Chapter 38
နောက်သုံးရက်အကြာတွင် ဖမ်းမိထားသော စမ်းသပ်စက်ရုပ်၏ အဖြေများထွက်လာ၏။
ဖုယွမ်ချွမ်း ဒေတာ အချို့ကို ထုတ်ယူလိုက်သည်။
လက်တန်းတွင် ထိုင်ကာ ရောထွေးနေသော အချက်အလက်များကိုကြည့်ပြီး ကျွင်းချင်ယွီ မူးဝေသွားသည်။
သို့သော် ဖုယွမ်ချွမ်း အလေးအနက် လုပ်နေသည်ကို မြင်ရသောအခါ ဖုယွမ်ချွမ်း အချက်အလက်အားလုံးထုတ်ယူပြီးသည်အထိ ကျွင်းချင်ယွီ တိတ်တိတ်လေးနေပေးလိုက်သည်။ ထို့နောက် မေးလိုက်၏။ "ဒါတွေနဲ့ ဘာလုပ်မလို့လဲ…"
ဖုယွမ်ချွမ်းက ပြောပြသည်။
"စမ်းသပ်ခံစက်ရုပ်ဆိုပေမယ့် ဒါတွေက အချက်အလက်စုဆောင်းတဲ့နေရာမှာ အထောက် အကူဖြစ်တယ်လေ…၊ အကယ်လို့ လျှပ်စစ်ဗိုင်းရပ်စ်တစ်ခုကို ပစ်မှတ်ထားပြီး ထုတ်ချင်ရင် ဒီလို စမ်းသပ်ခံစက်ရုပ်တွေက ထိထိရောက်ရောက် ကာကွယ်နိုင်တယ်…”
"အရင်ကတည်းက လုပ်ကြည့်ချင်နေတာ၊ ဒါပေမယ့် စမ်းသပ်ခံစက်ရုပ်ရဲ့ အချက်အလက်တွေက မရှိတော့ ဒီစက်ရုက်ကိုသုံးပြီးစမ်းကြည့်မလို့…”
ကျွင်းချင်ယွီ ထပ်မေးလိုက်၏။ "ဒီစက်ရုပ် မတိုင်ခင် တခြားစက်ရုပ်တွေ မဖမ်းမိဖူးဘူးလား…”
ဖုယွမ်ချွမ်း ခေါင်းခါပြကာ "ဟင့်အင်း" ဟု ပြန်ဖြေလိုက်လေသည်။
"ဒီလို စက်ရုပ်မျိုးတွေက ဖော်ထုတ်ခံရရင် ပေါက်ကွဲသွားဖို့ ရွေးချယ်လိုက်တတ်ကြတယ်…၊ ပရိုဂရမ်ကိုက တိုက်ရိုက် ဖျက်ဆီးလိုက်တာ၊ ပြီးတော့ ဖမ်းထားတဲ့သူကိုလည်း စိတ်ပိုင်းဆိုင်ရာ ဝေဝါးသွားတဲ့ထိ သက်ရောက်မှု ရှိစေတယ်…”
"ပေါက်ကွဲဖို့ မအောင်မြင်တဲ့စက်ရုပ်ကို ဖမ်းမိတာ ပထမဆုံးပဲ…”
ကျွင်းချင်ယွီ ပြုံးကာ ပြောလိုက်၏။ " ကျွန်တော်က အဲ့လောက်တောင် တော်တာလား…”
သူ ဝိညာဉ်စွမ်းရည်ကို သုံးကာ စက်ရုက်ကိုဖိနှိပ်ခဲ့သည်။ စက်ရုပ်မှာ ဝိညာဉ်စွမ်းရည်ကို မနှောင့်ယှက်နိုင်သော်လည်း ဝိညာဉ်စွမ်းရည်ကြောင့် သီးသန့်အချက်အလက်များမှာ ရပ်တန့်နေသော အခြေအနေသို့ရောက်ရှိသွားမည် ဖြစ်၏။
ဖုယွမ်ချွမ်းကပြောသည်။ "မင်းကအရမ်းတော်တယ်…"
ထိုသို့ပြောခြင်းမှာ ကျေနပ်စေရန် ပြောခြင်းမဟုတ်ချေ။ အမှန်တရားကို ပြောခြင်းသာ ဖြစ်၏။
ရေသူလေးမှာ သူတို့ ဘယ်သူမှ မလုပ်နိုင်သောအရာများကို လုပ်နိုင်သည်။
ရှောင်ယွီ၏ရောင်ဝါမှာ ကြယ်တာရာတွင် တစ်ခုသာရှိသည်။ အခြားရေသူများတွင်ပင်မရှိပေ။
