အပိုင်း (၂၆၈)
Viewers 31k

Chapter 268 


သူက ယွမ်ရှအပေါ်ထားထားသော သူ၏ယုံကြည်မှုများကို ဟာသမဖြစ်စေချင်ပေ။ ထို့အပြင် သူ့ကို သူမက ပြောင်လိမ်နေမည်ကိုလည်း မလိုချင်ခဲ့ပေ။ နောက်တစ်နည်းပြောရလျှင် အကယ်၍ သူမသာ ချင်ယွီနှင့်တွဲနေခဲ့ပါလျှင်လည်း သူ့ကိုမဖုံးကွယ်ပဲ​ပြောပြစေချင်သည်။ 


တစ်ခါတစ်ရံတွင် မုသားဆိုသည်မှာ အမှန်တရားထက်ဆိုမြသည်ဆိုသော်လည်း သူက ထိုကဲ့သို့ချိုမြမှုမျိုးကို မလိုချင်ပေ။


အချက်အလက်တိုင်းကို သေချာလှန်လှောကြည့်ပြီးနောက်တွင် ရှအန်းနှင့် ချင်းယွီတို့မှာ ဘုံသူငယ်ချင်းသို့မဟုတ် အသိအကျွမ်းပင်မရှိကြောင်း သိလိုက်ရသည်။ သူမက ချင်ယွီကို ကုမ္ပဏီ၏အင်တာဗျူးတွင်မှ ပထမဆုံးတွေ့ဖူးသည်ဆိုသော အရာမှာအလိမ်အညာဖြစ်မနေခဲ့ပေ။ သူမက ထိုအချိန်မတိုင်မီက သူ့ကိုတစ်ခါမှမတွေ့ခဲ့ဖူးချေ။


စုန့်ထင်ရှန်း သူ့လက်ချောင်းများကိုကွေးကာ စားပွဲခုံကို ခေါက်နေလိုက်သည်။


ဒါဆိုရင်တော့ မေးစရာရှိတာက ချင်ယွီက သူ့ကိုပြောပြခဲ့တဲ့ အချက်အလက်တွေကို ဘယ်ကနေရာတာလဲ... ရှအန်းရဲ့ ညာဘက်ခါးမှာ မှဲ့လေးတစ်ခုရှိသလို နားရွက်နောက်မှာလည်း အမာရွတ်လေးရှိနေတယ်...


အရေးအကြီးဆုံးအရာမှာ ချင်ယွီထိုသို့ပြောခဲ့သောညက လိမ်လည်နေသည့်ပုံ လုံးဝမပေါက်၍ဖြစ်သည်။ စုန့်ထင်ရှန်းက ထိုအထိသာ အသေအချာသိပေသည်။ သူအတော်လေးစိတ်ရှုပ်နေသည်။ အမှန်အတိုင်းပြောရလျှင် စုံစမ်းစစ်ဆေးလိုက်သည်မှာ ကောင်းသည့်အရာဖြစ်ပြီး သူ ယွမ်ရှနှင့် ချင်ယွီကြားတွင် ဘာမှမရှိကြောင်း သိခဲ့ရသည်။ ၎င်းက သူ့ကိုအသည်းနှလုံးတစ်ခုလုံးထဲထိ ပျော်ရွှင်စေသည်။


သို့သော် ချင်ယွီက အန္တရာယ်ရှိသည့်လူတစ်ယောက်ဖြစ်နေဆဲပင်။


ယောက်ျားတစ်ယောက်အနေဖြင့် စုန့်ထင်ရှန်းမှာ ချင်ယွီနှင့် သွမ့်ချီတို့မှာ ကွာခြားကြကြောင်း သိပေသည်။ နှစ်ယောက်လုံးက ယွမ်ရှကိုတပ်မက်ကြပါသော်လည်း သွမ့်ချီတွင် အတိုင်းအတာရှိသည်။ သူ့တွင် အားနည်းချက်များရှိသလို သူ့ကိုထိန်းချုပ်ကာ တားဆီးကြမည့်လူများရှိ၍ သွမ့်ချီကို ရပ်တန့်ရန်လွယ်ပေသည်။ ချင်ယွီမှာမူ တစ်မူထူးနေသည်။ ယွမ်ရှကို သူ့ကုမ္ပဏီအတွက် အင်တာဗျူးခေါ်ကတည်းက သူ့အစီအစဉ်မှာကြီးမားလှကြောင်း သိသာပေသည်။ သူ့လုပ်ခဲ့သမျှမှာ ညင်သာသည်ဟုထင်ရပါသော်လည်း သူ့တွင် အတိုင်းအတာဟူ၍မရှိပေ။ ဤတစ်ကြိမ်တွင်လည်း ထိုသို့သာဖြစ်သည်။


