အပိုင်း ၆၄
Viewers 18k

Chapter 64


ဖုယွမ်ချွမ်းက သူ့ကို အလျင်အမြန် ဖမ်းဆုပ်လိုက်သည်။ "အရမ်းလေးတယ်၊ မင်းလက်တွေနာလိမ့်မယ်၊ ခဏဆို ကိုယ် ကိုယ့်ဟာကိုယ် သယ်လိုက်ပါမယ်"


အရာအားလုံးကို ဖိသိပ်ကာထည့်ထား၏။ ပုံစံအရသေးသော်ငြား ထုထည်ကပိုကြီးပြီး ကိုင်ဖို့အတွက် လေးသည်ပင်။


"မဟုတ်တာ"


ကျွင်းချင်ယွီ ပြင်ဆင်ပြီးနောက် ခရီးဆောင်အိတ်၏အလေးချိန်ကို စမ်းသပ်သည့်အခါ ၎င်းမှာ လေးလံခြင်းမရှိပေ။ ရေသူလေးက အင်အားကို ရှင်းရှင်းသိပုံမရခြင်းဖြစ်နိုင်၏။ 


"ကျွန်တော် ရွှေ့နိုင်တယ်ထင်တာပဲ" အဲတာက ခရီးဆောင်အိတ်လေးပဲလေ။ အပြင်ကိုဆွဲထုတ်ပြီး ဓာတ်လှေကားထဲထည့် ပြီးရင် အပြင်က ကားထဲကို ထည့်ရုံပဲ။ အရမ်းကြီး သက်ရောက်မှုရှိမှာမဟုတ်ပါဘူး။


ဖုယွမ်ချွမ်း ခေါင်းယမ်းကာ ခရီးဆောင်အိတိအကြောင်း မပြောတော့ပေ။ ထိုအစား သူက ငါးလေးကိုဖက်ကာ သူ့ပေါင်ထက်တွင် ထိုင်ခိုင်းလိုက်သည်။ "အရင်ဆုံး အသီးနည်းနည်းလောက်စားလိုက်၊ ပြီးရင် ရှီခိုင်ရှင်းက စစ်သင်္ဘောကိုကြည့်ဖို့ မင်းကိူလာခေါ်လိမ့်မယ်"


ကျွင်းချင်ယွီက ပန်းသီးတစ်စိတ်ကို ကိုက်လိုက်ပြီး ဝိုးတဝါး ပြန်ဖြေလာသည်။ "ကောင်းပါပြီ"


သူသည် စစ်သင်္ဘောများကိုကြည့်ရန် စိတ်မဝင်စားသော်လည်း စစ်သင်္ဘောပေါ်ကိုတက်ရန်မူ အလွန်စိတ်ဝင်စားသည်။


သစ်သီးပမာဏကသိပ်မများချေ။ ဒေတာတင်နေသည့် တိုးတက်မှူဘား ၁၀၀ကိုရောက်သည်နှင့် သစ်သီးပန်းကန်သည်လည်း ပြောင်သလင်းခါသွားပေလိမ့်မည်။


ဖုယွမ်ချွမ်းက ကွန်ပျူတာကိုပိတ်လိုက်ပြီး အပြင်ထွက်ရန် ရှောင်ယွီကို maskတပ်ပေးလိုက်သည်။ "အောက်ထပ်ကိုသွားစို့"


ကျွင်းချင်ယွီက ပြတင်းပေါက်တွင် ရပ်ကာ တစ်ချက်ကြည့်လိုက်သည်။ ရှီခိုင်ရှင်း၏ ကားက အောက်ထပ်ကို ရောက်နေကာ ရပ်ထားပြီဖြစ်၏။


ရှီခိုင်ရှင်းက သူ့ခရီးဆောင်ကိုသယ်ရန် ဆင်းလာချိန်တွင် ကျွင်းချင်ယွီနှင့်ဖုယွမ်ချွမ်း အတူတကွဆင်းလာသည်ကိုမြင်ပြီး အံ့အားသင့်သွားသည်။ 


ဒါ... ကျွင်းချင်ယွီပါ အတူလိုက်မလို့လား


ရှီခိုင်ရှင်း အံ့အားသင့်မှုနှင့်အတူ ရှုပ်ထွေးသွား၏။ 


မင်းပြောတော့ လိုက်နာမယ်ဆို၊ ဒီလိုနဲ့ ခက်ခဲကြမ်းတမ်းတဲ့ အလုပ်တစ်ခု ငါ့ကိုပေးလာရင် မင်းဘာလုပ်မှာလဲ။


ရှီခိုင်ရှင်း မျက်လုံးများ၏ အဓိပ္ပါယ်ကို ကျွင်းချင်ယွီ နားမလည်သေးမီတွင် ရှီခိုင်ရှင်းက သူ့ခရီးဆောင်အိတ်ကို ထားရန် အနောက်ဘက်ကို သွားလိုက်သည်။


ဖုယွမ်ချွမ်းကပြောသည်။ "ကားထဲအရင်ဝင်လိုက်"


"ကောင်းပြီ.."


