အပိုင်း ၅၉
Viewers 16k

Chapter 59


ရှီခိုင်ရှင်း လက်ရှိစိတ်မှာ ဂြိုလ်အပျက်အစီးတစ်ခုမှ အင်ပါယာကိုထိမှန်သည့်အခါတွင် ဖြစ်လာသော မီးတောင်ပေါက်ကွဲမှုနှင့်တူသည်။


"ခဏ.."


ခဏမျှ ငြိမ်သက်သွားပြီးနောက် ရှီခိုင်ရှင်းက ကြောင်တောင်တောင်ဖြင့် မေးလိုက်သည်။


"အခု မာရှယ်လ်က မင်းကိုလိုက်နေတာမဟုတ်ဘူးလား"


ကျွင်းချင်ယွီက လက်ဖက်ခြောက်အိတ်ကို ဆုတ်ဖြဲကာ ရေနွေးအနည်းငယ်ထည့်လိုက်သည်။ ပြီးနောက်တွင် ပထမလက်ဖက်ခြောက်ကို သွန်လိုက်ပြီး မေးလာ၏။


"မင်းဘယ်လိုထင်လဲ" 


"ကျွန်တော်ထင်တာက..."


ရှီခိုင်ရှင်းက ခေါင်းကုတ်လိုက်ကာ ထိုအကြောင်းကို တွေးပင်မတွေးနိုင်တော့ချေ။


သူရှင်းရှင်းလင်းလင်း မတွေးနိုင်မှီ ဖုယွမ်ချွမ်းက တံခါးကိုတွန်းဖွင့်ကာ ဝင်လာသည်။


ရှီခိုင်ရှင်းက အလျင်အမြန် ထရပ်လိုက်သည်။ 


"မာရှယ်လ်."


ဖုယွမ်ချွမ်းကိုကြည့်ပြီးနောက် လက်ဖက်ရည်လုပ်နေသည့်ကျွင်းချင်ယွီကိုကြည့်ကာ ရှီခိုင်ရှင်းက ခေတ္တမျှစဥ်းစားပြီး ပြောလိုက်သည်။


"မာရှယ်လ် ၊ ဘာမှမရှိတော့ဘူးဆို ကျွန်တော် သွားပါတော့မယ်"


"ပြန်သွားတော့..."


"ဟုတ်ကဲ့!" 


ခွင့်ပြုချက်ရသည်နှင့် ရှီခိုင်ရှင်းက တံခါးကိုဖွင့်ပြီး တုန့်ဆိုင်းခြင်းမရှိ ရှောင်ပြေးသွားလေသည်။


ကျွင်းချင်ယွီက လက်ဖက်ရည်သောက်ရင်း လျှောက်လာပြီး ပြုံးလျက် ပြောလိုက်သည်။


"အထုတ်ပေါ်မှာရေးထားတာက ဒီလက်ဖက်ရည်က ကောင်းကောင်း အိပ်ပျော်စေတယ်တဲ့၊ ကျွန်တော် အနံ့ခံကြည့်တော့ သာမန်လက်ဖက်ရည်နဲ့သိပ်မကွာပါဘူး၊ ခင်များဘယ်လိုအရသာခံတာလဲ"


ဖုယွမ်ချွမ်းက လက်ဖက်ရည်ကို ယူလိုက်သော်ငြား မသောက်ခဲ့ပေ။ ထိုအစား သူကမေးလိုက်သည်။


"မင်းဘာလို့ မအိပ်သေးတာလဲ"


"ကျွန်တော် ကိုယ့်ဟာကိုယ် မအိပ်ချင်ဘူး"


ကျွင်းချင်ယွီက ဖုယွမ်ချွမ်းကိုဖက်ဖို့ရာ နီးကပ်လာပြီး ခေါင်းကိုမော့ကာ ဆိုလိုက်သည်။


"ဒီမှာနားပြီး ကျွန်တော်တို့နိုးလာရင် ပြန်ကြမယ်နော်"


