Chapter 50
ရှီခိုင်ရှင်းသည် ကျွင်းချင်ယွီ မီးဖိုပေါ်မှ ဤကဲ့သို့ ကြီးမားသည့် ကိတ်မုန့်အား ထုတ်ယူနေသည်ကို တွေ့လိုက်ပြီး ၎င်းက သူတစ်ယောက်တည်း စားနိုင်သည့် အမျိုးအစားမဟုတ်မှန်း သိသာထင်ရှားလွန်းလေသည်။
“မဟုတ်ဘူး”
ဝမ်ချန်းယောင်မှလွဲ၍ မည်သူမှ ဤနေရာသို့ လာမည် မဟုတ်ပါ။ ထိုသို့ဆိုလျှင် မည်သူက ဤကိတ်မုန့်ကို မှာယူထားခြင်း ဖြစ်မည်နည်း။
ရှီခိုင်ရှင်းက ခန့်မှန်းလိုက်သည်။
"ဆရာ့ရဲ့မွေးနေ့လား"
ကျွင်းချင်ယွီသည် ကိတ်မုန့်ကို လျင်မြန်စွာ အအေးခံပေးနိုင်သည့် ဘူးတစ်ခုထဲသို့ ထည့်ပြီး ပြောလိုက်သည်။
"ဖုယွမ်ချွမ်းရဲ့မွေးနေ့"
ရှီခိုင်ရှင်း : "..."
"တကယ်ကြီးလား၊ ကျွန်တော်က ဘာလို့ မသိရတာလဲ"
ရှီခိုင်ရှင်းသည် ဖုယွမ်ချွမ်း၏ လက်ထောက်စခန်းတွင် အချိန်အတော်ကြာ တာဝန်ထမ်းဆောင်ခဲ့သော်လည်း မာရှယ်၏မွေးနေ့ပွဲကျင်းပခြင်းကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။
သူသည် မာရှယ်၏ မွေးနေ့က မည်သည့်နေ့ဖြစ်မှန်း မသိသည်မှာ သဘာဝကျပါသည်။
မာရှယ်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို လျှို့ဝှက်ချက်အဖြစ် ထားရှိခဲ့သည်။ မာရှယ်ကသာ မပြောပြလျှင် သူတို့ ဘယ်တော့မှ သိနိုင်မည် မဟုတ်ပါ။
သို့သော်…
ရှီခိုင်ရှင်း နားမလည်သည်က
"ဆရာက ဘယ်လိုသိတာလဲ"
မူရင်းဇာတ်လမ်းကို ဖတ်ရှုဖူးသူတစ်ဦးအနေဖြင့် ကျွင်းချင်ယွီသည် ဖုယွမ်ချွမ်း၏မွေးနေ့ကို သေချာပေါက် သိထားသော်လည်း ရှီခိုင်ရှင်းအား ရှင်းပြ၍ မရနိုင်ပါ။
ခဏလောက်စဉ်းစားပြီးနောက်တွင် ကျွင်းချင်ယွီက ခပ်တည်တည်ဖြင့် ပြောလိုက်သည်။
"သူ ငါ့ကိုပြောပြတာ"
မည်သို့ပင်ဆိုစေကာမူ ရှီခိုင်ရှင်းသည် ဖုယွမ်ချွမ်းကို သွားမေးလိမ့်မည်မဟုတ်ပါ။
ရှီခိုင်ရှင်းက ခေါင်းညိတ်လိုက်သည်။ ၎င်းက အဓိပ္ပာယ်ရှိပါသည်။ မာရှယ်သည် သူနှင့် ဤမျှ ကောင်းမွန်သော ဆက်ဆံရေးရှိပြီး အခြားမည်သူ့ကိုမျှ မပြောထားသည့် အသေးအဖွဲအရာများကို ပြောပြခြင်းက သာမန်ပင် ဖြစ်ပါသည်။
ရှီခိုင်ရှင်းက မနေနိုင်ဘဲ ထပ်ပြောလိုက်သည်။
"ဆရာတို့နှစ်ယောက်လုံးက ဆက်ဆံရေးကောင်းကြတာပဲနော်"
