Chapter 43
ထိုအချိန်တွင် ကျွင်းချင်ယွီအဝတ်အစားများကိုယူကာ နေရာလွတ်ထဲသို့ ဝင်သွားသည်။ ဖုယွမ်ချွမ်းက အလုပ်များနေပြီး သူလည်းအလုပ်စလုပ်ရတော့မည်ဖြစ်သည်။
နေရာလွတ်ထဲမှ သူပျိုးထောင်ထားသည့် အပင်များအားလုံးမှာ မရှင်သန်နိုင်ချေ။
မရှင်သန်နိုင်သည့်အခြေအနေလည်းရှိသော်လည်း သာမန်မြေကြီးထက်တော့ ပို၍ရှင်သန်နိုင်ချေ ရှိသည်။
ကျွင်းချင်ယွီ တစ်ဝက်တစ်ပျက်နှင့် သေနေသောအပင်များကို နှုတ်ပစ်လိုက်သည်။ မဟုတ်ပါက လောကအသက်စွမ်းအင်ကို ဖြုန်းတီးနေသလိုပင်။
ခဏအတွင်းမှာပင် သူက အကုန်နှုတ်ပစ်လိုက်သည်။။
ပြီးသွားသောအခါ မှည့်နေသော အသီးအရွက်များကို ခူးယူသည်။
နေရာလွတ်မှာ သန့်ရှင်းသပ်ရပ်သွားသည်။
---
ထိုအရာများကို အကုန်ရှင်းရန် ရက်အနည်းငယ်ကြာသွားသည်။
နောက်ဆုံးအပင်သေများကို လွှတ်ပစ်ပြီးသောအခါ ကျွင်းချင်ယွီ လက်ခုပ်တီးလိုက်သည်။
ကွန်ပျူတာရှေ့တွင်ထိုင်နေသော ဖုယွမ်ချွမ်းက ရေသူလေး နေရာလွတ်မှ ထွက်လာသည်ကို မြင်သောအခါ ပြောလိုက်သည်။
“ ဆိုင်ကို ပြင်ဆင်တာပြီးသွားပြီတဲ့…၊ အတွင်းပိုင်းပုံလေးတွေ ပို့ပေးလိုက်မယ်…၊ ပြောင်းချင်တာရှိရင်ပြောနော်…”
"ဟုတ်ကဲ့ပါ…" ဟူ၍ပြောလိုက်ပြီး ကျွင်းချင်ယွီ အိပ်ရာပေါ်တွင် ထိုင်လိုက်သည်။ လူအဖြစ်မပြောင်းသွားဘဲ ရေသူလေးအရွယ်ပင်ဖြစ်ကာ အမြီးကိုသာ ခြေထောက်များအဖြစ်ခွဲလိုက်သည်။
အိမ်တွင်ရှိနေလျှင် သူ့အနေဖြင့် ဝိဥာဥ်စွမ်းအင်များကို များစွာမသုံးစွဲပဲ ခြွေတာနိုင်လေသည်။
ဆိုင်ပြင်ဆင်သည်မှာ ထင်ထားသည်ထက်ပင် မြန်၏။
ခုနစ်ရက်ပင် မကြာလိုက်ချေ။ ပုံများကိုကြည့်လိုက်သောအခါ အကြမ်းဖျင်းပြင်ဆင်မှုများတော့ ပြီးသွားပြီဖြစ်၏။ စားပွဲနှင့်ထိုင်ခုံများလည်း ပြီးသွားလေပြီ။
ပြင်ဆင်နေသောနေရာမှ ပုံများမှာ နမူနာနေရာနှင့် အတော်လေးဆင်တူနေကာ ထိုသို့ဖြစ်နေခြင်းက အဆင်ပြေသည်။
