Chapter 54
ခဏအကြာတွင် ကစားချင်သည့်နေရာအားလုံးကို လမ်းကြောင်းတစ်ခုထဲတွင် ထည့်သွင်းပြီးသွား၏။ ဝင်ပေါက်သို့ဝင်လိုက်ရုံဖြင့် သွားချင်သည့်နေရာကို တိုက်ရိုက်ရောက်သွားမှာဖြစ်သည်။
ကျွင်းချင်ယွီ စိတ်လှုပ်ရှားစွာပြောလိုက်၏။ "ဘယ်ဘက်တံခါးကို အရင်ဝင်ရအောင်..."
"ကောင်းပြီလေ..."
ကျွင်းချင်ယွီက ဖုယွမ်ချွမ်း၏လက်ကိုကိုင်ကာ ပထမဆုံးတံခါးထဲသို့ဝင်လိုက်သည်။ အများစုက ကစားကွင်းသို့ မနက်ပိုင်းတွင်လာလေ့ရှိသဖြင့် ယခုအချိန်၌မူ သူတို့အပါအဝင်မှ လူအနည်းငယ်သာရှိလေသည်။
ဤသို့ဖြင့် သူတို့နှစ်ဦးတန်းစီနေကြစဥ် ရေခဲမုန့်၏ ချိုမွှေးသောရနံ့က ပျံ့လွင့်လာလေသည်။
ကျွင်းချင်ယွီက ဖုယွမ်ချွမ်းပုခုံးပေါ်သို့ ခေါင်းလေးမီလိုက်သည်။ "ရေခဲမုန့်စားချင်တယ်..."
"ခုနကမှ စတော်ဘယ်ရီသီးဖျော်ရည်သောက်လာတာလေ..."
"ရေခဲမုန့်စားချင်တယ်...လို့."
"အေးတဲ့အစားအစာတွေက အစာအိမ်အတွက်မကောင်းဘူး..."
ကျွင်းချင်ယွီ စူပုပ်ပုပ်လေးကြည့်လိုက်ကာ ဖုယွမ်ချွမ်း၏လည်တိုင်ကို ဖက်တွယ်လိုက်သည်။
"ဝူး...ရေခဲမုန့်..."
"...ဘယ်အရသာစားချင်လဲ"
"တစ်ချက်ကြည့်ရအောင်..." ကျွင်းချင်ယွီမရွေးတတ်သဖြင့် ဖုယွမ်ချွမ်းနှင့်အတူ ရေခဲမုန့်ဆိုင်သို့ လိုက်ပါသွားလေသည်။
ရေခဲမုန့်ဆိုင်မှာ မှန်ပြတင်းများဖြင့် ကာရံထားခြင်းဖြစ်ရာ ရေခဲမုန့်လုပ်ပုံအဆင့်ဆင့်ကို မြင်တွေ့နေရ၏။
ရေခဲမုန့်အချိုရည်မှ ချိုအီမွှေးပျံ့သောရနံ့များထွက်ပေါ်၍နေလေသည်။
"ဟယ်လို...ဘာများမှာချင်လဲခမျ..." စာရေးက အပြုံးတစ်ခုနှင့်မေးလာ၏။ "ကျွန်တော်တို့ရဲ့ရေခဲမုန့်က ဒီနေ့မှလတ်လတ်ဆတ်ဆတ်လုပ်ထားတာပါ..."
ရရှိနိုင်သည့်အရသာမျိုးစုံကို တစ်ချက်ကြည့်ရုံနှင့်မြင်နိုင်ရန် အလျားလိုက်ရော ဒေါင်လိုက်ရော ချိတ်ဆွဲထားသည်ကို ကျွင်းချင်ယွီတွေ့လိုက်ရသည်။
သူက ဖုယွမ်ချွမ်း၏ အင်္ကျီထောင့်စွန်းကို ဆုပ်ကိုင်လိုက်၏။ "ဘယ်အရသာကို ရွေးရင်ကောင်းမလဲ..."
"ကြိုက်တာရွေးလေ..."
ထိုစဥ် စာရေးကပြောလာသည်။ "နို့ချောကလက်ရေခဲမုန့်ကတော့ ကျွန်တော်တို့ဆီမှာ အရောင်းရဆုံးပါပဲ..."
