အပိုင်း ၅၂
Viewers 18k

Chapter 52


သူက ရေသူလေးအား ထိုသတင်းများကြောင့် စိတ်အနှောင့်အယှက် အဖြစ်မခံစေလိုပေ။ 


အင်ပါယာခေါင်းဆောင်က သစ်သီးဖျော်ရည်အကြောင်း မေးခဲ့သည်။ ဖုယွမ်ချွမ်းက အွန်လိုင်းကဝယ်သည်ဟူ၍သာ ရိုးရိုးရှင်းရှင်းဖြေခဲ့၏။


သို့သော် ပိုင်ရှင်မည်သူမှန်းမသိကြောင်းနှင့် မတော်တဆတွေ့ခဲ့ခြင်းသာဖြစ်ကြောင်း တစ်ခါထဲပြောထားလိုက်၏။


အင်ပါယာခေါင်းဆောင်မှာ ဒေါသထွက်သွားသော်လည်း ဘာမှမတတ်နိုင်ခဲ့ချေ။


ဖုယွမ်ချွမ်းကြားခံရှိနေသဖြင့် တစ်ဖက်လူက အွန်လိုင်းစတိုး၏ပိုင်ရှင်ကို မရှာနိုင်တော့ချေ။ ထို့ကြောင့် တိုက်ရိုက်ဆက်သွယ်ရန်သာ နည်းလမ်းရှာတော့သည်။


အွန်လိုင်းစတိုး၏စကားပြောခန်းတွင် နေ့နေ့ညည စာပို့နေသူများနှင့် ပြည့်နှက်နေသော်လည်း ရေသူလေးက လိုင်းပေါ်မရှိလေရာ ဘာတစ်ခုမှမသိခြင်းဖြစ်၏။


ထိုစာများထဲတွင် သူ့အားနှိမ်ချကာ အင်ပါယာခေါင်းဆောင်အား ချီးကျူးထားသည့် စာများလည်းပါဝင်သဖြင့် ရှောင်ယွီမဖတ်သည်က အကောင်းဆုံးဖြစ်၏။


ကျွင်းချင်ယွီက ဖုယွမ်ချွမ်း၏အစီအစဥ်ကို မကျေမနပ်မဖြစ်ပေ။ "ကောင်းပြီလေ..."


"မင်းမှာ သစ်သီးအလုံအလောက်ရှိရဲ့လား..."


"လုံလောက်ပါတယ်..." ကျွင်းချင်ယွီက သစ်သီးဖျော်ရည်တွင် ​နေရာလွတ်ထဲရှိအသီးများ၏ ဝိဉာဥ်စွမ်းအင်ကိုဖုန်းကွယ်ရန် ကြယ်စုရှိအသီးများကိုလည်း ပမာဏအများအပြား ထည့်လေ့ရှိသည်။


ထိုမှသာ အင်ပါယာခေါင်းဆောင်၏လက်တွင်းသို့ သစ်သီး​ဖျော်ရည်ရောက်သွားလျှင်ပင် မည်သည့်ထူးခြားချက်ကိုမှ မရှာနိုင်မှာဖြစ်၏။


ဖုယွမ်ချွမ်းက အိပ်ယာအစွန်းတွင်ထိုင်ရင်း ရေသူလေး၏ ခြောက်သွေ့နေပြီဖြစ်သော ဆံနွယ်များကို ဘီးဖြင့်ရှင်းလင်းပေးနေသည်။


အားလုံးရှင်းလင်းပြီးသည့်အခါ ရေသူ​လေး၏ပါးပြင်အား ခပ်ဖွဖွထိတွေ့လိုက်၏။ 


"ကိုယ် လုပ်စရာရှိတာလုပ်လိုက်ဦးမယ်...ခဏစောင့်နော်..."


"ကောင်းပြီလေ..."


