Chapter 51
ဖုယွမ်ချွမ်းက ညဝတ်အင်္ကျီလဲလှယ်ထားကာ ပုံမှန်အေးစက်စက်အမူအရာနှင့် ဆန့်ကျင်ဘက် နွေးထွေးပုံပေါ်နေ၏။
ကျွင်းချင်ယွီ ထိုသူ့လက်မောင်းကို ခိုတွဲလိုက်သည်။ "စားရအောင်..."
ယခုအချိန်မှာ နေ့လည်စာဟူ၍ပြောဖို့လည်း နောက်ကျနေကာ ညစာဟုပြောရန်မှာလည်း အနည်းငယ်စောနေသေးသည်။
"ကောင်းပြီလေ..."
မီးဖိုခန်းထဲ၌ ကိတ်မုန့်ပေါ်တွင် ထွန်းညှိထားသည့် ဖယောင်းတိုင်မီးအလင်းရောင် ဝါဖျော့ဖျော့သာ ဖြန့်ကျက်လျှက်ရှိသည်။
ဖုယွမ်ချွမ်း အနည်းငယ်အံ့သြသွား၏။ "ဒီကြယ်ကိတ်က..."
ကိတ်ပေါ်တွင် ဟက်ပီဘက်ဒေးဟု မရေးထားပေ။ သစ်သီးများစွာနှင့်အလှဆင်ထားသည့် ပုံမှန်သစ်သီးကိတ်တစ်လုံးသာဖြစ်သည်။
"ဒီနေ့ ခင်ဗျားမွေးနေ့လေ..." ကျွင်းချင်ယွီ ဖုယွမ်ချွမ်းဘေးတွင်ထိုင်လိုက်သည်။
"မွေးနေ့ကိတ်နဲ့တော့ သိပ်မတူပေမယ့် ဖယောင်းတိုင်ထွန်းလိုက်တော့ သိပ်မကွာတော့ဘူးမဟုတ်လား..."
ကျွင်းချင်ယွီ ကိတ်မုန့်လုပ်သည့်အခါ ကြယ်တာရာခေတ်၏ လူအများစုက မွေးနေ့ကိတ်များကို ကြယ်ပုံသဏ္ဍာန်ပြုလုပ်ကြပြီး ကြယ်သုံးလုံးမှ ငါးလုံးအထိ ပုံဖော်ကြသည်ကို သတိပြုမိခဲ့သည်။
"ကိုယ့်မွေးနေ့လား..." ဖုယွမ်ချွမ်းက သူ့မွေးနေ့ကြယ်ကို မမှတ်မိသလို မွေးနေ့လည်းမကျင်းပဖူးချေ။
ကျွင်းချင်ယွီ ခေါင်းညှိတ်လိုက်ကာ "မြန်မြန်ဆုတောင်းပြီး ဖယောင်းတိုင်မီးမှုတ်လိုက်တော့လေ...ကိတ်မုန့်ပေါ်အရည်ပျော်ကျကုန်တော့မယ်..."
ဖယောင်းတိုင်မီးအလင်းရောင် ရောင်ပြန်ဟပ်နေသည့် ရေသူလေး၏မျက်ဝန်းများကိုကြည့်ရင်း ဖုယွမ်ချွမ်း ရင်ခုန်သံမြန်လာ၏။ သူက မျက်ဝန်းမှိတ်လိုက်ကာ "ကောင်းပြီလေ..."
ရေသူလေး သူ့မွေးနေ့အားသိနေရသည့်အကြောင်းရင်းကို ဖုယွမ်ချွမ်း မမေးခဲ့ချေ။ သူက မွေးနေ့ဆုမွန်တောင်းပြီးနောက် ဖယောင်းတိုင်မီးမှုတ်လိုက်၏။
ကျွင်းချင်ယွီ မီးပြန်ဖွင့်လိုက်သည်။ "ကိတ်မုန့်စားကြမယ်..."
"ကောင်းပြီ..."
အချိုပွဲဆိုင်တွင် ကျွင်းချင်ယွီက သစ်သီးအများအပြားစားခဲ့ပြီးပြီဖြစ်သည်။ ကိတ်မုန့်ဘူးတစ်ခုလည်း စားခဲ့သေးရာ သူကဗိုက်မဆာချေ။ သို့သော် ဖုယွမ်ချွမ်းနှင့်အတူတူ လိုက်စားပေးလေသည်။
စားသောက်ပြီးသည့်နောက် သူက ကိတ်မုန့်ကိုစားပွဲပေါ်မှ နေရာရွှေ့လိုက်၏။
"ကဲ...အခုက ရိုးရာအတိုင်းလုပ်ရမယ့်အချိန်ပဲ..."