ကျွင်းချင်ယွီ ရွေးရမှာပျင်းနေပြီဖြစ်သည်။ "ထားလိုက်တော့...အားလုံးကိုရောထည့်ပေးပါ.."
ဖုယွမ်ချွမ်း မျက်မှောင်ကြုတ်လိုက်မိ၏။ အရသာတစ်ခုကို ရေခဲမုန့်တစ်လုံးဆိုလျှင်ပင် အရသာစုံအောင်စားမည်ဆိုပါက အများကြီးစားရမှာဖြစ်သည်။
ရေသူလေးက ခုတင်စတော်ဘယ်ရီဖျော်ရည်သောက်လာခြင်းဖြစ်ရာ ဖုယွမ်ချွမ်း သူ့အား အအေးစာများထပ်မံမကျွေးချင်ပေ။
"ရှောင်ယွီ....အရမ်းများနေပြီ..."
"မများပါဘူး...ကြည့်လေ...ဘူးနှစ်ဘူးစာပဲရှိတာ..." အရသာစုံအောင်ထည့်ထားသဖြင့် ရေခဲမုန့်များ ဘူးနှစ်ဘူးနှင့်အပြည့်ရှိနေလေသည်။
စာရေးက ကျွင်းချင်ယွီကို ရေခဲမုန့်ဘူးနှစ်ဘူးပေးလိုက်ကာ ငွေလက်ခံစက်ကိုဖွင့်လိုက်၏။ "ငွေရှင်းနိုင်ပါပြီ..."
ဖုယွမ်ချွမ်း စကင်န်ဖတ်လိုက်သည်နှင့် ငွေပေးချေမှုအောင်မြင်ကြောင်း အသံထွက်လာသည်။
စာရေးက အနည်းငယ်ဦးညွှတ်လိုက်ကာ "ကျေးဇူးပါ...နောက်တစ်ကြိမ်လာရောက်မှာကို စောင့်ကြိုနေပါ့မယ်..."
ဖုယွမ်ချွမ်းက ရေခဲမုန့်ဘူးတစ်ခုကိုဖွင့်လိုက်ကာ ကျွင်းချင်ယွီအား အရင်စားစေ၏။
ကျွင်းချင်ယွီ စာအုပ်ထဲကူးပြောင်းလာကတည်းက ရေခဲမုန့်နှင့်ဝေးကွာခဲ့ရခြင်းဖြစ်သည်။ သူက အရသာကိုပင် မေ့လျော့နေပြီဖြစ်၏။
ရေသူလေးအဖြစ်နှင့် အပြင်ထွက်ရန်မလွယ်ကူသလို လူသားအသွင်ပြောင်းနိုင်သည့်အခါတွင်လည်း အလုပ်ရှုပ်နေခဲ့သဖြင့် ရေခဲမုန့်ဘူးထွက်ဝယ်ရန် အချိန်မရှိခဲ့ချေ။
ကျွင်းချင်ယွီက ဇွန်းသေးသေးလေးဖြင့် တစ်ဇွန်းစားလိုက်သည်။ "အား...အရသာရှိလိုက်တာ." ၎င်းမှာ မက်မွန်သီးအရသာဖြစ်သည်။
ကြယ်စုတွင် အသီးအနှံများရှားပါးသဖြင့် သာမန်လူများက စားသုံးရန်မတတ်နိုင်ကြချေ။ ထို့ကြောင့် အသီး၏အရသာများကိုသာ ကောင်းသထက်ကောင်းမွန်အောင် တုပကာပြုလုပ်လေ့ရှိကြသည်။
ဖုယွမ်ချွမ်းက ရေသူလေး၏ဆံနွယ်ကို နားနောက်သို့သပ်တင်ပေးလိုက်သည်။ ထိုစဥ် ရှောင်ယွီ၏မျက်ဝန်းလေးများက ရေခဲမုန့်တစ်ဇွန်းစားပြီးသည်နှင့် ပို၍တောက်ပလာသည်ကို သတိပြုမိလိုက်သည်။
ရေသူလေးက ပျော်ရွှင်စွာရေခဲမုန့်စားနေရင်း သူ့ကိုလည်း ခွံ့ကျွေးရန်မမေ့ချေ။
"အရသာရှိလား..."
"အွန်း...အရသာရှိတယ်..."