---


ကျွင်းချင်ယွီက ဖုယွမ်ချွမ်းမကြာခင် အိပ်ယာပေါ်ပြန်ရောက်လာလိမ့်မည်ဟု ထင်ခဲ့သော်လည်း သူအိပ်ငိုက်လာသည်အထိ တစ်ဖက်လူက အလုပ်မပြီးသေးပဲဖြစ်နေလေသည်။


သူက စောင်ကိုဆွဲယူကာ မျက်ဝန်းများကို အိပ်ချင်မူးတူး​ဖြင့် ပွတ်သပ်လိုက်၏။ "ယွမ်ချွမ်း...ခုထိမအိပ်သေးဘူးလား...နောက်ကျနေပြီ..."


ဖုယွမ်ချွမ်းက အခန်းမီးကိုမှိတ်ပေးလိုက်သော်လည်း ကွန်ပြူတာတစ်လုံးနှင့် အလုပ်ရှုပ်နေဆဲဖြစ်သည်။


 "အိပ်နှင့်နော်...ကိုယ်ခဏနေလာခဲ့မယ်..."


ကျွင်းချင်ယွီက မျက်ဝန်းများမှေးကျဥ်းလိုက်ကာ ခေါင်းအုံးကိုပိုက်ရင်း မှတ်ဉာဏ်တုကိုဖွင့်ကြည့်လိုက်၏။ အချိန်မှာ အတော်လင့်နေပြီဖြစ်၏။


သူက အပျင်းကြောဆန့်ရင်းထထိုင်လိုက်ကာ ဖုယွမ်ချွမ်းနံဘေးသို့ လျှောက်သွားလိုက်သည်။


ရေသူလေးအနားကပ်လာသည်ကို ဖုယွမ်ချွမ်း ခံစားမိလိုက်၏။ "ဘာဖြစ်လို့လဲ..."


"အမ်..." ကျွင်းချင်ယွီက သူ့အားစတော်ဘယ်ရီသီးတစ်လုံး ခွံ့ကျွေးလိုက်သည်။ "အိပ်မငိုက်ဖူးလား..."


"ကျွန်တော်အိပ်ငိုက်နေပြီ...အိပ်ကြမယ်နော်..."


ဖုယွမ်ချွမ်းက ဖိုင်တစ်ချို့ကိုထပ်မံဖွင့်ရင်း ပြောလာ၏။: "ကိုယ် ဒါဖတ်ပြီးရင်အိပ်မယ်လေ..."


ကျွင်းချင်ယွီ ထိုဖိုင်များကိုတစ်ချက်ကြည့်လိုက်သည်။ ဖိုင်များတွင် အရေးကြီးကိစ္စများမပါရှိပေ။ ဖုယွမ်ချွမ်းက အလုပ်ကြွေးမထားတတ်၍သာ ချက်ချင်းလုပ်နေခြင်းဖြစ်၏။


ကျွင်းချင်ယွီက မျက်ဝန်းများကိုပွတ်သပ်လိုက်ကာ ရေသူလေးအဖြစ်အသွင်ပြောင်းရင်း ဖုယွမ်ချွမ်းလက်မောင်းပေါ်မီလိုက်သည်။


နောက်ကျတဲ့ထိ တူတူနေကြတာပေါ့...


မျက်ရည်ဝဲသည်အထိသမ်းနေသော ရေသူလေးကိုကြည့်ရင်း ဖုယွမ်ချွမ်းက လက်ချောင်းထိပ်ကလေးဖြင့် ငါးမြှီးလေးကိုတို့ထိလိုက်၏။ "ဘာဖြစ်လို့လဲ...အရင်အိပ်နှင့်လေ..."


ကျွင်းချင်ယွီ ခေါင်းခါကာ ဖုယွမ်ချွမ်း၏လက်ချောင်းကို သူ့အမြှီးဖြင့်ရစ်ပတ်လိုက်သည်။ "မရပါဘူး...ခင်ဗျားအိပ်မှအိပ်မှာ..."