ကျွင်းချင်ယွီ ပြင်ဆင်နေသော နေရာသို့သွားကြည့်ရန် အစီအစဉ်မရှိချေ။ သူတစ်ယောက်တည်းသွားလျှင် ပြဿနာမရှိသော်လည်း ဖုယွမ်ချွမ်းလိုက်လာလျှင် နှောင့်နှေးကုန်မည်စိုးသောကြောင့် ပုံများကိုသာ ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ဆိုင်ပုံများကိုကြည့်ပြီးသောအခါ ကျွင်းချင်ယွီအိပ်ရာပေါ်တွင်လှဲကာ ဉာဏ်ရည်တုစက်ကိုကိုင်ပြီး ဝမ်ချန်းယောင်ကို စာပို့လိုက်သည်။
ကျွင်းချင်ယွီ: [အားလုံး အဆင်သင့်ဖြစ်ပါပြီ…၊ မလာခင်ကြိုပြောပါဦး…】
ဆိုင်တွင် သူတစ်ချိန်လုံးစောင့်မနေနိုင်။ အခြားသူများပါ ဖုယွမ်ချွမ်းနှင့်အတူ အလုပ်ရှုပ်ကုန်လိမ့်မည်။
အမည်မဖော်လိုသော စျေးဝယ်သူ : [ကောင်းပါပြီ…】
---
ကြယ်တာရာဓားပြတံဆိပ်နှင့် ယာဉ်ပျံမှာ အာကာသလမ်းကြောင်းအတိုင်းပျံသန်းလာနေ၏။
ယာဉ်ပျံထဲတွင် ထိုင်နေသောသူက မျက်နှာဖုံးကိုချွတ်လိုက်ကာ ဉာဏ်ရည်တုစက်ဖြင့် သတင်းများကြည့်နေကြီး ပင်ပန်းစွာဖြင့်ခေါင်းကိုမော့လိုက်သည်။
ထိုအချိန်တွင် သူ့ဘေးမှသူက သူ့ကိုလှမ်းမေးလိုက်၏။ “အစ်ကိုဝမ်… ဘာဖြစ်လို့လဲ…”
ယုကွမ် ဉာဏ်ရည်တုစက်ပေါ်မှ စကားပြောခန်းသို့သွားလိုက်ပြီး မျက်ခုံးများပင့်လျက် ဆိုလိုက်သည်။
“အချိန်သတ်မှတ်ပြီးပြီလား… ညီအစ်ကိုတွေကို ပြင်ဆင်ဖို့ပြောရအောင်လို့…”
"ဟင့်အင်း မသွားနဲ့ဦး…." ဝမ်ချန်းယောင်က ပြောလိုက်၏။
“ပင်မကြယ်ကိုရောက်ရင် ယာဉ်ပျံအပိုနဲ့ မောင်းသွားလိုက်မယ်…”
ထိုလူက ပြန်ပြောလာသည်။ “ကိုယ်တိုင်သွားမလို့လား…၊ ပင်မကြယ်က အန္တရာယ်များတယ်နော်…၊ ဆိုင်ရှင်ကိုလည်း ဘယ်သူဆိုတာ ပြောပြထားသေးတယ်…၊ ဘယ်လိုသွားမှာလဲ ၊မမိုက်စမ်းပါနဲ့…၊ မလွှတ်နိုင်ဘူး…”
ဝမ်ချန်းယောင်က ထရပ်ကာ “သူက ယောင်ယောင်ကို ကယ်နိုင်တယ် ၊ အန္တရာယ်ရှိတယ် ဆိုရုံလောက်နဲ့ လက်မလျော့လိုက်နိုင်ဘူး…”
ထိုလူ ရပ်သွားကာ ဘာမှထပ်မပြောနိုင်တော့ချေ။
ဝမ်ချန်းယောင်က လက်ယမ်းပြလိုက်ပြီး ပြောလိုက်သည်။