ကစားကွင်းဝင်ပေါက်ရှိရေခဲမုန့်က အရသာကောင်းမွန်သည့်အပြင် စျေးနှုန်းမှာလည်း သင့်တင့်သည်။ သို့သော် C ကြယ်တွင်ရသောရေခဲမုန့်က ပို၍ကောင်းမွန်သည်ဟု ဖုယွမ်ချွမ်းသိရှိထားသေးသည်။
တစ်ရက်တွင် ရှောင်ယွီနှင့်အတူ C ကြယ်သို့သွားရန် ဖုယွမ်ချွမ်းတေးမှတ်ထားလိုက်၏။
ရေခဲမုန့်ဝယ်ပြီးပြန်လာသည့်အခါ သူတို့ဝင်ရမည့်အလှည့်သို့ ရောက်နေပြီဖြစ်သည်။
QR ကုဒ်ကို စကင်န်ဖတ်ပြီးသည်နှင့် သူတို့နှစ်ဦး အထဲသို့ဝင်လိုက်ကြသည်။
ကျွင်းချင်ယွီက ဖျော်ဖြေသည့်ကိရိယာများကို များများစားစားမမြင်ဖူးချေ။ ဤကမ္ဘာရှိဖျော်ဖြေရေးပစ္စည်းများက သူလာခဲ့သောကမ္ဘာထက် ပိုမိုအဆင့်မြင့်လေသည်။ ရိုလာကိုစတာစီးလျှင်ပင် ခါးပတ်ပတ်ထားဖို့မလိုအောင် လုံခြုံရေးကအဆင့်မြှင့်ပြီးသားဖြစ်လေသည်။
အရမ်းမိုက်တာပဲ...
ကျွင်းချင်ယွီက ပြောလိုက်သည်။ "ကျွန်တော် ကစားကွင်းကိုပထမဆုံးရောက်ဖူးတာပဲ..."
"မင်းဒီနေရာကိုသဘောကျရင် မကြာမကြာလာကြတာပေါ့...." ဖုယွမ်ချွမ်းက ရေခဲမုန့်နောက်တစ်ဘူးဖောက်ပေးလိုက်သည်။
"တခြားအရသာတွေကိုလည်း စမ်းကြည့်လေ..."
"ကောင်းပြီ..." ကျွင်းချင်ယွီက ရေခဲမုန့်ဘူးချင်းလဲလိုက်ပြီးနောက် အရသာမျိုးစုံကို တစ်ဇွန်းစီခပ်စားကာ ပျော်ရွှင်မြူးထူးနေလေသည်။
ရေခဲမုန့်စားပြီးပြီးချင်း ဒိုင်ဗင်ထိုးခြင်း၊ ရိုလာကိုစတာစီးခြင်းများက ပြုလုပ်ရန်မသင့်တော်ပေ။ ဖုယွမ်ချွမ်းက ပြောလိုက်၏။
"ကစားဖို့အလျင်မလိုပါနဲ့...ဟိုနားလေးအထိလျှောက်ပြီးမှပြန်လာခဲ့...."
ကျွင်ချင်ယွီ ခေါင်းညှိတ်ကာ ပြောသည့်အတိုင်း လမ်းတစ်ပါတ်လျှောက်လိုက်၏။
လက်ထဲကရေခဲမုန့်ကုန်သွားသည်နှင့် သူက ဘူးခွံကိုအမှိုက်တောင်းထဲထည့်လိုက်ကာ နောက်တစ်ဘူးကိုတောင်းရန် ဖုယွမ်ချွမ်းထံပြန်ရောက်လာသည်။ သို့သော် တစ်ဖက်လူ၏လက်ထဲတွင် ဘာမှမရှိချေ။
"ကျွန်တော့် ရေခဲမုန့်ရော..."
"ကုန်သွားပြီ..." ဖုယွမ်ချွမ်းက တစ်ရှူးနှင့်သူ့ပါးစပ်ကိုသုတ်ပေးလာသည်။
"နောက်တစ်ခါမှ ထပ်ဝယ်ကျွေးမယ်နော်...တစ်ခါထဲအများကြီးစားတာ မကောင်းဘူး..."
