Chapter 49
ဝမ်ချန်းယောင်သည် ပြောစရာစကားများ ပျောက်ဆုံးသွားသောကြောင့် ကျွင်းချင်ယွီ၏ စကားကိုကြားသောအခါ ပါးစပ်မဟနိုင်လောက်အောင် ဖြစ်သွားလေသည်။
ကျွင်းချင်ယွီ ဆက်ပြောလိုက်သည်။
"မင်း ပြဿနာမရှာခင်တုန်းကတော့ ဘယ်သူမဆို ဒီကိစ္စကို လုပ်ပေးလို့ရတယ်၊ ဒါပေမယ့် မင်းကိုယ်တိုင် ပြဿနာကို ဖန်တီးပြီးတဲ့နောက်မှာတော့ မင်းတစ်ယောက်တည်းကပဲ ဒါကို လုပ်နိုင်တော့မှာ"
ဝမ်ချန်းယောင်သည် ဘာတွေဖြစ်ပျက်နေသလဲဆိုတာကို နားမလည်နိုင်သေးခင်မှာ ကျွင်းချင်ယွီက ထပ်မံ တိုက်တွန်းလိုက်ပြန်သည်။
"မှတ်ထား၊ တကယ့် အချိန်ကျလာတဲ့အခါ အနှောင့်အယှက်ပိုများလေ ပိုကောင်းလေပဲ”
"မတော်တဆဖြစ်သလိုလို ဟန်ဆောင်ပြီး မင်းရဲ့အလုပ်ဟောင်းဖြစ်တဲ့ ကြယ်တာရာပင်လယ်ဓားပြ အလုပ်ကိုသာ လုပ်စမ်းပါ"
"ငါ့ရဲ့အလုပ်? ပုံမှန်ပါပဲ။ စိတ်မပူပါနဲ့ ငါက သူခိုးတစ်ယောက်ပဲကို"
ထိုအလုပ်သည် သူတို့ အမြဲလုပ်နေကျဖြစ်၍ မွေးဖွားလာချိန်မှစ၍ လုပ်ကိုင်ခဲ့သော အလုပ်လည်း ဖြစ်သည်။
ကျွင်းချင်ယွီက ခေါင်းညိတ်လိုက်ပြီး
"အဲ့တာကပဲ လောလောဆယ်အတွက် အကောင်းဆုံး ဖြစ်မှာပါ။ မင်းညီမကို စောင့်ရှောက်ဖို့ ပြန်သွားလိုက်"
"နားလည်ပါပြီ"
ကျွင်းချင်ယွီသည် ကုလားထိုင်ပေါ်တွင်ထိုင်ကာ ဤအကြိမ်တွင် ဉာဏ်ရည်တုစက်ကို အသုံးပြု၍ စမ်းရေပမာဏကို မှတ်တမ်းတင်ခဲ့သည်။ သူသည် နောက်ဆုံးအကြိမ်တုန်းက ပမာဏကို အထူးတလည် မှတ်တမ်းမတင်ထားခဲ့သော်လည်း ယခုအကြိမ်ထက် ပမာဏများမည်မှာ သေချာပါသည်။
သူမ၏ စိတ်စွမ်းအင် တုံ့ပြန်ချက်ကလည်း သိသာထင်ရှားလှသည်။ သူ နောက်တော့မှ တုံ့ပြန်ချက်ကို မှတ်သားထားလိုက်တော့မည်။
စမ်းသပ်မှုကို အကြိမ်ပေါင်းများစွာ ထပ်ခါထပ်ခါ ပြုလုပ်ပြီးသည့်နောက်တွင် အကောင်းဆုံးပမာဏကို ရရှိနိုင်မည် ဖြစ်သည်။
မှတ်တမ်းတင်ထားသောဒေတာကို မသိမ်းရသေးမီ ကျွင်းချင်ယွီထံသို့ ဖုယွမ်ချွမ်းထံမှ မက်ဆေ့ချ်တစ်စောင် ဝင်လာခဲ့သည်။
ဖုယွမ်ချမ်း : မင်းဘယ်မှာလဲ
ကျွင်းချင်ယွီသည် သူ ထွက်ပြေးလာသည့်အခါ ကျိန်းသေပေါက် ပြန်လည်ရှာတွေ့ခြင်းခံရမည်ကို သိထားသော်လည်း ယခုလောက် မြန်မြန်ဆန်ဆန် ရှာတွေ့လိမ့်မည်ဟုတော့ မမျှော်လင့်ထားခဲ့ပေ။
သူ ယခုအချိန် အစည်းအဝေးရောက်နေရမှာ မဟုတ်လား။ အစည်းအဝေးလုပ်နေစဉ် သူ၏ ဉာဏ်ရည်တုစက်ကို မည်သည့်နည်းဖြင့်ကြည့်၍ မက်ဆေ့ခ်ျပို့နိုင်ရသနည်း။
ကျွင်းချင်ယွီ : ဆိုင်မှာ။ ကျွန်တော် အိမ်မှာမရှိတာကို ခင်ဗျား ဘယ်လိုသိတာလဲ။
ဖုယွမ်ချွမ်း : ကိုယ် ခုနကအထိ မသိခဲ့ပေမယ့် အခုတော့ သိသွားပြီ။
ကျွင်းချင်ယွီ : "……...."