"ကိတ်ခွဲရမှာလား..."
"ဒါပေါ့..." ကျွင်းချင်ယွီ ကိတ်လှီးဓားကို ဖုယွမ်ချွမ်းထံကမ်းပေးလိုက်၏။
"မွေးနေ့ကြယ်ပိုင်ရှင်က ကိတ်ခွဲရမယ်..."
ဖုယွမ်ချွမ်းက ကိတ်မုန့်ကိုခွဲကာ ရေသူလေးကို ဦးစွာကမ်းပေးလိုက်သည်။ ထို့နောက် သူ့အတွက် တစ်တုံးထပ်လှီးကာ စားကြည့်သည်။
ကျွင်းချင်ယွီက ကိတ်မုန့်စားရန် ခက်ရင်းလေးကိုင်လိုက်သော်လည်း ဖုယွမ်ချွမ်းကို အရင်မေးလိုက်သည်။ "အရသာရှိလား..."
"အင်း..."
"ခင်ဗျား ကြိုက်တယ်ဆိုပြီးတာပဲ..."
ဖုယွမ်ချွမ်းက ဗိုက်ပြည့်နေပြီဖြစ်သောကြောင့် ကိတ်မုန့်ကို အေးအေးဆေးဆေးသာစားနေသည်။
ကျွင်းချင်ယွီက တစ်ဖက်လူကိတ်မုန့်ကုန်သွားချိန်ကိုစောင့်ကာ အမြန်ပြောလိုက်၏။
"စားနေတာကြည့်ပါဦး...မျက်နှာတစ်ခုလုံး ခရင်မ်တွေ ပေကျံနေတာပဲ..."
ဖုယွမ်ချွမ်း သူ့မျက်နှာသူထိကြည့်လိုက်သည်။ သို့သော် ဘာခရင်မ်ကိုမှ မခံစားရချေ။
ကျွင်းချင်ယွီ ခေါင်းယမ်းလိုက်၏။ "ဒီနားလေးမှာ..."
"ဒီမှာလား..."
ကျွင်းချင်ယွီက ထိုင်ခုံမှထကာ ဖုယွမ်ချွမ်းအနားတိုးလာသည်။
ပထမတွင် ဖုယွမ်ချွမ်း ဒီအတိုင်းကြည့်နေသော်လည်း ရေသူလေးက လက်ကိုအနောက်တွင်ဖွက်ထားသည်ကို သတိပြုမိလိုက်၏။
ကျွင်းချင်ယွီက သူ၏ကိတ်မုန့်ဝေစုမှ ခရင်မ်အနည်းငယ်ယူထားခြင်းဖြစ်သည်။
ဖုယွမ်ချွမ်း၏ သတိလက်လွတ်ဖြစ်နေမှုအား အခွင့်ကောင်းယူကာ သူက ထိုခရင်မ်များကို တစ်ဖက်လူ၏ပါးပြင်ထက် အောင်အောင်မြင်မြင်သုတ်လိုက်နိုင်လေသည်။
ဖုယွမ်ချွမ်း ကြောင်အသွား၏။ ခရင်မ်၏စိုစွတ်သောအထိအတွေ့က သူ့မျက်နှာထက်နေရာယူလာသည်။
ကျွင်းချင်ယွီက အပြစ်ကင်းဟန်ဖြင့် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။
သူတို့နှစ်ဦး ခဏတာအကြည့်ချင်းဆုံသွားကာ ကျွင်းချင်ယွီ လှည့်ပြေးတော့လေသည်။
ဓာတ်လှေကားတံခါးက တစ်စုံတစ်ဦးချဥ်းကပ်လာသည်နှင့် အလိုအလျောက်ပွင့်သွားသည်။ ကျွင်းချင်ယွီ အထဲသို့ပြေးဝင်စဥ် အားတစ်ခုကကိုယ်ပေါ်သို့ သက်ရောက်လာခြင်းနှင့်အတူ သူ့တစ်ကိုယ်လုံး ဓာတ်လှေကားအတွင်းသို့ လုံးလုံးလျားလျားရောက်သွားလေသည်။
"ဟမ်..."
