Chapter 39
မာရှယ် တော့ဒစ်စ်မှာ မျက်စိလျင်ကာ ခြေမြန်လက်မြန်ရှိသောကြောင့်သာ မဟုတ်လျှင် အရိုးများပင်ကျိုးသွားနိုင်သည်။
သူ့ကိုစိုက်ကြည့်နေသော ရေသူလေးကိုကြည့်ကာ ဖုယွမ်ချွမ်းလက်ထဲမှ ရေသူလေးကိုလည်း တစ်ဖန်ထပ်ကြည့်လိုက်ပြီး တော့ဒစ်စ်တစ်ယောက် မယုံကြည်နိုင်ဖြစ်နေ၏။
“မင်း ရေသူလေးက အတုကြီး…”
ကြာကြာကြည့်လေ ရေသူအစစ်နှင့်မတူတော့လေဖြစ်လာသည်။ မာရှယ် တော့ဒစ်စ်က
"စက်ရုပ်လေးကို နှစ်သိမ့်ခိုင်းရလောက်အောင် နေမကောင်းအရမ်းဖြစ်နေတာလား၊ မင်း….”
အတုတဲ့လား…။
ကျွင်းချင်ယွီ မျက်ခုံးများကို ပင့်ကာ ဖုယွမ်ချွမ်းလက်ပေါ်တွင်ထိုင်လိုက်ပြီး ခုန်လိုက်ကာ သူ့လက်ကို ရိုက်လိုက်သည်။
မင်းကသာအတု၊ မင်းဟာကသာအတု။
သူပြုတ်ကျမည်စိုးသောကြောင့် ဖုယွမ်ချွမ်းက အမြန် လက်ကို ကွေးကာအုပ်လိုက်သည်။
“ဟေး သူက ဦးနှောက် သိပ်မကောင်းဘူး…၊ သူပြောတာ ဂရုမစိုက်နဲ့…”
ရေသူလေးက တစ်စုံတစ်ယောက်ကိုရိုက်ရန်ကြိုးစားလိုက်သောအခါ အတုမဟုတ်တော့မှန်း တော့ဒစ်စ်သဘောပေါက်သွားသည်။
တော့ဒစ်စ် မတတ်နိုင်ဘဲ မနာလိုဖြစ်မိတော့သည်။
“ ဒီရေသူလေးက… မင်းက ကံကောင်းတာပဲ…”
"ဟုတ်တယ် … ငါလည်း အဲ့လိုပဲထင်တယ်…"
ဖုယွမ်ချွမ်း သူ့ဘဝ၏ ကံကောင်းမှုများအားလုံးကို ရေသူလေးအပေါ်တွင်အသုံးပြုလိုက်သလိုပင် ခံစားရသည်။
တော့ဒစ်စ် ငါးကန်ထဲမှ သူ့ကိုကြည့်နေသော အပြာရောင် ရေသူလေးကိုကြည့်ကာ သက်ပြင်းချလျက်
“ရပါတယ်…၊ မင်းမိသားစုက ရှက်တတ်လို့နေမှာပါ…၊ ငါ တစ်ခြားနည်းလမ်းကြံပါဦးမယ်…”
ရေသူပြာလေးကို ခေါ်သွားရန်ပြင်နေသော တော့ဒစ်စ်ကိုမြင်သောအခါ ကျွင်းချင်ယွီ ဖုယွမ်ချွမ်း၏ လက်မောင်းကို အမြန်လှမ်းကိုင်လိုက်ကာ"အာ…" ဟု အသံပြုလိုက်၏။
ဖုယွမ်ချွမ်း ရေသူလေးဆိုလိုသည်ကို ချက်ချင်းနားလည်ကာ တော့ဒစ်စ်ကို ရပ်လိုက်သည်။
“နပေါဦး…”
"ဘာလို့လဲ…"
ကျွင်းချင်ယွီ မီးဖိုခန်းကို ညွှန်ပြလိုက်၏။
ဖုယွမ်ချွမ်း မှ "နေပါဦး…" ဟု ပြောရင်း ထလိုက်ကာ ရေသူလေးကို ချီပြီး မီးဖိုခန်းထဲသို့ ဝင်သွား၏။