“မပူပါနဲ့၊ ပြင်ဆင်စရာရှိတာ အကုန်ပြင်သွားပါတယ်…၊ ဘာမှမဖြစ်ပါဘူး…”
"အဲ့ဒါအပြင်ကို မင်းလည်း အဲ့ဒီအသီးအရွက်ဖျော်ရည်ရဲ့ အစွမ်းကို မြင်ဖူးတယ်မလား…၊ ဆိုင်ရှင်က တစ်ခုခုတော့ တစ်ခုခုပဲ…၊ သူကယောင်ယောင်ကို ကယ်နိုင်မှတော့ အတိုင်းအတာတစ်ခုအထိ ယုံကြည်ပေးနိုင်တယ်…၊ အဲ့လိုလူမျိုးကိုသာ အသုံးချနိုင်ရင် နောက်ဆိုရင် ကူညီပေးမယ့်ရေသူလေးကို လိုက်ရှာနေစရာမလိုတော့ဘူး…”
"သူသာ တကယ်အဲ့လောက်အစွမ်းရှိရင်… ငါတို့နဲ့ ဘယ်လိုက်ပါ့မလဲ…"
သူမယုံကြည်နိုင်ပေ။ သာမန်လူများမှာ ကြယ်တာရာဓားပြများနှင့် ပူးပေါင်းမည့်အစား အင်ပါယာကိုသာ ရွေးချယ်မည် ဖြစ်သည်။
ကြယ်တာရာဓားပြဟူသည် သာမန်လူများ၏ မျက်လုံးထဲတွင် လူကောင်းမဟုတ်ပေ။
ဝမ်ချန်းယောင် သူ့ကိုကြည့်လိုက်ပြီး “… မင်းကအဓိပ္ပါယ်မရှိတာတွေပြောနေတာပဲ…၊ ငါတို့အလုပ်ကဘာလဲ”
"ဘာလို့လဲ၊ ငါတို့က ကြယ်တာရာဓားပြတွေလေ!…"
ဝမ်ချန်းယောင်ကပြောသည်။ "ဆိုမှတော့ သူငါတို့နဲ့မလိုက်ရင် ဖမ်းခေါ်သွားမှာပေါ့"
တစ်ဖက်အမျိုးသားမှာ ထိတ်လန့်သွားရသည်။
ဝမ်ချန်းယောင် ခေါင်းပြန်ငုံ့ကာ သတင်းကိုဉာဏ်ရည်တုစက်မှ ဆက်ကြည့်နေသည်။
အမည်မဖော်လိုသော ဝယ်သူ : [မကြာခင် ပင်မကြယ်ကို ရောက်ပါတော့မယ်…၊ နောက်နှစ်ရက်အကြာ မနက်ခြောက်နာရီလောက်ရောက်ပါမယ်…]
ခဏကြာသောအခါ ဉာဏ်ရည်တုစက်မှ မီးလင်းလာ၏။
ဆိုင်ရှင် : [ကောင်းပါပြီ…]
---
အတည်ပြုပြီးသောအခါ ကျွင်းချင်ယွီ ဉာဏ်ရည်တုစက်ကိုချကာ အကြောဆန့်ပြီး မတ်တပ်ရပ်လျက် အိပ်ရာဘေးမှ လျှောသေးသေးလေးမှ လျှောဆင်းသွား၏။
အိပ်ရာပေါ်မှ ခုန်ချလျှင် ခြေထောက်ထိမည်ကို ဖုယွမ်ချွမ်းက စိုးရိမ်သောကြောင့် သက်သာအောင် လုပ်ပေးထားခြင်းဖြစ်သည်။
ကျွင်းချင်ယွီ ဖုယွမ်ချွမ်း ထံပြေးသွားကာ ပြောလိုက်သည်။ "ကျွန်တော် ခုပဲ ဝမ်ချန်းယောင်နဲ့ ချိန်းလိုက်တယ်၊ နောက်နှစ်ရက်နေရင် မနက်ခြောက်နာရီရောက်မယ်တဲ့…”