အချိန်က သူတို့ပြန်ရန် နောက်ကျနေရာ နောက်ထပ် မတော်တဆအဖြစ်အပျက်တွေ မဖြစ်ပွားအောင် ကာကွယ်ရန်ဖြစ်သည်။ အကယ်၍ သူတို့ဤနေရာမှာနေပါက တစ်ခုခုဖြစ်ခဲ့လျှင် ဤနေရာကို ပြန်လာရန်အချိန်ကို အနည်းငယ် သက်သာစေနိုင်သည်။


(သူတို့အိမ်ပြန်သွားမှပြီးမှ ကိစ္စတစ်ခုခုပေါ်လာလို့ ဒီကိုပြန်လာနေရရင် အချိန်ကုန်တယ်လို့ပြောချင်တာပါ)


ဖုယွမ်ချွမ်း က နူးညံ့စွာဆိုသည်။ "ကောင်းပြီ"


သူ ယခုအချိန်အထိ အလုပ်ရှုပ်နေပြီး ညသန်းခေါင်မကတော့ပေ။ အပြင်မှာ အလင်းရောင်ထွက်လာပြီဖြစ်သည်။


သူမည်မျှ အလုပ်ရှုပ်နေသည်မသိ၊ ရှောင်ယွီက သူနှင့်အတူ အချိန်အတော်ကြာအောင် နေပေးခဲ့ရ၏။


ဖုယွမ်ချွမ်းက ငါးလေးကိုဖက်ကာ ချော့မြူလိုက်သည်။ "သွားအိပ်တော့"


ကျွင်းချင်ယွီက ဖုယွမ်ချွမ်း၏လက်မောင်းကိုပွတ်သပ်ကာ ဝိညာဥ်စွမ်းအင်ကို ငြင်သာစွာ ထုတ်လွှတ်ပေးလိုက်သည်။ သို့ဖြင့် ဖုယွမ်ချွမ်းအား ပို၍အဆင်ပြေပြေအိပ်နိုင်စေရန်ဖြစ်သည်။


---


သူကနောက်ကျမှ အိပ်ယာဝင်ရ၍ နောက်တစ်နေ့အထိ အိပ်လိုက်လေသည်။ မနက်စောစောတွင် နိုးလာသည့်အခါ ဖုယွမ်ချွမ်းမှာ သူအချိန်ကြည့်တာမှားနေပြီဟုပင် တွေးလိုက်မိသည်။ 


အရင်က သူနောက်ကျအောင်နေသော်ငြား ယခုတစ်ကြိမ်ကဲ့သို့ အကြာကြီးမအိပ်ဖူးပေ။


ငါးလေးက သူ့လက်တွေကြားတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီး ဖုယွမ်ချွမ်းက သူ့ကိုငုံ့ကြည့်လိုက်သည်။ 


သူကသတိလက်လွတ်အိပ်နေပြီး သူ့လက်မောင်းကိုလည်း ပွတ်သပ်နေသေးသည်။


အပြုအမူကောင်းလေးရှိပုံက ရေသူငယ်လေးပုံစံနှင့်အတူတူပင်။


သူ့အကြည့်များက ရှောင်ယွီ၏မျက်နှာတပြင်လုံးအပေါ် လွှမ်းခြုံသွားပြီး ပါးလွှာပြီး အရောင်ဖျော့နေသည့် နှုတ်ခမ်းလေးကို မသိစိတ်ဖြင့် ငုံ့ကြည့်လိုက်သည်။


ဖုယွမ်ချွမ်း၏အမူအယာက မှောင်မိုက်သွားသည် ထိုခဏတွင် ကျွင်းချင်ယွီက တစ်စုံတစ်ခုကို ညည်းညူလာသည်။ သူကလှည့်ကာညှစ်လိုက်ပြီး ယောင်ဝါးဝါးဖြင့် ဖုယွမ်ချွမ်း၏ပုခုံးအပေါ် သူ့မေးတင်ကာ မှီလိုက်သည်။