ခရီးဆောင်အိတ်ကို ဖယ်ရှားပြီးသည်နှင့် ရှီခိုင်ရှင်းက နောက်ဆုံးမှတက်လာကာ ကားထဲမှကျွင်းချင်ယွီကိုကြည့်ပြီး မေးလိုက်သည်။ "မာရှယ်၊ ယာယီသက်သေခံကဒ်ပြား လုပ်ပေးစေချင်လား"


ကျွင်းချင်ယွီကိုကြည့်ကာ ပြောနေသော်ငြား ဖုယွမ်ချွမ်းကို မေးနေခြင်းပင်။


စစ်သင်္ဘောပေါ်ရှိ လူတိုင်း၏ အထောက်အထားမှာ မထွက်ခွာမီ သတ်မှတ်ထားသည့် ကျပန်းနံပါတ် အသစ်စက်စက်များသာ ဖြစ်သည်။


ယင်းမှာ စစ်သင်္ဘောပေါ်တက်လာသူ၏ အထောက်အထားက ပုံမှန်ဖြစ်ကြောင်း သေချာစေရန်လည်း ဖြစ်သည်။


အထောက်အထားမရှိပါမူ ဝင်ခွင့်ရမည်မဟုတ်ပေ။


ဖုယွမ်ချွမ်း မပြောမှီ ကျွင်းချင်ယွီက ဦးစွာငြင်းလိုက်သည်။ "ဟင့်အင်း ၊ ငါ့အတွက်မလိုပါဘူး"


"ဟင်?" ရှီခိုင်ရှင်းက မျက်ခုံးပင့်လိုက်၏။ မလိုဘူးပေါ့လေ။


ကျွင်းချင်ယွီက ရှီခိုင်ရှင်း တစ်ခုခုအား နားလည်မှုလွဲနေပြီကို သဘောပေါက်လိုက်ကာ ခေါင်းညိတ်ပြီး ထပ်ပြောလိုက်သည်။ "မလိုပါဘူး"


မလိုဘူး၊ ဘာမှရှုပ်ထွေးမနေပါနဲ့။


ရှီခိုင်ရှင်းမှာ နားလည်သလိုလိုနှင့် နားမလည်ပေ။


စစ်သင်္ဘောမှာ ရုံးအဆောက်အအုံ၏ထိပ်တွင် ပျံဝဲရပ်နားသွားပြီး အဆောက်အအုံထိပ်သို့ သွားရန် ဓာတ်လှေကားဖြင့် တက်ရသည်။


အရွယ်အစားက အရမ်းကြီးသည့်အတွက် အောက်ထပ်တွင် ရပ်ကာကြည့်လျှင် တစ်ချက်ကြည့်ရုံဖြင့် မမြင်ရပေ။


အဆောက်အဦးတစ်ခုလုံးကို အရိပ်များဖြင့် ဖုံးလွှမ်းနေပြီး လွတ်နနေသည့်နေရာကိုပင် တိမ်အသင့်အတင့်က ဖုံးလွှမ်းထားသည်။


ကြယ်တာရာစစ်ပွဲများတွက် စစ်သင်္ဘောများအပြင် မက်ခါများကိူလည်း အသုံးပြုကြသည်။


ကျွင်းချင်ယွီက ဖုယွမ်ချွမ်း မက်ခါမောင်းသည်ကို မမြင်ဖူးပေ။ ဤတစ်​ကြိမ်တွင် သူက ဇာ့ဂ်ကို တကယ်​တိုက်​မှာ မဟုတ်​ပါချေ။ မက်ခါကို သုံးနိုင်ချေက သိပ်မမြင့်မားပေ။ အနာဂတ်စစ်မြေပြင်တွင်တော့ တွေ့မြင်နိုင်ဖို့ အခွင့်အရေးရှိပေသည်။


ဖုယွမ်ချွမ်းကပြောသည်။ "အရင်တက်ကြမယ်"


