အပိုင်း ၃၄
Viewers 18k

Chapter 34


ဖုယွမ်ချွမ်းက ခေါင်းအုံးကိုနေရာချပေးကာ ပြောလိုက်သည်။ "လျှောက်မသွားရဘူးနော်...ကိုယ့်အနားမှာပဲ​နေ..."


ကျွင်းချင်ယွီက နာခံစွာခေါင်းညှိတ်လိုက်၏။ "ဟုတ်..."


ဖုယွမ်ချွမ်းအမြင်တွင် ရှောင်ယွီပို၍လိမ်မာလာသည်ဟု ခံစားမိသည်။


သို့သော် ရေသူလေးလိမ်မာသည့်အချိန်မှာ တစ်ခုခုအပြစ်လုပ်တော့မည့်အချိန်သာ ဖြစ်လေသည်။


ဖုယွမ်ချွမ်းက ရေသူလေး၏ဦးခေါင်းကိုထိလိုက်သည်။ "လိမ်မာနော်..."


"အွန်းပါ..."


ရှီခိုင်ရှင်းက ကြက်တစ်ကောင်လို နှုတ်ဆိတ်နေကာ မကြားချင်ယောင်ဆောင်နေမိသည်။


ကားရပ်သွားသည့်အခါမှ သူက သက်ပြင်းချလိုက်၏။


နောက်ဆုံးတော့...ကားပေါ်ကဆင်းလို့ရခဲ့ပြီ...


ဖုယွမ်ချွမ်းက ကားပေါ်မှအရင်ဆင်းကာ ကျွင်းချင်ယွီကို ဖေးကူပေးလိုက်သည်။ ကားက အနည်းငယ်မြင့်လေရာ အတက်တွင်မခက်ခဲသော်လည်း အဆင်းတွင်မူ အခန့်မသင့်ပါက ခြေထောက်နာသွားနိုင်သည်။


ဖုယွမ်ချွမ်းက မေးသည်။ "ရရဲ့လား..."


ကျွင်းချင်ယွီ ခေါင်းညှိတ်လိုက်၏။


သို့သော် ဖုယွမ်ချွမ်းက ရေသူ​လေး၏ခါးကိုထိန်းကိုင်ကာ တစ်လှမ်းချင်းဆင်းစေ၏။ ကျွင်းချင်ယွီ ကောင်းကောင်းရပ်ပြီးသည့်အခါမှသာ သူက လွှတ်ပေးလိုက်လေသည်။


ရှီခိုင်ရှင်း ရူးချင်လာသည်။


မာရှယ်...ခင်ဗျား ခြိမ်းခြောက်ခံထားရတာလား...ဒါမှမဟုတ် သူ ခင်ဗျားကို အဆိပ်ခတ်ထားတာလား...


"သွားကြမယ်..."


ဖုယွမ်ချွမ်းအသံကြားမှ ရှီခိုင်ရှင်း စိတ်နှင့်ကိုယ်ပြန်ကပ်လာသည်။ အကယ်၍ သူတို့​ဘေးတွင် လူငယ်လေးသာမရှိပါက မာရှယ့်ကို မေးခွန်းများစွာထုတ်​မေးမိနေမှာပင်။


ဖုယွမ်ချွမ်းနှင့် ကျွင်းချင်ယွီက အထဲသို့ဝင်နှင့်ကာ ရှီခိုင်ရှင်းကမူ စာရင်းပေးရင်းကျန်ခဲ့၏။


အခမ်းအနားစတင်မည့် အချိန်မကျသေးသော်ငြား လူတော်တော်များများရောက်နေပြီဖြစ်သည်။ ဧည့်သည်အချို့က ဘူဖေးကျွေးသည့်အစားအသောက်များကို သုံးဆောင်နေကြသည်။


ဖုယွမ်ချွမ်းဝင်လာသည်နှင့် ဆူညံနေသည့်ခန်းမက အပ်ကျသံပင်မကြားလောက်အောင် တဖြည်းဖြည်းတိတ်ဆိတ်သွား​လေသည်။


အားလုံး၏အကြည့်များက တံခါးဝရှိ ဖုယွမ်ချွမ်းနှင့် ကျွင်းချင်ယွီထံဦးတည်လာ၏။


အင်ပါယာခေါင်းဆောင်က လောလောလတ်လတ်ဖိနှိပ်ခံထားရကာ အရာရှိများကလည်း ထိုင်ခုံပျောက်မှာစိုးရိမ်နေကြရသည်။ ထို့ကြောင့် ဖုယွမ်ချွမ်းအား အကုန်လုံးက ကြောက်ရွံ့နေကြခြင်းဖြစ်၏။


သို့သော် ကျွင်းချင်ယွီက ထိုအကြည့်များအားသဘောမကျပေ။


ဖုယွမ်ချွမ်းက အခုဆို အင်ပါယာခေါင်းဆောင်ထက် အလေးသာနေပြီလေ...အရင်တုန်းက စိတ်စွမ်းအားကသောင်းကနင်းဖြစ်ဖူးတော့ရော...ဘာအရေးလဲ...