ရေသူလေးက သူ၏အိပ်ချင်မူးတူးမျက်ဝန်းလေးများကို မနည်းအားယူ၍ ဖွင့်နေရပုံပေါ်သည်။


ဖုယွမ်ချွမ်းက ရေသူ​​လေး အိပ်ငိုက်ပြီး ပုခုံးပေါ်မှပြုတ်မကျစေရန် လက်နှင့်အသာထိန်းပေးထား​လေသည်။


ထို့နောက် တစ်ခြားလက်တစ်ဖက်နှင့် အပြီးမသတ်ရသေးသော ဖိုင်များကိုလက်စသတ်ကာ ကွန်ပြူတာကိုပိတ်လိုက်၏။


ကျွင်းချင်ယွီ ကွန်ပြူတာပိတ်သည့်အသံကြောင့် မျက်ဝန်းဖွင့်ကြည့်လာသည်။ သူက တစ်စုံတစ်ခုပြောရန် ထလိုက်ချိန်တွင် အနည်းငယ်ယိုင်ထိုးသွား၏။


ကျွင်းချင်ယွီ လက်နှစ်ဖက်ကိုဆန့်တန်းကာ ကိုယ်ဟန်ကိုထိန်းယူလိုက်သည်။ သို့သော် သူကောင်းကောင်းနေရာမယူနိုင်သေးခင် ဖုယွမ်ချွမ်းလက်ဖြန့်ပေးလာ၏။


သူက ဖုယွမ်ချွမ်းလက်ဖဝါးပေါ် လဲလျောင်းလိုက်ကာ အမြှီးကိုအသာအယာလှုပ်ယမ်းလိုက်သည်။ "အာ..."


"အိပ်ကြမယ်..."


"အွန်း..."


---


အိပ်ရာဝင်နောက်ကျသည့်အတွက် နောက်တစ်နေ့နံနက်၌ ကွန်ပြူတာမှစာများစွာဝင်လာသည့် အသံကပင် ရေသူလေးအားမနှိုးနိုင်ခဲ့ချေ။


ကွန်ပြူတာမျက်နှာပြင်ကို ဖုယွမ်ချွမ်းစစ်ဆေးလိူက်သည့်အခါ စိတ်စွမ်းအားလှုံ့ဆော်မှု ဖြစ်ပွားခဲ့သော တည်နေရာများကို တွေ့လိုက်ရ၏။


ဖုယွမ်ချွမ်းမျက်မှောင်ကြုတ်လိုက်သည်။ နေရာအများစုက စီးပွားရေးအချက်အချာလမ်းမများဖြစ်သည်။ အကယ်၍ ဤသို့သောအဖြစ်အပျက်မျိုးသာ ဆက်တိုက်ဖြစ်ပွားနေပါက ထို​နေရာ၌နေထိုင်သူများအဖို့ အခက်အခဲများစွာကြုံရမှာဖြစ်၏။


သို့သော် ထိုကဲ့သို့ဖြစ်ရသည့် အကြောင်းအရင်းကို မည်သူကမှဖော်ထုတ်ထားခြင်းမရှိလေရာ တစ်စုံတစ်ဦး၏အကြံအစည်သာဖြစ်ရမည်။


ခဏတွေးပြီးနောက် ဖုယွမ်ချွမ်းက ကျွင်းချင်ယွီ၏ပါးပြင်ကို ထိတွေ့လိုက်၏။


 "ရှောင်ယွီ...ရှောင်ယွီ..."


ကျွင်းချင်ယွီက အသက်ရှူသံမှန်မှန်နှင့် အိပ်မောကျနေဆဲပင်။


ရေသူလေး အိပ်ယာနိုးနေချိန်တွင် ထက်ထက်မြက်မြက်နှင့် လိမ်မာသောပုံရိပ်ရှိတတ်သည်။ သူအိပ်​နေချိန်၌မူ သနားစဖွယ်နှင့် အေးချမ်းသောပုံရိပ်လေး ထင်ဟပ်နေလေ၏။


ဖုယွမ်ချွမ်း ရေသူလေးကိုမနှိုးရက်ချေ။


သူက ဗီဒီယိုအစည်းအဝေးအတွက် ပြင်ဆင်လိုက်သည်။


ဗီလာထဲတွင် အခြားအခန်းများရှိသော်လည်း ရေသူလေးနိုးလာသည့်အချိန်၌ သူ့အားရှာမတွေ့ပါက စိတ်မကောင်းဖြစ်ပေလိမ့်မည်။


"ရှောင်ယွီ...ကိုယ်လုပ်စရာ​လေးရှိလို့..."