ကျွင်းချင်ယွီက ခေါင်းညိတ်လိုက်ပြီး ရှီခိုင်ရှင်းက ခရီးဆောင်အိတ်ထုတ်လာသည်ကို မြင်သည့်အခါ ကျွင်းချင်ယွီက တစ်ခုကို ယူလိုက်သည်။ 


ခရီးဆောင်အိတ်ကို ကူညီပြသယ်ပေးနေသည့် ရေသူလေးကို ကြည့်ရင်း ဖုယွမ်ချွမ်းမှာ တစ်စုံတစ်ခု မှားနေပြီဟု ယောင်ဝါးဝါး ခံစားလိုက်ရသည်။


ဒီတစ်ကြိမ် သူအပြင်ကိုသွားပေမယ့် ရှောင်ယွီက မလိုက်ချင်ဘူးတဲ့လား။


အတိတ်မှအတွေ့အကြုံများက အချို့အရာများမှာ အပေါ်ယံတွင် မြင်နေရသည်နှင့် မတူညီကြောင်း သတိပေးနေခဲ့သည်။


ဖုယွမ်ချွမ်းက သူ့ခရီးဆောင်ကို ဘေးသို့ပို့လိုက်ပြီး ရှောင်ယွီကိုဆွဲပွေ့ကာ ဆံပင်လေးများအား ပွတ်သပ်ပေးလိုက်ရင်း မေးသည်။ "ကိုယ်သွားရင် နောက်က တိတ်တိတ်လေး လိုက်လာမှာတော့ မဟုတ်ဘူးမလား"


"ဘယ်ကသာ..." ကျွင်းချင်ယွီက ခေါင်းမော့ကာ အပြစ်ကင်းစွာကြည့်လိုက်ပြီး "ကျွန်တော်က အရမ်းလိမ္မာတာပါနော်"


မမြင်မကြားဟန်ဆောင်ကာ ရှေ့ကိုသွားနေသည့် ရှီခိုင်ရှင်းတစ်ယောက် အနှီစကားစုကို ကြားလိုက်ရစဥ်။ "???"


ဘာအဓိပ္ပါယ်မရှိတာတွေကို ပြောနေတာလဲကွ!


ရှီခိုင်ရှင်း၏ အံ့အားသင့်သွားသည့်အကြည့်ကို သတိပြုမိလိုက်သဖြင့် ကျွင်းချင်ယွီက သူ၏ခေါင်းကို ဖုယွမ်ချွမ်း၏ပွေ့ဖက်မှုထဲကို မြဲမြံစွာမြှုပ်နှံထားလိုက်ကာ သူ့ကို စူးစူးဝါးဝါးကြည့်လိုက်သည်။


ရှီခိုင်ရှင်းက သူ၏ရှက်ရွံ့မှုကို အလျင်အမြန် ဖုံးကွယ်ရင်း ချောင်းဟန့်ကာ ရှေ့အမြန်တက်ပြီး တံခါးဖွင့်လိုက်သည်။


ဖုယွမ်ချွမ်းက သူ့လက်ထဲမှ ငါးလေးကိုကြည့်ကာ တစ်ခုခုပြောလိုသော်ငြား ပြောလျှင်လည်း အသုံးမဝင်ဟု ခံစားလိုက်ရသည်။ ထို့ကြောင့် သူက ဆံပင်လေးများကို သပ်ပေးပြီး ပြောလိုက်သည်။


 "ဂရုစိုက်နော် "


"မစိုးရိမ်ပါနဲ့ " ကျွင်းချင်ယွီက အပြုံးတစ်ခုဖြင့် ဆိုသည်။ "ကျွန်တော် ကိုယ့်ဟာကိုယ် ကာကွယ်နိုင်ပါတယ်"


ရှောင်ယွီက အမြဲလိုလို အကောင်းဆုံး နာခံတတ်သည်။


ယင်းက သူကတိပေးထားသည့် ကိစ္စအပေါ်မှာသာ မူတည်၏။


ဖုယွမ်ချွမ်းက ခဏမျှစဥ်းစားလိုက်ပြီး ပြောလိုက်သည်။ "ကိုယ်မင်းကို စစ်သင်္ဘောကိုကြည့်ဖို့ ခေါ်သွားပေးမယ်"