ကျွင်းချင်ယွီက လက်သီးတင်းတင်းဆုပ်လိုက်ပြီး သူတို့ကိုကြည့်နေသော လူတစ်ယောက်ချင်းစီကို သေချာပြန်ကြည့်ပေးလိုက်သည်။ သူ့နှုတ်ခမ်းပေါ်တွင် မထီတရီအပြုံးလေးက ချိတ်ဆွဲလျှက်ရှိ၏။


ထို့နောက် ဖုယွမ်ချွမ်း၏လက်ကို ဆုပ်ကိုင်လိုက်ကာ "ကျွန်တော်တို့လည်း တစ်ခုခုစားကြမယ်လေ..."


ဖုယွမ်ချွမ်းက ခန်းမတွင်းရှိလူများအား ဂရုမစိုက်ချေ။ သူက တစ်စုံတစ်ယောက်အလာကို စောင့်နေခြင်းဖြစ်သည်။


သို့သော် သူက ရေသူ​လေး မည်သည့်အရာကို စိတ်ပူနေမှန်းရိပ်မိသဖြင့် သဘောတူလိုက်၏။


 "ကောင်းပြီလေ..."


ကျွင်းချင်ယွီက ဖုယွမ်ချွမ်း စိတ်အပြောင်းအလဲဖြစ်ရန် ဒီအတိုင်းပြောလိုက်တာဖြစ်သည်။ သို့သော် အရသာရှိပုံပေါ်သော အစားအသောက်များကို တွေ့ရသည့်အခါ သူ ဗိုက်ဆာလာ၏။


မုန့်တွေအများကြီးပဲ....


ကျွင်းချင်ယွီ၏အာရုံက ကိတ်မုန့်များအပေါ်၌ အပြည့်အဝဖမ်းစားခံလိုက်ရသည်။ သူက ချောကလက်ကိတ်၊ စတော်ဘယ်ရီကိတ်၊ လက်ဖက်စိမ်းကိတ်၊ အားလုံးကို ခပ်သေးသေးလှီးဖြတ်ကာ ဗန်းထဲသို့ထည့်လိုက်သည်။


သူ၏ပုံစံခွက်ဗန်းငယ်ကိုကြည့်ရင်း ဖုယွမ်ချွမ်းက ဆိုလာသည်။ "အချိုတွေ အရမ်းမစားနဲ့လေ..."


ကျွင်းချင်ယွီ မကြားချင်ယောင်ဆောင်လိုက်၏။


ထိုစဥ် သူတို့အနားသို့ ရှီခိုင်ရှင်းရောက်လာသည်။ "ဘော့စ်...မာရှယ်တော့ဒစ်စ်က ဒီမှာရောက်နေပါပြီ...."


ကျွင်းချင်ယွီ ခက်ရင်းပေါ်ရှိခရင်မ်ကို လက်စသတ်လိုက်၏။ စစ်ယူနီဖောင်းဝတ်ဆင်ထားသည့် လူတစ်ယောက်က လူအုပ်ကိုဖြတ်ကာ သူတို့ထံလျှောက်လာနေသည်။


ထိုသူ၏ငွေဖြူရောင်ဆံနွယ်မှာ သတိမပြုမိရန်ခဲယဥ်းလှ၏။


မူလဇာတ်ကြောင်းထဲတွင် ငွေဖြူရောင်ဆံနွယ်ရှိသူ အမြောက်အများပါဝင်လေသည်။ 


သို့သော် ငွေဖြူရောင်ဆံနွယ်ရှိပြီး ဖုယွမ်ချွမ်းနှင့်ရင်းနှီးသူမှာမူ တစ်ယောက်ထဲသာရှိ၏။


ကျွင်းချင်ယွီ မျက်မှောင်ကြုတ်လိုက်သည်။ 


အဲ့ဒီ့တစ်ယောက်က ဖုယွမ်ချွမ်းမတော်တဆမှု​ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ချောက်ချခံလိုက်ရတဲ့ သူငယ်ချင်းကောင်းမဟုတ်လား...