ဖုယွမ်ချွမ်းက ကိုယ်ကိုကိုင်းကာ ကောက်ပွေ့လိုက်ပြီး "ကိုယ်ကြိုပြင်ထားဖို့ ပြောထားလိုက်ပါ့မယ်…"
ကျွင်းချင်ယွီ ခေါင်းညိတ်ကာ : "အဲ့နေ့ကျရင် ကျွန်တော်နဲ့ အတူတူ ရှိနေမှာလား…"ဟု မေးလိုက်၏။
ဖုယွမ်ချွမ်းကဖြေသည်။ "ဒါပေါ့…"
ကျွင်းချင်ယွီ တွေဝေသွားသည်။
ဖုယွမ်ချွမ်း နှင့် ဝမ်ချန်းယောင်မှာ တစ်ယောက်နှင့်တစ်ယောက်တွေ့ဖူးနိုင်သည်။ လေးနက်သည့်ရန်ငြိုးမရှိသော်ငြားလည်း သူတို့နှစ်ယောက် မကြုံဖူးပဲတော့မနေနိုင်ပေ။
ရုပ်ဖျက်ထားသော ဖုယွမ်ချွမ်းကို ဝမ်ချန်းယောင် မှတ်မိ မမှတ်မိပေါ်တွင်သာ မူတည်နေသည်။
ကျွင်းချင်ယွီကပြောသည်။ "ဝမ်ချန်းယောင် ခင်ဗျားကို မှတ်မိသွားရင် ဘယ်လိုလုပ်မလဲ…"
အင်ပါယာမာရှယ်မှာ ကြယ်တာရာဓားပြများကို လှည့်စားရမည်။ ပြဿနာမှာ မသေးပေ။
ရန်တော့ ထပ်မဖြစ်ပါစေနဲ့။
မရှုံးနိုင်သော်လည်း ထိန်းချုပ်မရနိုင် ဖြစ်သွားနိုင်သည်။
ထိုအခြေအနေမှာ သူလိုချင်သော ရလဒ်မဟုတ်ချဆ။
ဖုယွမ်ချွမ်း ကတော့ ပြဿနာမရှိဟု ထင်နေသည်။ "ကိုယ့်ကို မှတ်မိသွားလည်း ရန်မစဘဲ ပိုသတိထားရုံလောက်ပဲ ရှိမှာပါ…"
ကျွင်းချင်ယွီ ရပ်သွားသည် ။
ဒါလည်း... ဖြစ်နိုင်တာပဲ။
ဝမ်ချန်းယောင်အတွက် အင်ပါယာအတွင်းရောက်နေသည်ကပင် တစ်ပန်းရှုံးနေပြီမလား။
ထိုအခါ ကျွင်းချင်ယွီ ဆက်မပြောတော့ပဲနေလိုက်သည်။ ဖုယွမ်ချွမ်းက လက်ကိုမြှောက်လိုက်ကာ သူ့လက်ထဲရှိနေသောသူနှင့် မျက်လုံးချင်းဆုံလိုက့ပြီး “ကိုယ် သေချာပေါက်လိုက်မှာ…၊ ကိုယ်မသွားရင် မင်းလည်းမသွားရဘူး…”
ခဏရပ်သွားပြီးနောက် ဖုယွမ်ချွမ်း ထပ်ပြောပြန်သည် ။
"ကိုယ်လည်း လိုက်မယ်နော်…"
ကျွင်းချင်ယွီ စတိုးဆိုင်အကြောင်းတွေးနေကာ ဖုယွမ်ချွမ်းထိုသို့ပြောသည်ကို ဝမ်းသာသွား၏။
“ကျွန်တော် စီးပွါးရေးလုပ်နေတာ၊ ကျွန်တော်မသွားလို့ ဘယ်ဖြစ်မှာလဲ…”
ဖုယွမ်ချွမ်းကပြော "ဒါပေါ့.."