ဖုယွမ်ချွမ်း ပုံရိပ်ယောင်ကွန်ပျူတာကို ပိတ်ကာမေးလိုက်၏။ "ခြေထောက်ရော သက်သာလား…"
"ကောင်းသွားပြီ…" ကျွင်းချင်ယွီ၏ ဒဏ်ရာမှာ မူလကမပြင်းထန်သော်လည်း မတော်တဆတိုက်မိကာ အရေပြားပြဿနာများနှင့် ကြုံခဲ့ရလေသည်။
ဒဏ်ရာမှာ အမြင်ဆိုးသော်လည်း နောက်နေ့တွင်စတင်မှေးမှိန်လာပြီး ယနေ့ကြည့်လိုက်သောအခါ အရောင်အနည်းငယ်သာ ကျန်တော့သည်။
ကျွင်းချင်ယွီ မတ်တပ်ရပ်ကာ ဘောင်းဘီကိုမ၍ ပြရန်လုပ်နေစဉ် လက်မြှောက်ထားရသောကြောင့် ပင်ပန်းနေကြောင်းသဘောပေါက်သွားပြီး ရောင်ဝါမှာလည်းပျောက်ကွယ်စပြုလာသည်။
ကျွင်းချင်ယွီ ဖုယွမ်ချွမ်းပေါင်ပေါ်တွင် အမြန်ထိုင်ကာ ပြောလိုက်၏။
"ကျွန်တော် ပြန်ပြောင်းချင်တယ်"
ဖုယွမ်ချွမ်း ရေသူလေးကို ဖက်ကာ “ကောင်းပြီလေ…” ဟု ပြောလိုက်လေသည်။
ယခုတစ်ခါတွင် လူသားဖြစ်ပြီးနောက် ရေသူလေးမှာလေးရက်မျှ ခံနိုင်ရည်ရှိလာသည်။
ပြောင်းလဲနိုင်သောအချိန်မှာ ယခင်ကထက် ပိုကြာလာသည်။
ဝိညာဉ်စွမ်းအင် ကုန်ခမ်းသွားသည့်အခါ ရေသူလေးက သူ့လက်ပေါ်တွင်လှဲကာ အားမရှိစွာ ပြောလိုက်၏။
” နောက်တစ်ခါ ဝိညာဉ်စွမ်းအင်ပိုစုမိရင် တစ်ပတ်လောက်ခံမယ် ထင်တယ်..”
"ကောင်းပြီ၊ မင်းအကောင်းဆုံးလုပ်ပါ…"
ဝိဥာဥ်စွမ်းအင်နှင့်ပတ်သက်လာလျှင် ဖုယွမ်ချွမ်းလည်း မကူညီနိုင်ချေ။
သူ့အနေနှင့် အားဖြည့်ရန် အစားအစာကိုသာ ထောက်ပံ့ပေးနိုင်ခြင်းကြောင့် ပိုအရသာရှိတာတွေကို ပြင်ဆင်ပေးဖို့တွေးလိုက်သည်။
ရေသူလေး သေးငယ်စဥ်က ဝတ်ခဲ့သည့် အဝတ်အစားများကို ရှင်းလင်းလိုက်သည်။ ဖုယွမ်ချွမ်းက ရေသူလေးအား အောက်ထပ်ကိုချီသွားပြီး ရေအောက်တွင် ရေစိမ်ပေးရန် ကြံလိုက်သည်။
တံခါးဝသို့ ရောက်ရောက်ချင်း တံခါးဘဲလ်မြည်သံကို ကြားလိုက်ရသည်။
ကျွင်းချင်ယွီ ဖုယွမ်ချွမ်းလက်ချောင်းလေးများကြားတွင် ထိုင်ကာ မေးလိုက်သည်။ "ဧည့်သည် လာဖို့ရှိတာလား"
"သွားကြည့်လိုက်ဦးမယ်…"
တံခါးဘဲလ် မျက်နှာပြင်မှတစ်ဆင့် ဖုယွမ်ချွမ်း အပြင်ဘက်မှ လူများကို မြင်လိုက်သည်။
"တော့ဒစ်စ်…"
တံခါးဖွင့်လိုက်သောအခါ မာရှယ်တော့ဒစ်စ် လမ်းလျှောက်ပြီး သေတ္တာတစ်ခုကို ကိုင်ကာဝင်လာသည်။ "စက်ရုပ်အကြောင်းအစီရင်ခံစာ ရပြီးသွားပြီလား…”