မာရှယ်နှင့် သူသည် အထက်လူကြီးနှင့် လက်အောက်ငယ်သားကြားက ဆက်ဆံရေးမျိုးရှိပြီး မရေမတွက်နိုင်သော တိုက်ပွဲများ ကြုံတွေ့ခဲ့ရသော်လည်း အနှီကိုယ်ရေးကိုယ်တာကိစ္စများကို ပြောဆိုရန်က ဝေးကွာလှသည်။ အချိန်အများစုတွင် အလုပ်နှင့်ပတ်သက်သည့် ကိစ္စများကိုသာ ကိုင်တွယ်ဖြေရှင်းခဲ့ကြလေသည်။
ကျွင်းချင်ယွီက တုံ့ပြန်လိုက်သည်။
"အင်း"
ယင်းက အသေအချာပင် ဖြစ်သည်။
အအေးခံထားသော ကိတ်မုန့်အောက်ခံပေါ်တွင် ခရင်မ် သုတ်လိုက်ပြီး အလယ်တွင် သစ်သီးများထည့်ကာ နောက်ဆုံး ထိပ်ပိုင်းလေးကို သစ်သီးများနှင့် ချောကလက်ချစ်ပ်များဖြင့် အလှဆင်လိုက်၏။ အားလုံး ပြီးလုနီးပါးဖြစ်နေပြီ။
ကျွင်းချင်ယွီသည် လှည့်ပတ်ရှာဖွေလိုက်ပြီး အတော်လေး ရိုးရှင်းသည့် ကိတ်မုန့်ဘူးတစ်ခုကို ယူလိုက်သည်။
၎င်းကိုမြင်သည့်အခါ ရှီခိုင်ရှင်းက မေးသည်။
"မာရှယ် ဒီကိုလာစားဖို့ စောင့်နေတာ မဟုတ်ဘူးလား။ ထုပ်သွားမှာလား"
"ငါ အိမ်ပြန်တော့မှာမို့လို့ ထုပ်သွားတာက ပိုအဆင်ပြေတယ်"
ကျွင်းချင်ယွီသည် အချိန်နီးနေပြီဖြစ်ကြောင်း မြင်သောအခါ ထုပ်ပိုးထားသည့် ကိတ်မုန့်ကို ရှီခိုင်ရှင်းကို ကမ်းပေးလိုက်ပြီး
"ဗီလာကို ပို့ပေးပါ"
ရှီခ်ိုင်ရှင်းက ကိတ်မုန့်ကို လှမ်းယူပြီး ပြောလိုက်သည်။
“ကျွန်တော် ထွက်သွားလို့မရသေးဘူး။ ဆရာ့ကိုကာကွယ်ဖို့ ဒီမှာ နေရမယ်"
သူသည် အလုပ်ကိစ္စများကို သိပ်ပြီး စိတ်ထဲမထားသော်လည်း ကျွင်းချင်ယွီ၏ ဘေးကင်းမှုကို သေချာအောင်ဆောင်ရွက်ရမည်က အရေးအကြီးဆုံး ဖြစ်ပါသည်။
ကျွင်းချင်ယွီက ငြင်းလိုက်သည်။
"နေစရာ မလိုပါဘူး... ငါလည်း သွားစရာရှိတယ်"
"ဆရာ ဘယ်သွားမလို့လဲ"
ရှီခိုင်ရှင်းသည် အန္တရာယ်တစ်စုံတစ်ရာရှိ၊ မရှိ အတည်ပြုရန် လိုအပ်ပေသည်။
ကျွင်းချင်ယွီသည် ထွက်သွားပြီးနောက် နောက်သို့ ပြန်လှည့်မကြည့်ဘဲ လက်ကို ဝှေ့ယမ်းပြကာ
"ယွမ်ချွမ်း အလုပ်ကို သွားကြိုမလို့"
ရှီခိုင်ရှင်း သူ့နောက်ကို လိုက်ရန် ခြေလှမ်းများ ရပ်တန့်သွားသည်။
သူ စိတ်ထဲကနေ တွေးမိလိုက်သည် : ငါ ကိတ်မုန့်သွားပို့တာပဲ ကောင်းပါတယ်လေ။
—
မွန်းလွဲ ၂ နာရီတွင် စစ်ဘက်ဆိုင်ရာအစည်းအဝေးက ပြီးဆုံးသွားခဲ့သည်။
ပခုံးပေါ်တွင်အပွင့်အခက်များပါသော အရာရှိများသည် စစ်ဘက်အဆောက်အဦမှ ထွက်လာကြပြီး အချို့မှာ အခြားသူများနှင့် ဆွေးနွေးရန် နေရာ၌ ရပ်တန့်နေကြသည်။
ဖုယွမ်ချွမ်းက သူတို့၏ ဆွေးနွေးမှုတွင် မပါဝင်ဘဲ လူအုပ်ထဲမှ ဘာသိဘာသာ ထွက်ခွာသွားလေသည်။