ဖုယွမ်ချွမ်းက သူ့ရှေ့တွင်ပိတ်ရပ်နေ၏။ ကျွင်းချင်ယွီခေါင်းမော့လိုက်စဥ် လက်ဖဝါးတစ်ဖက်က သူ့ပါးပြင်အား ညှင်သာစွာပွတ်သပ်လာသည်ကို ခံစားလိုက်ရသည်။
ကျွင်းချင်ယွီက ဖုယွမ်ချွမ်းနှင့်ဓာတ်လှေကားနံရံကြားတွင် အပြစ်ကင်းအားနည်းစွာ ပိတ်မိသွားလေသည်။
ဖုယွမ်ချွမ်းက သူ့ကိုထိရုံသာထိကာ စကားတစ်ခွန်းမှမဆိုချေ။
ကျွင်းချင်ယွီ ခေါင်းလေးငုံ့သွားသည်။ ခဏကြာသော် အသံတိုးတိုးလေးဖြင့်ဆိုလာ၏။
"နည်းနည်းလေးပဲလေ..."
"ဟုတ်လို့လား..."
"ခရင်မ် အများကြီးမဟုတ်ပါဘူး..."
ရေသူလေးကိုကြည့်ရင်း ဖုယွမ်ချွမ်းတစ်ခုခုမှားနေသလို ခံစားလိုက်ရသည်။ ခရင်မ်ကြောင့်လို့ သူကထင်နေတာလား...
သူက ရေသူလေးချော်လဲမှာစိုးလို့ အမြန်ဖမ်းလိုက်တာ...
ချော်လဲရင် ခြေထောက်အရမ်းနာသွားမှာလေ...
ဖုယွမ်ချွမ်းက ရေသူလေး၏မေးကိုကိုင်ကာ မော့စေသည်။ ထို့နောက် လေးနက်စွာမေးလာ၏။
"မင်းအမှားလုပ်လား မလုပ်ဘူးလား..."
"မှားပါတယ်..."
"နောက်တစ်ခါ လုပ်ဦးမှာလား..."
"ဟင့်အင်း..."
အမေးနှင့်အဖြေကြား အနည်းငယ်ပင်တုံ့ဆိုင်းမနေချေ။
ဖုယွမ်ချွမ်း : "..."
ရှောင်ယွီက လိမ်မာသင့်သောအချိန်မှသာ လိမ်မာချင်ယောင်ဆောင်တတ်သည်။
ဖုယွမ်ချွမ်း သက်ပြင်းချကာ ရေသူလေး၏ဆံနွယ်များကို ပွတ်သပ်ပေးလိုက်၏။
"နောက်တစ်ခါ မပြေးရဘူးနော်...ချော်လဲရင်ဘယ်လိုလုပ်မလဲ..."
ကျွင်းချင်ယွီ ကြောင်အသွား၏။ ထို့နောက် ပြုံးလိုက်ကာ "ကျွန်တော် သိပါပြီ..."
"ခြေထောက်နာသွားလား..."
ဝိဉာဥ်စွမ်းအင်ပြည့်ဝနေသဖြင့် ရေနှင့်မထိသည်မှာကြာသော်လည်း ခြေထောက်နာခြင်းမရှိချေ။
"မနာပါဘူး..." ကျွင်းချင်ယွီက ဖုယွမ်ချွမ်းမျက်နှာပေါ်ရှိ ခရင်မ်များကို လက်နှင့်အသာဖယ်ရှားပေးသည်။
အစတွင် ဖုယွမ်ချွမ်းက ရေသူလေးခရင်မ်ဖယ်ရှားနိုင်ရန် ခေါင်းငုံ့ပေးလာ၏။ သို့သော် ရေသူလေး၏လက်တွင်လည်း ခရင်မ်များရှိနေသေးသည်ကို သတိရသွားသည်။
ဖုယွမ်ချွမ်း မျက်ခုံးများမြင့်တက်သွားသည်။ "ငါးလေး..."