သို့သော် တစ်စုံတစ်ခုမှားယွင်းနေလေသည်။


ထိုသူငယ်ချင်းကောင်းမှာ ဗိုလ်မှူးသာဖြစ်ပြီး မာရှယ်အဆင့်သို့မရောက်သေးချေ။


ကျွင်းချင်ယွီ အံ့သြသွားကာ သူ အမှတ်မှားသည်ဟူ၍ပင် သံသယဝင်သွားမိသည်။ သို့သော် မာရှယ် တော့ဒစ်စ်ဟူ​သောအမည်က မူလဇာတ်ကြောင်းတွင် များများစားစားပါဝင်ခြင်း မရှိခဲ့ချေ။


ဆိုတော့...ဇာတ်ကြောင်းမစခင်ကတည်းက သေဆုံးသွားတာဖြစ်နိုင်တဲ့ဇာတ်ကောင်ကို အရှင်လတ်လတ်ကြီးတွေ့နေရတာလား...


ဝတ္ထုက လက်တွေ့လောကအဖြစ် ပြောင်းလဲသွားခြင်းဖြစ်ရာ ကွဲလွဲချက်များနှင့် လစ်ဟာနေသောမြှုပ်ကွက်များကို အလိုအလျောက်ဖြည့်ဆည်းလိုက်ပုံရသည်။


မာရှယ်တော့ဒစ်စ်က အပြုံးတစ်ခုနှင့် သူတို့အနားရောက်လာသည်။


 "မင်းမလာဘူးတောင် ထင်တာ..."


ကျွင်းချင်ယွီက ခေါင်းငုံလျှက် ကိတ်မုန့်စားနေသည်။ မာရှယ်တော့ဒစ်စ်က လူကြီးလူကောင်းပုံပေါ်ကာ သူ့မျက်နှာပေါ်ရှိအပြုံးတွင်လည်း ရိုးသားဟန်တစ်ချို့စွက်နေ၏။


"မဟုတ်တာပဲ...." ဖုယွမ်ချွမ်းက ပြောသည်။ "ရှီခိုင်ရှင်း..."


"လာပါပြီ...မာရှယ်..." ရှီခိုင်ရှင်း အမြန်​​ရောက်လာသည်။


 "မာရှယ်တော့ဒစ်စ်...ဒါက မာရှယ်ပြင်ပေးထားတဲ့လက်ဆောင်တွေပါ..."


မာရှယ်တော့ဒစ်စ်လက်မြှောက်လိုက်သည့်အခါ လက်ထောက်က လက်ဆောင်ဘူးကိုလာယူလေသည်။


လက်ထောက်၏ဆံပင်မှာလည်း ငွေဖြူရောင်ဖြစ်လေသည်။


ဒါက သူတို့တပ်ဖွဲ့ရဲ့သင်္ကေတများလား....


ကျွင်းချင်ယွီ ခေါင်းခါလိုက်သည်။ သူလျှောက်တွေးနေမိပြန်ပြီ...


မာရှယ်တော့ဒစ်စ်က ကျွင်းချင်ယွီကို သတိပြုမိသွား၏။


 "မင်း ရှီခိုင်ရှင်းအပြင် တခြားလူခေါ်လာတာ ဒါပထမဆုံးပဲနော်...."


တော့ဒစ်စ်က ဆက်ပြောသည်။ "ငါမင်းကိုပြောစရာရှိသေးတယ်...အခမ်းအနားပြီးရင်ခဏစောင့်နေဦး..."


"အေး..." ဖုယွမ်ချွမ်းတွင်လည်း သူနှင့်ဆွေးနွေးစရာကိစ္စရှိလေသည်။


တော့ဒစ်စ် ခေါင်းညှိတ်လိုက်၏။ "ကောင်းပြီ...အရင်စားကြဦး...အခမ်းအနားကခဏနေစတော့မှာ..."


ထို့နောက် သူက ဗိုလ်ချုပ်တစ်ဦးနှင့်အတူ ထွက်သွားလေသည်။


လက်ထောက်ကိုင်ထားသည့် သေတ္တာကိုကြည့်ရင်း ကျွင်းချင်ယွီမေးလိုက်သည်။ "အထဲကဘာလဲ..."