ရှူထုတ်လိုက်သည့် လေငွေ့နွေးနွေးတို့က သူ့လည်ပင်းကိုရိုက်ခတ်လာရာ ဖုယွမ်ချွမ်းတစ်ယောက် တောင့်တင့်သွားပြီး တစ်ဖက်ကို ဖြည်းညင်းစွာ လှဲလိုက်သည်။ သို့သော်လည်း ငါးလေးနိုးသွားမည်ကို စိုးရိမ်၍ သူ့လက်ကို မလှုပ်ရဲပေ။ 


ဖူယွမ်ချွမ်က အပြားလိုက်လှဲနေရင်း မျက်လုံးများကို မှိတ်ထားသည်။ သူ့နားထဲတွင် အလွန်မြန်နေသည့် နှလုံးခုန်သံများကသာ ကြီးစိုး၍နေသည်။


သူက မင်းနဲ့ရင်းရင်းနှီးနှီးနေရတာကို ကြိုက်ရုံပဲ၊ မင်းကဘာတွေတွေးနေတာလဲ။


ဖုယွမ်ချွမ်း၏မျက်ခုံးများက တင်းကြပ်သွားပြီး သူ့စိတ်တွေလည်း ထုံထိုင်းသွားရသည်။ 


အမြဲလိုလို ပြောင်းလဲခြင်းမရှိ တည်ငြိမ်နေတတ်သည့် ဖုယွမ်ချွမ်းမှာ ဤတစ်ကြိမ်တွင် လုံးဝကို ရှုပ်ထွေးနေခဲ့သည်။


သူက ရှောင်ယွီနိုးလာသည့်အခါ ဤသည်ကမမှန်ကြောင်းကို အလေးအနက် ပြောပြရမည်ဟု တွေးလိုက်သည်။


ငါးလေးကို ညစ်ကျယ်ကျယ်ကလေးတစ်ဦးပမာ ဆက်ပြီးပြုမူခွင့် မပေးနိုင်တော့ချေ။


ဒီလိုမျိုး ဆက်မဖြစ်နိုင်တော့ပေ။


ကျွင်းချင်ယွီ နိုးလာသည်ကို ဖုယွမ်ချွမ်းက  သတိမပြုမိချေ။


သို့သော်လည်း ကျွင်းချင်ယွီက အနည်းငယ် ထူးဆန်းသလို ခံစားရပြီး ဖုယွမ်ချွမ်းကို ကြည့်လိုက်သည်။ သူ့လက်ကိုမြှောက်ကာ ဖုယွမ်ချွမ်း၏ပါးကိုပုတ်လိုက်သည်။


"ခင်များ ဘာဖြစ်နေတာလဲ "


ယင်းက အိပ်နေသည်နှင့်မတူသော်ငြား ထိုသို့လဲလျောင်းနေစဥ် မျက်လုံး မှိတ်ထားခြင်းက လူတွေကို တုန်လှုပ်ခြောက်ခြားစေသည်။


ဖုယွမ်ချွမ်းက မျင်လုံးကို ရုတ်တရက်ဖွင့်ကာ အပြစ်ကင်းသည့်ငါးလေးကို ကြည့်လိုက်သည်။ သူက ချောင်းအသာဟန့်လိုက်ပြီး


"မင်းနိုးပြီလား"


"ဟုတ်တယ်..." ကျွင်းချင်ယွီ ထထိုင်ပြီး ပြောလိုက်သည်။ "ခင်များ နေမကောင်းဘူးလား"


ဖုယွမ်ချွမ်းက ခေါင်းခါလိုက်သည်။ သူက တစ်စုံတစ်ခု ပြောရန် ပြင်လိုက်စဥ် တံခါးခေါက်သံတစ်ခု ထွက်လာသည်။


"မာရှယ်၊ မာရှယ်၊ ယွီကျစ်ပြန်လာပြီ"


ရှီခိုင်ရှင်းမှန်းသိသည်နှင့် ဖုယွမ်ချွမ်းက သူ့ကိုလျစ်လျူရှုလိုက်ကာ ရှောင်ယွီကို အရင်ဆုံးပြောဖို့ ပြင်လိုက်သည်။


"ကိုယ်..."