"နိုးရင် ကိုယ့်ဆီလာခဲ့နော်..."


ဖုယွမ်ချွမ်းက ညှင်သာစွာချော့မြှူလိုက်၏။


"ဘူး~" ရေသူလေးက မျက်လုံးမဖွင့်ပဲ ခပ်တိုးတိုးရေရွတ်လိုက်သည်။


ထိုအရာကိုတွေ့သောအခါ ဖုယွမ်ချွမ်းက "ဒါဆို ကိုယ်သွားတော့မယ်နော်..."


"အင်း..."


ရေသူ​လေးကနိုးမလာချေ။ ဖုယွမ်ချွမ်း ထိုအပြုအမူလေးကို သဘောတူခြင်းဟု မှတ်ယူလိုက်၏။ သို့သော် သူအိပ်ယာထဲမှထရန်ပြင်လိုက်စဥ် တစ်စုံတစ်ဦးက သူ၏ညဝတ်အင်္ကျီကိုဆုပ်ကိုင်ထားကြောင်း တွေ့ရှိလိုက်ရ၏။


ဖုယွမ်ချွမ်း : "......"


ရှောင်ယွီ သေချာပေါက်အိပ်မောကျနေတာပါ...ဘယ်လိုလုပ် ဒီလောက်တင်းတင်းဆုပ်ထားပါလိမ့်...


သူက အင်္ကျီကိုဆွဲယူလိုက်လျှင် ရေသူလေးနိုးသွားမှာစိုးရိမ်​နေသည်။


ဖုယွမ်ချွမ်းဘာမှမလုပ်နိုင်ခင် ရေသူလေးက သူ၏အင်္ကျီအားဆွဲရုံနှင့်သာ မကျေနပ်နိုင်တော့ပဲ အနားကပ်လာကာ ဖုယွမ်ချွမ်း၏လည်တိုင်ကို ခေါင်းဖြင့်တိုးဝှေ့လိုက်သည်။


တစ်ချိန်ထဲတွင် အင်္ကျီကော်လံအား ဆွဲထားရန်လည်းမမေ့ခဲ့ချေ။


ဖုယွမ်ချွမ်းအကြည့်က ငါးကန်ဆီရောက်သွား၏။ ရှောင်ယွီက နိုးလာပြီးခဏကြာသည်နှင့် လူသားပုံစံဖြစ်သွားတာဖြစ်သည်။ ဆံပင်များရေစိုနေပါက အခြောက်ခံစက်ဖြင့် မှုတ်ချင်မှာမဟုတ်ချေ။


ဖုယွမ်ချွမ်း ဘာလုပ်ရမှန်းမသိခင် သူ့အိတ်ကပ် လေးသွားသည်ကို သတိပြုလိုက်မိ၏။ သူငုံ့ကြည့်လိုက်သည့်အခါ ရေသူလေးက သူ၏အင်္ကျီအိတ်ထဲ ဝင်အိပ်နေပြီဖြစ်သည်။


---


"ဒါကအရမ်းလွန်တယ်...ကျွန်တော်တို့အကြောင်းသိချင်ရုံသက်သက်နဲ့ ပြည်သူတွေကိုပါဒုက္ခရောက်စေတာပဲ..."


"တစ်ဖက်လူက သံသယဖြစ်စရာကိစ္စတွေအများကြီးနဲ့ ရောဂါအကြောင်းဖုံးပစ်လိုက်တော့ ကောက်ချက်ချဖို့တောင်ခက်သွားပြီ..."