"ဟမ်...ဘာဖြစ်လို့လဲ..." ကျွင်းချင်ယွီက အပြစ်ကင်းဟန်ဖြင့်ကြည့်လာ၏။
ဖုယွမ်ချွမ်းမျက်နှာပေါ်တွင် သူ့ကြောင့် ခရင်မ်ထပ်ပေသွားသည်ကို တွေ့လိုက်ရသဖြင့် ကျွင်းချင်ယွီက ရယ်ချင်စိတ်ကိုဖုံးရန် ချောင်းအသာဟန့်လိုက်သည်။
ဖုယွမ်ချွမ်း မျက်ဝန်းများမှေးကျဥ်းလိုက်သည်။
ကျွင်းချင်ယွီက သူအပြစ်ပေးခံရတော့မည်ကို သတိပြုမိသဖြင့် ဘေးဘက်သို့အသာရွေ့ရန်ပြင်လိုက်သည်။ သို့သော် ဖုယွမ်ချွမ်းလက်မောင်းများအတွင်း ပိတ်မိသွားလေသည်။
"အဲ့ဒါက...အိုး..."
စကားမဆုံးခင် ဖုယွမ်ချွမ်း၏လက်များက သူ့ခါးကိုရစ်ပတ်လာကာ ချီမခြင်းခံလိုက်ရသည်။
ကျွင်းချင်ယွီ၏ပါးပြင်များ နီရဲသွားလေသည်။
ဖုယွမ်ချွမ်း ခေါင်းငုံ့လိုက်ကာ ခရင်မ်များပေနေသောမျက်နှာနှင့် ရေသူလေး၏ပါးပြင်ကို ပွတ်သပ်လိုက်၏။
ကျွင်းချင်ယွီ : "..."
ကျွင်းချင်ယွီက မျက်ဝန်းအဝိုင်းသားလေးနှင့် ရုန်းလည်းမရုန်းနိုင်ပဲ ခရင်မ်အသုတ်ခံလိုက်ရလေသည်။
အေးစက်စက်ခရင်မ်က သူတို့၏မျက်နှာပေါ်တွင် နွေးထွေးသွားခဲ့၏။
ဖုယွမ်ချွမ်း သူ့အားလွှတ်ပေးချိန်တွင် ကျွင်းချင်ယွီ၏မျက်နှာတစ်ခုလုံး ခရင်မ်များအပြည့်ဖြစ်နေလေသည်။
ဖုယွမ်ချွမ်းသည်လည်း ထူးမခြားနားပေ။
ကျွင်းချင်ယွီက သူတို့နှစ်ဦး၏အခြေအနေကိုကြည့်ရင်း နှုတ်ခမ်းထောင့်လေးမြင့်တက်ကာ ပြုံးယောင်သမ်းလာခဲ့သည်။
"ဟားဟား...ခင်ဗျားဆံပင်မှာ ခရင်မ်တွေပေကုန်ပြီ..."
ကျွင်းချင်ယွီ ရယ်မောရင်း ဖုယွမ်ချွမ်းလက်မောင်းပေါ် မသိမသာမှီချလိုက်ကာ သူ့မျက်နှာပေါ်ကခရင်မ်များကို တစ်ဖက်လူ၏အင်္ကျီနှင့်သုတ်လိုက်သည်။
ရေသူလေး၏လှုပ်ရှားမှုသေးသေးလေးကို ဖုယွမ်ချွမ်း သတိထားမိသော်လည်း ခဏကစားခွင့်ပေးထားလိုက်၏။
"မျက်နှာသွားသစ်ရအောင်..."
ကျွင်းချင်ယွီ၏မျက်နှာပေါ်တွင် ခရင်မ်များကျန်နေသေးသည်။
"ကောင်းပြီလေ..."
---
ကျွင်းချင်ယွီ မျက်နှာသစ်ရန် ကိုယ်ကိုကိုင်းလိုက်စဥ် ဆံပင်များကဝင်ရှုပ်ပြန်သည်။ ဖုယွမ်ချွမ်းက သူ့နောက်မှနေ၍ ရေသူလေး၏ဆံပင်ရှည်ကို လက်နှင့်အသာထိန်းထားပေး၏။ (ဘဲရမှ မျက်နှာသစ်တော့မယ်နော်)
"ခေါင်းနည်းနည်းငုံ့..."
"ဟမ်...ဘာလို့လဲ..." ကျွင်းချင်ယွီခေါင်းငုံ့ပေးလိုက်၏။
ဖုယွမ်ချွမ်းက လက်ကိုရေဆွတ်ကာ ရေသူလေးဆံပင်ပေါ်ရှိခရင်မ်များကို ဖယ်ရှားပေးလိုက်သည်။ "ဆံပင်ပေါ်မှာကျန်သေးတယ်..."