လမ်းလျှောက်လာရင်းဖြင့် သူ၏လက်ထဲက ဉာဏ်ရည်တုစက်ကို ဖွင့်၍ ငါးလေးဆီသို့ စာပို့ရန် ပြင်လိုက်သည်။
သို့သော် လှေကားထစ်များအတိုင်း လျှောက်လာသောအခါတွင် ရေသူလေးသည် အဝင်ပေါက်နားရှိ သစ်ပင်ကြီးအောက်တွင် ရပ်နေပြီး သစ်ပင်ကြီးကို မှီကာ ကြွေကျနေသော သစ်ရွက်များနှင့် လက်ထဲတွင် ဆော့ကစားနေသည်ကို တွေ့လိုက်ရလေသည်။
သူ တစ်ခုခုကို ခံစားလိုက်ရပုံရသည်။
ကျွင်းချင်ယွင်သည်က ခေါင်းကို မော့ကြည့်လိုက်ပြီးနောက် သူ့နှင့် မဝေးသော နေရာမှ ဖုယွမ်ချွမ်းကို မြင်တွေ့လိုက်ရသည်။ သူ့ထံသို့ လျှောက်လာပြီး မျက်လုံးလေးများ ကွေး၍ ပြုံးပြလိုက်ကာ
"အလုပ်တွေကြိုးစားလုပ်ခဲ့ရလို့ ပင်ပန်းသွားပါပြီ..."
.......
ဖုယွမ်ချွမ်းက ရေသူလေးကမ်းပေးသော အသီးဖျော်ရည်ကိုယူကာ ရွှေအိုရောင်ဆံနွယ်ထက်တွင် ကပ်ညှိနေသည့် သစ်ရွက်ကို ဖယ်ရှားပေးလိုက်သည်။
"ဘာလို့ ဒီမှာရောက်နေတာလဲ..."
"ခင်ဗျားကို လာကြိုတာလေ..." ကျွင်းချင်ယွီ အပြုံးလေးနှင့်ပြန်ဖြေလိုက်သည်။
ဖုယွမ်ချွမ်းအတွက် တစ်စုံတစ်ဦးလာကြိုခြင်းခံရသည်မှာ ပထမဆုံးအကြိမ်ဖြစ်လေသည်။
သူ ကလေးဘဝတည်းက မည်သူမှအရေးတယူလာကြိုခြင်းမရှိခဲ့ချေ။
ရေသူလေးကိုကြည့်ရင်း ဖုယွမ်ချွမ်းနှလုံးသားထဲ အနည်းငယ်နွေးထွေးလာခဲ့သည်။ သူက ရေသူလေး၏ပါးပြင်ကို ထိတွေ့လိုက်ကာ "စောင့်နေတာကြာပြီလား..."
"သိပ်မကြာသေးပါဘူး..."
"အိမ်ပြန်ရအောင်..."
"ကောင်းပြီလေ..."
သို့သော် သူတို့ခြေလှမ်းအနည်းငယ် လှမ်းပြီးသည်နှင့် မာရှယ်တော့ဒစ်စ်က နောက်မှလိုက်လာသည်။
"မာရှယ်ဖု...ဇာ့ဂ်တွေကိုတိုက်ထုတ်ဖို့အကြောင်း ထပ်ပြီးဆွေးနွေးဖို့ အချိန်ပေးနိုင်ဦးမလား..."
ကျွင်းချင်ယွီ သတိအနေအထားနှင့်ဖြစ်သွားသည်။ သူ့ခန့်မှန်းချက်အတိုင်းပင် အင်ပါယာက မာရှယ်များကိုစစ်ပွဲသို့ပို့ရန် အကြောင်းရှာနေခြင်းဖြစ်၏။
စက်ရုပ်တစ်ရုပ် ဖော်ထုတ်ခြင်းခံလိုက်ရပြီး အခြားအရုပ်များကိုလည်း စတားတိုင်းမ်မှ ထပ်မံဖော်ထုတ်ခဲ့သည်။ အချိန်ကြာလေလေ အင်ပါယာခေါင်းဆောင်ဘက်မှ ပို၍အရေးနိမ့်လာလေပင်။
ဇာ့ဂ်များနှင့် တိုက်ခိုက်ရန်အဆိုပြုခဲ့သူမှာ ကျီရှင်းဖြစ်သည်။
သူ့ခေါင်းထဲမှာ ရေတွေဝင်နေတာလားပဲ...ဘာမှလုပ်စရာမရှိဘူးလား...