"ဟမ်?" ကျွင်းချင်ယွီ အံ့ဩသွားသည်။ သူက ဖုယွမ်ချွမ်း စစ်သင်္ဘောပေါ်တက်သွားမည့်အချိန်ကို စောင့်ဆိုင်းရန် စီစဉ်ခဲ့ခြင်းပင်။ အဘယ်ကြောင့် သူ့ကို ရုတ်တရက်ကြီး စစ်သင်္ဘောပေါ် ခေါ်သွားချင်ရသည်လဲ။


ကျွင်းချင်ယွီ မေးလိုက်သည်။ "မကြာခင် ထွက်ရတော့မှာမလား၊ အချိန်တွေ နှောင့်နှေးမသွားလောက်ဘူးလား"


စစ်သင်္ဘောက အလွန်ကြီးသည်။ တစ်စင်းလုံးကို လိုက်မကြည့်လျှင်ပင် နေရာအနည်းကို လိုက်ကြည့်ခြင်းနှင့် လှေကားအတက်အဆင်းလုပ်ရသည်ကပင် ဒုက္ခများနေပြီဖြစ်သည်။


ဖုယွမ်ချွမ်းက ညင်သာစွာ ပြောသည်။ "စိတ်မပူပါနဲ့"


ထို့အပြင် ဤကဲ့သို့သောအချိန်မျိုး၌ အချိန်ကစောသည်ဖြစ်စေ၊ နောက်ကျသည်ဖြစ်စေ အရေးမကြီးပေ။


ယခင်က ကျွင်းချင်ယွီသည် လောင်စာခန်းကို ရှာဖွေရန်အတွက် စစ်သင်္ဘောကို ဖြည်းညှင်းစွာ စူးစမ်းရန် စိတ်ကူးခဲ့ဖူးသည်။ စစ်သင်္ဘောပုံကို သူမြင်ဖူးသည်။


အဲဒါကို ခွဲခြားသတ်မှတ်ထားသော်လည်း ဖုယွမ်ချွမ်းက သူနှင့်ပတ်သက်၍ ဘယ်အချိန်ကမှ စောင့်ကြပ်မထားချေ။


ထို့အပြင် သူက စစ်သင်္ဘောပုံများကို မြင်ဖူးသော်ငြား ယင်းက လောင်စာခန်းကို ရှာတွေ့နိုင်မည်ဟု မဆိုလိုချေ။ ယခု လိုက်ကြည့်လိုက်လျှင် နောက်ပိုင်းတွင် ရှာဖွေရ လွယ်ကူနိုင်သည်။


ထိုအကြောင်းကို သိချင်သဖြင့် ကျွင်းချင်ယွီက ဖုယွမ်ချွမ်း၏လက်မောင်းကို ဖက်ကာ ပြောလိုက်သည်။ "သွားစို့၊ သွားကြည့်ကြမယ်"


"ကောင်းပြီ"


စစ်သင်္ဘောက တဝဲလည်လည်ဖြစ်နေပြီး ဝင်ပေါက်တွင် လှေကားတစ်ခုကို ချထားသည်။


ခေါင်မိုးပေါ်တွင် လူတစ်ယောက်မှမရှိချေ။ ရှီခိုင်ရှင်းက ဦးစွာတက်လာပြီးနောက် လူတွေကို စစ်သင်္ဘောပေါ်တက်ရန် အစီအစဥ်ချပေးခဲ့တာဖြစ်နိုင်သည်ဟု ကျွင်းချင်ယွီ တွေးလိုက်သည်။ 


သို့မဟုတ်ပါက ဤနေရာတွင် ဗလာဖြစ်နေမည် မဟုတ်ပေ။  


လှေကားက လူတစ်ယောက် အတက်အဆင်းလုပ်ဖို့ရာ ကျယ်ဝန်းသော်လည်း လူနှစ်ဦးကတော့ ဘေးချင်းကပ်လျက် အတက်အဆင်းလုပ်မရပေ။


ဖုယွမ်ချွမ်းက ကျွင်းချင်ယွီကို ရှေ့မှဦးစွာ ဝင်ခိုင်းပြီး သူ့နောက်က စောင့်ကြပ်လျက် လိုက်သည်။ "ဖြည်းဖြည်း..."