တော့ဒစ်စ်လည်း အရေးကြီး တစ်ခုခုရှိသည်ထင်ကာ ထွက်သွားရန် မလောတော့ချေ။
ဆိုဖာပေါ်တွင် ထိုင်လိုက်ကာ သက်ပြင်းချလျက် ငါးကန်ထဲမှ ရေသူပြာလေးကို ကြည့်နေလိုက်သည်။
မီးဖိုခန်းထဲတွင်ဖြစ်၏။
ကျွင်းချင်ယွီ အသံတိုးတိုးလေးဖြင့် ဆိူလာသည်။
"ကျွန်တော်ထင်တာ ရေသူလေးက ဝိညာဉ်စွမ်းအင်အများကြီးကို ပြန်လည်ဖြည့်တင်းဖို့ လိုနေတာ ထင်တယ်… ၊ သူ့ကို အသီးအရွက်ဖျော်ရည် နည်းနည်းပေးပြီးတော့ သောက်ခိုင်းကြည့်ရင် အဆင်ပြေလောက်တယ်…”
ရေသူလေးများမှာ ဝိညာဉ်စွမ်းအင်သုံးစွဲပြီးလျှင် ပြန်လည်ဖြည့်တင်းဖို့ရာ အချိန်ကြာတတ်၏။
ထိုသို့သော အခြေအနေတွင် ပြန်လည်ဖြည့်တင်းသည့်နှုန်းက စွမ်းအင်သုံးစွဲသည့်နှုန်းကို အမှီမလိုက်နိုင်တာမျိုး ဖြစ်တတ်ပြီး အသီးအရွက်ဖျော်ရည်က ဝိညာဉ်စွမ်းအင်ကို အမြန်ပြန်ဖြည့်တင်းနိုင်စေရန် ကူညီပေးနိုင်သည်။
ဖုယွမ်ချွမ်း: "ကောင်းပြီလေ…"
ကျွင်းချင်ယွီ ရေခဲသေတ္တာထဲတွင် ထည့်ထားသော အသီးအရွက်များရှိသည်။ ဖုယွမ်ချွမ်းက ထိုအသီးအရွက်အနည်းငယ်ကို ယူကာ ဖျော်ရည်စက်ထဲ ထည့်လိုက်၏။
အသီးအရွက်များမှာ လတ်လတ်ဆတ်ဆတ်ဖြစ်နေသောကြောင့် အရသာရှိ၏။
ကျွင်းချင်ယွီ ဖျော်ရည်စက်ထဲမှ အသီးအရွက်များကိုကြည့်ကာ စဉ်းစားပြီးနောက် နေရာလွတ်မှ စမ်းရေအနည်းငယ်ကို ထည့်လိုက်လေသည်။
မူလနေရာလွတ်မှ စမ်းရေနှင့် ကွဲပြားသောနေရာတွင် ရေစိမ်ရန် ကန်လေးတစ်ခု တူးခဲ့ဖူးသည်။
ယခုထည့်မည်ရေမှာ ထိုနေရာမှ စမ်းရေဖြစ်သည်။
ဖုယွမ်ချွမ်း မေးချိန်မရလိုက်သော်လည်း ရေသူလေး ရေထည့်ပြီးသည်ကို မြင်သောအခါ ဘာမှထပ်မမေးတော့ဘဲ အဖုံးပိတ်ကာခလုတ်နှိပ်လိုက်လေတော့သည်။
အသီးအရွက်ဖျော်ရည် လုပ်ပြီးသောအခါ ဘူးထဲခွဲထည့်လိုက်၏။ စုစုပေါင်းလေးဘူး ရလေသည်။
ဖုယွမ်ချွမ်း ရေသူလေးကို လှမ်းချီလိုက်သည်။
ကျွင်းချင်ယွီ သူ့ပုခုံးပေါ်တွင်ထိုင်ကာ အမြီးလေးနှံ့လျက် “သွားကြမယ်…” ဟု ပြောလိုက်၏။
"ကောင်းသားပဲ…"
တော့ဒစ်စ်မှာ ဧည့်ခန်းထဲတွင်ဖုန်းသုံးနေသည်။ ဖုယွမ်ချွမ်း ထွက်လာသည်ကို မြင်သောအခါ စကားအချို့ပြောပြီး ဖုန်းချလိုက်၏။