ကျွင်းချင်ယွီ ဖုယွမ်ချွမ်းမျက်နှာကိုထိလိုက်ပြီး "ကျွန်တော်ကတော့ သေချာပေါက်သွားရမှာ…၊ မမိအောင် အယောင်ဆောင်နေပေါ့…၊ မတွေ့သွားရင်တော့ အကောင်းဆုံးပဲ…”
"ဟုတ်ပါပြီ…"
နောက်နှစ်ရက်အကြာမှာ ဖြစ်၏။
တစ်လမ်းလုံးမှ စျေးဆိုင်များကို ကြိုတင်ပြင်ဆင်ထားသည်။
မုန့်ဆိုင်ထဲတွင် မုန့်လုပ်ရင်းအလုပ်ရှုပ်နေသော သူများလည်း ရှိနေ၏။
ဝမ်ချန်းယောင်နှင့် ချိန်းထားသော အချိန်မတိုင်မှီ ကျွင်းချင်ယွီ ဆိုင်သို့ မနက်စောစော လာကြည့်သည်။
စမ်းရေနှင့် အစားအသောက်အချို့ပြင်ဆင်ထားရမည်။ ဝမ်ချန်းယောင်ရောက်လာမှ ပြင်လျှင်အချိန်မရှိချေ။
ဖုယွမ်ချွမ်းက ဘေးမှ အသီးအရွက်များလှီးကာ ကူပေးနေ၏။
ကျွင်းချင်ယွီ သစ်သီးစုံ ပန်းကန်ပြားတစ်ချပ်ပြင်ဆင်ကာ စမ်းရေပါဝင်သော ဒိန်ချဉ်ဖြင့် အပေါ်က အုပ်လိုက်၏။ ကြည့်ရုံဖြင့် အရသာရှိပုံပေါ်သည်။
ထို့အပြင် အသီးအရွက်ဖျော်ရည် အပိုများနှင့် အရွက်သုတ်များကိုလည်းပြင်ဆင်ထား၏။ စမ်းရေကိုလည်း မနှမြောဘဲကြယ်တာရာမှအသီးများကို လုံးဝမထည့်ထားချေ။
သူသုံးသမျှက သူ့နေရာလွတ်ထဲကအရာများဖြစ်သည်။
မစားရသေးသည့်တိုင် ပါဝင်နေသောဝိညာဉ်စွမ်းအင်ကို ခံစားမိနေသည်။
အားလုံးပြင်ပြီးသွားသောအခါ ကျွင်းချင်ယွီ ဖုယွမ်ချွမ်းအတွက်လည်း ထပ်ပြင်၏။
ဖုယွမ်ချွမ်း မှာကျန်းမာရေးကောင်းနေပေပြီ။ သန်မာစေရန် နေရာလွတ်မှ အသီးများကို စားနေသောကြောင့် ယခုဟာကို စားရန်မလိုပေ။
ကျွင်းချင်ယွီ ဖုယွမ်ချွမ်း ကိုစားစေချင်သောကြောင့်သာ ပြင်ဆင်ထားခြင်းသာဖြစ်၏။ သူတို့ မနက်စောစော လာခဲ့ရသဖြင့် မနက်စာ မစားရသေးပေ။
"စားကြည့်ပါ… ၊ပျားရည်ပိုထည့်ထားတယ်…" ကျွင်းချင်ယွီက အချိုကြိုက်၏။
ဖုယွမ်ချွမ်းကပြောသည် "အရသာရှိတယ်"
အမြန်ထွက်လာခြင်းဖြစ်သော်လည်း ဖုယွမ်ချွမ်းက ရေသူလေးအတွက် သရေစာများကိုတော့ သယ်လာ၏။ လူသားပြောင်းသည့်တိုင် အကြိုက်မှာရေသူလေးဖြစ်တုန်းကနှင့် သိပ်မကွာချေ။
လူတွေစားသည့်အစားအစာတို့ကို စားနိုင်လာသည်ကလွဲ၍ ကျန်တာသိပ်မပြောင်းလဲလေ။
ငါးခြောက်က ရေသူလေးအကြိုက်ဆုံးအစာ ဖြစ်နေဆဲပင်။
ဖုယွမ်ချွမ်း အသီးကို နှစ်ကိုက်လောက်စားကာ ထပ်မစားတော့ဘဲ ရေသူလေးကို ငါးခြောက်ကျွေးလိုက်၏။
ကျွင်းချင်ယွီမှာ ယခုအခါတွင် ငါးခြောက်ကို အာလူးကြော်ကဲ့သို့ပင် စားလေသည်။
စားနေစဉ် တံခါးတွင်ချိတ်ထားသော လေတိုးခေါင်းလောင်းလေးမှာ အသံမြည်လာ၏။
မျက်နှာဖုံးနှင့်လူ ဝင်လာပြီး နောက်မှ သူ့ထက်သေးသည့်သူလေးလိုက်လာကာ တံခါးကိုပိတ်လိုက်၏။