အရင်တစ်ခေါက်ဇာ့ဂ်များပြုလုပ်ခဲ့သည့် ပင်မကြယ်ပေါ်တွင်ဖြစ်ပွားခဲ့သော ဂယက်ရိုက်မှုက အင်ပါယာခေါင်းဆောင်ကို သောကရောက်စေခဲ့သည်။
မာရှယ်တော့ဒစ်စ်က ဖုယွမ်ချွမ်းနံဘေးရှိ ကျွင်းချင်ယွီကို ခေါင်းညှိတ်ပြကာနှုတ်ဆက်လိုက်ပြီးနောက် ဆက်ပြောလာ၏။
"ဇာ့ဂ်တွေ ခုရက်ပိုင်းငြိမ်နေတာပဲကို...အခုလို ရုတ်တရက်ကြီး ရှေ့တန်းထွက်ရမယ်ဆိုတာ မထူးဆန်းဘူးလား..."
ဇာ့ဂ်များအား တစ်ရှိန်ထိုးသုတ်သင်နိုင်မည့် လက်နက်ကြီးတီထွင်ပြီးခြင်း၊ သို့မဟုတ် ဇာ့ဂ်များသောင်းကျန်းလာခြင်းတို့မရှိပဲ ရုတ်တရက်စစ်တိုက်ရခြင်းမှာ ထူးဆန်းလေသည်။
မာရှယ်တော့ဒစ်စ် ဆက်ပြောသည်။ "ခင်ဗျားပြောတဲ့ ကြယ်စုကအရင်လိုမဟုတ်ဖူးဆိုတာက..."
ဂိတ်ဝတွင် သူတို့နှစ်ဦးကို စောင့်ကြည့်နေသည့် မျက်ဝန်းများစွာရှိသဖြင့် မာရှယ်တော့ဒစ်စ် စကားမဆက်တော့ချေ။ ဖုယွမ်ချွမ်းသည်လည်း စက်ရုပ်ကိုမြင်ဖူးလေရာ အနည်းငယ်တော့ခန်မှန်းမိလိမ့်မှာပင်။
ဖုယွမ်ချွမ်း ခေါင်းယမ်းလိုက်၏။ "ဒါက ပြောရခက်ပါတယ်...အရင်ဆုံး သူနောက်ထပ်ဘယ်အကွက်ရွှေ့မလဲဆိုတာ စောင့်ကြည့်ကြတာပေါ့..."
အင်ပါယာခေါင်းဆောင်က အဆိုပြုချက်ကို လက်ခံထားရုံသာရှိသေးသော်လည်း အတည်ပြုပြီးသွားသည်နှင့် မလုပ်မနေရပြဌာန်းချက်တစ်ခုလို ဖြစ်သွားတော့မှာဖြစ်သည်။
မာရှယ်တော့ဒ်စ် မျက်မှောင်ကြုတ်လိုက်သည်။ "ကြိုပြီးမပြင်ဆင်တော့ဘူးလား..."
ယခုကိစ္စမှာ ကိုယ့်ဘက်ကပြင်ဆင်ထားရန်လိုအပ်သည်ဟု သူခံစားရသည်။
အင်ပါယာခေါင်းဆောင်၏ အခြေအနေကို ဖုယွမ်ချွမ်း သဘောပေါက်သည်။ သို့သော် မာရှယ်တော့ဒစ်စ်က စိတ်ပူနေသဖြင့် သူဘာမှမပြောပဲနေလို့မရတော့ချေ။
"ကျွန်တော် ဒီနေ့ကိစ္စလေးရှိလို့...မနက်ဖြန်ကျမှ ဒါကိုဆွေးနွေးကြတာပေါ့..."