ရွှေရောင်ဖျော့ဖျော့ ဆံနွယ်များထက်ရှိ ခရင်မ်ဖြူဖြူများက ပို၍ပင်ချွတ်ရခက်သည်။ ရှန်ပူကိုသုံးလိုက်မှသာလျှင် ချွတ်၍ရလာ၏။
ထို့နောက် ရေသူလေး၏ဆံပင်ရေစိုကို ဖုယွမ်ချွမ်းက ပုဝါတစ်ထည်နှင့်သုတ်ပေးလေသည်။ "ခြောက်သွားရင် အပြင်ထွက်ကြမယ်..."
"လေမမှုတ်ချင်ဘူး...ခဏနေရင်ခြောက်သွားမှာပဲဟာ..." အချိန်အကြာကြီး အခြောက်ခံရသည်ကို ကျွင်းချင်ယွီ မနှစ်မြို့ချေ။
သူက ဆံပင်ကိုတဘက်နှင့်ပတ်ရင်း ပြောလိုက်သည်။ "ကျွန်တော် အဝတ်အရင်လဲလိုက်ဦးမယ်..."
မျက်နှာတင်မက အင်္ကျီလည်ပင်းတစ်ဝိုက်တွင်လည်း ခရင်မ်များပေနေလေသည်။ ကံကောင်းစွာဖြင့် လည်ပင်းကိုတော့ထိမသွားချေ။ မဟုတ်ပါက သူရေပါချိုးရပေလိမ့်မည်။
"ကောင်းပြီလေ..."
ကျွင်းချင်ယွီက အဝတ်များကို အဝတ်လျှော်စက်ထဲထည့်လိုက်သည်။ အခြောက်ခံပြီးသည့်အခါ၌ စက်ရုပ်ကလာသိမ်းပေးလိမ့်မည်။
မီးဖိုခန်းထဲတွင် ဆေးစရာပန်းကန်များကျန်နေသေးသည်။
သို့သော် မီးဖိုခန်းထဲ မည်သူမှ မရှိတာသေချာသည်နှင့် သန့်ရှင်းရေးစက်ရုပ်က အလိုအလျှောက်သန့်ရှင်းပေးမှာဖြစ်၏။
၎င်းတို့တွင် အသိဉာဏ်ကြွယ်ဝခြင်းမရှိသော်လည်း သန့်ရှင်းရေးကိုတော့ ကောင်းမွန်စွာလုပ်နိုင်လေသည်။
ကျွင်းချင်ယွီက ညအိပ်ဝတ်စုံလဲလှယ်ပြီးသည်နှင့် ကွန်ပြူတာကို ဖွင့်ကြည့်လိုက်သည်။
ဝမ်ချန်းယောင်က မနက်ကတည်းကထွက်သွားခြင်းဖြစ်ရာ Mကြယ် ကိုရောက်သင့်နေပြီဖြစ်သည်။
သို့သော် မည်သည့်သတင်းအသစ်မှတက်မလာချေ။
ခုထိ မရောက်သေးဘူးလား...
မဖြစ်သင့်ဘူးလေ...
ရုတ်တရက် ဝမ်ချန်းယောင်၏ နံပါတ်အားမမှတ်ရသေးသည်ကို ကျွင်းချင်ယွီသတိရသွားသည်။
အချင်းချင်းဆက်သွယ်ရန်အတွက် အွန်လိုင်းစတိုးကိုသာ အားကိုးရတော့မှာပင်။
သူက အွန်လိုင်းဆိုင်ကိုဖွင့်လိုက်သည့်အခါ ဝမ်ချန်းယောင်၏စာများက ဆက်တိုက်ဝင်လာ၏။
အွန်လိုင်းစတိုးတွင် အခြားနံပါတ်များအား ပိတ်ဆို့ထားသဖြင့် ကျွင်းချင်ယွီက မှတ်ညဏ်တုနံပါတ်အားမတောင်းခဲ့မိချေ။
ဓာတ်ပုံများမှာ Mကြယ် မျက်နှာပြင်၏ပုံများဖြစ်ပြီး တစ်ပုံချင်းဆီက အလွန်လှပလေသည်။
အခြားဂြိုဟ်များနှင့်ယှဥ်ပါက သူတို့နေထိုင်နေသည့်ဂြိုဟ်မှာ သာမန်ဆန်လှ၏။