ကျွင်းချင်ယွီထံမှ စာပြန်ပို့လာခြင်းကို မစောင့်ဘဲ ဖုယွမ်ချွမ်းက ဆက်ပြောသည်။
- ဆိုင်ထဲမှာ စောင့်ကြည့်ကင်မရာတွေ ဖွင့်ထားတယ်။ မင်းရဲ့ လုံခြုံရေးကို သေချာ ဂရုစိုက်ပါ။
ကျွင်းချင်ယွီက လိုက်နာခဲ့သည်။
စောင့်ကြည့်ကင်မရာသည် ဖုယွမ်ချွမ်း၏ဉာဏ်ရည်တုစက်နှင့် ချိတ်ဆက်ထားပြီး အကယ်၍ ဤနေရာတွင် တစ်ခုခုဖြစ်ခဲ့ပါက မည်သည့်ကိစ္စများဖြစ်ပျက်နေသည်ဆိုတာကို သူ၏ဘက်မှ မြင်တွေ့နိုင်မည် ဖြစ်သည်။
ကျွင်းချင်ယွီ : အစည်းအဝေးကို ကောင်းကောင်းလုပ်လိုက်ဦး။ အစည်းအဝေးပြီးလို့ ခင်ဗျား ပြန်လာတာနဲ့ တစ်ခါတည်း စားလို့ရအောင် ကျွန်တော် အရသာရှိတာတစ်ခုခု ချက်ထားလိုက်မယ်။
ထိုစာကို ပို့ပြီးသည်နှင့် ကျွင်းချင်ယွီ သူ၏ ဉာဏ်ရည်တုစက်ကို ပိတ်လိုက်လေသည်။
အိမ်သို့ထုပ်ယူသွားရန် အချိုပွဲတချို့ ပြုလုပ်ဖို့ သူ တကယ်ကို စီစဉ်ထားခဲ့ပါသည်။
အိမ်တွင်လည်း မီးဖိုရှိပြီး အချိုပွဲလုပ်ရန်အတွက် ပါဝင်ပစ္စည်းများ စုံစုံလင်လင်ရှိသော်လည်း ဆိုင်မှာလောက်တော့ ပြည့်စုံနိုင်မည်မဟုတ်ပါ။
ကြက်ဥကို ဖောက်ထည့်နေစဉ် ကျွင်းချင်ယွီ ရုတ်တရက် သတိရသွားသည်။ သူ မနေ့က ကိတ်မုန့်တစ်လုံး လုပ်ခဲ့သည် မဟုတ်ပါလား။
သို့သော် ရန်ဖြစ်ပြီးနောက်တွင် သူ ကိတ်မုန့်ကို ဂရုမစိုက်နိုင်လောက်အောင် အလွန် အလုပ်ရှုပ်နေခဲ့သည်။ ထိုဆေး၏အနံ့သည် စတိုးဆိုင်တစ်ဝိုက်တွင် ပျံ့နှံ့သွားပြီး ကိတ်မုန့်နံ့ကို ဖုံးလွှမ်းသွားခဲ့သည်။
ယခုမှ သူ သတိရမိသွားပြီး မီးဖိုကို ချက်ချင်း ဖွင့်ကြည့်လိုက်သည်။
တစ်ညထားပြီးနောက်တွင် ကိတ်မုန့်သည် ပျော့ပျောင်းကာ အရည်ပျော်ကျနေပြီး ဘူးတစ်ခုလုံး အပြည့်ဖြစ်နေလေသည်။
ကျွင်းချင်ယွီ : "……...."