"ရတော့ရပြီးပါပြီ၊ ငါနဲ့လုပ်စရာများ ရှိလို့လား…"
မာရှယ်တော့ တော့ဒစ်စ်က ခေါင်းညိတ်လိုက်ကာ "ရတယ်ဆို ရပြီ…"
သို့သော်လည်း သူရောက်လာမှတော့ လိုချင်တာတစ်ခုခုရှိ၍ဖြစ်ရမည်။
မာရှယ်တော့ဒစ်စ် ဝင်လာကာ လက်ထဲမှ သေတ္တာကို စားပွဲပေါ်တင်လိုက်ပြီး “ငါ အခုတလော အခြေအနေမကောင်းဘူး…၊ ငါ့ရေသူလေးက ငါ့ကုသမှုကို ကူညီနေပေမယ့် ပင်ပန်းနေတာလားပဲ၊ ဘာဖြစ်နေလဲကို မသိဘူး…၊ သူ မပျော်ဘူး ဖြစ်နေတယ်…”
"သူနာပြု အကူကို မေးကြည့်တော့ သူပြောတာက ရေသူလေးက နေရတာ အရမ်းကြာပြီး အရမ်းပင်ပန်းလာရင် မျိုးနွယ်တူကိုသတိရတတ်တယ်တဲ့"
"မင်းလည်း ရေသူလေး ဝယ်ထားတယ်ကြားတော့ သူ့ကိုခေါ်လာပြီးတော့ ရေသူလေးတွေ အတူတူဆော့ရအောင်လို့လေ…”
"ဟိုတလောက ဘာဖြစ်သွားလဲသိတယ်မလား၊ ပြီးတော့ တစ်ခြားနေရာက ရေသူလေးတွေကလည်း ရောက်မလာကြဘူးလေ…”
ဖုယွမ်ချွမ်း မသိစိတ်ဖြင့် လက်ထိပ်လေးများကိုကွေးလိုက်ကာ လက်ထဲမှ ရေသူလေးကို ကာလိုက်သည်။
ကျွင်းချင်ယွီ နဂိုက ရေသူလေးကို စိတ်ဝင်တစားကြည့်နေသော်လည်း သူ့ကိုရှာနေသည်ဟု ကြားလိုက်သောအခါ ထိုင်ချလိုက်လေသည်။
ငါနဲ့မင်း မရင်းနှီးဘူးလေ။ အတူမဆော့နိုင်ဘူး။
ဖုယွမ်ချွမ်း က: "ရှောင်ယွီ မပျော်တာက မျိုးနွယ်တူကို လိုအပ်နေတယ်လို့ သေချာပေါက်ဆိုလိုတာလည်း မဟုတ်ပါဘူး…၊ နှစ်သိမ့်ပေးဖို့ လိုနေတာလည်း ဖြစ်တတ်တယ်…”
သူ့ ငါးလေးမှာ ဘယ်သောအခါကမှ မျိုးနွယ်တူကို မရှာဖူးပေ။ သူနှင့်သာ ကောင်းကောင်းဆော့၏။
မာရှယ်တော့ဒစ်စ်မှာ လူကြမ်းကြီးဖြစ်ပြီး ဘယ်လိုလုပ်ရမည်ကို သူမသိချေ။
“နှစ်သိမ့်ပေးရမယ်… ဘယ်လိုမျိုးလဲ…”
"ချီပြီးတော့ လက်ထဲမှာ ကိုင်ထား…"
မာရှယ်တော့ဒစ်စ် ခဏအကြာရပ်နေပြီးမှ ငါ့ကိုလာနောက်နေတာလားဟူသော မျက်နှာပေးဖြင့် မေးလာသည်။
“ရေသူလေးတွေကို လက်ပေါ်တင်ထားလို့ရတာလား"
ဖုယွမ်ချွမ်း လည်းရုတ်တရက်ကြောင်သွားကာ ပြန်မေးလိုက်သည်။
“ရေသူလေးတွေကို လက်ပေါ်တင်လို့ မရဘူးလား…”
မာရှယ်တော့ဒစ်စ်က “သေချာပေါက် မရဘူးပေါ့…၊ ရေသူလေးတွေက လက်ပေါ်တင်ဖို့ နေနေသာသာ ကိုင်လို့တောင်မရဘူး…”
ဖုယွမ်ချွမ်းကတော့ ရေသူလေးကို လက်ထဲထည့်ထားရခြင်းကို နေသားကျနေပြီး ရေသူလေးကလည်း သူ့လက်ပေါ်တွင် သက်တောင့်သက်သာ ဖြစ်သည့်နေရာကိုရှာကာ လှဲနေလေ့ရှိ၏။
