Chapter 32
ဖုယွမ်ချွမ်း သူ့အတွက် ပိုက်ဆံအများကြီးကုန်ခဲ့မှန်း သူသိလေသည်။ ရေသူမျိုးနွယ်များ၏ ကစားစရာများမှာ လူသားတို့၏ကစားစရာများထက်ပင် စျေးကြီး၏။
သို့သော် ဖုယွမ်ချွမ်းက ပိုက်ဆံကုန်ကြောင်း တစ်ခါမှမညည်းညူခဲ့ချေ။
ကျွင်းချင်ယွီက ပြောလိုက်၏။ "ကောင်းပြီ...ကျွန်တော် ခင်ဗျားစကားနားထောင်ပါ့မယ်..."
ဖုယွမ်ချွမ်းက စားပွဲခုံတွင်ထိုင်ရင်း ကွန်ပြူတာကိုဖွင့်လိုက်သည်။ ရေသူလေးအတွက် အရင်ဆုံးအကောင့်လုပ်ပေးရမှာဖြစ်၏။
"မင်း အကောင့်ကိုဘယ်နာမည်နဲ့သုံးချင်လဲ..."
ရှောင်ယွီ(ငါးကလေး) ဟူ၍ နာမည်ပေးရန်မသင့်တော်ပေ။
ကျွင်းချင်ယွီက ပြောသည်။: "ကျွင်းချင်ယွီ..."
ဖုယွမ်ချွမ်းက ရေသူလေးကိုလှည့်ကြည့်လာ၏။
ကျွင်းချင်ယွီက သူ့နာမည်သူအမှတ်တမဲ့ထုတ်ပြောလိုက်မိကြောင်း သတိပြုမိသွားသည်။ သူက မလုံမလဲဖြင့် "ဘာဖြစ်လို့လဲ...အဲ့နာမည်သုံးလို့မရလို့လား..."
"ရပါတယ်..."
ဖုယွမ်ချွမ်းက နာမည်ကိုရိုက်လိုက်၏။ "ဒီလိုစာလုံးပေါင်းရတာလား..."
"ဟုတ်တယ်..."
"ကျွင်းချင်ယွီ..." ဖုယွမ်ချွမ်းက အကြိမ်ရေအချို့ရေရွတ်ကြည့်သည်။ ၎င်းမှာ နာမည်ကောင်းတစ်ခုဖြစ်လေသည်။
ငါးမိနစ်အကြာ၌ အကောင့်တစ်ခုပြင်ဆင်ပြီးသွားလေပြီ။
ရေသူလေး၏ အချက်အလက်များ မပေါက်ကြားစေရန်အတွက် ဖုယွမ်ချွမ်းက တင်းတင်းကျပ်ကျပ်စီမံလိုက်သည်။
ကျွင်းချင်ယွီက ထိုင်ခုံကိုမီရင်း ဖုယွမ်ချွမ်းလုပ်သမျှကိုကြည့်နေလေသည်။ မကြာခင်မှာပင် အွန်လိုင်းရှော့ပ် တစ်ခုထောင်၍ပြီးသွားလေသည်။
ဖုယွမ်ချွမ်းက ပြောလိုက်၏။ "ရပြီ..."
အွန်လိုင်းစတိုးက တပ်ဖွဲ့အတွင်းသို့ပစ္စည်းတင်သွင်းရန်အတွက် ဟန်ပြသက်သက်သာဖြစ်သည်။
အားလုံးပြီးသွားသည့်အခါ ဖုယွမ်ချွမ်းက မတ်တပ်ရပ်လိုက်ပြီး နံဘေးရှိရေသူလေးကို ပွေ့ချီလိုက်သည်။
ကျွင်းချင်ယွီက အလိုက်သင့်လေးပါလာကာ မေးလိုက်၏။ "ဘယ်သွားမလို့လဲ..."
"အောက်ထပ်ကိုလေ...ဆပ်ပြာမြှုပ်တွေနဲ့ရေချိုးတာက ခြေထောက်နာတာသက်သာစေတယ်တဲ့...."
ထို့အပြင် ရေထဲတွင်လမ်းလျှောက်ကျင့်သည်က ရေသူလေးအတွက် အားကုန်သက်သာစေလိမ့်မည်။
ကျွင်းချင်ယွီက မပိတ်ရသေးသည့်ကွန်ပြူတာကို ကြည့်လိုက်၏။ "အလုပ်မပြီးသေးဘူးမဟုတ်လား..."