...


ကျွင်းချင်ယွီက အိပ်တစ်ဝက်နိုးတစ်ဝက်နှင့် ထိုစကားသံများကို ကြားနေရခြင်းဖြစ်သည်။ သူက ဂရုတစိုက်နားထောင်ကြည့်လိုက်၏။


တစ်စုံတစ်ဦး အမှန်တကယ် စကားပြောနေပုံရသည်။


ကျွင်းချင်ယွီမျက်မှောင်ကြုတ်လိုက်ကာ မျက်ဝန်းများကို အားယူ၍ဖွင့်ကြည့်လိုက်သည်။


မျက်လုံးဖွင့်ဖွင့်ချင်း မြင်လိုက်ရသည်က သူရောက်နေသည်မှာ အိပ်ခန်းမဟုတ်သည်ကိုပင်။


ကျွင်းချင်ယွီ ယောင်နနဖြင့်ထထိုင်လိုက်၏။


ထိုစဥ် အပေါ်ဘက်ရှိပွင့်နေသောနေရာမှ လက်တစ်ဖက်ဝင်လာသည်။


ကျွင်းချင်ယွီက အခြေအနေကိုတဖြည်းဖြည်းနားလည်လာ၏။


မနက်က ဖုယွမ်ချွမ်း သူ့အား တစ်ခုခုပြောခဲ့သည်။ သို့သော် မနေ့ညက အိပ်ရာဝင်နောက်ကျသည့်အတွက် သူ အိပ်ချင်စိတ်တစ်ခုမှလွဲ၍ ဘာကိုမှအာရုံမရခဲ့ပေ။


သူက အရမ်းအိပ်ချင်​နေခဲ့သည့်အတွက် ဖုယွမ်ချွမ်းကိုပင် စကားကောင်းကောင်းပြန်မဖြေနိုင်ပဲ တစ်ဖက်လူ သူ့ကိုထားကာ ထွက်မသွားနိုင်ရန် အိတ်ကပ်ထဲဝင်အိပ်မိခဲ့ပုံရသည်။


ကျွင်းချင်ယွီက ဖုယွမ်ချွမ်း၏လက်ချောင်းကို ပွေ့ဖက်လိုက်၏။


အပြင်ဘက်ရှိအခြေအနေကို မမြင်ရသော်လည်း အရေးကြီးအစည်းအဝေးဖြစ်ပုံရသည်။ ကျွင်းချင်ယွီ သူ့အား မနှောင့်ယှက်ရန် ဆုံးဖြတ်လိုက်သည်။


ဖုယွမ်ချွမ်း ခေါင်းငုံ့ကြည့်လိုက်သည့်အခါ အိတ်ကပ်အတွင်းမှနေ၍ သူ့အား လိမ်မာစွာမော့ကြည့်နေသော ရေသူလေးကိုတွေ့လိုက်ရ၏။


သူက ညင်သာစွာ​မေးလိုက်သည်။ "အပြင်ထွက်ဖို့အကူအညီလိုသေးလား..."


ကျွင်းချင်ယွီ ခေါင်းယမ်းလိုက်ကာ အိပ်ကပ်ထဲတွင် ပြန်လှဲနေလေသည်။


ဖုယွမ်ချွမ်းက အစည်းအဝေးမစခင် စားစရာတစ်ချို့ပြင်ထားပေးလေသည်။ သူက အသီးအရွက်များကို ရေသူလေးစားရန်အဆင်ပြေသည့်အရွယ်လောက် လှီးဖြတ်ထားပေး၏။


ရေသူ​လေးနိုးလာသည်နှင့် ထိုအသီးအရွက်တုံးလေးများ ထည့်ထားသည့်အိတ်​ကိုယူလိုက်ကာ တစ်ခုချင်းစီခွံ့ကျွေးတော့သည်။


ကျွင်းချင်ယွီက အိပ်နေရင်းစားရတာအဆင်မပြေသည့်အတွက် ဖုယွမ်ချွမ်း၏လက်ဖဝါးပေါ် တက်ထိုင်လိုက်သည်။