ရှောင်ယွီ၏ မကျေမနပ်အကြည့်ကို မြင်လိုက်ရသည့်အတွက် ဖုယွမ်ချွမ်းစကားလွှဲလိုက်သည်။
"ကိုယ်တို့ ဘာကိုအရင်ဆော့ကြမလဲ..."
ကျွင်းချင်ယွီက လမ်းညွန်စာရွက်ကို ကြည့်လိုက်သည်။ "အနီးဆုံးက ရိုလာကိုစတာနဲ့ သရဲအိမ်ပဲ..."
သူ့စကားဆုံးသည်နှင့် ရိုလာကိုစတာမှ အော်ဟစ်သံများထွက်ပေါ်လာသည်။
"အား--"
ကျွင်းချင်ယွီ လန့်သွားသည်။ ရိုလာကိုစတာနှင့်ယှဥ်ပါက သရဲအိမ်မှာပို၍အဆင်ပြေလိမ့်မည်။ တစ္ဆေအတုများနှင့် သရဲယောင်ဆောင်ထားသော ဝန်ထမ်းများသာ ရှိလိမ့်မည်ဖြစ်ကာ လန့်စရာဘာမှမရှိချေ။
"သရဲအိမ်ကိုအရင်သွားရအောင်..."
"ကောင်းပြီလေ..." ဖုယွမ်ချွမ်းက ရေသူလေး၏သဘောအတိုင်း သရဲအိမ်ကိုရွေးချယ်လိုက်၏။
သူတို့က သရဲအိမ်ထဲကိုဝင်မည့်လူစုနှင့် ဝင်ရောလိုက်လေသည်။ သရဲအိမ်ထဲတွင် လမ်းများစွာရှိသော်လည်း ဆယ်ယောက်ထက်ပို၍ ဝင်လို့မရချေ။ လူအရမ်းများပါက ဝန်ထမ်းများအနေဖြင့် တစ်ဦးချင်းကိုလိုက်ခြောက်ရန် လွယ်ကူမှာမဟုတ်ချေ။
သရဲအိမ်ထဲသို့ရောက်သည်နှင့် မူလလူအုပ်စုထံမှ နှစ်ယောက်သားခွဲထွက်လိုက်၏။ အိမ်အတွင်းရှိလေထုမှာ အေးစက်စက်နှင့်ရှိနေပြီး ထူးဆန်းသောအသံများလည်း ထွက်ပေါ်နေလေသည်။
ကျွင်းချင်ယွီက ဘေးဘီဝေ့ဝဲကြည့်လိုက်သည်။ "ဝန်ထမ်းတစ်ယောက်ယောက် ဘွားခနဲ့ပေါ်လာမှာမျိုးလား..."
"ဟုတ်မယ်ထင်တယ်..." ၎င်းမှာ သရဲအိမ်၏လုပ်ထုံးလုပ်နည်းသာဖြစ်သည်။
ကျွင်းချင်ယွီခေါင်းညှိတ်လိုက်၏။ တစ်စုံတစ်ခုပြန်ပြောဖို့ပြင်လိုက်စဥ် မနီးမဝေးရှိ ဦးခေါင်းခွံတစ်ခုထံ အကြည့်ရောက်သွားလေသည်။
ထိုအရာက လှုပ်သွားသလိုပင်။
ကျွင်းချင်ယွီ အာရုံစိုက်ကြည့်လိုက်သည့်အခါ ထိုခေါင်းခွံ၏ မျက်တွင်းဟောက်ပက်များထဲတွင် အနီရောင်မျက်ဝန်းတစ်စုံပေါ်လာကာ သွေးများစီးကျလာလေသည်။
ကျွင်းချင်ယွီ : "..." ဒီလိုမှပေါ့...
ဝန်ထမ်း : "..." အော်လေ...အော်တော့လေ...
ကျွင်းချင်ယွီ ငြိမ်သွားသဖြင့် ဖုယွမ်ချွမ်းကခေါ်လိုက်သည်။ "ရှောင်ယွီ..."
ဖုယွမ်ချွမ်းအသံကို ကြားသည့်အခါမှ သူတစ်ယောက်ထဲမဟုတ်မှန်း ကျွင်းချင်ယွီသတိရသွားကာ တစ်ဖက်လူ၏လက်မောင်းကြားထဲ တိုးဝင်လိုက်လေသည်။ “အိုး...ကြောက်စရာကြီး...”