ဝမ်ချန်ူယောင် : [ Mကြယ်ကို မင်းတကယ်စိတ်ဝင်စားတာလား...ဒီဂြိုဟ်က နည်းနည်းတော့အိုဟောင်းနေသလိုပဲ... 】
M ကြယ်က ကြွယ်ဝသောဂြိုလ်မဟုတ်သလို သတ္တုဓာတ်အများဆုံးရှိသော ဂြိုဟ်လည်းမဟုတ်ပေ။ ထို့ကြောင့် ကြယ်သူခိုးများကပင် ထိုဂြိုဟ်အား မျက်စိမကျကြခြင်းဖြစ်သည်။
ဝမ်ချန်းယောင် ဤနေရာသို့ရောက်ကာစက ဂြိုဟ်၏ပုံစံကိုကြည့်ရင်း နေရာမှားလာသည်ဟူ၍ပင် ထင်ခဲ့မိ၏။
ကျွင်းချင်ယွီက အများကြီးရှင်းမပြချေ။ ဝမ်ချန်းယောင်ညီမ၏ စိတ်စွမ်းအားမှာ မှတ်ဉာဏ်တုစက်များဖြင့် တူညီလေသည်။ သူက ဤအကြောင်းကို ဝမ်ချန်းယောင်သိမသိ စမ်းသပ်ခဲ့ခြင်းဖြစ်၏။
ယခူမူ ဝမ်ချန်းယောင် ထိုကိစ္စအား ဘာမှသိပုံမရချေ။
ပြသနာမှာ ဝမ်ချန်းယောင်၏ညီမဖြစ်သူနှင့်သာ သက်ဆိုင်နေသည့်အတွက် သူကိုယ်တိုင် ထိုမိန်းကလေးအား သွားတွေ့ရတော့မှာပင်။
ကျွင်းချင်ယွီ : [တိုက်ပွဲပြီးတာနဲ့ ပြီးပြီ... 】
ဝမ်ချန်းယောင် : [ကောင်းပြီ... 】
ကျွင်းချင်ယွီက ပုံတစ်ချို့ကိုသိမ်းဆည်းထားလိုက်သည်။ ထို့နောက် ဝမ်ချန်ယောင်နှင့်စကားပြောခန်းကိုဖျက်ကာ တခြားစကားပြောခန်းများအား စစ်ဆေးကြည့်လိုက်၏။ အသီးအရွက်ဖျော်ရည်ဝယ်ထားသူများကို ပြန်အမ်းငွေပို့ပေးလိုက်၏။
အချိန်တစ်ခုလောက်အထိ အသီးအရွက်ဖျော်ရည်များကို သူသိသည့်လူ့အနည်းငယ်ကိုသာ ဝေမျှသည်က ပိုကောင်းလိမ့်မည်။
အရင်က သူ့စကားပြောခန်းတွင် တစ်ခုနှစ်ခုသာရှိသော်လည်း ယခုမူ ၉၉ခုကျော်ရှိနေ၏။
အများစုက အမည်မသိလူများသာဖြစ်သည်။ သို့သော် ထိုသူများမှာ အင်ပါယာခေါင်းဆောင်နှင့် ဆက်စပ်နေသည်ဟု ကျွင်းချင်ယွီခံစားချက်ရနေ၏။
သူက ခဏတွေးလိုက်ကာ ကီးဘုတ်ပေါ်တွင် လက်ချောင်းများပြေးလွှားလိုက်သည်။ စာများအားလုံးကို ဂရုတစိုက်ဖတ်ပြီးသည်နှင့် ပြန်စာမပို့တော့ပဲ တစ်ပြိုင်နက်ဖျက်ပစ်လိုက်လေသည်။
ထိုစဥ် ဖုယွမ်ချွမ်းက သူ့အတွက်ရေနွေးတစ်ခွက် ငှဲ့ပေးလာသည်။ ကျွင်းချင်ယွီ ကွန်ပြူတာကို ဖုယွမ်ချွမ်းဘက်လှည့်လိုက်ကာ "ယွမ်ချွမ်း...အမည်မသိအကောင့်တော်တော်များများက အသီးအရွက်ဖျော်ရည် ဝယ်ချင်နေကြတယ်..."
"မစိုးရိမ်နဲ့..." ဖုယွမ်ချွမ်းက စကားပြောခန်းကို ခပ်ပေါ့ပေါ့တစ်ချက်ကြည့်လိုက်သည်။
"ကိုယ် အွန်လိုင်းစတိုးကို ခဏစီစဥ်ပေးမယ်..."
Xxxxxxx