အပိုင်း ၄၀
Viewers 18k

Chapter 40


ဖုယွမ်ချွမ်းလည်း ရောင်းမည့်အိမ်အချက်အလက်များကိုကြည့်နေကာ ခါးထက်မှလှုပ်ရှားမှုတစ်ခုကိုသတိထားမိလိုက်ပြီးကောက်ကိုင်ရန် သူ့လက်ကိုလှမ်းလိုက်သော်လည်း ရေသူလေးကိုဖမ်းမမိချေ။ 


သတိပြန်ဝင်လာသောအခါ လက်ပ်တော့ဖန်သားပြင်တွင် အရိပ်သေးသေးလေးကို မြင်လိုက်သည်။ 


ရေသူလေးမှာ ကွန်ပျူတာကီးဘုတ်ပေါ်တွင် ခြေထောက်ချိတ်ကာ ထိုင်နေသည်။ 


ဖုယွမ်ချွမ်း ခေါင်းလေးကိုပွတ်ကာ ပြောလိုက်၏


 “ မင်းကြိုက်တာ ကြည့်ပြီး ကိုယ်တိုင်ဝယ်လေ…”


"ဝယ်မယ်… နှမြောစရာကြီး…"အသုံးအဖြုန်းများသလို ခံစားလိုက်ရသည်။


"ဝယ်လိုက်တာက ပိုမြန်တယ်…"


ငှါးရသည်မှာ ဒုက္ခများ၏။ ရေသူလေးမှာ ထူးခြားသောသူဖြစ်နေသောကြောင့် တိုက်ရိုက်ဝယ်လိုက်သည်က ပိုစိတ်ချရသည်။ 


ကျွင်းချင်ယွီ  အိမ်ဘယ်လိုကြည့်ရမလဲမသိသော်ငြား ဗီလာနှင့် နီးစေချင်သည်။ 


“အိမ်နဲ့ နီးတဲ့နေရာ ရှိလား…” 


ဖုယွမ်ချွမ်း ခဏကြာအောင်တွေးလိုက်သည်။ အိမ်အတွက် အဓိကလိုအပ်ချက်မှာ တိတ်ဆိတ်ခြင်းဖြစ်၏။ နီးသောနေရာမရှိလျှင်အိမ်ကိုဗဟိုပြုကာချဲ့လိုက်၍ရသည်။ 


"ဒီနေရာက အိမ်နဲ့ အရမ်းဝေးတယ်…၊ အနည်းဆုံးတော့ တစ်နာရီလောက်မောင်းရမှာ…၊ အနားမှာ စွန့်ပစ်ခံထားရတဲ့ ခရီးသွားနယ်မြေတစ်ခုလည်းရှိတယ်…”


ထိုနေရာမှာ ဖုယွမ်ချွမ်းအထင်ဖြင့် အနီးဆုံးဖြစ်၏။ 


ကျွင်းချင်ယွီ  ခေါင်းညိတ်ကာ သူ့စိတ်ထဲတွင်လိုအပ်သော လိုအပ်ချက်များဖြင့် ကိုက်ညီနေသောကြောင့် “မနက်ဖြန် လုပ်စရာရှိလား…၊ မရှိရင် မနက်ဖြန်သွားကြည့်ကြမယ်လေ…”


အိမ်ဝယ်မည်ဆိုသော်လည်း သွားကြည့်ရန်တော့လိုသေး၏။ 


"ကောင်းပြီ..." တစ်ခုခုရှိလျှင်တောင် ရေသူလေးကိုတော့ တစ်ယောက်တည်းမလွှတ်နိုင်ပေ။ 


ဖုယွမ်ချွမ်း ခရီးသွားနယ်မြေမှ ဆိုင်များကို စုစည်းလိုက်သည်။ 


ရောင်းလိုသောဆိုင်များ အများအပြားရှိသော်လည်း မည်သူမှ မဝယ်ကြပေ။ တစ်နေ့စာဝင်ငွေမှာ ငှါးရန်မကိုက်သောကြောင့်ဖြစ်လိမ့်မည်။ ထိုအခါ ငှါးရမ်းသူများပိုမိုနည်းလာသည်။ ပိုင်ရှင်များမှာ အငှါးလည်းမရှိ ငှါးခလည်း မရသောကြောင့် ထုတ်ရောင်းကြတော့သည်။ 