"ကျန်တဲ့လူတွေဆက်လုပ်လိမ့်မယ်..." ဖုယွမ်ချွမ်းက အလုပ်လုပ်နေရခြင်းထက် ရှောင်ယွီနှင့်အတူကစားရခြင်းကို ပို၍နှစ်သက်လေသည်။
---
ဖုယွမ်ချွမ်းက အဝတ်လဲပြီးနောက် ရေထဲသို့အရင်ဆင်းလိုက်ကာ ရေသူလေးကိုလက်ယပ်ခေါ်လိုက်သည်။ "ဒီကိုလာ..."
ရေသူလေးက ခုမှလူသားဖြစ်ခါစဖြစ်ရာ ရေကူးကန်ထဲတွင် အမြှီးမရှိပဲနေရန်ခက်ခဲလိမ့်မည်။ ထို့ကြောင့် သူက အတူပူးပေါင်းပေးဖို့ ရွေးချယ်ခဲ့တာဖြစ်၏။
ကျွင်းချင်ယွီက ဖုယွမ်ချွမ်း၏လက်ကိုကိုင်ကာ တစ်လှမ်းချင်းလျှောက်လှမ်းလာသည်။
ရေကူးကန်အတွင်းသို့ အမြှီးမရှိပဲဆင်းရသည်မှာ အနည်းငယ်မသက်မသာဖြစ်စေ၏။
ခြေလှမ်းနှစ်လှမ်းလှမ်းပြီးသည်နှင့် ကျွင်းချင်ယွီချော်လဲတော့သည်။
ဖုယွမ်ချွမ်းက ရေသူလေး၏ခါးကိုဖမ်း၍ထိန်းလိုက်၏။ "ဂရုစိုက်လေ..."
ကျွင်းချင်ယွီက ဖုယွမ်ချွမ်း၏ပုခုံးကို ကိုင်ထားလိုက်သည်။ ရေသူလေးအဖြစ်အကြာကြီး နေခဲ့ခြင်းကြောင့်လားမသိ။ ရေထဲဆင်းလိုက်သည်နှင့် သူ၏ငါးမြှီးကိုတောင့်တမိတော့သည်။
ခဏအကြာ၌ ကျွင်းချင်ယွီက ပြောလိုက်သည်။: "ကျွန်တော်...လုပ်နိုင်မယ်ထင်..."
"ဟင်..."
ဖုယွမ်ချွမ်းက သူဘာကိုပြောချင်မှန်းမသိချေ။
ထိုစဥ် ရေသူလေး၏နားရွက်များက ရေသူမျိုးနွယ်၏ဆူးတောင်များအသွင်ပြောင်းသွားကာ အရှိန်အဝါသည်လည်း ဖြန့်ကျက်လာလေသည်။
ကျွင်းချင်ယွီ မျက်ဝန်းများဖွင့်လိုက်ချိန်တွင် သူ၏ခြေထောက်များနေရာ၌ ရွှေအိုရောင်ငါးမြှီးကအစားထိုးနေသည်ကို တွေ့လိုက်ရသည်။
"ကြည့်..." သူ အောင်မြင်သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့။
ကျွင်းချင်ယွီက ဖုယွမ်ချွမ်းအား လှည့်ပတ်၍ကူးခတ်လိုက်သည်။
ထို့နောက် ဖုယွမ်ချွမ်း၏ခြေအစုံကို သူ့အမြှီးဖြင့်ရစ်ပတ်ကာ တစ်ဖက်လူ၏ကျောကိုမီရင်း အပြုံးလေးနှင့်မေးလိုက်သည်။
"အရွယ်ရောက်နေတဲ့ရေသူလေးနဲ့ အရင်ကရေသူလေး ဘယ်ပုံစံကပိုကြည့်ကောင်းလဲ..."
ဖုယွမ်ချွမ်းကပြောသည်။ "အကုန်လုံးကြည့်ကောင်းပါတယ်..."
ကျွင်းချင်ယွီ တီးတိုးဆိုလိုက်၏။ "အပို..."
"အပိုမပြောပါဘူး..." ဖုယွမ်ချွမ်းက အလေးအနက်ပြောသည်။ "အရွယ်အစားက ဘယ်လိုပဲဖြစ်နေပါစေ...မင်းကမင်းပဲလေ..."