အစည်းအဝေးရှိလူများက အငြင်းပွားနေကြဆဲဖြစ်၏။ အားလုံးတွင် ကွဲပြားသောအမြင်များရှိနေကြရာ ရန်ဖြစ်လုဆဲဆဲ အခြေအနေသို့ပင် ရောက်ရှိလာသည်။


ကျွင်းချင်ယွီ ပန်းသီးစားရင်း နားထောင်နေ၏။ ဖုယွမ်ချွမ်းက တစ်လျှောက်လုံးဘာမှဝင်မပြောချေ။


အကယ်၍ တစ်စုံတစ်ယောက်က ဖုယွမ်ချွမ်းနှင့်အမြင်မတူပါလျှင် သူရောအငြင်းပွားမည်လားဟူ၍ ကျွင်းချင်ယွီ သိချင်လာသည်။ ဖုယွမ်ချွမ်း ငြင်းခုံသည်ကို သူတစ်ခါမှမမြင်ဖူးချေ။


မူလဝတ္ထုတွင် ဖုယွမ်ချွမ်းကို ရက်စက်သောလူတစ်ဦးအဖြစ် သတ်မှတ်ထားသည်။ ကျွင်းချင်ယွီအမြင်၌မူ ဖုယွမ်ချွမ်းက ကြင်နာတတ်သူတစ်ဦးသာဖြစ်သည်။


သူက အတွေးများနေရင်း ပန်းသီးစားလို့ကုန်သွားသဖြင့် ငါးခြောက်ထပ်စားရန် လက်လှမ်းလိုက်သည်။ ဖုယွမ်ချွမ်းက ငါးခြောက်၏ ခေါင်းပိုင်းနှင့်အမြှီးပိုင်းကို ဖြတ်တောက်ထားကာ အရသာရှိသော အလယ်ပိုင်းသာချန်ထား၏။


ကျွင်းချင်ယွီ ငါးခြောက်တစ်ကိုက်ကိုက်ပြီးသည်နှင့် လက်ချောင်းတစ်ချောင်းက သူ့နဖူးကိုအသာပုတ်ပေးလာသည်။ အကယ်၍ ဖုယွမ်ချွမ်းတွင် စကားပြောဖို့အချိန်ရှိပါက လိမ္မာနော် ဟူသည့်စကားကို ကျွင်းချင်ယွီကြားရမှာဖြစ်လေသည်။


သူတို့ဆွေးနွေးမှုကို နားထောင်ပြီးချိန်တွင် ကျွင်းချင်ယွီ ပြသနာအားနားလည်စပြုလာသည်။


"ဘော့စ်...ကျွန်တော်တို့ဘာလုပ်ရမလဲ..."


"ဟုတ်တယ်...ဘော့စ်...တစ်ခုခုပြောပါဦး...ကျွန်တော်တို့မှာ နည်းလမ်းကောင်းမရှိတော့ဘူး..."


"ဒီပြသနာကို ပြေလည်အောင်ဖြေရှင်းဖို့ အတော်ခက်ခဲတာပဲ..."


...


အချင်းချင်းငြင်းခုံရာမှ အဖြေမထွက်မလာ​သဖြင့် အားလုံး၏အာရုံက ဖုယွမ်ချွမ်းထံသို့ ရောက်လာ​လေသည်။


ဖုယွမ်ချွမ်းက အေး​အေးဆေးဆေးပြန်ဖြေသည်။ "နေထိုင်သူတွေကို ဆေးရုံကိုခေါ်သွားပြီး သူတို့ရဲ့စိတ်စွမ်းအားသက်ရောက်ခံရလားဆိုတာ စစ်ဆေးဖို့ အကြောင်းပြချက်တစ်ခုခုရှာပါ..."


ရှီခိုင်ရှင်း ခေါင်းညှိတ်လိုက်သည်။ 


"ကျွန်တော် စီစဥ်လိုက်ပါ့မယ်...ဒါပေမယ့် ပိုကောင်းလာစရာမှမရှိတာ..."