အင်ပါယာခေါင်းဆောင်၏ စိတ်သဘောထားအရ ဤကိစ္စအား ချက်ချင်းအဆုံးအဖြတ်ပေးမှာမဟုတ်ချေ။
"အရေးကြီးကိစ္စလား..." မာရှယ်တော့ဒစ်စ်က နားလည်သွားသည်။
"ကောင်းပါပြီ...ဒါဆို ခင်ဗျားသွားစရာရှိတာသွားပါ...ကျွန်တော့်အကူအညီလိုသေးလားမသိဘူး..."
ဖုယွမ်ချွမ်းအတွက် အရေးကြီးကိစ္စဆိုသည်မှာ တော်ရုံကိစ္စမဖြစ်နိုင်ချေ။ ကြယ်စုတွင် အခြားအကြံအစည်ရှိပြီးသားဖြစ်ရမည်။
ဖုယွမ်ချွမ်းက မာရှယ်တော့ဒစ်၏မေးခွန်းကို ခဏတွေးကာဖြေလိုက်သည်။ "ဪ...အကူအညီမလိုပါဘူး...တစ်ယောက်ယောက်က ကျွန်တော့်အတွက် ထမင်းဟင်းချက်ပြီး အတူတူစားဖို့စောင့်နေလို့ပါ..."
မာရှယ်တော့ဒစ်စ်: "..."
စစ်ပွဲအကြောင်း ဆွေးနွေးရန်ပြင်ဆင်နေရင်း အနှိမ်ခံလိုက်ရသလို သူ ခံစားလိုက်ရသည်။
စင်ဂယ်လ်ဖြစ်နေတာ ဘာများမှားလို့လဲ...
ဖုယွမ်ချွမ်းက ဒီအတိုင်းပြောလိုက်တာဖြစ်သည်။ မာရှယ်တော့ဒစ်စ် တိတ်ကျသွားရသည့် အကြောင်းအရင်းကို သူနားမလည်ချေ။
သူက ရေသူလေးကို လက်ချင်းတွဲလိုက်ကာ "သွားရအောင်..."
---
ရှီခိုင်ရှင်းက ကိတ်မုန့်ကို ဗီလာသို့ကိုယ်တိုင်လာပို့ပေးသည်။ သူက ကိတ်ကို စားပွဲပေါ်တင်ပြီးသည်နှင့် ချက်ချင်းပြန်သွားလေသည်။
ကျွင်းချင်ယွီတို့ အိမ်ပြန်ရောက်သောအခါ ရှီခိုင်ရှင်းကို အရိပ်ပင်မမြင်ရတော့ချေ။
ကိတ်မုန့်က စားပွဲပေါ်တွင် ထုပ်ပိုးထားလျှက်ရှိနေ၏။
ကျွင်းချင်ယွီက ကိတ်မုန့်ကိုပတ်ထားသည့် စက္ကူကိုဖြည်လိုက်သည်။
"ကိတ်မုန့်ဝယ်လာတာလား..."
"ကျွန်တော်ကိုယ်တိုင်လုပ်ထားတာ..." ကျွင်းချင်ယွီက ဆိုသည်။
"ကိတ်မုန့်ပိစိလေးတွေလည်း လုပ်ထားတယ်...ခင်ဗျားစားကြည့်ချင်လား..."
သူက ကိတ်မုန့်အသေးသုံးခုအနက် သစ်သီးများပါဝင်သည့်တစ်တုံးကို ဖုယွမ်ချွမ်းအတွက်ထားလိုက်သည်။
ဖုယွမ်ချွမ်းက အချိုမကြိုက်သော်လည်း ရေသူလေးလုပ်ထားသည့်ကိတ်မုန့်ကိုတော့ မငြင်းချေ။ သူကတစ်ကိုက်ကိုက်လိုက်သည်။ ခရင်မ်တွင် ကြယ်သစ်သီး၏အရသာများ စိမ့်ဝင်နေကာ အချိုဓာတ်အားထိန်းပြီးသားဖြစ်သွား၏။
"စားလို့ကောင်းတယ်..."
"စားနှင့်နော်... ပြီးရင်အင်္ကျီလဲပြီးဆင်းလာခဲ့...ကျွန်တော် မီးဖိုခန်းထဲဝင်လိုက်ဦးမယ်...ခဏကြာရင် အသင့်ဖြစ်တော့မှာပါ..."