ရောင်းရန်မှာလည်း ခက်လှသည်။ 


အချို့မှာ သုံးနှစ်လောက်ပင် အရောင်းဖွင့်ထားသော်လည်း ရောင်းမထွက်ဖြစ်နေသည်။ 


ဝယ်ရန် မလောလျှင်လည်း အဆင်ပြေသည်။ 


ဖုယွမ်ချွမ်း ရေသူလေးကို ချီကာ ကွန်ပျူတာကိုပိတ်ပြီးဘေးချထားလိုက်ကာ “ အိပ်ကြမယ်လေ…” ဟု ပြောလိုက်၏။ 


ကျွင်းချင်ယွီ  အကြောဆန့်ကာ "အင်းပါ…"ဟု ပြန်ပြောလိုက်၏။ 


ရေသူလေး လူသားဖြစ်စဉ်က သူနှင့်အတူတူအိပ်ကြ၏။ 


ယခု သေးသွားပြီး အမြီးမှာသက်သာသွားပြီဖြစ်သည်။ အပြင်မှာအိပ်လျှင် ရေလိုအပ်မည်ထင်သည်။ 


ဖုယွမ်ချွမ်း ရှောင်ယွီကို ဘယ်မှာအိပ်မလဲမေးရန်လုပ်နေစဉ် ကျွင်းချင်ယွီမှာ ပိတ်စလေးကိုမလျက် လှဲနေပေပြီ။ သေးငယ်သောခန္ဓာကိုယ်လေးမှာ မြှုပ်လျက်ရှိလေသည်။  


ဖုယွမ်ချွမ်း မလှုပ်တော့သည်ကို သဘောပေါက်သွားသောအခါ ကျွင်းချင်ယွီ  ပြန်လှည့်ပြီး ပိတ်စလေးထဲမှခေါင်းပြူလာကာ သူရှေ့မှလွတ်နေသော နေရာကို ပုတ်ပြပြီး “လာလေ အိပ်ကြမယ်…” ဟုပြောလိုက်၏။ 


ဖုယွမ်ချွမ်း ရုတ်တရက်ရယ်လိုက်ကာ မီးမှိတ်ပြီးလှဲလိုက်သည်။  


ရေသူလေးမှာ အလွန်သေးနေသောကြောင့် အမှတ်တမဲ့ဆိုလျှင် ပိသွားနိုင်သည်။ 


ဖုယွမ်ချွမ်း အစွန်းလေးမှာပင်လှဲလိုက်ကာ လက်ကိုရေသူလေးဘေးတွင်ထားပြီး သူ့လက်နှင့်အတူ အိပ်စေသည်။ 


-  - - - -


ညသန်းခေါင်အချိန်တွင်ဖြစ်၏။ 


လိုက်ကာ ထူထူကြီးများက ပြတင်းပေါက်အပြင်ဘက်မှ လရောင်မှိန်မှိန်ကို ကာရံထားသည်။ 


အခန်းမှာ အလွန်တိတ်ဆိတ်နေကာ အသက်ရှူသံတိုးတိုးလေးမှလွဲ၍ အခြားအသံမကြားရချေ။ 


သို့သော် ဖုယွမ်ချွမ်းကောင်းကောင်းအိပ်မပျော်ဘဲ မျကိလုံးများကို အတင်းမှိတ်ထားလိုက်သည်။ အိပ်တစ်ဝက် နိုးတစ်ဝက်ဖြင့်လှိမ့်နေကာ လက်နှင့်တစ်စုံတစ်ရာကို ထိမိသွားသည်။