ဖုယွမ်ချွမ်း : "ကောင်းတဲ့အရာတော့မဟုတ်ဖူး...ဒါ​ပေမယ့် တော့ဒစ်စ်လိုအပ်တဲ့အရာပေါ့..."


ထို့နောက် ကျွင်းချင်ယွီလက်ထဲရှိဗန်းကို လက်လွှဲယူလိုက်ကာ "ထိုင်ဖို့နေရာရှာရအောင်..."


"ကောင်းပြီလေ..."


မာရှယ်တော့ဒစ်စ် အခမ်းအနားတွင်းရောက်လာပြီဖြစ်ရာ မကြာမီပွဲစတော့မှာဖြစ်သည်။


ဖုယွမ်ချွမ်းက အနည်းငယ်ချောင်ကျသည့်နေရာကို ရွေးချယ်လိုက်သည်။ 


ကျွင်းချင်ယွီ ကိတ်ပေါ်တွင် စတော်ဘယ်ရီသီးတစ်ချို့ကိုတင်ပြီးသည့်နောက် ဖုယွမ်ချွမ်းဘေးဝင်ထိုင်လိုက်သည်။


စတော်ဘယ်ရီကိတ်မှာ အလွန်နူးညံ့ပြီး ချိုမြိန်လှသည်။


မျက်နှာချင်းဆိုင်ခုံတွင် ရှီခိုင်ရှင်းထိုင်လိုက်သည့်အတွက် ကားပေါ်ရှိစဥ်က အနေအထားအတိုင်းပြန်ဖြစ်သွားလေသည်။


ထိုင်ပြီးပြီးချင်း ရှီခိုင်ရှင်းအမြန်ပြန်ထလိုက်သည်။ "မာရှယ်...ကျွန်တော့်ကိုသွားခွင့်ပြုပါဦး...ခိုင်းစရာရှိရင်ခေါ်လိုက်ပါ..."


ထို့နောက် သုတ်ခြေတင်ကာပြေးထွက်သွားလေသည်။


ကျွင်းချင်ယွီ ကိတ်မုန့်စားခြင်းကိုသာ အာရုံစိုက်ထားလေသည်။ သို့သော် တစ်ဝက်ကုန်သွားသည်နှင့် ဖုယွမ်ချွမ်းက ဆွဲယူသွားတော့သည်။


"ဟမ်..." ကျွင်းချင်ယွီ ခက်ရင်းလေးကိုက်ရင်း ဖုယွမ်ချွမ်းပန်းကန်ထဲက ကိတ်မုန့်ကိုကြည့်နေမိသည်။


ဖုယွမ်ချွမ်းက ကိတ်ကိုတစ်ဖက်ရွှေ့လိုက်၏။ "တခြားဟာစားကြည့်..."


ကိတ်တွေဒီလောက်အများကြီးထည့်လာတာ အကုန်လုံးစားရင် ကိုယ်တွင်းသကြားလယ်ဗယ်မြင့်လာလိမ့်မယ်...


ကျွင်းချင်ယွီက ဖုယွမ်ချွမ်းလက်ထဲရှိကိတ်ကို သံယောဇဥ်မပြတ်သေးချေ။ "ကျန်တဲ့တစ်ဝက်က နှမြောစရာကောင်းတာပေါ့..."


"ကိုယ် စားလိုက်မယ်..."


ကျွင်းချင်ယွီ ခဏတွေးပြီးနောက် ထိုအစီအစဥ်ကိုသဘောတူလိုက်သည်။


သူကိတ်မုန့်ဆက်စားသည့်အခါ ဆံပင်ရှည်က ရှေ့သို့ခဏခဏကျလာပြန်သည်။ ဖုယွမ်ချွမ်းက သူ့ဆံပင်ကိုကူညီ၍ကိုင်ထားပေးလာသည်။


ကျွင်းချင်ယ်ွီ ကိတ်မုန့်ကိုချလိုက်သည်။ "တော်ပြီ...မစားတော့ဘူး..."


အနောက်ဘက်မှ​လေတိုက်ခတ်သည့်အခါ ဆံပင်က ကိတ်မုန့်​ပေါ်ကျလာပြန်သည်။


"ရတယ်...စား..." 


ရေသူလေးက သူ့ဆံပင်သူလုံးဝစိတ်မရှည်ပေ။ ခေါင်းဖြီးသည့်အခါတိုင်း ဖုယွမ်ချွမ်းကသာ အမြဲရှင်းလင်းပေးရတာဖြစ်သည်။


"ဆံပင်ညှပ်ပစ်လိုက်ရင်ကောင်းမလား..." 