လုံးဝကို ပျက်စီးနေခြင်းပင်။
မည်သို့ပင်ဆိုစေကာမူ ၎င်းသည် သူ၏ ပထမဆုံးအကြိမ် စမ်းသပ်မှုသာ ဖြစ်သည်။ ကျွင်းချင်ယွီသည် အရသာကို မြည်းစမ်းကြည့်ရန် ဇွန်းဖြင့် အပိုင်းငယ်တစ်ခု လှီးယူလိုက်သည်။
အပြင်ပန်းအသွင်အပြင်က မကောင်းမွန်သော်လည်း အရသာကတော့ ကောင်းမွန်နေဆဲပင်
သူ ကိတ်မုန့်ကို ထုတ်ယူလိုက်ကာ အနည်းငယ် ပြုပြင်ပြီး ကိတ်မုန့်တစ်ခုလုံးကို အတုံးသေးသေးလေးများ လှီးဖြတ်၍ ဘူးတစ်ခုထဲတွင် ထည့်လိုက်သည်။
ခရင်မ်နှင့် သစ်သီးများကိုပါ ပေါင်းထည့်လိုက်ခြင်းဖြင့် ၎င်းသည် သစ်သီးကိတ်မုန့်ဘူးလေး ဖြစ်လာပေလိမ့်မည်။ သူ ထိုနည်းလမ်းဖြင့် သုံးဘူးပြုလုပ်လိုက်ပြီးနောက်တွင် အရင်ကထက်စာလျှင် အပြင်ပန်းအသွင်အပြင်က အများကြီး ကောင်းမွန်သွားပြီ ဖြစ်၏။
ဝမ်ချန်းယောင်သည် သူ့ညီမအတွက် အချိုပွဲ ပြင်နေတာကို ပြီးအောင် စောင့်ဆိုင်းရင်း ပန်းကန်များကို ကူရွှေ့ပေးနေသည်။
“ဆိုင်ပိုင်ရှင်... ဒီဘေးက ဆိုင်ပိုင်ရှင်နဲ့ သိလား။ ငါ အဲ့ဆိုင်ကို ဝယ်ချင်လို့ မရရင်လည်း ငှားချင်တယ်"
သူတို့ ရောက်လာသည့်အခါတွင် ဤဧရိယာ၌ရှိသော ဆိုင်များ အားလုံးပိတ်ထားကြသည်။ ၎င်းက ကျွင်းချင်ယွီနှင့် တစ်ခုခုတော့ သက်ဆိုင်ရမည်။
ဆိုင်တံခါးတွင် အငှား သို့မဟုတ် ရောင်းရန် ဆိုင်းဘုတ်များ မရှိသောကြောင့် ဝမ်ချန်းယောင်သည် ကျွင်းချင်ယွီကိုသာ မေးနိုင်လေသည်။
ကျွင်းချင်ယွီက စဉ်းစားကြည့်လိုက်သည်။ အနီးနားရှိဆိုင်များသည် ဖွင့်ပင်မဖွင့်ကြသောကြောင့် ရောင်းရန်တော့ လိုအပ်မည်မဟုတ်ပေ။ သို့သော် ငှားရမ်းကြည့်လျှင်တော့ အဆင်ပြေနိုင်လိမ့်မည်။
"ငှားပေးလို့တော့ရမယ် ထင်တယ်။ မင်းလည်း ဆိုင်ဖွင့်ချင်လို့လား"
ဝမ်ချန်းယောင်က ခေါင်းခါလိုက်ပြီး
“ငါညီမကို ဒီဘေးကအိမ်မှာ နေခိုင်းမလို့ စီစဉ်နေတာ။ ငါ အလုပ်ထွက်လုပ်မယ်ဆိုရင် သူ့ကို ခေါ်လာဖို့က အဆင်မပြေဘူး”
ဂြိုဟ်တစ်လုံးကို လုယက်ခြင်းသည် စကားဖြင့်ပြောရုံလောက် မရိုးရှင်းပေ။ ၎င်းဂြိုလ်၏ကာကွယ်ရေးအတွက် ဂရုတစိုက် ပြင်ဆင်မှုများနှင့် တိကျသောခွဲခြမ်းစိတ်ဖြာမှုများ လိုအပ်ပေသည်။