ရေသူလေးမှာ ယခုရက်ပိုင်း လူသားအဖြစ်ပြောင်းကာ သူ့ဘေးတွေအိပ်လေ့ရှိ၏။ ညဘက်တွင် ဝိညာဉ်စွမ်းအင်ကို ရုတ်တရက်ဆုံးရှုံးသွားမည်ကိုစိုးသောကြောင့် ရေသူလေးအဖြစ် ပြန်ပြောင်းထားခြင်းဖြစ်သည်။ 


ဖုယွမ်ချွမ်း သူ့ဘေးတွင်အိပ်နေသော ရေသူလေးကိုနေသားကျကာ အမှတ်တမဲ့လက်ကိုဆန့်ပြီး ရေသူလေးကိုရင်ခွင်ထဲထည့်လိုက်သည်။ စိတ်ချလက်ချဖြင့် သက်ပြင်းတစ်ချက်ချကာ ပြန်အိပ်ရန်ပြင်လိုက်စဉ် တစ်ခုခုလွဲနေသည်ကို သတိထားမိသွားသည်။ 


မျက်လုံး ရုတ်တရက်ဖွင့်လိုက်ကာ ဘယ်တုန်းကကြီးလာမှန်းမသိသော ရေသူလေးကို ကြည့်လိုက်မိသည်။ 


ရေသူလေးမှာ ခေါင်းလေးကိုသူ့ရင်ခွင်ထဲ တိုးလျက် အေးချမ်းစွာ အိပ်ပျော်နေ၏။ 


ဘာဖြစ်သွားတာပါလိမ့်။ 


အိပ်ရာမဝင်ခင်က ရေသူလေးမှာလက်တစ်ဖဝါးစာခန့်သာရှိပြီး ဘယ်လောက်မျှ မကြာသေးပဲ အဘယ့်ကြောင့် လူသားပြန်ဖြစ်နေရသနည်း။ 


ဆိုးရွားသည်က မအိပ်ခင်သူဝတ်ခဲ့သော အဝတ်အစားသေးသေးလေးများမှာ ပျက်စီးသွားပြန်ပြီဖြစ်သည်။ 


အရင်ညအိပ်ဝတ်စုံများမှာလည်း မတော်တော့ချေ။ 


ထို့အပြင် သူ့လက်မှာ ရေသူလေး၏ ခါးပေါ်တွင်ရောက်နေ၏။ 


ဖုယွမ်ချွမ်း၏အကြည့်မှာ ကျွင်းချင်ယွီ၏ ပုခုံးပေါ်သို့ဖြတ်သွားပြီးနောက် ရပ်တန့်လိုက်ပြီး စောင်ကိုဖြည်းဖြည်းချင်း ခြုံပေးလိုက်သည်။ 


စောင်ခြုံနေတုန်း ဖြည်းဖြည်းလေးတွန်းကာ ခေါ်ကြည့်လိုက်သည်။


“ငါးလေး… ငါးလေး…” 


"အမ်..." ကျွင်းချင်ယွီ  မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေကာ အူကြောင်ကြောင်လေး နိုးလာ၏။ အိပ်ချင်မူးတူးဖြင့် မျက်လုံးပင် သေချာမပွင့်ချေ။ 


ဖုယွမ်ချွမ်းက တီးတိုးလေးပြောလိုက်၏။  "ထပါဦး၊ မအိပ်ခင် ညအိပ်ဝတ်စုံလေး ဝတ်ပါဦးလား…”


"အဲ့လိုနဲ့ အအေးမိသွားရင် ဘယ်လိုလုပ်မလဲ…"


"ဟေး ထပါဦး…"


ကျွင်းချင်ယွီ  အခါခါပုန်းနေသော်လည်း သူ့နားထဲမှအသံများကိုတော့ မကြားဘဲမနေချေ။  


 "ဟမ်း..."