အမှာစားပွဲသို့ တည့်တည့်လျှောက်လာကာ စားပွဲမှလူနှစ်ယောက်ကိုကြည့်ပြီး မေးလိုက်၏။
“ဆိုင်ရှင်က ဘယ်သူလဲ…”
"ကျွန်တော်ပါ…" ဟု ကျွင်းချင်ယွီ ပြောလိုက်၏။ "ဝမ်ချန်းယောင်လား…"
"အာ ဟုတ်ပါတယ် "
ဝမ်ချန်းယောင်အသံမှာ ထူးဆန်းကာ အရည်အသွေးမကောင်းသော လျှပ်စစ်စီးကြောင်းနှင့် တူ၏။
အသံပြောင်းစက် သုံးထားခြင်းဖြစ်မည်။
သူ့ဘေးမှ လူသေးသေးလေးအပြင် ဖျားနာနေသော ညီမလေးပါမလာသည်ကို ကျွင်းချင်ယွီ သတိထားမိလိုက်သည်။
မျက်မှောင်ကြုတ်ကာမေးလိုက်၏။
“ခင်ဗျားလိုချင်တာတွေပြင်ထားပြီးပြီ…၊ ခင်ဗျား ညီမလေးက ဘယ်မှာလဲ…”
ဝမ်ချန်းယောင်ကပြောသည်။
"ညီမလေးက ကျန်းမာရေးမကောင်းတော့ အဝေးကြီး လမ်းမလျှောက်နိုင်လို့ပါ…၊ ပြောထားတာတွေ ပေးလိုက်ရင် ပြန်ရောက်တာနဲ့ ကျွေးလိုက်ပါ့မယ်…”
ထိုအခါ ကျွင်းချင်ယွီပြင်ဆင်ထားသောအစားအသောက်များကို ရေခဲသေတ္တာထဲ ပြန်ထည့်လိုက်ကာ ပြောလိုက်၏။ “ကျွန်တော်ပြောထားတယ်ထင်တယ်…၊ ဆိုင်မှာပဲစားသွားရမယ်၊ အပြင်ယူသွားလို့ မရဘူးလို့…”
သူ့နေရာတွင် သူ့စည်းမျဉ်းများကို လိုက်နာရမည်။ ဝမ်ချန်းယောင် အကျင့်အရဆိုလျှင် ညီမလေးကိုကျွေးမည့်အပြင် စစ်ဆေးမှုများပါ လုပ်ပေလိမ့်မည်။
တစ်ခုခု ရှာတွေ့မတွေ့ကို ထားပါဦး။ ကျွင်းချင်ယွီ ဝမ်ချန်းယောင်ကို စိတ်ပျက်သွား၏။ အပေါ်ယံကတိသာပေးပြီးလုပ်ချင်သလို လုပ်နေသည်။
ဝမ်ချန်းယောင်စိတ်ရင်းနှင့် ပြောခဲ့ခြင်းမဟုတ်သောကြောင့် သူ့ညီမလေးကို ခေါ်မလာရဲပေ။
ဝမ်ချန်းယောင်ကဆိုသည်။ "ငါ မူရင်းစျေးထက် ဆယ်ဆပေးနိုင်တယ်…၊ အဆတစ်ရာလည်းပေးနိုင်တယ်…၊ ပြောသာပြောလိုက်ပါ…၊ ပေးမယ်…”
ညှိနှိုင်းသောအနေဖြင့် ပိုက်ဆံစကားပြောလာသော်လည်း အထက်စီးဆန်လွန်းသည်။
ကျွင်းချင်ယွီ သူဆိုလိုသည်ကို သဘောပေါက်သည်။ ကြယ်တာရာဓားပြ၏အင်အားကိုပြကာ မြန်မြန်ဆန်ဆန်ပြီးချင်နေခြင်းပင်။
အွန်လိုင်းတွင်စကားပြောခဲ့ဖူးသည့် ဝမ်ချန်းယောင်လောက် စကားပြောရသည်မှာ အဆင်မပြေတော့။
ပိုက်ဆံကိုလည်း လွယ်လွယ်ပေးမည့်ပုံစံမပေါ်ချေ။
ကျွင်းချင်ယွီ မျက်ခုံးပင့်လျက် တစ်ဖက်လူ၏ မာန်တက်နေသောပုံစံကို နားမလည်သယောင်ပုံစံလုပ်ပြလိုက်သည်။
အေးစက်စွာပြောလိုက်၏။ “ ဆယ်ဆတွေ အဆတစ်ရာတွေ မလိုပါဘူး…၊ ယူသွားလို့ရတယ်…၊ အသီးအရွက်ဖျော်ရည်က တစ်စက်ချင်းစျေးကိုပြောထားတာ၊ အသီးအရွက်နဲ့ ငါးက တစ်မီလီဂရမ်ချင်းစီပေါ့… ၊ အကုန်ပေးပြီးရင် ယူသွားလို့ရပါတယ်…”
ပြောရင်း ကျွင်းချင်ယွီ စျေးနှုန်းကို ညွှန်ပြလိုက်သည်။
"ရတာပေါ့ ခုနကပြောသလိုပဲ.."