ဖုယွမ်ချွမ်းလက်ထဲမှ ပုလင်းများကို ကြည့်ကာ သံသယဖြင့် မေးလိုက်၏။
"ဘာတွေလဲ"
ဖုယွမ်ချွမ်းကဆိုသည်။
"အသီးအရွက်ဖျော်ရည်၊ မင်းရေသူလေးကို သောက်ခိုင်းလိုက်ပါဦး…"
တော့ဒစ်စ် လာစဥ်က ဘာမှယူမလာသော်ငြား သူထွက်သွားသောအခါတွင်တော့ အသီးအရွက်ဖျော်ရည်ဘူးများ ယူလာသည်။သူက ရှက်ရှက်ဖြင့် ပြောလိုက်သည်။
"ဒါယူဖို့ ထွက်သွားတာလား ၊ မင်းက ယဥ်ကျေးလွန်းနေပြီ"
“ကြည့်ရုံနဲ့တင် အရသာရှိမှန်းသိသာတယ်၊ ဒါပေမယ့် ငါ့မိသားစုကရေသူလေးက ဂျီးများတယ်၊ ဖြုန်းတီးသလိုဖြစ်မှာကို စိုးရိမ်လိုက်တာ"
ဖုယွမ်ချွမ်းကပြောသည်။
"တိုက်ကြည့်ပါဦး၊ သူကြိုက်ရင် ကြိုက်မှာပေါ့…"
တော့ဒစ်စ်က ဤနေရာတွင် မတိုက်လိုပေ။ အစားရွေးလွန်းသည့် သူ့ရေသူလေးအကြောင်းကို စကားလုံးများဖြင့်ဖော်ပြရန် ခက်ခဲလှသည်။
ယခု ရေသူလေးကို တိုက်လိုက်လျှင် ငြင်းဆန်ခြင်းဖြစ်စေ မှောက်ပစ်ခြင်းဖြစ်စေ တစ်ခုခုလုပ်လိုက်လျှင် သူအရှက်ရပေမည်။
တော့ဒစ်စ် တွေဝေနေတုန်းမှာပင် ရေထဲသို့ငုပ်ဝင်သွားသော ရေသူလေးက မျက်နှာပြင်သို့ ချက်ချင်းပေါ်လာကာ တော့ဒစ်စ်ဆီသို့လှမ်း၍ “အာ…" ဟု အသံပေးလိုက်၏။
"ဟမ်…" တော့ဒစ်စ် တွန့်ဆုတ်သွားကာ သတိလက်လွတ် သူ့လက်ကို ပေးလိုက်သည်။ ငါနှင့် လက်ဆွဲနှုတ်ဆက်ချင်တာလား။
အပြာရောင်ရေသူလေးမှာ ထိုလက်ကို ငြိုငြင်စွာရိုက်ချလိုက်သည်။ သူလိုချင်တာ ထိုအရာမဟုတ်တာ သေချာသည်။
သူ့ဘယ်ဘက်လက်ကို ကြည့်နေသောကြောင့် တော့ဒစ်စ် အသီးအရွက်ဖျော်ရည်ကို လှုပ်ပြကာ မေးလိုက်၏။
"ဒါလား…"
ရေသူပြာလေးက ခေါင်းညိတ်ပြလေသည်။
တော့ဒစ်စ်က အသီးအရွက်ဖျော်ရည်ဘူးကို ဖွင့်ကာ ရေသူလေးကို တိုက်လိုက်သည်။
ယခင်က ရေသူလေးမှာအစားစားလျှင် အချိန်အတော်ကြာအောင် ဆက်တိုက်နှာခေါင်းရှုံ့နေပြီး စားဖို့ရာ စိတ်ချရသောအခါမှ သေးသေးလေးသာကိုက်ဖြတ်စားလေ့ရှိသည်။
သို့သော် ယခုအသီးအရွက်ဖျော်ရည်ဘူးကိုတော့ အပြာရောင်ရေသူလေးက လုံးဝတွန့်ဆုတ်ခြင်းမရှိပဲ ပါးစပ်ကိုကျယ်ကျယ်ဟကာ အများကြီးသောက်လိုက်၏။
တော့ဒစ်စ်: "...?"