မာရှယ်တော့ဒစ်စ် ပြောသည်ကို ကြားသောအခါ သူသိထားသော ရေသူလေးနှင့် ရင်းနှီးအောင်နေနည်းက ကွဲပြားနေ၏။
သူ့ရေသူလေးက ဒေါသလည်းမကြီးပေ။
ဖုယွမ်ချွမ်း ဘာမှားနေသည်ကို ရုတ်တရက်သဘောပေါက်သွား၏။
“ရေသူလေးက ခင်ဗျားလက်ကို ငါးမြီးနဲ့ပတ်တတ်လား…”
ရေသူလေးကို သာမန်လိုပင်မှတ်ကာ ပထမဆုံးအကြိမ်မွေးထားခြင်းဖြစ်သည်။
တော့ဒစ်စ် ခေါင်းကုတ်ကာ “ရေသူလေးက ချစ်ဖို့ကောင်းပေမယ့် ရန်လည်းလိုတယ်…၊ အမြီးနဲ့ လူတွေကိုရိုက်တယ်… ၊ မင်းပြောသလို လက်ကိုတော့ မပတ်ဘူး..”
"ငါးကန်ထဲ လက်ထည့်မိရင် ရေသူလေးအမြီးနဲ့ ဖြတ်ရိုက်ခံရလိမ့်မယ်…”
ဖုယွမ်ချွမ်း ငြိမ်သွား၏။ ထိုအကြောင်းအရာများမှာ ရေသူလေးနှင့်သူ၏ နေ့စဉ်ဘဝတွင် မပါဝင်ချေ။ သူ့ရေသူလေးကို သူ ငုံ့ကြည့်လိုက်သည်။
ဖုယွမ်ချွမ်းလက်ပေါ်တွင် လှဲလျောင်းနေသော ကျွင်းချင်ယွီမှာ သူ့လက်ချောင်းများကို ပွတ်သပ်လျက် အပြစ်ကင်းသော အကြည့်များဖြင့် မျက်လုံးလေးပေကလပ်ပေကလပ် လုပ်နေ၏။
ကျွန်တော့်ကို လာမကြည့်နဲ့။
ကျွန်တော်လည်း ဒီလိုငါးဖြစ်ရတာ ပထမဆုံးလေ။ တခြားရေသူလေးတွေ လူတွေနဲ့ဘယ်လိုနေကြလဲ ကျွန်တော်မှမသိပဲ။
အပြစ်ကင်းသော ရေသူလေးကို ကြည့်ကာ ဖုယွမ်ချွမ်း ပြုံးလိုက်သည်။ သူ လက်ချောင်းလေးများကိုကွေးလိုက်ပြီး ရေသူငယ်လေး၏ပါးပြင်ကို အသာပွတ်သပ်လိုက်သည်။ သူကခေါင်းမော့ကာ မေးလိုက်လေသည်။
"မင်းတို့နှစ်ယောက် နေ့တိုင်း ဘယ်လိုများ အဆင်ပြေအောင် နေခဲ့တာလဲ…”
မာရှယ်တော့ဒစ်စ်က အကြာအောင်တွေးလိုက်ပြီး ပြောလာသည်။
“နေ့တိုင်း အရသာရှိတာတွေ ကစားစရာတွေ ဝယ်ပေးတယ်…၊ သူကနေ့တိုင်း ငါ့ခန္ဓာကိုယ်ကိုထိန်းဖို့ ဝိညာဉ်စွမ်းအင်ကို သုံးပေးတယ်…”
ပျင်းစရာကောင်းတယ်ဆိုတာထက်ပင် ပျင်းစရာကောင်းနေသေးသည်။
သို့သော် ထိုအရာမှာ ယေဘုယျအားဖြင့် နေ့စဉ်ဘဝသာဖြစ်၏။
လူတိုင်းက ရေသူများကို ထိုသို့ဂရုစိုက်ပေးခြင်းသည်။ သူတို့နှင့်သူတို့ရေသူလေးတွင်ကြားရှိ ဆက်ဆံရေးမှာ ကုသခြင်းနှင့်ပြုစုပျိုးထောင်းခြင်းတွင်သာ ကန့်သတ်ထားလေသည်။
ဖုယွမ်ချွမ်း သူနှင့် ရေသူလေး၏ နေ့စဉ်ဘဝကို အခြားလူများနှင့် ယှဉ်ကြည့်ကာ မျက်မှောင်ကြုတ်လျက်မေးလိုက်၏ ။