ထိုအချိန်သို့ရောက်လာသည့်အခါ သူ့ညီမကို အဖော်ပြုပေးချင်မှပြုပေးနိုင်တော့မည် ဖြစ်၏။
ကျွင်းချင်ယွီက ပြောသည်။
"ကောင်းပြီလေ။ နေထိုင်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကို ကိုယ်တိုင်ပြင်ဆင်ပြီး တစ်ခါတည်း ပြောင်းလာလို့ရပြီ"
"ကျေးဇူးတင်ပါတယ်"
စိုးရိမ်စိတ်များ ပျောက်ကွယ်သွားသည့်အတွက် သူ့အလုပ်သူ ဖြောင့်ဖြောင့်တန်းတန်း လုပ်နိုင်တော့မည် ဖြစ်သည်။
ဝမ်ချန်းယောင်က ချက်ချင်း ထကာ သူ့ညီမကို ဘေးအိမ်သို့ ခေါ်လာရန် ထွက်သွားသည်။ ညီမဖြစ်သူကို ကာကွယ်ရန် လူအနည်းငယ်ကို ရှာတွေ့ထားပြီး အရာအားလုံးကို ဖြေရှင်းပေးပြီးသား ဖြစ်သွားလိမ့်မည်။
ဝမ်ချန်းယောင်သည် သူ ပြန်ရောက်လာသည်နှင့် ကိစ္စများ တစ်ခုပြီးတစ်ခု လုပ်ရန် စီစဉ်သွားသည်။
ကျွင်းချင်ယွီသည် ကိတ်မုန့်ကို ဘူးများအတွင်းတွင် စနစ်တကျ ထုပ်ပိုးပြီးနောက် အနည်းငယ် ပိုကြီးသော ခရင်မ်ကိတ်မုန့်ကို ပြုလုပ်လိုက်သည်။
သူ အလုပ်များနေချိန်၌ ရှီခိုင်ရှင်းက တံခါးကိုတွန်း၍ ဝင်လာလေသည်။
"တကယ်ကို ဆရာ ဖြစ်နေတာပဲ"
ရှီခိုင်ရှင်းက ပြုံး၍ ပြောလိုက်သည်။
"မာရှယ်က ဘယ်သူဆိုတာ မပြောသွားပေမယ့် ဆရာ ဖြစ်လိမ့်မယ်လို့ ကျွန်တော် ထင်ထားခဲ့တာ"
နောက်ဆုံးမှာတော့ ကျွင်းချင်ယွီမှလွဲ၍ မာရှယ်က သူ့ကို ကာကွယ်ပေးရန် ထပ်ခါတလဲလဲ သတိပေးအောင် ပြုလုပ်နိုင်သူမှာ ရေသူလေးသာ ဖြစ်ပါသည်။
ကျွင်းချင်ယွီသည် မျက်ခုံးပင့်လိုက်ပြီး
"မင်းက ဗိုလ်ချုပ်ဖြစ်သွားပြီ မဟုတ်ဘူးလား။ ဘာလို့ အစည်းအဝေးမတက်တာလဲ။"
သူ၏ စစ်မှုထမ်းရာထူးကို တိုးမြှင့်ပေးပြီးဖြစ်သောကြောင့် ဤကဲ့သို့ အရေးကြီးသည့် အစည်းအဝေးရှိနေလျက်နှင့် ဤနေရာကို မည်ကဲ့သို့ ရောက်လာနိုင်ရသနည်း။
“ကျွန်တော်က ဗိုလ်ချုပ်ဖြစ်ဖြစ် မဖြစ်ဖြစ်ပါ.. သူက ကျွန်တော့်ကို အစည်းအဝေးတက်ဖို့ ပြောရင် ကျွန်တော် တက်ရမှာပဲ။ မဟုတ်ဘူး ကျွန်တော် လုပ်သမျှက မာရှယ် ပြောတဲ့အတိုင်းပဲ နားထောင်ရမှာ"
ရှီခိုင်ရှင်းက ပခုံးတွန့်လိုက်သည်။ အမှန်တကယ်တော့ သူ၏စစ်မှုထမ်းရာထူးက သိပ်ပြီး အရေးမပါလှချေ။