ငါက အခုမှ မင်းအစားရွေးတယ်လို့ သူများတွေကို ပြောထားတာလေ။
အပြာရောင်ရေသူလေးမှာ ကျွင်းချင်ယွီထင်ထားသည့်အတိုင်း အသီးအရွက်ဖျော်ရည်ကို အလွန်ကြိုက်လေသည်။
စမ်းရေနှင့် အသီးအရွက်ဖျော်ရည်မှာ ဝိညာဉ်စွမ်းအင်ပြန်လည့်ဖြည့်တင်းရန် အကောင်းဆုံးဖြည့်စွက်စာ ဖြစ်၏။ အရသာအနေနှင့်ပြောရလျှင် သာမန်ကြယ်တာရာ အသီးအရွက်ဖျော်ရည်ထက် ပိုကောင်း၏။
သူကြိုက်ခြင်းမှာ မထူးဆန်းပေ။
ရေသူပြာလေးမှာ တစ်ခါတည်း ပုလင်းတစ်ဝက်လောက်သောက်ချလိုက်ကာ ရေအောက်ထဲသို့ပြန်ဝင်သွားလေသည်။ သူအနားယူတော့မည် ထင်သည်။
တော့ဒစ်စ် သူ့လက်ထဲမှ အသီးအရွက်ဖျော်ရည်ကိုကြည့်ကာ ပြောလိုက်၏။ "မာရှယ်ဖု၊ မင်းရဲ့အသီးအရွက်ဖျော်ရည်က..."
ဖုယွမ်ချွမ်းက သူ ထပ်မေးသည်ကိုပင်မစောင့်တော့ဘဲ “ကျွန်တော် အွန်လိုင်းဆိုင်တစ်ခုက ဝယ်ထားတာ၊ ခင်ဗျားကိုလည်းပေးမယ်လေ…၊ နည်းနည်းသောက်ကြည့်…”
တော့ဒစ်စ်၏ မျက်နှာအမူအရာမှာ ရှုပ်ထွေးနေ၏။ယခု အသီးအရွက်ဖျော်ရည်မှာ သာမန်တော့မဟုတ်။ သူ ဖုယွမ်ချွမ်း ကိုခဏအကြာ ကြည့်နေကာ အသံဩဩကြီးဖြင့် "ကျေးဇူးပါကွာ…"ဟု ပြောလိုက်၏။
"ယဉ်ကျေးလွန်းနေပါပြီ…"
မာရှယ်တော့ဒစ်စ် ထွက်သွားသောအခါ ဖုယွမ်ချွမ်းက သန့်ရှင်းရေးလုပ်ရန် မီးဖိုခန်းထဲသို့ ပြန်ဝင်လာ၏။
အလုပ်မရှုပ်ခင် ပန်းသီးလေးခွဲကာ ရေသူလေးစားနိုင်မည့်အနေအထားကို ပေးထား၏။
ကျွင်းချင်ယွီ သူ့ပုခုံးပေါ်တွင် လိမ်လိမ်မာမာ ထိုင်ကာ ပန်းသီးလေးကိုက်လျက် တစ်ခါတစ်ခါ အမြီးလေးလှုပ်ကာ ပျော်နေလေသည်။
မီးဖိုခန်းကို ရှင်းပြီးသောအခါ ဖုယွမ်ချွမ်း ဝိုးတဝါးအသံတစ်ခု ကြားလိုက်ရ၏။
ခေါင်းကို လှည့်ကြည့်လိုက်သောအခါ ဉာဏ်ရည်တုစက်မှ အလင်းရောင်များထွက်နေ၏။
ဖုယွမ်ချွမ်း: "မင်းရဲ့ဉာဏ်ရည်တုစက်က လင်းနေတယ်…"