"မာရှယ်၊ တံခါးဖွင့်ပါဦး၊ မာရှယ်!"


"မင်း……"


"မာရှယ်--!"


"..."


သူက ပါးစပ်ကို အကြိမ်များစွာ ဖွင့်ခဲ့သော်ငြား တံခါးအပြင်ဘက်မှ ရှီခိုင်ရှင်း၏ မှော်ဆန်သောအသံဖြင့် ပိတ်ဆို့ခံနေရသည်။


ကျွင်းချင်ယွီက ပြုံးလိုက်ပြီး ဖုယွမ်ချွမ်း၏ခေါင်းကို ထိလိုက်သည်။


"အရင်သွားပြီး ဆေးကြောလိုက်ပါ"


ဖုယွမ်ချွမ်း အကူအညီမဲ့စွာ ပြန်ပြောလိုက်သည်။


"ကောင်းပြီ"


ရှီခိုင်ရှင်းက တံခါးအပြင်မှနေ၍ တံခါးခေါက်နေဆဲပင်။


ဖုယွမ်ချွမ်းက အဝတ်အစားလဲပြီး ထွက်လာသည်အထိ ရှီခိုင်ရှင်း၏အသံက အပြင်မှ ဆက်၍ထွက်လာနေဆဲဖြစ်၏။


 ဖုယွမ်ချွမ်း၏ စိတ်ထဲတွင် ရီခိုင်ရှင်း၏အလုပ်ခရီးအတွက် ဂြိုဟ်ကို ကူညီရွေးချယ်ပေးပြီးပေပြီ။ (သူ့ကိုနှောက်ယှက်လို့)


"ယွမ်ချွမ်း၊ ဒီသကြားလုံးကိုမြည်းကြည့်၊ အရသာရှိတယ်"


ရှောင်ယွီ၏ စကားသံက သူ့အတွေးများကို ဖြတ်တောက်လိုက်သည်။ ဘေးကိုကြည့်လိုက်ရာ ရှောင်ယွီက တစ်ဝက်ကိုက်ထားသည့် ပီကေသကြားလုံးကို သူ့ပါးစပ်ထဲ ထည့်ပေးလာသည်။


ရှောင်ယွီ၏ တောက်ပသည့်မျက်လုံးများကို ရင်ဆိုင်ရသည့်အခါ ဖုယွမ်ချွမ်းမှာ သူပြောလိုသည့်စကားများကို ထပ်မံမြိုချလိုက်ရပြီး သကြားလုံးတစ်ဝက်ကို ကိုက်လိုက်ရသည်။


"ဘယ်ကသကြားလုံးလဲ"


ကျွင်းချင်ယွီက ပြောသည်။


"မနေ့က ရှီခိုင်ရှင်းယူလာတဲ့ အချိုပွဲထဲကလေ"


ကျွင်းချင်ယွီ၏ မျက်လုံးများ ကွေးညွတ်သွားပြီး


"အရသာရှိလား၊ အထဲမှာရှိသေးတယ်"


"အရသာရှိတယ်"


ဖုယွမ်ချွမ်းက သကြားလုံးထုတ်ကိုယူကာ အဝေးကိုပစ်ချလိုက်သည်။


"မနက်ပိုင်းမှာ အချိုအများကြီးမစားနဲ့၊ မင်းရဲ့သွားတွေအတွက်မကောင်းဘူး"