ဝန်ထမ်း: "..." သူကြောက်တာက နည်းနည်းနောက်ကျမနေဘူးလား...
ဖုယွမ်ချွမ်း ရေသူလေးကိုဖက်လိုက်ပြီးနောက် ခေါင်းလေးကိုပွတ်ပေးရင်းချော့မော့လိုက်၏။
"အစစ်မဟုတ်ပါဘူး...မကြောက်နဲ့နော်..."
ဝန်ထမ်းက မျက််ဝန်းများကိုမှေးကျဥ်းလိုက်သည်။ သူဘာတွေမြင်နေရတာလဲ...
ကျွင်းချင်ယွီကမူ ဖုယွမ်ချွမ်း၏ရင်ခွင်ထဲသို့ ပိုမိုတိုးဝင်လိုက်၏။ "ကြောက်တယ်..."
"ဒါဆို အပြင်ပြန်ထွက်ကြမလား..." ဖုယွမ်ချွမ်းက အရိုးစုဘေးနားရှိမီးများကို ဖွင့်လိုက်သည်။ ထိုအရာက ခုနကလိုကြောက်စရာမကောင်းတော့ချေ။
ကျွင်းချင်ယွီက ခေါင်းခါလိုက်၏။
"တခြားလူတွေနဲ့ပြန်ဆုံရင်..."
"ဒီလိုလေးဖက်ထားပေး..." ကျွင်းချင်ယွီက ဖုယွမ်ချွမ်း၏ရင်ခွင်ကို မျက်နှာအပ်လိုက်သည်။
"ဒီလိုဖက်ထားရင် မကြောက်တော့ဘူး..."
ဖုယွမ်ချွမ်း၏ ရင်ခုန်သံမှာ ထိန်းမရအောင်မြန်ဆန်လာခဲ့သည်။
ဒါက...သိပ်ပြီးအဆင်မပြေလောက်ဘူး...
သူက နှုတ်ခမ်းတင်းတင်းစေ့ကာ စဥ်းစားလိုက်မိ၏။ သို့သော် သူ၏မျက်လုံးထဲတွင် ရှောင်ယွီတစ်ဦးထဲနှင့်ပြည့်နေကာ မရဘူးဟူ၍မပြောနိုင်ချေ။
ခဏအကြာတွင် ဖုယွမ်ချွမ်း၏အသံက ညင်သာစွာထွက်ပေါ်လာ၏။ : "ကောင်းပြီ..."
ကျွင်းချင်ယွီ၏.နှုတ်ခမ်းထောင့်လေးများ မြင့်တက်သွားလေသည်။ သရဲအိမ်က ပို၍စိတ်ဝင်စားစရာကောင်းလာပြီဖြစ်သည်။
ဖုယွမ်ချွမ်းက ရှောင်ယွီ၏ခါးကိုပွေ့ဖက်ကာ လမ်းကိုဦးဆောင်လိုက်သည်။
သရဲအိမ်က အကျယ်ကြီးမဟုတ်သော်လည်း လမ်းချိုးလမ်းကွေ့များ အများအပြားရှိနေလေရာ ထွက်ပေါက်ထံရောက်ရန် အချိန်အတော်ကြာသွားလေသည်။
ဤသို့ဖြင့် လူတစ်ယောက်နှင့် ထိုသူ့အား တစ်ကိုယ်လုံးပစ်၍မှီထားသော ငါးကလေးတစ်ကောင်သည် တစ်နာရီနီးပါးကြာအောင် လမ်းလျှောက်ပြီးမှ သရဲအိမ်အပြင်သို့ထွက်နိုင်ခဲ့လေသည်။
ဖုယွမ်ချွမ်းက ကျွင်းချင်ယွီ၏မျက်လုံးကို လက်ဖြင့်ကာထားပေး၏။
"မျက်စိစူးမယ်...ဂရုစိုက်...."