အမှန်အတိုင်းပြောရလျှင် စုန့်ထင်ရှန်းမှာ အတော်လေး ကသိကအောက်ဖြစ်နေသည်။ သူက မြင်နေရသည့်အတိုင်း တည်ငြိမ်မနေပေ။ သူသာ အသက်နှစ်ဆယ်ကျော်အရွယ်လေး ဖြစ်နေဆဲဆိုပါက  သူ့ဘာလုပ်လုပ်အကြောင်းပြချက်များ ဆင်ခြေများပေး၍ရသည်။ ဥပမာအားဖြင့် ချင်ယွီကို ဆေးရုံကုတင်ပေါ် တစ်လ နှစ်လမျှလှဲနေရအောင် ရိုက်ပစ်ခြင်းမျိုးဖြစ်သည်။


သို့သော် သူထိုသို့မလုပ်နိုင်ပေ။ သူကအသက်သုံးဆယ်ပင်ကျော်နေလေပြီ။ သူ မရင့်ကျက်၍မရပေ။ ယွမ်ရှက သူ့ကို ကလေးဆန်သည်ဟု မမြင်စေချင်ပေ။


---


စုန့်ထင်ရှန်း စုံစမ်းမှုကိုလျှို့ဝှက်စွာ မလုပ်ဆောင်ခဲ့၍ မကြာမီတွင် ချင်ယွီကထိုသတင်းကို ကြားသွားလေသည်။ သူ့သူငယ်ချင်းအချို့ကပင် သူ့ကိုစုန့်ထင်ရှန်းနှင့် သဘောထားကွဲလွဲမှုရှိသလားဟု မေးလာသည်။ မဟုတ်ပါက တစ်ဖက်လူက အဘယ်ကြောင့် အကြီးအကျယ်ရုတ်ရုတ်သဲသဲဖြစ်အောင် သူ့ကိုစုံစမ်းမည်နည်း။ ချင်ယွီက ပြုံးရုံသာပြုံးပြီး ပြန်မဖြေပေ။


စုန့်ထင်ရှန်းက သူသောကြာနေ့ညက ပြောခဲ့သော စကားကို အလေးအနက်မှတ်ယူပြီး အတော်လေးစိတ်ထဲထားနေသည့်ပုံပင်။


သူကိုယ်တိုင်ကလည်း ယောက်ျားတစ်ယောက်ဖြစ်၍ ယောက်ျားများကို စိတ်အနှောင့်အယှက်အဖြစ်စေဆုံးသော အရာများကိုသိပေသည်။ စုန့်ထင်ရှန်းနှင့် ယွမ်ရှကြားတွင် ဘာမှမရှိပါသော်လည်း ယောက်ျားတစ်ယောက်က သူ့မိန်းမတွင် ဇာတ်လမ်းလေးများ ရှိမည်ကို သည်းမခံနိုင်ပေ။ ထိုအပြင် စုန့်ထင်ရှန်းက ယွမ်ရှကိုကြိုက်နေကြောင်း သူပြောနိုင်သည်။ ထိုကဲ့သို့သော ခံစားချက်များနှင့်ဆိုလျှင် စုန့်ထင်ရှန်းက ဤကိစ္စကို အေးအေးဆေးဆေးမျက်နှာချင်းဆိုင်နိုင်မည်မဟုတ်ပေ။


ချင်ယွီက သူ စုန့်ထင်ရှန်းနှင့် ယွမ်ရှကြားတွင် သံသယမျိုးစေ့တစ်ခုကို အောင်အောင်မြင်မြင်စိုက်ပျိုးနိုင်ခဲ့ကြောင်း သိပေသည်။


စုန့်ထင်ရှန်း စုံစမ်းလို့ ဘာမှမတွေ့ရင်တောင် ဘာဖြစ်လဲ.. သူက ယွမ်ရှကို သံသယဝင်နေတော့မှာဆိုတော့ သူ့ဘက်က ရည်မှန်းချက် ပြည့်မြောက်သွားတာပဲလေ....


သံသယဆိုသည်မှာ ဆက်ဆံရေးတစ်ခုကို အဖျက်စီးနိုင်ဆုံးသောအရာဖြစ်သည်။


ချင်ယွီ အံဆွဲထံမှ လက်စွပ်ဘူးကိုယူကာ ဖွင့်လိုက်ပြီး ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။


သူဘာမှဆက်မလုပ်ပဲ မီးစာထပ်လောင်းလိုက်လျှင်ပင် ထိုလူနှစ်ဦးမှာ ခွာပြဲကုန်တော့မည်ဖြစ်သည်။ သူတို့၏ ဆက်ဆံရေးမှာ တစ်ချက်မှပင်တောင့်မခံနိုင်အောင် ဆတ်ဆတ်ထိမခံနိုင်ဖြစ်သွားမည်ဖြစ်သည်။


အချိန်ကျလာလျှင် သူကအရင်ဘဝကအတိုင်းသူမရှေ့တွင် ရပ်ပြီး ကာကွယ်ပေးလိုက်မည်။ ဤကမ္ဘာပေါ်တွင် သူကသာ သူမကိုအမှန်တကယ်ချစ်မြတ်နိုးသည့် တစ်ယောက်တည်းသောလူဖြစ်ကြောင်း သိစေမည်ဖြစ်သည်။


xxxxxx