ကျွင်းချင်ယွီက သကြားလုံး၏အခြားအပိုင်းကို ယူလိုက်ပြီး "အဆင်ပြေပါတယ်၊ သကြားလုံးစားလို့ သွားကျိုးတာ ကလေးတွေပဲရှိတယ်၊ ကျွန်တော်က အရွယ်ရောက်နေပြီ၊ ဘာမှမဖြစ်ဘူး "


ဖုယွမ်ချွမ်း မျက်ခုံးပင့်လိုက်၏။ ထိုထင်မြင်ချက်ကို သဘောမတူသည်မှာ ထင်ရှားသည်။ရေသူလေး၏အသက်က ပြောင်းလဲသွားပြီဖြစ်ပြီး ရှောင်ယွီမှာ အမှန်ပင် အရွယ်ရောက်လာပြီဖြစ်သည်။


သကြားလုံးက သူ့ပါးစပ်ထဲ ရောက်ပြီးဖြစ်ကာ ဖုယွမ်ချွမ်းက "နောက်ဆုံးအပိုင်းနော်"ဟူ၍သာ ပြောလိုက်နိုင်သည်။


ကျွင်းချင်ယွီက နာခံစွာ ခေါင်းညိတ်သည်။


ထို့နောက် သူ တံခါးသွားဖွင့်လိုက်သည်နှင့်  ရှီခိုင်ရှင်းက အော်ပြောလာသည်။


"မာရှယ်၊ နောက်ဆုံးတော့ နိုးလာပြီ!"


ဖုယွမ်ချွမ်း : "..."


ကျွင်းချင်ယွီက သကြားလုံးကို တိတ်တဆိတ် ဝါးနေရင်း အနှီရှီခိုင်ရှင်း၏စရိုက်မှာ ပျော်တတ်ပြီး အနည်းငယ် သတိမဲ့သည်ဟု ခံစားရသည်။ သို့သော်လည်း တစ်ခါတစ်ရံတွင် အရာများကိုပြုလုပ်ရာ၌ အလေးအနက်ရှိကာ ထို့သို့မတူညီသည့်စရိုက်များကို ကောင်းမွန်စွာပေါင်းစပ်နိုင်သည်ကို စိတ်ကူးကြည့်ရသည်မှာ ခက်ခဲ၏။


ရှီခိုင်ရှင်းက ဝမ်းသာအားရပြောလာည်။ "ယွီကျစ်ပြန်လာပြီ၊ မစ်ရှင်ကချောချောမွေ့မွေ့ပဲ၊ သူကဆေးကြောင့် အိပ်ပျော်သွားပြီ၊ ကျွန်တော်ကူပြီး အစီရင်ခံလိုက်မယ်"


အရေကြီးအရာများကိုဖုယွမ်ချွမ်းကို ပေးပြီးနောက် ရှီခိုင်ရှင်း လှည့်ထွက်သွားသည်။


ဒီမနက်က...တံခါးပြင်မှအသံကြောင့် ဖုယွမ်ချွမ်း အကြိမ်များစွာ နှောင့်ယှက်ခံရသည်ကို တွေးကာ ကျွင်းချင်ယွီ၏နှုတ်ခမ်းထောင့်လေးတွေ မြင့်တက်သွားသည်။ 


ဖုယွမ်ချွမ်းက အစီရင်ခံစာကို ဖွင့်ရန် အလျင်စလို မလုပ်ခဲ့ပေ။ သူက အရင်ဆုံးရှောင်ယွီအတွက် စားစရာအချို့ဝယ်ရန် တွေးလိုက်သော်လည်း ခေါင်းလှည့်လိုက်သည့်အခါ ရယ်နေသည်ကို မြင်လိုက်ရ၏။ ဖုယွမ်ချွမ်း၏မျက်ခုံးတွေ ပင့်တက်သွားပြီး "ဘာတွေသဘောကျနေတာလဲ"


"ဘာမှမဟုတ်ဘူး "


ကျွင်းချင်ယွီ သူ့ကိုမေးလိုက်သည်။ "ဒီနေ့ဘာမှအလုပ်မှမရှိဘူးလား"