စျေးနှုန်းကဒ်ပြားမှ နံပါတ်များကို မြင်လိုက်သောအခါ
ဝမ်ချန်းယောင် ဆွံ့အသွား၏။
အားလုံးမချိန်ခင် ကုန်ကျငွေကို တွက်နေရင်း ဝမ်ချန်းယောင် မျက်နှာပျက်လာသည် ။ သူကမေးလိုက်သည်။
“ ငါ့အစား မင်းပဲကြယ်တာရာ ဓားပြခေါင်းဆောင်လုပ်ရင်ရော”
"ဟမ်…"
ဝမ်ချန်းယောင် အံကြိတ်ကာ မေးလိုက်တော့သည်။
"ဘယ်လိုလုပ်ပြီး ငါ့ထက်တောင် ပိုက်ဆံလုတာ တော်နေရတာလဲ"
ကျွင်းချင်ယွီတစ်ယောက် ဈေးစာရင်းအားဆွဲယူလိုက်ပြီး
" မင်းမှာပိုက်ဆံမရှိဘူးဆိုရင် အဓိပ္ပာယ်မရှိတာတွေမပြောစမ်းပါနဲ့…"
" ငါ့မှာပိုက်ဆံမရှိဘူး ဟုတ်လား…"
ဝမ်ချန်းယောင်က သူကြားဖူးသမျှထဲ အရယ်ရဆုံးဟာသတစ်ခုဟုတွေးမိလိုက်သည်။
ဖုယွမ်ချွမ်းကထိုဘာမှမဟုတ်ဟူသော စကားလုံးကိုကြားသောအခါသူ့အားကြည့်လိုက်ပြီး ဘာမှမပြောပေ။ သူက တိတ်တဆိတ်ထိုင်နေပြီး ခေါင်းငုံ့ကာအသီးကိုသာစားနေ၏။။ သူမရှိစဥ်က သူ(WCY)ဘာလုပ်ခဲ့သလဲဆိုတာကိုလည်း ကျွင်းချင်ယွီအားမမေးပေ။
သူထိုနေရာ၌ရှိနေခြင်းက ငါးလေးလုံခြုံမှုရှိစေရန်ကာကွယ်စောင့်ရှောင့်ပေးရန်အတွက်သာဖြစ်သည်။ အခြားအရာများနှင့်ပတ်သက်၍တော့ ငါးလေးက သူကိုယ်တိုင်ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မည်ဟုသူယုံကြည်သည်။
ဝမ်ချန်းယောင်တစ်ယောက်သည်းခံနိုင်စွမ်းကုန်ဆုံးကာ အသံနက်ကြီးဖြင့်ပြောလိုက်သည်။
" ငါဘယ်သူလဲဆိုတာမင်းသိသင့်တယ်…"
" မင်းက ကျွန်တော့်ကိုခြိမ်းခြောက်နေတာလား…"
ကျွင်းချင်ယွီက ဂရုမစိုက်ပေ။
ဝမ်ချန်းယောင်က စစချင်းမှာပင် သူ၏ငွေအင်အားတောင့်တင်းပုံကိုပြရုံမျှမက သူဘယ်သူဖြစ်သည်ဆိုတာကိုပင် မြင်သာအောင်ပြရန်ဖန်တီးတော့သည်။
Xxxxxx