လှေကားအဆင့်ဆင့်က အနည်းငယ် မတ်စောက်သည်။ နောက်ဆုံးတွင် ယင်းမှာ ခေါက်သိမ်းနိုင်သော လှေကားဖြစ်ပြီး ပုံမှန်အိမ်တစ်လုံးရှိ လှေကားများ၏ အမြင့်၊အနံတို့နှင့် ကွာခြားသည်။


သို့သော်လည်း အနှီခြားနားချက်က ကျွင်းချင်ယွီအပေါ် အနည်းငယ်သာ သက်ရောက်မှုရှိသည်။


လမ်းလျှောက်ရင်း ခေါင်းငုံ့ပြီးကြည့်လိုက်စဥ်တွင် ဖုယွမ်ချွမ်း၏လက်များကို သူ့ခါးထက်တွင်တွေ့လိုက်ရသည်။


ကျွင်းချင်ယွီက ပြုံးကာမေးလိုက်သည်။ "ကျွန်တော် ပြုတ်ကျရင် ခင်များဖမ်းထားပေးမှာလား"


"မင်းကို ကျခွင့်မပေးဘူး"


ဖုယွမ်ချွမ်း၏ ယုံကြည်မှုတို့ပြည့်ဝနေသောစကားများကိုနားထောင်ရင်း ကျွင်းချင်ယွီ၏မျက်လုံးများ ကွေးညွတ်သွားသည်။ သူက နောက်ဆုံးခြေလှမ်းကိုလှမ်းလိုက်ချိန်တွင် ဖုယွမ်ချွမ်းထံ လှည့်ကြည့်လိုက်သည်။


ဖုယွမ်ချွမ်းက ခေါင်းကိုခါယမ်းရင်း ပြောသည်။


"ကိုယ်တို့ မထွက်ခွာရသေးခင်မှာ လူတိုင်းက သူတို့အခန်းထဲမှာပဲ နေကြလိမ့်မယ်၊ အခန်းတစ်ခုကို လူခြောက်ရှိတယ်၊ လူအရေအတွက်နဲ့ အခြားပြဿနာတွေကို စစ်ဆေးပြီး စီမံကွပ်ကဲဖို့ တစ်ယ်ာက်ကို တာဝန်ပေးထားတယ်"


ကျွင်းချင်ယွီက ခေါင်းညိတ်လိုက်သည်။ သူတို့ကို အုပ်စုခွဲလိုက်သည့်အခါ စီမံခန့်ခွဲရန် ပိုမိုလွယ်ကူသွားပေလိမ့်မည်။ သို့မဟုတ်ပဲ လူအများအပြား စုရုံးနေလျှင် လူတစ်ဦး သို့ နှစ်ဦးမျှ စိမ့်ဝင်ရန်မှာ လွယ်ကူသွားလိမ့်မည်။


မထွက်ခွာမှီတွင် လျှောက်လမ်း၌ လူတစ်ဦးမျှ မရှိပါချေ။


ပျံသန်းမှု တည်ငြိမ်အောင် စောင့်ဆိုင်းပြီးနောက် ထွက်ခွာပြီးသည့်အချိန်တွင် သူတို့ကို ထွက်ခွာခွင့်ပြုမှာဖြစ်သည်။


ဘယ်သူမှမရှိတာက ပိုကောင်းသည်။ နောက်ပိုင်း သူလုပ်ရကိုင်ရ ပို၍ လွယ်ကူပေလိမ့်မည်။


ကျွင်းချင်ယွီက maskကိုဆွဲလှန်လိုက်သည်။ ဖြစ်နိုင်လျှင် လူများကို သူ့မျက်နှာဖုံးကိုပင် မမြင်စေလိုပါချေ။


ယင်းက 'အမှန်တကယ်' ပြဿနာရှိသည့် အထောက်အထားကို ထိန်းသိမ်းထားရန် လုံလောက်ပြီး အချို့သော သည်းထိတ်ရင်ဖိုစရာများကို ချန်ထားခဲ့ရန် လုံလောက်သည်။


ရှီခိုင်ရှင်းက အရာအားလုံးကိုစီစဥ်ပြီး ပြန်လာချိန်တွင် အနှီနှစ်ဦးသားက လက်ချင်းတွဲလျက်ရှိသည်ကို ထောင့်မှနေ၍ မြင်လိုက်ရသည်။ သူ့ခြေရာကို ချက်ချင်းရပ်လိုက်ပြီး ထိုအကြောင်းကို တွေးပြီးနောက် သူတို့နားကို မချဥ်းကပ်ချေ။


ဖုယွမ်ချွမ်းက ထိုနေရာမှ လှုပ်ရှားမှုကို သတိပြုမိသွားကာ တစ်ချက်ကြည့်လိုက်ပြီးနောက် ကျွင်းချင်ယွီအား အပေါ်ထပ်သို့ ခေါ်သွားလိုက်သည်။ "ဒါကနားနေခန်းလေ၊ များသောအားဖြင့် ကိုယ်ဒီမှာနေတယ်"