ကျွင်းချင်ယွီက မျက်ဝန်းလေးများကွေးညွတ်သွားသည်အထိ ပြုံးလိုက်မိသည်။
"အမြှီးက နာနေသေးလား..."
ကျွင်းချင်ယွီက ထိုကိစ္စကိုအာရုံမစိုက်မိချေ။ သို့သော် သူသတိပြုမိချိန်တွင် လမ်းလျှောက်ကျင့်ထားသည့်နာကျင်မှုက ရေထဲဆင်းလိုက်သည်နှင့် ယူပစ်သလိုပျောက်သွားပြီဖြစ်သည်။
"မနာတော့ဘူး...."
"ဒါဆို ရေသူလေးတွေအတွက် ရေကဆေးတစ်မျိုးပဲထင်တယ်..."
ဖုယွမ်ချွမ်းက အချက်အလက်များစွာ ရှာကြည့်ခဲ့သော်လည်း ရေသူလေး၏သွင်ပြင်လက္ခဏာနှင့် တစ်ခုမှမကိုက်ညီချေ။
ကျွင်းချင်ယွီခေါင်းညိတ်လိုက်သည်။
ကြည့်ရတာ သူ လမ်းလျှောက်ဖို့အရမ်းအလျင်လိုမိသွားပုံပဲ...
ငါးမြှီးက အကြာကြီးရှိမနေချေ။ ကျွင်းချင်ယွီ၏ အတွေးတစ်ချက်နှင့်အတူ ရေယက်သဏ္ဍာန်ကေနခြေထောက်များအဖြစ် ပြန်လည်ပြောင်းသွားသည်။
ဖုယွမ်ချွမ်းက ပြောင်းလဲမှုကိုသတိပြုမိလိုက်၏။ "ကိုယ်တော့ ရေကူးဘောင်းဘီတွေဝယ်ရတော့မှာပဲ..."
"အများကြီးပေါ့..."
"ကျွန်တော် ဒီပုံစံကိုကြာကြာမထိန်းနိုင်တော့ဘူးထင်တယ်..."
ဖုယွမ်ချွမ်းက တိတ်ဆိတ်စွာရပ်မြဲရပ်နေသည်။ နောက်တွင်ဘာဖြစ်နေမှန်း ခန့်မှန်းမိသော်လည်း ပြန်လှည့်မကြည့်ချေ။
ရေသူလေး၏အသံပျောက်သွားကာ တိတ်ကျသွား၏။
ခဏအကြာတွင် ဖုယွမ်ချွမ်းပုခုံးပေါ်သို့ တစ်စုံတစ်ခုကျလာသည်။
သူကြည့်လိုက်သည့်အခါ လက်တစ်ဝါးသာသာရေသူလေးကို ပုခုံးပေါ်၌ထိုင်လျက်သားလေး တွေ့လိုက်ရ၏။
ကျွင်းချင်ယွီက သနားစရာကောင်းအောင်သက်ပြင်းချလိုက်သည်။ "အာ~"
ပြန်ပြောင်းသွားပြီလား...
ဖုယွမ်ချွမ်းကပြောသည်။ "ဝိဉာဥ်စွမ်းအင် မလုံလောက်လို့လား..."
ကျွင်းချင်ယွီ ခေါင်းညိတ်လိုက်သည်။ ငါးမြှီးပုံစံကိုထိန်းရန်မှာ ဝိဉာဥ်စွမ်းအင်အများအပြားလိုအပ်လေသည်။
ဖုယွမ်ချွမ်းက ရေသူလေး၏ခေါင်းကိုပွတ်ရင်း နှစ်သိမ့်လိုက်၏။
"နောက်ပိုင်း ဝိဉာဥ်စွမ်းအင်ထိန်းချုပ်နိုင်တဲ့အခါကျ အဆင်ပြေသွားမှာပါ..."
"အင်းပါ..." ဝိဉာဥ်စွမ်းအင်အတက်အကျမှာ အလွန်ရုတ်တရက်နိုင်လှသည်ဟု ကျွင်းချင်ယွီလည်းတွေးမိသည်။
ဖုယွမ်ချွမ်းက ရေသူလေးကိုပုခုံးပေါ်မှယူကာ သူ့လက်ဖဝါးတင်လိုက်၏။ "ခဏဆော့ပြီးရင် အခန်းထဲပြန်ကြမယ်..."