“မင်းအလုပ်လုပ်နေရင် သူဘာလုပ်နေလဲ…”
မာရှယ်တော့ဒစ်စ်က အတန်ကြာအောင်စဉ်းစားလိုက်ပြီးနောက် သူအလုပ်လုပ်နေလျှင် သူ့မျက်စိရှေ့ ကို သူ့ရေသူလေးက ဘယ်တော့မှ ပေါ်လာလေ့မရှိတာကို သတိရသွား၏။
သူက ပေါ့ပေါ့တန်တန်ပင် ပြောလိုက်လေသည်။ "ရေသူလေးက သူ့ဟာသူ ကစားနေမှာပေါ့"
"ရေသူလေးက မင်းကို နမ်းလား…"
မာရှယ်တော့ဒစ်စ်က မျက်ခုံးပင့်လျက် ဖုယွမ်ချွမ်း၏မေးခွန်းကို နားမလည်နိုင်သောအကြည့်ဖြင့် ပြန်ပြောလာသည်။
“နမ်းမယ်…၊ ပြဿနာမရှာပါနဲ့ကွာ…၊ သူ့ကို ငါ့မျက်နှာနားတောင် မကပ်ရဲဘူး၊ တစ်ခုခုလုပ်လိုက်မှာစိုးလို့…”
ဖုယွမ်ချွမ်း: "..."
အကြီးအကျယ်ကို...မှားနေပြီ။
သူနှင့် ရှောင်ယွီမှာ အခြားသူများနှင့် ကွဲပြား၏။
သူ ပထမဆုံးရေသူလေးကို စမွေးစဉ်က အခြားသူများ မည်သို့မွေးကြသည်ကို ဂရုပင်မစိုက်ခဲ့။
ထို့အပြင် ရေသူမွေးမြူရေးစခန်းက ရေသူများ၏ အကျင့်စရိုက်မှာ အတိအကျမရှိဘဲ ကွဲပြားကြကြောင်းကို ပြောဖူး၏။
သူ့ရေသူလေး သူနှင့် ရင်းနှီးနေရခြင်းမှာ အကျင့်စရိုက်ကြောင့်ဟု ဖုယွမ်ချွမ်း ထင်ခဲ့၏။
သို့သော် ယခုပုံစံအရ… ... ပွေ့ဖက်ခြင်းနှင့် နမ်းခြင်းတွေကို အများကြီးလုပ်ရသည်က ကိစ္စမရှိသော်ငြား လူသားဖြစ်လာပြီးနောက် သူ့ကို သယ်ဆောင်သွားပေးရခြင်းက မှားနေသည်လား။
ဖုယွမ်ချွမ်း ငြိမ်နေသည်ကို မြင်သောအခါ ကျွင်းချင်ယွီ သူဘာတွေးနေသည်ကို သိချင်လာသော်လည်း မာရှယ်တော့ဒစ်စ်ရှေ့တွင် သူတိုက်ရိုက်စကားပြော၍မရသောကြောင့် ဖုယွမ်ချွမ်း၏အင်္ကျီလက်ကို လှမ်းဆွဲလိုက်၏။
ဖုယွမ်ချွမ်း ခေါင်းကိုငုံ့ကာ သူ့လက်ထဲမှ ရေသူလေးကို ကြည့်လိုက်သည်။ သူ့အကြည့်များမှာ အလိုလိုနူးညံ့လာကာ ခေါင်းခါပြလိုက်ပြီး ရေသူလေး၏ဆံပင်ကိုသပ်ပေးလျက် ငြင်သာစွာပြောလိုက်သည်။
“ကိုယ်အဆင်ပြေပါတယ်…”
အဲဒီ့အရေးမပါတဲ့ အရာများက ဘာလုပ်လိုက်သလဲဆိုတာကို ကြည့်ပါဦး။
သူ့ကိုသယ်သွားပေးမှတော့ သယ်သွားပေးတယ်ပေါ့။ ဘာများမှားနေလို့လဲ။
သူ့မိသားစုမှ ရေသူလေးမှာ အခြားမိသားစုမှရေသူလေးများနှင့် ကွဲပြား၏။ သူက လူသားအသွင်ကိုပင် ပြောင်းနိုင်၏။ သူ့ရေသူလေးကို အခြားရေသူများနှင့် တစ်တန်းထဲထား၍ မရပေ။