"မညှပ်ပါနဲ့...." ဖုယွမ်ချွမ်းက ရေသူလေး၏ဆံနွယ်များကို သပ်ရပ်အောင်ပြုပြင်ပေးလိုက်ကာ "ဒီလောက်လှတာ..."


ကျွင်းချင်ယွီ လက်တစ်ဝါးသာသာအရွယ်ခန့်က ဆံပင်ရှည်မှာ ကရိကထများသည်ဟု သူ မထင်ခဲ့ဖူးချေ။ ယခု လူသားဖြစ်လာသည့်အခါ ခါးနားတွင်ဝေ့ဝဲကျနေသော ဆံနွယ်ရှည်များက အတော်​လေးအလုပ်ရှုပ်လာ၏။


"ခင်ဗျား သဘောကျလား..."


ဖုယွမ်ချွမ်းက တစ်ရှူးကိုထုတ်ကာ ရေသူလေးနှုတ်ခမ်းတစ်ဝိုက်ရှိ ခရင်မ်များကိုသုတ်ပေးလိုက်သည်။ "ကိုယ် အရမ်းသဘောကျတယ်..."


ကျွင်းချင်ယွီ၏ နှုတ်ခမ်းထောင့်လေးမြင့်တက်သွားသည်။ "ဒါဆိုမညှပ်တော့ဘူး..."


"ကိတ်မုန့်စားလေ..."


ကျွင်းချင်ယွီက အနက်ရောင်ချောကလက်ကိတ်ကို ဖုယွမ်ချွမ်းအားခွံ့လိုက်သည်။ "အာ..."


ရေသူလေးဆံပင်ကို ဖုယွမ်ချွမ်းက လက်တစ်ဖက်ထဲနှင့်ထိန်းကိုင်ထားခြင်းဖြစ်ရာ တခြားလက်တစ်ဖက်နှင့်ကိတ်မုန့်စားနိုင်သည်။ သို့သော် သူက အသာတစ်ကြည်ပါးစပ်ဟလိုက်၏။


"အရသာရှိလား..."


"အင်း...ချိုတယ်..."


ဤသို့​ဖြင့် သူတို့နှစ်ဦးသား ကိတ်မုန့်များကို တစ်ယောက်တစ်ဝက်စီစားကြ၏။ မကြာမီ အခမ်းအနားစတင်လေသည်။


စင်ပေါ်တွင် မာရှယ်တော့ဒစ်စ်က အဖွင့်မိန့်ခွန်းပြောနေလေသည်။ သို့သော် သူတို့နေရာမှ သဲသဲကွဲကွဲမကြားရချေ။


ကျွင်းချင်ယွီက ဖုယွမ်ချွမ်း၏လက်ဖက်ရည်ကို အနည်းငယ်ယူသောက်လိုက်ကာ "ကျွန်တော်တို့ ရှေ့နားသွားကြမလား..."


အခမ်းအနားစတင်နေပြီဖြစ်ရာ နေရာ၌ထိုင်၍ ဆက်လက်စားသောက်နေခြင်းသည် ဖုယွမ်ချွမ်းအတွက် မသင့်လျော်ပေ။


"မလိုပါဘူး..." 


အခြားလူများနှင့် ရောရောထွေးထွေးနေရခြင်းထက် တိတ်ဆိတ်သောထောင့်တစ်ခုတွင် ရေသူလေးနှင့်အချိန်ဖြုန်းရသည်ကိုသာ ဖုယွမ်ချွမ်းလိုလားသည်။


ကျွင်းချင်ယွီ ခေါင်း​လေးစောင်းလိုက်၏။ "ခင်ဗျားကို အထူးတလည်ဖိတ်ကြားထားတာဆိုတော့ ဒီမှာပဲထိုင်နေလို့ကောင်းပါ့မလား..."


"သူ ကိုယ့်ဆီကအကူအညီတောင်းချင်ပုံရတယ်..."


တစ်ဖက်လူ၏ဆိုလိုရင်းကို ကျွင်းချင်ယွီ နားလည်သွား၏။ သူက အလျှင်အမြန်ထလိုက်ကာ "ဟိုဘက်နည်းနည်းရွှေ့ပေး..."


"ဘယ်သွားမလို့လဲ..."