"ဟေး..." ကျွင်းချင်ယွီက ဖုယွမ်ချွမ်း၏လက်ဖဝါးပေါ်ထိုင်ကာ သူ၏အမြှီးဖြင့် တစ်ဖက်လူ၏လက်ချောင်းများကို ရစ်ပတ်လိုက်သည်။
ဖုယွမ်ချွမ်းက ရေသူလေးဆက်လက်ရေကူးလိုကြောင်းတွေ့သောအခါ မတတ်သာသလို သက်ပြင်းချလိုက်သည်။
ကျွင်းချင်ယွီ၏ နှုတ်ခမ်းထောင့်လေးကွေးညွှတ်သွားပြီးနောက် ဖုယွမ်ချွမ်း၏လက်ဖဝါးပေါ်သို့ ရေပူဖောင်းများမှုတ်ထုတ်လိုက်၏။
ဖုယွမ်ချွမ်းက ပူဖောင်းများကိုလက်ဖြင့်ဝေ့ယမ်းကာ ရေသူလေးနှင့်အတူ လိုက်ပါကူးခတ်လေသည်။
---
နောက်ရက်အနည်းငယ်ကြာသည်အထိ ကျွင်းချင်ယွီက ဝိဉာဥ်စွမ်းအင်ကို စုဆောင်းနေခဲ့ရ၏။
ဖုယွမ်ချွမ်းကို ကုသပေးသည်မှလွဲ၍ ဝိဉာဥ်စွမ်းအင်အပိုမကုန်စေရန် သူက ဂရုတစိုက်ထိန်းသိမ်းထားလေသည်။
ဝိဉာဥ်စွမ်းအင်လုံလောက်သည်နှင့် ကျွင်းချင်ယွီက လူသားပုံစံပြောင်းလဲမှာဖြစ်သည်။
ဗီလာရှိအစေခံများအတွက်မူ အရင်တစ်ခါကတည်းကစသည့် ရက်ရှည်အားလပ်ရက်က အခုထိအဆုံးမသတ်သေးချေ။
ရေသူလေးက လူသားအဖြစ် ရုတ်တရက်ပြောင်းလဲတတ်လေရာ တခြားလူများအိမ်တွင် ရှိမနေခြင်းက အကောင်းဆုံးဖြစ်၏။
အစေခံများအစား ဖုယွမ်ချွမ်းက စက်ရုပ်အချို့ဝယ်ခဲ့သည်။
သို့သော် စက်ရုပ်များက ဟင်းချက်နည်းပရိုဂရမ်အတိုင်း ထည့်ချက်လေ့ရှိရာ ဖုယွမ်ချွမ်းက ရေသူလေးမစားတတ်မှာစိုးသဖြင့် ကိုယ်တိုင်ဝင်ချက်လေ့ရှိ၏။
ယနေ့နံနက်တွင်လည်း မီးဖိုချောင်ထဲတွင် ဖုယွမ်ချွမ်း အသားကြိတ်နေသည်။
စက်ရုပ်ဒလိမ့်တုံးလိမ့်သံကြားသည့်အခါ သူက ခေါင်းမော့မကြည့်ပဲ ပြောလိုက်၏။ "နိုးပြီလား..."
"ဟေး..." ကျွင်းချင်ယွီက စက်ရုပ်ခေါင်းပေါ်ရှိ နူးညံ့သောကူရှင်ပေါ်တွင် လဲလျောင်းလျှက်ရှိသည်။
စက်ရုပ်က ကျွင်းချင်ယွီကိုသယ်ဆောင်လျှက် ဖုယွမ်ချွမ်းအနားရောက်လာသည်။
ဖုယွမ်ချွမ်းက အသားနှပ်ကိုအပိုင်းသေးသေးလှီးကာ ကျွင်းချင်ယွီအား ခွံ့ကျွေးလိုက်သည်။ "ဒါလေးစားကြည့်..."