သူတို့ကို အမိန့်ပေးရမည့် အချိန်တွေကလွဲ၍ သူကထမင်းစားချိန်များပါ အပါအဝင် သူ့အခန်းထဲမှာသာ အချိန်ကုန်လေ့ရှိ၏။ 


အချိန်ကျလာပါက ရှီခိုင်ရှင်းမှ ပို့ပေးလိမ့်မည်ပင်။


ကျွင်းချင်ယွီ ခေါင်းညိတ်လိုက်ပြီး တံခါးတွင်ရပ်ကာ တစ်ချက်ကြည့်လိုက်သည်။ အခန်းက အတော်လေးကြီး၏။


အဆုံးမှာတော့ ဖုယွမ်ချွမ်းက စစ်သင်္ဘောပေါ်တွင် စစ်ဦးစီးချုပ်ဖြစ်ပြီး သူနေထိုင်ရာနေရာသည်လည်း သေးငယ်လွန်းနေမှာတော့မဟုတ်ပေ။


ထို့အပြင် ဤနေရာတစ်ဝိုက်၌ တိတ်ဆိတ်ငြိမ်သက်စေရန် နားနေခန်း၏ရှေ့ရော နောက်မှာပါ အခန်းငယ်လေးများ မရှိချေ။


နားနေခန်းကိုကြည့်ပြီးနောက် ဖုယွမ်ချွမ်းက ကျွင်းချင်ယွီအား လျှောက်လမ်းတစ်လျှောက် ဦးဆောင်ခေါ်သွားသည်။


စစ်သင်္ဘော၏ အတွင်းပိုင်းမှာ အပြင်ဘက်မှ ကြည့်ရသလောက် ရင်သပ်ရှုမောဖွယ်ရာ မရှိပေ။ လေယာဉ်ပေါ်ရှိ ထိုင်ခုံများကို ဖယ်ရှားပြီး နံရံများနှင့် အခန်းများအဖြစ် ပိုင်းခြားထားသကဲ့သို့ပင် ခံစားရသည်။


ယင်းက အပျော်စီးသင်္ဘောနှင့်ပင် တူလေသည်။


ယင်းတို့ကိုကြည့်ပြီးနောက် ဖုယွမ်ချွမ်းက လျှို့ဝှက်လမ်းကြောင်းတချို့ကို ဖွင့်လိုက်သည်။


ကျွင်းချင်ယွီ ခေါင်းညိတ်လိုက်ပြီး တစ်ခုခုက လွဲနေပြီဟု ခံစားလိုက်ရသည်။ 


မည်သို့ပင်ဖြစ်စေ ဖုယွမ်ချွမ်းက ဖြတ်သန်းရာလမ်းတစ်လျှောက် အရာအားလုံးကို ရှင်းပြခဲ့သည်။ "ပြီးခါနီးနေပြီ ၊ မင်း အခြားနေရာတွေကိုရော ကြည့်ချင်သေးလား"


အချိန်ကနောက်ကျနေပြီဖြစ်တာကြောင့် ကျွင်းချင်ယွီက ဖုယွမ်ချွမ်းကို ထပ်မံ၍ မနှောင့်နှေးစေလိုတော့ပေ။ "မကြည့်တော့ဘူး၊ ကျွန်တော် ပြန်ဆင်းသင့်ပြီ"


သူက ပုံနှင့် စစ်သင်္ဘော၏အပြင်အဆင်ကို ပေါင်းစပ်ပြီးနေပြီဖြစ်သည်။


ဖုယွမ်ချွမ်းက ခေါင်းညိတ်ကာပြောလာသည်။ "ကောင်းပြီ၊ ကိုယ်မင်းကို လိုက်ပို့မယ်"


"မလိုပါဘူး ၊ ကျွန်တော် ကိုယ့်ဟာကိုယ် ဆင်းနိုင်တယ်" မူလက ကျွင်းချင်ယွီသည် တက်လာဖို့ အစီအစဥ်မရှိခဲ့ပေ။ သူက စစ်သင်္ဘော ထွက်ခွာသည့်အချိန်တွင် သူ၏နေရာလွတ်ကိုသုံးပြီး တစ်စုံတစ်ဦးကိုမှီကာ တက်လာရန် ကြံစည်ထားခြင်းဖြစ်၏။ 


 


Xxxxxxx