ရေသူလေးက ချက်ပြုတ်ရသည်ကို ဝါသနာပါသဖြင့် ဖုယွမ်ချွမ်းက ထူးထူးခြားခြားမတွေးမိချေ။
သူက မျက်နှာဖုံးကိုကူညီ၍ဖယ်ရှားပေးကာ သတိပေးလိုက်သည်။
"ဓားသေးသေးပဲသုံးနော်...အေပရွန်ဝတ်ဖို့ မမေ့နဲ့ဦး..."
"ဟုတ်ပါပြီ..." ကျွင်းချင်ယွီ ပျော်ရွှင်စွာ ကတိပေးလိုက်၏။
သို့သော် ဖုယွမ်ချွမ်း စိတ်မချသေးပေ။
"ဓားနဲ့လှီးချင်တာရှိလား...ကိုယ်လုပ်ပေးမယ်လေ..."
"မရှိပါဘူး...." ကျွင်းချင်ယွီက ဟင်းပွဲအားလုံးကိုကိုယ်တိုင်ပြင်ဆင်မှာဖြစ်ရာ ဖုယွမ်ချွမ်းအား ကူညီခွင့်မပေးနိုင်ချေ။
သူက ဓာတ်လှေကားထံတွန်းပို့လိုက်၏။ "သွား...သွား...အပေါ်ထပ်မှာ ခဏစောင့်နေ..."
ဖုယွမ်ချွမ်းက ရှောင်ယွီတွန်းသည့်အတိုင်း ဓာတ်လှေကားရှေ့ရောက်သွားသည်။ သို့သော် သူက ပြန်လှည့်လာကာ "တစ်ခုခုဆို ကိုယ့်ကိုခေါ်လိုက်နော်..."
"ကောင်းပြီ..."
တကယ်တမ်းတွင် အားလုံးနီးပါးပြင်ဆင်ပြီးသားဖြစ်သည်။
ကျွင်းချင်ယွီက သူတို့နှစ်ယောက်အတွက် ဟင်းပွဲအချို့ကို ပြင်ဆင်ထားသည်။ ဖြုန်းတီးခြင်းက မကောင်းသလို ညဘက်အစားများခြင်းမှာလည်း မသင့်တော်ချေ။
ကိတ်မုန့်ကို စားပွဲအလယ်၌တင်ထားလိုက်သည်။ ဟင်းပွဲများကိုမူ ပတ်လည်၌ ဝန်းရံလိုက်၏။ အသားနှင့်အသီးအရွက်က မျှမျှတတနှင့် ပနံသင့်စွာတည်ခင်းလျှက်ရှိသည်။
ကျွင်းချင်ယွီက မှတ်ဉာဏ်တုကိုထုတ်ကာ ဖုယွမ်ချွမ်းကိုစာပို့လိုက်သည်။
သို့သော် စာတစ်စောင်ကကြိုရောက်နှင့်နေ၏။
ဖုယွမ်ချွမ်း : [ကိုယ်ဆင်းလာလို့ ရပြီလား...】
လွန်ခဲ့သည့်နှစ်မိနစ်က စာပို့ထားခြင်းပင်။
ကျွင်းချင်ယွီ စာပြန်လိုက်သည်။ : [ရပြီ...ဆင်းခဲ့တော့... 】
ဖုယွမ်ချွမ်းက ရေသူလေး တစ်စုံတစ်ခုကို ပြင်ဆင်နေမှန်းသတိပြုမိသဖြင့် အချိန်လုံလောက်စေရန်ရည်ရွယ်ကာ အဝတ်ကြာကြာလဲနေခဲ့တာဖြစ်သည်။
စာပို့ပြီးမကြာခင်မှာပင် ဓာတ်လှေကားအသံကို ကြားလိုက်ရသည်။
ကျွင်းချင်ယွီက လျှပ်စစ်လိုက်ကာများကိုပိတ်ရန် အသံဖြင့်ညွှန်ကြားလိုက်သည်။
မှောင်မိုက်သည့်အချိန်တွင် ဖယောင်းတိုင်၏အလင်းမှာ ပို၍လှပမှာပင်။
လိမ္မော်နှင့်အဝါ ရောစပ်ထားသောအလင်းရောင်က နွေးထွေးစွာဖြာကျလျှက်ရှိ၏။
သူက ဓာတ်လှေကားနားသို့သွားကာ ဖုယွမ်ချွမ်းအလာကို အသင့်စောင့်နေလိုက်သည်။
Xxxxxxx