ဖုယွမ်ချွမ်းကပြောသည်။ "ပြီးခါနီးနေပြီ "


ထိုဆွဲငင်အားအခန်းထဲမှ အပြစ်ပေးခံနေရသူများကိုအတော်ကြာအောင် လွှတ်ပေးမည်မဟုတ်ပေ။ သူတို့လွတ်လာသည်နှင့် အချုပ်ခန်းထဲကို တိုက်ရိုက် လွှဲပြောင်းလိုက်မှာဖြစ်၏။ 


အဓိကပြဿနာများကို အခြေခံအားဖြင့် ကိုင်တွယ်ဖြေရှင်းပြီးသညွအခါ ကျန်ရှိနေသေးသည့် ပြန့်ကျဲနေသောအသေးအဖွဲကိစ္စများကို ရှီခိုင်ရှင်းနှင့် လွှဲခဲ့မှာဖြစ်သည်။


ဖုယွမ်ချွမ်းက ခေတ္တမျှ စဥ်းစားပြီး ပြောလိုက်သည်။


"အောက်ထပ်မှာ ထမင်းမှာစားကြတာပေါ့၊ ဒီမှာစားပြီးမှ အိမ်ပြန်ကြမယ်"


ပြန်ပြီးထပ်လုပ်ပါက နှေးလွန်းလိမ့်မည်။


ကျွင်းချင်ယွီတွင် မည်သည့်ထင်မြင်ချက်မှ မရှိပေ။ သူကဖုယွမ်ချွမ်း၏အဆိုကိုသာ နားထောင်၏။


အော်ဒါမှာသည့်အခါ ဖုယွမ်ချွမ်းက အသီးအရွက်အနည်းငယ်ကိုသာ မှာလိုက်သည်။


အပြင်မှာစားလျှင် အသားများကို ပို၍စားနိုင်သည်။ အစိမ်းရောင် အသီးအရွက်များ၏အရသာက မကောင်းပေ။ ငါးလေးက ထိုအရွက်များ၏အရသာကို မကြိုက်ချေ။


မှာထားသည်တို့ကို စောင့်နေစဥ် ကျွင်းချင်ယွီက ကိတ်ကိုနှစ်ကိုက်မျှ စားပြီးနေပြီဖြစ်သည်။


ယင်းက မနေ့က ကျန်သည့်အရာများဖြစ်သော်လည်း အရသာက သိပ်မပြောင်းချေ။ အရသာက လတ်ဆတ်နေသေး၏။


စားနေချိန်တွင် ရှီခိုင်ရှင်း၏အသံက အပြင်မှထွက်လာသည်။


"မာရှယ်လ်၊ မကောင်းတော့ဘူး"


ကျွင်းချင်ယွီ မျက်ခုံးပင့်လိုက်မိသည်။ သူထွက်သွားတာမကြာသေးပေမယ့် ဘာလို့ ပြန်လာရပြန်တာလဲ။


တံခါးဖွင့်ပြီး ဝင်ခွင့်ပြုလိုက်ရာ ရှီခိုင်ရှင်းက အဝတ်ပတ်ထားသည့် ဘောလုံးကို ပွေ့ဖက်လျက် ပြေးဝင်လာသည်။


ကျွင်းချင်ယွီက သံသယနှင့်အတူ မေးလိုက်သည်။


 ''အဲ့ဒါဘာလဲ''


ရှီခိုင်ရှင်းက အဝတ်ထုပ်ကို စားပွဲပေါ်တင်ကာ အတွင်းလွှာကို ဖုံးထားသည့် အပြင်အလွှာအား ဖြည်းညှင်းစွာဖွင့်လိုက်သည်။


အင်္ကျီအလွှာများစွာကို ခွဲထုတ်လိုက်ရာ နောက်ဆုံးတွင် အထဲမှာ ကြက်ဥထက် နှစ်ဆ သို့မဟုတ် သုံးဆခန့် ပိုကြီးသော အဖြူရောင်ဥတစ်လုံး ထွက်လာသည်။