ထို့အပြင် ရှီခိုင်ရှင်းသည် မာရှယ်၏ဘက်မှ အစမှအဆုံးထိ ရပ်တည်ရမည်မှန်း နားလည်ထားပြီး တော်ဝင်ခေါင်းဆောင်သည်လည်း သူ၏ရာထူးကို တိုးပေးရန်မှတပါး ရွေးချယ်စရာ မရှိပေ။ သူသည် စစ်မှုထမ်းရာထူးကိုပင် သိပ်ပြီး အလေးအနက်မထားပေ။
သူသည် ပေါ်ပေါ်တင်တင်ပင် တော်ဝင်ခေါင်းဆောင်၏ စကားကို နားမထောင်သလို ထိုကဲ့သို့သော နိုင်ငံရေးကိစ္စများကိုလည်း မနှစ်သက်ချေ။ ထိုနေရာတွင်ထိုင်နေခြင်းထက် သက်တော်စောင့်နေရာသို့ ပြန်သွားခြင်းက အဆပေါင်းများစွာ ပိုသာပါသည်။
ကျွင်းချင်ယွီသည် သူ့ကို သစ်သီးတစ်ပန်းကန် လှီးပေးထားထားသော်လည်း သူ ဒိန်ချဉ်ကိုတော့ လုံးဝ မထည့်ပေ။
ရှီခိုင်ရှင်းက ပြုံး၍ ပြောလိုက်သည်။
"ကျွန်တော် ဗိုက်ဆာလွန်းလို့လေ... ဒီမနက်တည်းက စားနေဖို့ အချိန်တောင်မရှိဘူး"
ဆိုင်တစ်ဝိုက်ကို ကြည့်လိုက်သောအခါ ကျွင်းချင်ယွီကလွဲ၍ မည်သူ့ကိုမှ မတွေ့ရသောကြောင့် သူက မေးလိုက်သည်။
“အိုး ဟုတ်သားပဲ။ ဝမ်ချန်းယောင်ရော ဘယ်မှာလဲ။ ဆရာ ဒီကို တစ်ယောက်တည်းရောက်လာတာလား"
ကျွင်းချင်ယွီက ပြောသည်။
"သူက ဘေးအိမ်မှာ... ငါ သူ့ကို သော့ပေးထားတယ်"
ရှီခိုင်ရှင်းက စတော်ဘယ်ရီသီးနှစ်လုံးကို ပါးစပ်အပြည့်ဖြင့် စားလိုက်သော်လည်း အရသာလွဲနေသည်ဟု ခံစားလိုက်ရသည်။ ထိုအရသာက ပုံမှန်မဟုတ်ပေ။
"အင်း... ဆရာ လှီးထားတဲ့အသီးတွေက အဲ့ဒီရေသူ လေးလှီးထားတဲ့ အသီးတွေနဲ့ ဆင်တူတယ်လို့ ခံစားရတယ်"
ကျွင်းချင်ယွီ၏လက်များ ရပ်တန့်သွားသည်။ ရှီခိုင်ရှင်းသည် ဟင်းသီးဟင်းရွက်များနှင့် အသီးအနှံအချို့ကို စားခဲ့ကြောင်းကိုသာ သတိရသောကြောင့် အရသာကို ထိန်းညှိရန် တခြားဘာမျှ မထည့်ခဲ့ပေ။
သို့သော် ရှီခိုင်ရှင်း၏မှတ်ဉာဏ်ထဲတွင် သစ်သီးများ၏ အရသာ အလွန် ကောင်းမွန်နေရခြင်း အကြောင်းရင်းက ရေသူသည် သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်များကို လှီးဖြတ်ရာတွင် ဝိညာဉ်စွမ်းအင်ကို ထည့်သွင်းခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ဖုယွမ်ချွမ်းကပြောပြဖူးသည်ကို သူ မေ့သွားခဲ့၏။