ကျွင်းချင်ယွီ  ဆူပူသံများကြောင့် အိပ်မရတော့ဘဲ လက်ကို ဆန့်ထုတ်လိုက်သောအခါ မတော်တဆ ဖုယွမ်ချွမ်း၏ပါးစပ်ကို ကာလိုက်သလို ဖြစ်သွား၏။ 


နားထဲမှ အသံများ ရုတ်တရက်ပျောက်သွား၏။ 


ကျွင်းချင်ယွီ  ကျေနပ်ကာ သူ့ခေါင်းလေးကိုနှိမ့်ပြီး လက်မောင်းနှင့်ပွတ်သပ်ကာ သက်တောင့်သက်သာဖြစ်သော ပုံစံကိုရှာတွေ့ပြီး နှစ်နှစ်ခြိုက်ခြိုက်ပင် အိပ်ပျော်သွား၏။ 


သို့သော် သူ့ဘေးမှ ဖုယွမ်ချွမ်း ကတော့ မျက်လုံးကြီးဖွင့်ကာ မျက်နှာကျက်ကို ကြည့်နေလေသည်။


သူအိပ်မပျော်တော့ပေ။ 


...........


နောက်တစ်နေ့ မနက်စောစောတွင်


ဤတစ်ကြိမ်တွင်တော့ ကျွင်းချင်ယွီ အတော်လေးနှစ်ခြိုက်စွာ အိပ်ပျော်သွားသည်။ အိပ်ချင်မူးတူးဖြင့် မျက်လုံးများကိုဖွင့်လိုက်ရင်း သူဘယ်လောက်ကြာအောင် အိပ်ပျော်သွားမှန်းပင် မသိတော့ချေ။ ဘယ်နှနာရီရှိပြီလဲဆိုတာကို စစ်ဆေးဖို့ရာ အိပ်ယာမှထရန်အပြုတွင် ဖုယွမ်ချွမ်း၏မေးရိုးဖြင့် မတော်တဆ တိုက်မိသွား၏။


ရုတ်တရက် အေးခဲသွားပြီး နောက်ဆုံးတွင် သူက ဖုယွမ်ချွမ်း၏လက်မောင်းပေါ်ရောက်နေကြောင်းကို သတိပြုမိသွား၏။


ဖုယွမ်ချွမ်းမှာအိပ်ပျော်နေဆဲဖြစ်ရာ အရမ်းနောက်မကျသေးပုံရသည်။ ကျွင်းချင်ယွီက အိပ်တစ်ဝက် နိုးတစ်ဝက်ဖြင့် ခေါင်းကိုငုံ့လိုက်ကာ ဖုယွမ်ချွမ်းကို ပွတ်သပ်လိုက်သည်။ သူက ဖုယွမ်ချွမ်း၏လက်မောင်းထက်တွင် ထပ်မံအိပ်စက်ရန် ပြင်ဆင်လိုက်စဥ် ထိတ်လန့်သွားရသည်။


အိပ်ချင်မူးတူးဖြစ်နေသည့် ဦးနှောက်မှာ ရုတ်တရက်ရှင်းလင်းလာ၏။ ကျွင်းချင်ယွီရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်သည်။


 မနေ့ကညအိပ်ရာဝင်တော့ သူက လူပိစိလေးဖြစ်သွားပုံပဲ။ ဒါပေမယ့် ဘာလို့အခု...


ကျွင်းချင်ယွီက ဖုယွမ်ချွမ်း၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့် သူ့လက်မောင်းကို ကြည့်ကာ သူ့အသက်ရှူသံတွေ ငြိမ်သက်သွားရသည်။(ဖက်ထားတာပါ ဟုတ်)


ဒါက….