သရဲအိမ်ကမှောင်မဲနေသည့်အထွက် အပြင်မှအလင်းရောင်ကြောင့် ရှောင်ယွီမျက်စိစူးမှာကို သူကစိုးရိမ်နေခြင်းဖြစ်သည်။
ကျွင်းချင်ယွီက ထိုအရာကိုအရေးမစိုက်သော်လည်း ဖုယွမ်ချွမ်း၏ဂရုစိုက်မှုကို ငြိမ်ငြိမ်လေးခံယူလိုက်၏။
ခဏအကြာတွင် ဖုယွမ်ချွမ်းက ရေသူလေးမျက်ဝန်းကိုကာထားသည့်လက်များကို ဖယ်ရှားလိုက်သည်။
"နောက်ထပ်ဘာဆော့ချင်လဲ..."
ကျွင်းချင်ယွီ အစက ဆော့မည့်ကစားနည်းများကို အစဥ်လိုက်စဥ်းစားခဲ့သည်။ သို့သော် သရဲအိမ်ထဲအရင်ဝင်လိုက်သဖြင့် အစီအစဥ်ပျက်သွားခဲ့၏။
သူက မူလအစီအစဥ်ကို ရိုးရှင်းစွာစွန့်ပယ်လိုက်လေသည်။ "ခင်ဗျား ဆော့ချင်တာအရင်ဆော့ရအောင်..."
ဖုယွမ်ချွမ်းက ရှောင်ယွီ့ကြောင့်သာ ကစားကွင်းကိုလာခဲ့ခြင်းဖြစ်ပြီး ကစားနည်းများကိုလည်း စိတ်မဝင်စားလှချေ။ အချိန်မှာ နေ့လည်စာစားချိန်သို့ပင် ရောက်နေပြီဖြစ်၏။
မနက်က အစည်းအဝေးလုပ်နေတုန်း သူခွံ့ကျွေးခဲ့သည့် ငါးခြောက်နှင့်သစ်သီးအချို့ကိုသာ ရှောင်ယွီ စားခဲ့တာဖြစ်သည်။ ခုနကကုန်သွားသည့် ရေခဲမုန့်တစ်ဘူးမှလွဲ၍ မည်သည့်အရာကိုမှ မယ်မယ်ရရမစားရသေးချေ။
"ကိုယ်တို့ တစ်ခုခုအရင်စားရအောင်လေ..."
"ကျွန်တော် ဗိုက်မဆာသေးဘူး..." ကျွင်းချင်ယွီ လှည့်ပတ်ကြည့်လိုက်သည့်အခါ မနီးမဝေးရှိဆိုင်တစ်ဆိုင်တွင် တိရစ္ဆာန်ငယ်လေးများကို ထည့်ထားသည့် လှောင်ချိုင့်ကလေးများနှင့် အရုပ်အချို့ချထားသည်ကိုတွေ့လိုက်ရသည်။
"ကွင်းပစ်တာဆော့ရအောင်..."
"ကောင်းပြီလေ..." ဖုယွမ်ချွမ်းကိုယ်ပေါ်တွင် ငါးခြောက်နှင့် အသားခြောက်အချို့ကို အမြဲဆောင်ထားတတ်၏။ သူက ရေသူလေးအားအစာကျွေးရခြင်းကို အကျင့်ဖြစ်နေပြီဖြစ်သည်။
ရှောင်ယွီဗိုက်ဆာလာပါက ထိုသွားရည်စာများကို အဆာပြေမုန့်အနေဖြင့် ကျွေးထားနိုင်သည်။
ကွင်းပစ်သည့်နေရာတွင် လူအများအပြားရှိနေကြ၏။
အကောင်ငယ်လေးများမှာ အမွှေးဖွားဖွားယုန်ကလေးများနှင့် ဟမ်းစတားလေးများဖြစ်ကြသည်။ ထိုအကောင်လေးများကို ကွင်းနှင့်ဝင်အောင်ဖမ်းရကာ အရုပ်များနှင့်လဲလှယ်နိုင်တာဖြစ်၏။
အရုပ်များနှင့်တိရစ္ဆာန်ငယ်လေးများကို အတူတကွမြင်ရသည်မှာ တစ်မျိုးတစ်ဖုံချစ်စရာကောင်းနေလေသည်။.
ကျွင်းချင်ယွီက ကွင်းအချို့ကိုယူလိုက်သည်။ သူက အရုပ်များကို မမက်မောသော်လည်း ဖုယွမ်ချွမ်း သူ့အတွက်ကြိုးစားရယူပေးသည့် အရုပ်ကိုမူ လိုလားလေသည်။
Xxxxxxx