၎င်းကို စဉ်းစားပြီးသည့်နောက်တွင် ကျွင်းချင်ယွီက အမှုမဲ့အမှတ်မဲ့ပုံစံဖြင့် ပြောလိုက်သည်။
"ဒါတွေအားလုံးက ရေသူလေးသန့်စင်ပေးပြီးတာနဲ့ ယူလာခဲ့တာလေ"
“ပြောပါဦး... အဲဒီ ရေသူလေး လုပ်ထားတဲ့ အသီးအနှံဖျော်ရည်တွေက တပ်ထဲမှာ ရှိသေးလား”
မာရှယ်သည် မကြာသေးမီက အသီးအနှံဖျော်ရည်အချို့ကို ပေးပို့ခဲ့ပြီး အင်ပါယာခေါင်းဆောင်ထက် များစွာ ရက်ရောပေးခဲ့သည်။
၎င်းက သူတို့တပ်ဖွဲ့အတွက်သာဖြစ်၍ သတင်းထွက်လာသောအခါတွင် အခြားသူများက အလွန်အမင်း မနာလိုဖြစ်ခဲ့ကြလေသည်။
အင်ပါယာခေါင်းဆောင်သည်လည်း ကောလာဟလများကို ကြားသိခဲ့ပြီး အသီးအနှံဖျော်ရည်များ၏ အရင်းအမြစ်ကိုပင် ခြေရာခံခဲ့သော်လည်း အချက်အလက်အားလုံးကို ဇာ့ဂ်နယ်မြေရှိ အွန်လိုင်းဆိုင်တစ်ခုက ဦးဆောင်ကာ ဖြတ်တောက်ခဲ့သည်။
သူ(အင်ပါယာခေါင်းဆောင်) ဒေါသ အလွန်ထွက်နေခဲ့သော်လည်း မည်သည့်ကိစ္စများ ဖြစ်ပေါ်နေမှန်း ရှာမတွေ့နိုင်ခဲ့ပေ။ နောက်ပိုင်းတွင် ဖုယွမ်ချွမ်းသည် တစ်စုံတစ်ခုကို လုပ်ဆောင်ကောင်းလုပ်ဆောင်နိုင်ခဲ့မှန်း သိလိုက်သော်လည်း သူ လုပ်နိုင်သည့်အရာတစ်ခုမှမရှိသောကြောင့် စိတ်ပျက်လက်ပျက် ထိုင်နေရုံသာ တတ်နိုင်ခဲ့သည်။
ကျွင်းချင်ယွီသည် သူ၏ရေသူကို အသိအမှတ်ပြုခြင်း တစ်စုံတရာ မရှိခဲ့ပေ။ အခြားရေသူများကလည်း ၎င်းကို လုပ်နိုင်ခဲ့ပါက သူ ထုတ်ဖော်ပြောသည်ဖြစ်စေ၊ မပြောသည်ဖြစ်စေ အရေးမပါတော့ပါ။
သို့သော် သူကသာ ထိုအရာကို လုပ်နိုင်သည့် တစ်ဦးတည်းသော ရေသူလေးဖြစ်ခဲ့ပါက အတတ်နိုင်ဆုံး မရေမရာပြောနေခြင်းက သူ့အတွက် ပို၍ ကောင်းမွန်ပါသည်။
"ရေသူလေးက အရမ်း ငယ်လွန်းသေးတယ်၊ တခြားနည်းလမ်း ရှိရင်ရှိမှာပေါ့"
ရှီခိုင်ရှင်းသည် အချိန်ခဏကြာအောင် စဉ်းစားနေပြီးမှ
“ဖြစ်နိုင်တယ်၊ အသီးအနှံဖျော်ရည်တွေရဲ့ အရသာက သိပ်ပြီး မသန့်စင်ဘူး”
ပန်းကန်ပြားပေါ်ရှိ အသီးအနှံအချို့ကို ပါးစပ်အပြည့် စားသုံးပြီးနောက် ရှီခိုင်ရှင်းသည် စားပွဲပေါ်ရှိ ကိတ်မုန့်ဘူးထံမှ ဆွဲဆောင်ခံလိုက်ရလေသည်။
“ဒါက ဘာလေးလဲ၊ အထဲမှာ ကိတ်မုန့်တို့ ခရင်မ်တို့ ပါတာလား။ ကျွန်တော် စားလို့ရမလား"