"ယွီကျစ်ပြန်ယူလာခဲ့တာ'' ရှီခိုင်ရှင်းက ဥကို တစ်ရှူးနှင့်သုတ်လိုက်ပြီး ''ရေသူဥလို့ထင်တာပဲ'


ဥတွင် မိမိကိုယ်ကို အကာအကွယ်ပေးထားသော အမြှေးပါးတစ်ခု ရှိပြီး အတွင်းဘက်ရှိ အရာများကို ဤအမြှေးပါးအား ဖောက်ထွင်း၍ မမြင်နိုင်ပေ။


သို့သော် အသွင်အပြင်ကို ကြည့်လျှင် ယင်းမှာ အခွံမာနှင့် ကြေကွဲလွယ်သောအခွံကြား ကွာခြားချက်မှလွဲ၍ ရေသူစခန်းတွင် ပြသထားသည့် ရေသူဥများနှင့် ဆင်တူသည်။


သို့သော်လည်း သူတို့သည် မျက်လုံးဖြင့်ကြည့်ရုံဖြင့် ရေသူဥဟုတ်မဟုတ် မခွဲခြားနိုင်ပေ။


ဖုယွမ်ချွမ်းက မေးသည်။


''မင်း ဒါကို ရေသူမျိုးဆက်ပွားရေးစခန်းကို စစ်ဆေးဖို့ ပို့လိုက်သေးလား''


ရှီခိုင်ရှင်း၏ပုံစံမှာ ရယ်စရာကောင်းသော်လည်း သူက အလွန်ယုံကြည်စိတ်ချရဆဲဖြစ်သည်။


သူက ပြောသည်။


"ကျွန်တော် အရေခွံကိုခွာပြီး တစ်စုံတစ်ယောက်ကို ပို့ခိုင်းလိုက်တယ်၊ ရလဒ်ရဖို့အတွက် မနက်ဖြန်အထိ စောင့်ရဦးမယ် ၊ ဒီဥကို အခု ဘာလုပ်ရမှန်း မသိတော့လို့ မာရှယ်ဆီ ပို့လိုက်တာ။"


ယွီကျစ်ပြန်လာပြီး အိပ်မပျော်သွားခင်တွင် သူက သူ့အဝတ်အစားများကို အချိန်အတော်ကြာ ညွှန်ပြနေခဲ့သည်။ ရှီခိုင်ရှင်းက သူဘာကိုဆိုလိုမှန်းနားမလည်သောကြောင့် အံ့အားသင့်သွားသော်ငြား ယွီကျစ်က သူ့အဝတ်များ ချိတ်ဆွဲရန် ကူညီခိုင်းသည်ဟုသာ ထင်ခဲ့သည်။


အစီရင်ခံစားအားအပ်ကာ ပြန်သွားသည်နှင့် သူ့အဝတ်များအား ချိတ်ဆွဲရန်ကူညီပေးခဲ့ရာ ရလဒ်အနေဖြင့် အဝတ်များအောက်မှ ဥတစ်လုံးထွက်ကျလာခဲ့သည်။


သူ့မျက်လုံးနှင့် လက်များ၏ မြန်ဆန်မှုကြောင့်သာ မဟုတ်လျင် ဥသည် မြေပြင်ပေါ်သို့ ကျသွားလိမ့်မည်ဖြစ်သည်။


ဤမျှမြင့်သော အကွာအဝေးမှ ရေသူဥသာ ပြုတ်ကျသွားပါက ထိုအရာသည် ရှင်သန်နိုင်လိမ့်မလား မသေချာပေ။


ရေသူဥများမှာ မွေးမြူရန် အလွန်ခက်ခဲသည့်အပြင် ဂရုမစိုက်ပါက အလွယ်တကူ ပြဿနာဖြစ်နိုင်သည်။


Xxxxxxx