ရုတ်တရက်ကြီး နှလုံးခုန်သံများ မြန်လာပြီး အကြောင်းအရင်းမရှိ မျက်နှာများ ပူလာသည်။ 


ကျွင်းချင်ယွီ သတိထားပြီး လက်ကိုဖယ်လိုက်သည်။ 


ကံကောင်းစွာဖြင့် ဖုယွမ်ချွမ်းက အိပ်ပျော်နေဆဲဖြစ်သည်။ မဟုတ်ပါက ယခုအချိန်တွင် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နိုင်လိမ့်မည်မဟုတ်ပေ။ 


သူ လူသားအသွင်ပြောင်းသည့်အခါ ဝတ်လေ့ရှိသည့်အဝတ်တို့ကို ယူမလာမိပေ။ ယခုမူ ဗီရိုထဲမှ ထုတ်ယူရုံသာ ရှိတော့သည်။


ကျွင်းချင်ယွီက ထိုအကြောင်းကို တွေးပြီးနောက် သူ၏ဝိညာဉ်စွမ်းအင်ကို ပိုမိုကောင်းမွန်စွာ လှည့်ပတ်ကာ ရေသူလေးအဖြစ် ပြောင်းလိုက်သည်။ ကွာခြားချက်ဟူ၍ သူမအိပ်မှီက ခြေထောက်နှင့် လက်ရှိငါးအမြှီးသာရှိပြီး ဖုယွမ်ချွမ်း ဂရုစိုက်မိလိမ့်မည်မဟုတ်ပေ။


အဝတ်သေးသေးလေးများအတွက် နှမြောမိရုံသာ။


ရေသူလေးအဖြစ်သို့ လုံးဝပြန်ပြောင်းပြီးသွားသောအခါ ကျွင်းချင်ယွီ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ တစ်ချိန်လုံး ဖုယွမ်ချွမ်း နိုးမလာစေရန် ဆုတောင်းနေခဲ့ရပြီး ယခုမူ စိတ်ချရပေပြီ။ 


ပြဿနာများ ကြုံပြီးသွားသောအခါ ကျွင်းချင်ယွီ လုံးဝမအိပ်ချင်တော့ဘဲ ဒီတိုင်းလေးလှဲနေကာ  ဖုယွမ်ချွမ်းကို  ကြည့်နေလိုက်သည်။


တစ်ဖက်လူမှာ ဘယ်တော့ နိုးလာမည်မသိပေ။ 


ဖုယွမ်ချွမ်း ရေသူလေး၏အကြည့်ကို ခံစားမိသော်လည်း မျက်လုံးများကို အမြန်မဖွင့်လိုက်ချေ။ 


မနေ့ညက တစ်ညလုံး မအိပ်ခဲ့ရချေ။ သူက ရေသူလေးနိုးလာချိန်တွင် မျက်လုံးများကို မှိတ်လိုက်ခြင်းသာဖြစ်၏။ 


သူနိုးနေသည်ကိုမြင်လျှင် ငါးလေးနေရခက်နေမည်စိုးသောကြောင့်ဖြစ်သည်။ သို့သော် အကြာကြီးလှဲနေရသည့်အတူတူဆက်၍အိပ်ချင်ယောင်ဆောင်နေလိုက်သည်။ 


နောက် နာရီဝက်မျှ ကြာသောအခါ ရှောင်ယွီအတွက် စိတ်ငြိမ်ရန် အချိန်လုံလောက်သွားသည်မှာ သေချာသွား၏။


ထိုအခါမှသာ ဖုယွမ်ချွမ်းမျက်လုံးကို ဖြည်းဖြည်းချင်းဖွင့်ကာ မျက်လုံးကိုပွတ်ပြီး အိပ်ချင်မူးတူးဖြစ်ချင်ယောင် ဆောင်လိုက်သည်။ 


ကျွင်းချင်ယွီ ပြုံးကာ “မောနင်း…” ဟု ပြောလိုက်၏။ 


"မောနင်း…"


မောနင်းဟု ပြောလိုက်သော်လည်း အရမ်းမစောတော့ချေ။ နေ့လယ်ပင် ရောက်တော့မည်။ 


ဖုယွမ်ချွမ်း စောင်ကိုဖွင့်ကာ ထိုင်ပြီး ညအိပ်ဝတ်စုံကို ပြင်လိုက်သည်။ 


ကျွင်းချင်ယွီ သူ့ကိုကြည့်ကာ လေသံတွင် သံသယအပြည့်ဖြင့် မေးလာသည်။


“ဘာလို့ ကြယ်သီးတွေအကုန်ပြုတ်နေတာလဲ…” 


