှင့်ဆိုပါက ကြယ်စု၏မည်သည့်နေရာ၌မဆို ကြွယ်ဝသောသူဌေးတစ်ဦးဖြစ်လာနိုင်သည်။ 


သို့သော် ရေသူလေးက ထိုအသီးအနှံများကို ရောင်းချမည့်အစား ဒီအတိုင်းဝေမျှရန်သာ စဥ်းစားထားခြင်းဖြစ်​လေသည်။


ဖုယွမ်ချွမ်းက ရေသူလေး၏ခေါင်းကို ပွတ်သပ်ပေးလိုက်၏။ "မင်းသဘောအတိုင်းပဲ..."


ကျွင်းချင်ယွီက ပြုံးလျှက်ပြောသည်။ "ဒါပေမယ့် ကျွန်တော်က ခင်ဗျားစစ်တပ်ထဲကလူတွေကိုပဲ အသီးအနှံ​တွေပေးချင်တာ..."


ဖုယွမ်ချွမ်းက မျက်ဝန်းများကွေးညွှတ်သည်အထိ ပြုံးနေသော ရေသူလေးကိုကြည့်ရင်း သူ့နှုတ်ခမ်းများပါ ပြုံးယောင်သမ်းသွားသည်။


ကျွင်းချင်ယွီက အိပ်ရာအစွန်းတွင်ထိုင်ရင်း ခေါင်း​မော့ကာဆိုလာ၏။


 "ဘယ်လိုခွဲဝေပေးမလဲဆိုတာ စဥ်းစားပြီးပြီလား..."


သစ်သီးနှင့်ဟင်းသီးဟင်းရွက်များကို ဒီအတိုင်းပေး၍မရချေ။ အကောင်းဆုံးနည်းလမ်းမှာ အရည်ညှစ်လိုက်ပြီး ကြယ်စု၏အသီးအနှံများဖြင့် ရောပစ်လိုက်ခြင်းဖြစ်သည်။


ဖုယွမ်ချွမ်းက ပြောလိုက်၏။ "အွန်လိုင်းကနေရောင်းဖို့ရော စိတ်ဝင်စားလား..."


သူက ရေသူလေးပိုင်ဆိုင်သည့်အသီးအနှံများကို ဒီအတိုင်းမယူချင်ချေ။


ကျွင်းချင်ယွီက ဖုယွမ်ချွမ်းမည်သည့်အရာကို တွေးနေမှန်းနားမလည်ချေ။


 "ကျွန်တော်က ဘာလို့ဆိုင်ဖွင့်ရမှာလဲ..."


ဖုယွမ်ချွမ်းကပြောသည်။


 "ကိုယ်က စစ်တပ်နာမည်ကိုသုံးပြီး မင်းဆီကအသီးအရွက်တွေဝယ်မယ်လေ..."


ဤနည်းအားဖြင့် ကျွင်းချင်ယွီ ပိုက်ဆံများများရှာနိုင်မှာဖြစ်သည်။


ဖုယွမ်ချွမ်းက ရေသူ​လေး၏အဖြေကိုမစောင့်တော့ပဲ ပြောလိုက်သည်။ "အွန်လိုင်းစတိုးပဲဖြစ်ဖြစ် ပြင်ပ စတိုးဖြစ်ဖြစ် မင်းဘာမှလုပ်စရာမလိုဘူးလေ...ဒီအတိုင်းပိုက်ဆံထိုင်ရေနေရုံပဲ..."


ကျွင်းချင်ယွီက ခဏတွေးလိုက်ကာ ဤနည်းလမ်းမှာမဆိုးဟု ခံစားလိုက်မိသည်။


စစ်ဘက်ဆိုင်ရာပစ္စည်းများဝယ်လျှင် အင်ပါယာခေါင်းဆောင်က ပိုက်ဆံအချို့အကုန်အကျခံလေ့ရှိသည်။ ဤသို့ဆိုလျှင် သူက ဖုယွမ်ချွမ်း၏စစ်တပ်ကိုထောက်ပံ့ရန် အဆိုပါပိုက်ဆံအားအသုံးပြုနိုင်ပေသည်။


အဆိုပါနည်းလမ်းမှာ ကောင်းမွန်သော်ငြား အနည်းငယ်ပြသနာရှိသည်။ ကျွင်းချင်ယွီက ပြောလိုက်၏။ 


"ကျွန်တော် ခင်ဗျားကို အသီးအနှံတွေပေးလိုက်မယ်လေ...ခင်ဗျားကြည့်စီစဥ်လိုက်..."


ဖုယွမ်ချွမ်းက ရေသူလေးစိတ်မဝင်စားမှန်း ရိပ်မိသွားကာ "ကိုယ်မင်းအတွက် ဘဏ်အကောင့်အသစ်ဖွင့်ပေးထားမယ်...ရောင်းရတဲ့ပိုက်ဆံ အဲ့ဒီ့အကောင့်ထဲထည့်ထားပေါ့..." 


ကျွင်းချင်ယွီက ခေါင်းခါလိုက်သည်။ သူ့တွင် ပိုက်ဆံသုံးရမည့်ကိစ္စ များများစားစားမရှိချေ။ သို့သော် ဖုယွမ်ချွမ်းကမူ တပ်ဖွဲ့တစ်ခုလုံးကိုဦးဆောင်နေရခြင်းဖြစ်ရာ အကုန်အကျများလေသည်။


အင်ပါယာက အနည်းငယ်သာ အကုန်ကျခံပေးတာဖြစ်ပြီး ဖုယွမ်ချွမ်းကကျန်တာကိုစိုက်ထုတ်ရ​ခြင်းဖြစ်သည်။


ကျွင်းချင်ယွီက ပြောလိုက်သည်။ 


"ပိုက်ဆံကို ခင်ဗျားပဲယူထားပါ...ကျွန်တော့်အတွက် အကုန်အကျအရမ်းများနေတာပဲကို..."


ဖုယွမ်ချွမ်း: "ကိုယ်ကမင်းအတွက်ဒီတိုင်းဝယ်ပေးတာလေ...ဒါကိုထည့်တွက်မနေပါနဲ့..."


ကျွင်းချင်ယွီက တစ်ဖက်လူ၏ပါးပြင်ကို ပွတ်သပ်လိုက်သည်။ "ခေါင်းမာလိုက်တာ..."


Xxxxxxx