ထိုကဲ့သို့သော ကိစ္စများက အစိုးရကိုယ်တိုင် ဖိအားပေးခြင်းမဟုတ်လျှင် အဆင်ပြေချောမွေ့ခြင်းမရှိနိုင်ပေ။ ထို့အပြင် လူအကုန်စစ်ဆေးပြီးကြောင်း သေချာရန်လည်းလိုအပ်ပေသည်။


ဖုယွမ်ချွမ်းက ရေသူလေး၏အမြှီးကို လက်ချောင်းနှင့်လှည့်ပတ်ကစားရင်း အကြေးခွံများတစ်လျှောက် ထိတွေ့ကာ စဥ်းစားခန်းဖွင့်နေသည်။


ကျွင်းချင်ယွီလည်း ဖုယွမ်ချွမ်းကိုကူညီစဥ်းစားပေး​နေသည်။ ရုတ်တရက် အကြံတစ်ခုပေါ်လာ၏။ သူက ဖုယွမ်ချွမ်း၏လက်ချောင်းကို အမြှီးဖြင့်ဆွဲယူလိုက်သည်။


သူ၏အစီအစဥ်မှာ တစ်စုံတစ်ဦးကို ဇာ့ဂ်အဖြစ်ဟန်ဆောင်စေပြီး အန္တရာယ်ရှိသည်ဟူသော အကြောင်းပြချက်ဖြင့် ထိုနေရာရှိလူများကို ဆေးရုံသို့ပြောင်းရွှေ့​စေကာ စစ်ဆေးမှာဖြစ်သည်။


ဖုယွမ်ချွမ်းက အလေးအနက်စဥ်းစားနေစဥ် ရေသူလေး၏လှုပ်ရှားမှုသေးသေးလေးကြောင့် သူ့နှုတ်ခမ်းထောင့်များ မြင့်တက်သွားကာ ခေါင်းငုံ့ကြည့်လိုက်၏။


ကျွင်းချင်ယွီ : "အာ..."


ဖုယွမ်ချွမ်းက ချောင်းအသာဟန့်ကာ ခေါင်းညှိတ်ပြလိုက်သည်။


ရှီခိုင်ရှင်းတစ်ယောက် အကြာကြီးငြင်းခုံထားရသဖြင့် အသံပင်နာနေပြီဖြစ်သည်။ သူက ရေသောက်ရန်ပြင်လိုက်စဥ် ဘော့စ်ငြိမ်နေကြောင်း သတိပြုမိလိုက်၏။


ဖုယွမ်ချွမ်းက ခေါင်းငုံ့လျှက်ရှိကာ သူ၏အမူအရာမှာနူးညံ့သိမ်မွေ့နေသည်။ နှုတ်ခမ်းထောင့်တွင် အပြုံးရေးရေးပင် ထင်ဟပ်နေလေသည်။


ရှီခိုင်ရှင်း : "..."


ဘာဖြစ်တာလဲ...


ဘော့စ်ကဘာလို့ အရမ်းပျော်နေပါလိမ့်...


သူက မမေးဖို့အကြာကြီး စိတ်ထိန်းထားသော်လည်း အဆုံးတွင် မနေနိုင်ပဲမေးလိုက်မိသည်။


 "မာရှယ်...ဘာဖြစ်လို့လဲ...တစ်ခုခုမှားနေလို့လား..."


မာရှယ် စိတ်စွမ်းအားမဖောက်ပြန်တာ ကြာလှနေပြီကို...ဒီတစ်ခါဖောက်ပြန်ပုံက ထူးဆန်းနေပါလား..


........


စာရေးသူမှာပြောစရာရှိပါတယ်...


"ဖုယွမ်ချွမ်း ဘာလုပ်နေတာလဲ..."


ဖုယွမ်ချွမ်း: "ငါးမျှားနေတာလေ..."


Xxxxxxx