ဖုယွမ်ချွမ်းကဖြေသည်။


"အင်္ကျီက အရည်အသွေး သိပ်မကောင်းလို့ပါ…"


ကျွင်းချင်ယွီ  အိပ်ရာပေါ်တွင်ကျနေသော ကြယ်သီးအချို့ကိုကောက်လိုက်၏။ ဖုယွမ်ချွမ်း၏ အင်္ကျီမှာကြယ်သီးများစွာပြုတ်နေပြီး တွန့်ကြေ၍လည်းနေသည်။ 


ဖုယွမ်ချွမ်း၏အဝတ်အစားများမှာ အရည်အသွေးကောင်းကြသည်ဖြစ်ရာ သူ့အဝတ်အစားများတွင် ဘာဖြစ်နေသလဲဆိုသည်ကို မသိတော့ချေ။


ကျွင်းချင်ယွီက ပြောလိုက်သည်။ 


"အသစ်ဝယ်လေ…."


"အင်း ကိုယ်နောက်ကျ မှာလိုက်မယ်…" 


ဖုယွမ်ချွမ်းက ကြယ်သီးများကို ချထားလိုက်ကာ အင်္ကျီနှင့်အတူ လွှင့်ပစ်ရန်အသင့်ပြင်ထားလိုက်သည်။ 


သို့သော်လည်း ထိုအကြောင်းတွေးပြီးနောက်တွင် အင်္ကျီကို ဗီဒိုထဲမှာ ပြန်ထားလိုက်သည်။


ယနေ့အပြင်သွားရမည်ဖြစ်ပြီး ရေသူလေးအတွက် အပြင်ထွက်ရန် အဆင်မပြေချေ။ 


ကျွင်းချင်ယွီက ဖုယွမ်ချွမ်း ဟင်းချက်ရန်အောက်သို့ဆင်းသွားသည်အထိ စောင့်နေပြီးမှ လူသားအသွင်ပြောင်းကာ အဝတ်များဝတ်ပြီးဉာဏ်ရည်တုစက်နှင့်အတူ ဆင်းလာလိုက်သည်။ 


ကျွင်းချင်ယွီက မီးဖိုခန်းထဲသို့ဝင်သွားလိုက်ကာ “ယွမ်ချွမ်း…အိမ်သွားကြည့်ဖို့က ကြိုချိန်းရဦးမှာလား…”


ဖုယွမ်ချွမ်းက လက်သုတ်လိုက်ရင်း ပြောသည်။ "မလိုတော့ဘူး အိမ်က ဝယ်လိုက်ပြီ…"


"ဝယ်လိုက်တယ်…" မနေ့ကမှ အိမ်တွေကို အတူတူကြည့်နေကြတာကို ဘာလို့ အလျင်စလိုဝယ်လိုက်ရတာလဲ။ 


ကျွင်းချင်ယွီကပြောသည်။ "ဘယ်တုန်းက ဝယ်လိုက်တာလဲ…."


ဖုယွမ်ချွမ်းက ပြန်ဖြေ၏။ "ညက သိပ်အိပ်မပျော်လို့…၊ ပိုက်ဆံလည်းချေလိုက်ပြီ၊ နာမည်ကတော့... စာချုပ်ကို မင်းနာမည်နဲ့ပဲ လုပ်လိုက်တယ်…"


စာချုပ်မှာ အီလက်ထရောနစ်ပုံစံဖြစ်ကာ ကြယ်တာရာခေတ်တွင် နှစ်ဖက်အပြန်အလှန်တွေ့စရာမလိုဘဲ အွန်လိုင်းကပင်လုပ်၍ရသည်။ 


အဆင်ပြေလှ၏။ 


အာရုံလွှဲရန် တစ်ခြားတစ်ခုခုကိုကြည့်ရန်သာ ရည်ရွယ်ခဲ့သော်လည်း အိမ်ရှင်ထံမှ သတင်းပြန်ရသဖြင့် ဝယ်လိုက်ခြင်းပင်။ 