တော့ဒစ်စ်က အဖုံးကိုဖွင့်ကာ ဘူးထဲမှ ရေသူလေးကို ထွက်ခွင့်ပေးပြီးအသက်ရှူခွင့်ပေးလိုက်ကာ မေးလာသည်။
"ဘာလို့ ထူးထူးဆန်းဆန်းတွမေးနေတာလဲ…၊ အရေးမပါတာတွေထားလိုက်ပါတော့ …၊ မင်းတို့မိသားစုက ငါးလေးကရော…”
ဖုယွမ်ချွမ်း ဆိုဖာပေါ်ထိုင်ကာ ပြောလိုက်သည်။ “ငါ့ ငါးလေးက မျိုးနွယ်တူတွေနဲ့ နေရတာ မကြိုက်ဘူး…”
အကြာကြီးပျိုးထောင်လာသည့် တစ်လျှောက်လုံး သူ့ရေသူလေးမှာ တစ်ခါမှမျိုးနွယ်တူကို မရှာဖူးချေ။ စကားပြောနိုင်သွားသည့်အခါတွင်လည်း ထိုအကြောင်းကို မဟဖူးပေ။
"အာ…" ကျွင်းချင်ယွီ သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။
တော့ဒစ်စ်က ထိုအသံကိုကြားသောအခါ လန့်သွားပြီး ခေါင်းကိုလှည့်ကြည့်လိုက်သောအခါ ရွှေရောင်ဖျော့ဖျော့ ရေသူလေးကို ဖုယွမ်ချွမ်းလက်ထဲတွင် တွေ့လိုက်ရ၏။
တော့ဒစ်စ်: "…"
သူ ဘာပြောလိုက်တာလဲ။
ဘာကို ထိလို့မရတာလဲ…၊ ဘာကို လက်ပေါ်မှာ လှဲလို့မရတာလဲ…။
တော့ဒစ်စ်က ဖြည်းဖြည်းချင်း မျက်မှောင်ကြုတ်လိုက်ကာ
" မဟုတ်ဘူးလေ၊ ရေသူလေးတွေရဲ့ အပူချိန်က လူတွေနဲ့ မတူဘူးမလား…၊ အဲလို လက်ပေါ်မှာနေတော့ သူ့အတွက်နေရတာ အဆင်မပြေမဖြစ်ဘူးလား…”
အဆင်မပြေဘူး…
ဖုယွမ်ချွမ်း သူတို့ကြားက အပူချိန်ကွာခြားချက်ကို သတိမထားမိခဲ့ချေ။သူက ခေါင်းငုံ့ကာမေးလိုက်၏။ “ သက်တောင့်သက်သာမဖြစ်ဘူးလား…”
ကျွင်းချင်ယွီ ခေါင်းခါပြကာ အသံပြုလိုက်၏။ "အာ..."
ဖုယွမ်ချွမ်း : "ရှောင်ယွီ က အဆင်ပြေတယ်တဲ့…"
တော့ဒစ်စ်: "..."
မင်းပဲမှားနေတာလား။ ငါပဲမှားနေတာလား။
သေတ္တာထဲတွင် ပေါလောပေါ်နေသော အပြာရောင်ရေသူလေးကိုကြည့်ကာ တော့ဒစ်စ်မှာ သူများနည်းလမ်းအမှားသုံးခဲ့မိလားဟု တွေးလိုက်သည်။
ရင်းနှီးဖို့ရာ နည်းလမ်းအမှားသုံးခဲ့ခြင်းကြောင့် တစ်ချိန်လုံး အရိုက်ခံခဲ့ရသည်များလား။
ဖုယွမ်ချွမ်း ပြောတာက အမှန်များလား။ ရေသူလေးကို ပိုင်ရှင်က လက်ထဲတွင်ထားကာ ဂရုစိုက်ပေးရမည်လား။
တော့ဒစ်စ် သေတ္တာထဲလက်ထည့်ရန် ကြိုးစားသော်လည်း ရေမျက်နှာပြင်သို့ လက်ထိထိချင်းပင် အပြာရောင်ရေသူလေးကအမြီးကိုခါရမ်းတော့လေသည်။
“ဝေါ” ဆိုသော အသံနှင့်အတူ ရေအမြောက်အများဖိတ်စင်သွား၏။
Xxxxxxxx