"ကိတ်မုန့်ထပ်ယူမလို့..." သူပြောပြီးပြီးချင်း ခါးတစ်ဝိုက်တွင် ဖုယွမ်ချွမ်း၏လက်များ ရစ်ပတ်လာသည်ကို ခံစားလိုက်ရ၏။


အားနည်းနည်းစိုက်လိုက်သည်နှင့် ကျွင်းချင်ယွီ ဖုယွမ်ချွမ်းပေါင်ပေါ် ထိုင်ရက်သားလေးဖြစ်သွားသည်။


ဖုယွမ်ချွမ်းက လူငယ်လေးကိုပွေ့ဖက်လိုက်ကာ "မင်းကို ကိတ်မုန့်ထပ်ယူခွင့်မပြုပါဘူး...ဒီနေ့အချိုစားတာအရမ်းများနေပြီ..."


"ကျွန်တော် နည်းနည်းပဲစားရသေးတာ.."


"အခုတင်မဟုတ်ဖူး...အိမ်ပြန်ရောက်ရင်လည်း သုံးရက်တိတိ သကြားပါတာတွေမစားရဘူး..."


"ဘာလို့လဲ..." ကျွင်းချင်ယွီ မကျေမချမ်းကြည့်လိုက်၏။ 


"ဒါဆို အာဟာရဖျော်ရည်မသောက်လို့ရလား..."


"မရဘူး..."


"..."


"ဝူး......."


"ငိုချင်ယောင်ဆောင်မနေ..." ဖုယွမ်ချွမ်း အသံတိတ်သွားသည်။


ရွှေအိုရောင်ဖျော့ဖျော့မျက်ဝန်းများတွင် ငွေ့ရည်ဖွဲ့နေကာ မျက်ရည်ဥများက ပါးပြင်ပေါ်မှတလိမ့်လိမ့်ကျဆင်းလာသည်။


ရေသူလေးငိုချင်ယောင်ဆောင်သည်ကို မြင်ဖူးသော်လည်း ဤကဲ့သို့ မျက်ရည်ကျလာသည်မှာ ပထမဆုံးအကြိမ်ဖြစ်၏။


ရေသူလေးက သူ့အားမကျေမချမ်းကြည့်ကာ ဆက်လက်ငိုရှိုက်နေသည်။


ဖုယွမ်ချွမ်း : "..."


"ကောင်းပြီ..." ဖုယွမ်ချွမ်း သက်ပြင်းချကာ ကျွင်းချင်ယွီ၏မျက်ရည်များကို တစ်ရှူးနှင့်သုတ်ပေး​လေသည်။


 "အာဟာရဖျော်ရည်...ခဏရပ်ထားပေးမယ်..."


ရေသူလေး၏အကြည့်ကို သူ ခံနိုင်ရည်မရှိပေ။


ထပ်ပြောလေ...မျက်ရည်ဆက်ကျလေဖြစ်လိမ့်မည်။


ငိုချင်ယောင်ဆောင်တာပဲဖြစ်ဖြစ်ပေါ့...


ကျွင်းချင်ယွီ ပျော်ရွှင်သွားသည်။ သူက ငိုထားမှန်းတခြားလူများ မသိစေရန် မျက်ရည်အမြန်သုတ်လိုက်၏။ ကိတ်မုန့်ထပ်မစားရသော်လည်း အာဟာရဖျော်ရည်သောက်ရန်လည်း မလိုတော့ချေ။ 


ထိုစဥ် ရှီခိုင်ရှင်းရောက်လာသည်။ "မာရှယ်...မာရှယ်တော့ဒစ်စ်က ခေါ်နေတယ်...ကျွန်တော်သွားရ..."


မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ရှီခိုင်ရှင်းဦးနှောက်က ဗလာဖြစ်သွားသည်။


ဘာတွေလုပ်နေကြတာလဲ...


"ဘာလို့ သူကမာရှယ့်ပေါင်ပေါ်တက်ထိုင်..."


"စကားကောင်းကောင်းပြောစမ်း..." ဖုယွမ်ချွမ်းက လက်ကိုဖြေလျော့ပေးလိုက်သည်။ 


ကျွင်းချင်ယွီက မတ်တပ်ရပ်ကာ အဝတ်များကိုဆန့်လိုက်၏။


ဖုယွမ်ချွမ်းက အင်္ကျီကျောဘက်ကို ပြန့်ပြူးအောင်ကူညီပေးသည်။


ရှီခိုင်ရှင်း တစ်စုံတစ်ခုကိုသဘောပေါက်သွား၏။


ဒီနှစ်ယောက်က ပုံမှန်မိသားစုမဟုတ်ဖူး....


Xxxxx