ကျွင်းချင်ယွီမှာ အိပ်ရာမှ နိုးလာသည့်အချိန်တွင် အိမ်တစ်လုံးပိုင်နေလိမ့်မည်ဟု မမျှော်လင့်ထားပေ။ “ကျွန်တော်တို့သွားတောင် မကြည့်ရသေးဘူးလေ…”


အိမ်ဝယ်ခြင်းမှာ ကြီးမားသောကိစ္စဖြစ်ရကား ဘာကြောင့် အရင်သွားမကြည့်ရသည်လဲ။ 


"နောက်မှ သွားကြည့်လည်းအတူတူပါပဲ…" ဖုယွမ်ချွမ်းက ဆက်ပြောလိုက်သည်။ "အာမခံချက်အနေနဲ့ စတိုးဆိုင်ကို ကိုယ့်အထောက်အထားနဲ့ ဝယ်လိုက်တာ"


 


ကျွင်းချင်ယွီ ခေါင်းညိတ်လိုက်ရင်း ဖုယွမ်ချွမ်း၏ အထောက်အထားကို အာမခံအနေဖြင့်သုံးထားလျှင်တော့ ပြဿနာမရှိသည်ကို သဘောပေါက်သွား၏။ 


ဖုယွမ်ချွမ်းက ဟင်းလျာများကို ထုတ်လာပြီး ပြောလိုက်သည်။


 "အရင်စားကြရအောင်၊ နောက်မှလိုက်ပြမယ်"


"ကောင်းပါပြီ…" ဟု ပြောလိုက်ရင်း ကျွင်းချင်ယွီ ပန်းကန်လုံးနှစ်လုံးနှင့် တူနှစ်စုံကို စားပွဲပေါ်သို့တင်လိုက်လေသည်။ 


---


နေ့လယ်စားစားပြီး သူတို့ထွက်လာသောအခါ သုံးနာရီပင် ထိုးလုနီးနေပြီဖြစ်သည်။


ကျွင်းချင်ယွီ ပြတင်းပေါက်ဘေးတွင် ထိုင်ကာ တံခါးကိုအနည်းငယ်ဟထားလိုက်သည်။ ထိုနေရာမှ တိုက်လာသောလေမှာ အပူချိန်ကွက်တိဖြစ်ပြီး အမည်အတိအကျမသိရသည့် ပန်းရနံ့လေးများကိုလည်း ရနေသည်။


အပြင်ဘက်မှ မြင်ကွင်းကိုလည်း ကောင်းကောင်းမြင်ရ၏။ 


ကျွင်းချင်ယွီ မြို့ထဲသို့အကြိမ်ကြိမ်လျှောက်သွားဖူး၏။ ကြယ်တာရာခေတ်မှာ လျင်မြန်စွာ တိုးတက်လျက်ရှိလေသည်။ အစိမ်းရောင်အပင်အများစုမှာ ပလပ်စတစ်ဖြင့် လုပ်ထားခြင်းဖြစ်ပြီး လှပလျက်ရှိသည်။ သို့သော် ရှင်သန်မှုတို့ပျောက်ဆုံးနေ၏။ 


မြို့ပေါ်မှထွက်လာသော ယခုလမ်းကြောင်းတွင် အများအပြား ပေါက်ရောက်နေသော ပန်းပင်ရိုင်းများ ရှိနေ၏။ 


အရောင်အသွေး အမျိုးအစားစုံလင်ကာ အလွန်လှပလွန်းသည်။ 


ဖုယွမ်ချွမ်း ရေသူလေး၏ဆံပင်ကို စည်းပေးရန်လက်လှမ်းလိုက်သည်။ ထိုမှသာ တိုက်နေသောလေများကြောင့် ဆံပင်များရှုပ်ခြင်းဖြင့် ရေသူလေး စိတ်မရှုပ်မည်ဖြစ်လေသည်။ 


Xxxxxxx