"ဟမ်?" ကျွင်းချင်ယွီက ဉာဏ်ရည်တုစက်ကို သုံးရန်အလွန်သေးနေသောကြောင့် စားပွဲပေါ်သို့သာ တင်လိုက်သည်။
ဖုယွမ်ချွမ်း ရေသူလေးထံသွားကာ ဉာဏ်ရည်တုစက်ကို အခန်းထဲသို့ သယ်နိုင်အောင် ကူပေးလိုက်၏။
ကျွင်းချင်ယွီက ဉာဏ်ရည်တုစက်ကို မဖွင့်ပေ။ ဘယ်သူစာပို့လိုက်လဲ သူသိသည်။
အွန်လိုင်းစတိုးမှ စျေးဝယ်သူများမှလွဲ၍ ဘယ်သူမှသူ့ကို ဆက်သွယ်လေ့မရှိပေ။
အမည်မဖော်လိုသော စျေးဝယ်သူ : [ဒီ အသီးအရွက်ဖျော်ရည်ပဲ ရှိတော့တာလား…၊ ထပ်ဝယ်ချင်လို့ပါ…]
အမည်မဖော်လိုသော စျေးဝယ်သူ : [ ဆိုင်က အပြင်မှာရှိလား…၊ အရေအတွက်များများလိုချင်လို့ တိုင်ပင်ချင်လို့ပါ…]
အမည်မဖော်လိုသော စျေးဝယ်သူ : [ဆိုင်မှာပိုကောင်းတာတွေ ရှိသေးလား…၊ စျေးကတော့ သဘောအတိုင်းပါပဲ၊ စျေးမဆစ်ပါဘူး…]
ဤတစ်ကြိမ်တွင် ကျွင်းချင်ယွီက ရောင်းကုန်အများကြီးတင်ထားခြင်းပေ။ ဝမ်ချန်းယောင်အနေဖြင့် အတော်ကြာအောင် လုံလောက်စွာ သောက်နိုင်သင့်သည်။
ယင်းက နည်းနေသေးသည်လား။
ကျွင်းချင်ယွီက သူ ပမာဏမှားပြီး သွင်းထားသလားဟူ၍ သံသယဖြစ်မိစွာဖြင့် အမှာစာအသေးစိတ်အချက်ကို နှိပ်ကာကြည့်ရှုပြီးနောက် အံ့အသင့်စွာပင် မျက်ခုံးပင့်လိုက်သည်။
ပမာဏမှာ မှန်ကန်သော်လည်း သူမထင်ထားသည်က အသီးအရွက်ဖျော်ရည်မှာ ဝမ်ချန်းယောင်တစ်ယောက်တည်း ယူသွားခြင်းမဟုတ်ဘဲ အခြားသူများပါ ယူသွားခြင်းဖြစ်နေသည်။
အများစုက တစ်ပုလင်းစီသာ ကျန်တော့သည်။
မရင်းနှီးသည့် အိုင်ဒီများမှာ အတန်းလိုက်ရှိနေသည်။
ကျွင်းချင်ယွီ ရုတ်တရက် ကြောင်အသွားသည်။ အွန်လိုင်းစတိုးသေးသေးလေးကို ကြော်ငြာခြင်းပင်မလုပ်ဘဲ မည်သည့်နေရာက သိသွားကြသလဲ။
"ယွမ်ချွမ်း ၊ လူတွေအများကြီး အသီးအရွက်ဖျော်ရည်ပုံတွေကို ရိုက်ယူသွားကြတယ်…”
"လူတွေအများကြီး…."