"အရသာရှိတယ်...." ကျွင်းချင်ယွီ၏မျက်ဝန်းလေးများက တောက်ပလျှက်ရှိသည်။
ဖုယွမ်ချွမ်း၏ ဟင်းချက်စကေးမှာ များစွာတိုးတက်လာသည်ပင်။
အသားနှပ်က လတ်ဆတ်ကာ အရသာရှိလှ၏။
ဖုယွမ်ချွမ်းက အသားနှပ်ပေါ်သို့ ဟင်းခတ်အမွှေးအကြိုင်များဖြူးကာ ဆလတ်ရွက်နှင့်ထုပ်လိုက်ပြီး ရေသူလေးကိုထပ်ခွံ့လိုက်သည်။
ကျွင်းချင်ယွီက ပါးစပ်ကျယ်ကျယ်ဟကာ အသားနှပ်နှင့်ဆလတ်ရွက်ကို တစ်လုတ်ထဲနှင့်စားလိုက်၏။
ထိုစဥ် တံခါးဘဲလ်မြည်လာသည်။
ကျွင်းချင်ယွီက အသားနှပ်ကိုဝါးနေရင်း မည်သူမှမလာတာကြာပြီဖြစ်သော တံခါးကိုငေးကြည့်လိုက်သည်။ ပစ္စည်းလာပို့သည့်စက်ရုပ်ဆိုပါက တံခါးဘဲလ်မတီးချေ။ ပစ္စည်းကိုဒီအတိုင်းချကာ ပြန်သွားလေ့ရှိသည်။
ဖုယွမ်ချွမ်းက အသားနှပ်ကို ဆီစုပ်စက္ကူနှင့်ရစ်ပတ်ကာ ရေသူလေးကိုကမ်းပေးလိုက်၏။
"ကိုယ် သွားကြည့်လိုက်မယ်..."
"ဟုတ်ပြီ..."
အသားနှပ်ရနံ့မွှေးမွှေးက မီးဖိုချောင်တွင်း ပျံ့လွင့်လျှက်ရှိသည်။
မကြာမီ ဖုယွမ်ချွမ်းပြန်ရောက်လာ၏။
ကျွင်းချင်ယွီ မေးတော့မည့်အချိန်တွင် ရှီခိုင်ရှင်းပါလာသည်ကို တွေ့လိုက်ရသဖြင့် အမြန်ပါးစပ်ပိတ်လိုက်ရသည်။
ရှီခိုင်ရှင်းက စနောက်လာ၏။ "ရေသူလေးကိုမတွေ့ရတာ အတော်ကြာပြီပဲ...ငါ့ကိုလွမ်းနေလား..."
ကျွင်းချင်ယွီ သူ့ကိုကျောပေးလိုက်၏။
"အရင်အတိုင်းပဲ..." ရှီခိုင်ရှင်းက ရေသူလေးကို လက်ဖြင့်ထိရန်လှမ်းလိုက်သည်။
ဖုယွမ်ချွမ်းက ထိုလက်ကိုဟန့်တားလိုက်သည်။ "သူ့ကိုသွားမစနဲ့..."
"ဟားဟား...ဟုတ်ကဲ့ပါ..." ရှီခိုင်ရှင်းက နူးညံ့ကာချစ်ဖို့ကောင်းသည့် ရေသူလေးကို အလွန်သဘောကျမိသည်။
ရေသူလေးမျက်နှာသာပေးတာက မာရှယ်တစ်ယောက်ထဲဆိုပေမယ့်ပေါ့...
ဖုယွမ်ချွမ်းက ရေသူလေးအတွက် အသားနှပ်ကိုဆလတ်ရွက်ဖြင့်ထုပ်ရင်း မေးလိုက်သည်။ "ပြသနာပေါ်လာလို့လား..."
"မာရှယ်တော့ဒစ်စ်ရဲ့ သားအငယ်ဆုံးလေ...သူ့ရဲ့အရွယ်ရောက်ခြင်းအခမ်းအနားဖိတ်စာ ကျွန်တော့်ဆီရောက်လာတယ်...ဒီနေ့အမှိုက်ရှင်းရင်းမှတွေ့တာ..."
မာရှယ်တော့ဒစ်စ်လက်အောက်တွင် တပ်ဖွဲ့နှစ်ခုရှိလေသည်။ သူနှင့် ဖုယွမ်ချွမ်းတို့ကြားတွင် ကောင်းမွန်သောဆက်ဆံရေးရှိ၏။
ရှီခိုင်ရှင်းက ဆက်ပြောသည်။ "ပွဲကဒီညပဲ...ကျွန်တော်တို့သွားကြမလား..."