ကျွင်းချင်ယွီသည် မူလကတော့ သူကိုယ်တိုင် စားရန် သိမ်းထားဖို့ ရည်ရွယ်ခဲ့ခြင်း ဖြစ်ပါသည်။ နောက်ဆုံး သူတို့ဟာ စားကြွင်းစားကျန်တွေသာ ဖြစ်သည်။ သို့သော်လည်း ရှီခိုင်ရှင်းက မေးလာသည့်အတွက် သူ ဖြေလိုက်သည်။
“မနေ့က လုပ်ထားတဲ့ကိတ်မုန့်ရဲ့ အကြွင်းအကျန်တွေလေ။ အရသာက မဆိုးပါဘူး။ မင်း အဆင်ပြေတယ်ဆိုရင် စားလို့ရတယ်"
"မဟုတ်ပါဘူး၊ ကျွန်တော် အဆင်ပြေပါတယ်၊ စိတ်ထဲမှာ ဘာရှိရမှာလဲ၊ မနေ့ကကျန်တဲ့ စားကြွင်းစားကျန် မပြောနဲ့၊ အရင်ကဆို ပုပ်သိုးနေတဲ့ အစားအစာတွေပါ စားဖူးတယ်”
ရှီခိုင်ရှင်းသည် ဘူးကိုဖွင့်ပြီး တစ်လုပ်စားလိုက်သည်။ ကျွင်းချင်ယွီက အရသာက မဆိုးပါဘူး ဟု ပြောခဲ့သောကြောင့် သူ့ကိုယ်သူ အလွန် နှိမ့်ချတတ်ကြောင်း သိရှိလိုက်ရသည်။
အသီးအနှံများ၏ အချဉ်ဓာတ်နှင့်အချိုဓာတ်ကို ခရင်မ်ဖြင့် ချေဖျက်ပြီး အသီးအနှံများ၏ အချိုအချဥ်အရသာကို ခရင်မ်၏ ချိုမြိန်မှုနှင့် နူးညံ့မှုက လျော့ပါးစေပြီး အလယ်တွင် ညှပ်ထားသည့် ကိတ်မုန့်ကို ခရင်မ်သားလေးက ပေါင်းစပ်ထားသည်။ အရသာထူးကဲသော ကိတ်မုန့်အလွှာလိုက်လေးက သူ၏ပါးစပ်ထဲ ရောက်သွားသည့်အခါ ချက်ချင်း ပျော်ဝင်သွားလေသည်။
ရှီခိုင်ရှင်းသည် ခေါင်းမညိတ်ဘဲမနေနိုင်ကာ နောက်ထပ် တစ်လုပ် ထပ်စားလိုက်သည်။
“ဒါက အရသာအဆင်ပြေရုံ မဟုတ်ဘူးပဲ၊ အရသာရှိတယ်၊ တကယ် အရသာရှိတာ”
သူ ယခုချိန်အထိ စားခဲ့ဖူးသမျှ အချိုပွဲများအားလုံးထက် ပို၍ ကောင်းမွန်ပါသည်။
"အင်း"
ကိတ်မုန့်အောက်ခံမှလွဲ၍ သူ၏ ခရင်မ်နှင့် သစ်သီးများကို အတုံးသေးသေးလေးများ လှီးဖြတ်ခြင်း လက်ရာက မကောင်းလှပါ။ အဓိကအားဖြင့် အသုံးပြုထားသည့် ပါဝင်ပစ္စည်းများက ကောင်းမွန်သောကြောင့်သာ ဖြစ်သည်။
ကိတ်မုန့်ကြီးတစ်လုံး ဖုတ်ပြီးနောက်တွင် ကျွင်းချင်ယွီသည် ၎င်းကို သစ်သီးကိတ်အဖြစ် ပြုလုပ်ရန် ပြင်ဆင်လိုက်သည်။
ဖုယွမ်ချွမ်းသည် ချိုမြိန်သည့်အရာများကို မနှစ်သက်သောကြောင့် ခရင်မ် အနည်းငယ်သာ ထည့်လိုက်သည်။
"ကိတ်မုန့်ကို တစ်ယောက်ယောက် မှာထားတာလား"
Xxxxxxxx