"ဟုတ်တယ်…"
ဝမ်ချန်းယောင်မှလွဲ၍ ဘယ်သူမှဝယ်မည် မထင်ထားသောကြောင့် လူအများကြီးအမြန်ဝယ်ကြမည် မထင်ထားခဲ့ချေ။
ကျွင်းချင်ယွီ : “ဝမ်ချန်းယောင်က ထပ်ဝယ်ချင်လို့တဲ့၊ ကျွန်တော့်ကို အပြင်ဆိုင်ရှိလားမေးတယ်၊ အပြင်မှာ ပြောချင်လို့တဲ့…”
သူ့ညီမလေးအရမ်းဖျားတာမှန်လျှင် နေရာလွတ်က စမ်းရေကိုသောက်တာ ပိုကောင်းမည်။
မာရှယ်တော့ဒစ်စ် နှင့် ဖုယွမ်ချွမ်းမှာ ယခုအခါ လုပ်ဖော်ကိုင်ဖက်များဖြစ်သောကြောင့် အသီးအရွက်ဖျော်ရည်နှင့်စမ်းရေကိုပေးနိုင်၏။
သို့သော် ဝမ်ချန်းယောင်ကမူ သူနှင့်မရင်းနှီးချေ။
နေရာလွတ်မှ စမ်းရေကို တွေ့ရာလူကို မပေးနိုင်ပေ။
သို့သာ် သာမန်အသီးအရွက်ဖျော်ရည်များကို တစ်ချိန်လုံးသောက်နေခြင်းက ရောဂါလက္ခဏာများကို လျှော့ချနိုင်သော်လည်းပျောက်ကင်းအောင် မကုသနိုင်ချေ။
ကျွင်းချင်ယွီ ဝမ်ချန်းယောင်၏ညီမလေးကို ကုသရန် ကူညီပေးချင်နေသည်။
ကြယ်တာရာဓားပြတစ်ဦးအနေဖြင့် ဝမ်ချန်းယောင်မှာ မဆင်မခြင်ပြုမူနိုင်ပြီး မည်သည့်ကန့်သတ်ချုပ်ချယ်မှုကိုမှ မခံထားရပေ။ သူ၏ကိုယ်ရေးအချက်အလက်ကို ကန့်သတ်မထားပဲ လုပ်ဆောင်ခြင်းက ပိုအဆင်ပြေလိမ့်မည်။
ကျွင်းချင်ယွီက စဉ်းစားလိုက်ပြီးနောက် “ကျွန်တော်တို့ အပြင်ဆိုင်လေး ဖွင့်ကြရင်ရော…”
အစားအသောက်မယူသွားရဟူသော စည်းမျဉ်းသတ်မှတ်ပြီး ဝမ်ချန်းယောင်သူ့ညီမလေးကို ခေါ်လာကာ အစားအသောက်စားပြီးမှ ပြန်ထွက်သွားလျှင်ရပေလိမ့်မည်။
နေရာလွတ်မှ စမ်းရေမှာ အလျင်အမြန်စုပ်ယူခံရကာ သောက်သုံးခံရပြီးနောက် စစ်ဆေးကြည့်လျှင်တောင် စမ်းရေကို ရှာတွေ့နိုင်မည်မဟုတ်ချေ။
ကျွင်းချင်ယွီကပြောသည်။ "ဘာမှမရောင်းရင် အရင်ဆုံးဝမ်ချန်းယောင်ရဲ့ ညီမလေးကို ကုဖို့နေရာ အရင်ရှာရမယ်…”
အပြင်ဘက်မှ နေရာမှာ အဆင်မပြေပေ။ အိမ်ဆိုလျှင်လည်း ဝမ်ချန်းယောင်သာ ရူးမနေလျှင် သေချာပေါက်လာမည်မဟုတ်ချေ။