မာရှယ်က တော်ဝင်မင်းမျိုးမင်းနွယ်တို့၏ အခမ်းအနားများကိုပင် ကျန်းမာရေးကိုအကြောင်းပြ၍ ရှောင်လွှဲတတ်လေသည်။
ယခုမူ ရေသူလေးကြောင့် မာရှယ်၏ကျန်းမာရေးမှာ များစွာတိုးတက်လာပြီဖြစ်သဖြင့် ထိုအကြောင်းပြချက်က အသုံးမဝင်တော့ချေ။
ထို့အပြင် မာရှယ်နှစ်ယောက်က ဆက်ဆံရေးကောင်းမွန်ကြသည်ဖြစ်ရာ ဤကဲ့သို့အခမ်းအနားက မတက်ရောက်၍မသင့်တော်ပေ။
"သွားမယ်...မင်းပြန်ပြီး ပြင်ဆင်ထားနှင့်..." ဖုယွမ်ချွမ်းက ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ..."
ဖုယွမ်ချွမ်းတွင် အတွင်းရေးမှူးမရှိလေရာ ကိစ္စတော်တော်များများကို ရှီခိုင်ရှင်းနှင့်လွှဲထားလေ့ရှိသည်။
ရှီခိုင်ရှင်း ထွက်သွားသည့်အခါ ဖုယွမ်ချွမ်းက ရေသူလေးကိုငုံ့ကြည့်ရင်းမေးလိုက်သည်။ "ဗိုက်ပြည့်သွားပြီလား..."
"အာ..." ကျွင်းချင်ယွီက ဖုယွမ်ချွမ်းအတွက် အသားနှပ်ကိုဆလတ်ရွက်ဖြင့်ထုပ်လိုက်သည်။
"ခင်ဗျား တစ်ခုခုအရင်စားသင့်တယ်...အခမ်းအနားက ညနေမှမဟုတ်လား..."
"ကောင်းပြီလေ..."
ဖုယွမ်ချွမ်းက မနက်စာစားပြီးသည်နှင့် လုပ်စရာရှိသည်များကို လက်စသတ်ကာ အခမ်းအနားတက်ရောက်ရန် ပြင်ဆင်တော့သည်။
ကျွင်းချင်ယွီက ဖုယွမ်ချွမ်းအလုပ်ရှုပ်နေသည်ကို ဘေးနားကထိုင်ကြည့်နေလေသည်။
ဖုယွမ်ချွမ်းက ငါးခြောက်တစ်ခုကို သူ့ထံကမ်းပေးလာ၏။
ကျွင်းချင်ယွီက ကွန်ပြူတာမှအကြည့်မလွှဲပဲ ငါးခြောက်ကိုယူကာ ဖြည်းညှင်းစွာစားလိုက်သည်။
ထိုစဥ် ဖုယွမ်ချွမ်း သူ့အတွက်ဝယ်ပေးခဲ့သည့် ညာဏ်ရည်တုထံသို့ စာဝင်လာခဲ့၏။
ကျွင်းချင်ယွီ၏မှတ်ဉာဏ်တုတွင် ဖုယွမ်ချွမ်း၏နံပါတ်တစ်ခုသာရှိသည်။ ထို့ကြောင့် ရုတ်တရက်စာဝင်လာခြင်းက သူ့အတွက်ထူးဆန်းနေလေသည်။
ဖုယွမ်ချွမ်းက အလုပ်များနေလေကာ သူ့အားမနှောင့်ယှက်ရန် ကျွင်းချင်ယွီဆုံးဖြတ်လိုက်သည်။
အွန်လိုင်းစတိုးမှ စာဝင်လာခြင်းဖြစ်၏။
ဖုယွမ်ချွမ်းက သစ်သီးအချို့၏ပုံကို အွန်လိုင်းစတိုးပေါ်၌တင်ထားခဲ့သည်။ ပုံထဲရှိသစ်သီးများမှာ နေရာလွတ်ထဲကအသီးများမဟုတ်ပဲ ကြယ်စုများကြားဖြန့်ချီနေသော အသီးများဖြစ်လေသည်။
အမည်မသိဝယ်သူ: [ဟယ်လို...သစ်သီးနဲ့ဟင်းသီးဟင်းရွက်တွေကျန်သေးလား.. 】
ကျွင်းချင်ယွီ: [ဟယ်လို...အကုန်ရောင်းထွက်သွားပါပြီ. 】
Xxxxxxxx