ဖုယွမ်ချွမ်းကပြော၏။ "ရပါတယ်…၊ မင်းသဘောအတိုင်း ဆုံးဖြတ်ပါ…"
ရေသူလေးသာ အလိုရှိလျှင် စတိုးဆိုင်လေးတစ်ခု ဝယ်လိုက်လျှင်လည်း အဆင်ပြေသည်။
ဖုယွမ်ချွမ်းကဆိုသည်။ "စတိုးဆိုင်အတွက် လိုတာရှိသေးလား…"
ကျွင်းချင်ယွီ ခေါင်းခါပြကာ ပြောလိုက်သည်။ “နေရာသေးသေးလေးနဲ့ တိတ်ဆိတ်နေရင် ကောင်းမယ်… ၊ ဘယ်သူမှမရှိလေ ကောင်းလေပဲ…”
လူနည်းလေ ကောင်းလေဖြစ်သည်။
သူလည်း စတိုးဆိုင်သို့ မကြာမကြာလာရန် စိတ်ကူးမရှိ။ အဓိကအရောင်းမှာ အွန်လိုင်းမှသာဖြစ်သည်။ ဝမ်ချန်းယောင်၏ ညီမလေး နေကောင်းသွားလျှင် သုံးချင်မှသာ သုံးဖြစ်တော့မည် ဖြစ်သည်။ ဆိုင်အကြီးကြီး ငှါးရန်မလိုချေ။
ဖုယွမ်ချွမ်း ခေါင်းညိတ်ကာ, "ကောင်းပြီ..."ဟု ပြောလိုက်၏။
ရေသူလေး လုပ်စရာရှိသောအခါ ဖုယွမ်ချွမ်းက သူ့အလုပ်ကို ဘေးဖယ်ထားကာ ရှောင်ယွီအတွက် ဆိုင်လေးကို စတင်စီစဉ်တော့သည်။
ဆိုင်မှာ အလွန်ကြီးလျှင် လူအဝင်အထွက်များလာမည်ဖြစ်သောကြောင့် အသေးလေးတစ်ခုကိုသာ ရှောင်ယွီကိုပေးရန် စီစဉ်လိုက်သည်။
သို့သော် ဆိုင်အသေးလေးဆိုလျှင် ရှာဖွေရန်မလွယ်ကူချေ။
ဆိုင်သေးပြီး လူနည်းရမည်ဖြစ်သော်လည်း လူပြတ်နေလျှင် ထောင်ချောက်ဟုထင်နေဦးမည် ဖြစ်သည်။
ဖုယွမ်ချွမ်း အိပ်ရာဘေးတွင်မှီနေကာ ပေါင်ပေါ်တွင် လက်ပ်တော့ကို တင်လျက် ရောင်းရန်ကြော်ငြာထားသော ဆိုင်များကိုကြည့်နေသည်။
ထိုအရာကို မြင်သောအခါ ကျွင်းချင်ယွီ ထရပ်ကာ အိပ်ရာထက်မှ အဝတ်သေးသေးလေးများကိုယူကာ ငါးမြီးလေးကိုခြေထောက်များအဖြစ်ခွဲပြီး အဝတ်များကို ဝတ်လိုက်၏။
ခြေထောက်များခွဲလိုက်သောအခါ အရပ်ပိုပုသွားသယောင်ထင်ရ၏။ ငါးမြီးထိပ်လေး ပျောက်သွားသောကြောင့်ဖြစ်မည်ထင်သည်။
ပိတ်စပျော့ပျော့လေးပေါ်သို့လှမ်းကာ ကျွင်းချင်ယွီ ဖုယွမ်ချွမ်းထံသို့ယိုင်လိုက်ပြီး သူ့ခါးကိုဖက်လိုက်၏။
Xxxxxx