အပိုင်း (၂၆၉)
Viewers 31k

Chapter 269 


ချင်ယွီက စုန့်ထင်ရှန်းနှင့် ယွမ်ရှတို့၏လှုပ်ရှားမှုများကို မသိချင်ယောင်ဆောင်နေလိုက်သည်။ စုန့်ထင်ရှန်းက သူ့ကိုစုံစမ်းစစ်ဆေးပြီးသလို သူဘက်ကလည်း အရင်ကတည်းက စုန်ထင်ရှန်းကို စုံစမ်းပြီးပြီဖြစ်၍ ထိုလူကိုအတော်လေးနားလည်နေလေပြီ။


စုန့်ထင်ရှန်းက အတော်လေး အပြုအမူကောင်းသူဖြစ်သည်။ လူမှုရေးပွဲစဉ်များတွင်ပင် အရက်သောက်ခဲသညိ။ စုန့်ထင်ရှန်းတစ်ယောက် တနင်္ဂနွေနေ့တွင် သူ့သူငယ်ချင်း လီယွမ်ဟန့်ကို အရက်သောက်ရန် ခေါ်ကတည်းက  သူ့စကားများက စုန့်ထင်ရှန်းအပေါ် အတော်လေးသက်ရောက်မှုရှိကြောင်း သိသွားပေသည်။ 


ချင်ယွီ သူ့ကွန်ပြူတာပေါ်မှ ဓာတ်ပုံများကိုကြည့်နေလိုက်သည်။ ယွမ်ရှက ကားနားတွင်ရပ်နေပြီး သူမနှင့်လီယွမ်ဟန့်တို့က စုန့်ထင်ရှန်းကို ကားထဲဆွဲခေါ်နေလေသည်။ ထိုအထဲတွင် သူမက အိမ်အကူအန်တီကြီးနှင့်အတူ စုန့်ထင်ရှန်းကို အိမ်ထဲတွဲခေါ်နေသောပုံများအပါအဝင် ပုံပေါင်းများစွာ ပါဝင်ပေသည်။


စုန့်ထင်ရှန်းနှင့် ယွမ်ရှတို့ ဤကိစ္စကြောင့် ရန်ဖြစ်ကြမလား သူမသိပေ။ သို့သော် ယခုလက်ရှိ သတင်းအချက်အလက်များအရဆိုလျှင် စုန့်ထင်ရှန်း၏အပြုအမူများမှာ အတော်လေးတည်ငြိမ်နေပေသည်။ စုန်ထင်ရှန်း၏ ပင်ကိုယ်စရိုက်အရ ယွမ်ရှနှင့် စကားများရန်ဖြစ်ခြင်းမဖြစ်သေးကြောင်း ခန့်မန်းမိပေသည်။ ချင်းယွီမှာ ၎င်းက သူစုန့်ထင်းရှန်ကို ပြောခဲ့သော စကားများကြောင့်ဖြစ်သည်ဟု သေချာပြောရဲပေသည်။ သင်တစ်ခုခုပြောဖို့တွန့်ဆုတ်လေလေ စိတ်ထဲတွင် သံသယမျိုးစေ့တို့ အပင်ပေါက်လေလေဖြစ်သည်။ နောက်ပိုင်းဆိုလျှင် ယွမ်ရှ မည်ကဲ့သို့ရှင်းပြ ရှင်းပြ အသုံးဝင်တော့မည်မဟုတ်ပေ။ သံသယများကို ချက်ချင်းမဖြေရှင်းပါက သင့်ရင်ထဲတွင် ထိုသံသယတို့၏အရိပ်မဲများ ကျန်ရစ်မည်ဖြစ်သည်။


၎င်းကလည်း သူဖြစ်စေချင်သည့်အတိုင်းဖြစ်သည်။


သို့သော် သူ့ကို အတော်လေးပဟေဠိဖြစ်စေသူမှာ ယွမ်ရှဖြစ်ပေသည်။


သူမကလည်း သူ့ကိုပြန်လည်မွေးဖွားလာတာလား.. ပြန်လည်မွေးဖွားလာတယ်ဆိုရင် ဘာလို့ သူ့ကိုမတုန့်ပြန်ခဲ့တာလဲ... သူက သူမကို သိသိသာသာကြီး အရိပ်အမြွက်တွေပြခဲ့တယ်လေ...


သူမသာ ပြန်လည်မွေးဖွားလာတာ မဟုတ်ဘူးဆိုရင် သူမကို အရိပ်အမွက်ပြတာတွေရော စိုးရိမ်တကြီး ဝန်ခံတာတွေရောကို နားမလည်သင့်ဘူးလေ... ပြီးတော့ သူမသာ မြို့တော်Aမှာ စုန့်ထင်ရှန်းကို သွားမတွေ့ခဲ့ရင်ရစုန့်ထင်ရှန်းလည်း အသက်ရှင်မှာ မဟုတ်ဘူး.. ဒါတွေအားလုံးက တိုက်ဆိုင်တာတော့ မဖြစ်လောက်ဘူးမလား...


သို့သော် စုန့်ထင်ရှန်း မတော်တဆဖြစ်သည့်နေ့ကာ ယွမ်ရှ၏ လှုပ်ရှားမှုများကို အပြန်ပြန်အလှန်လှန် ကြည့်ပါသော်လည်း ပုံမှန်နှင့် ကွဲပြားနေခြင်းမရှိပေ။ ထူးဆန်းနေသည့် တစ်ခုတည်းသောအရာမှာ သူမက သူမတို့၏ကလေးကိုခေါ်ပြီး စုန့်ထင်ရှန်းကိုသွားတွေ့ခြင်းသာဖြစ်သည်။ ပိုအရေးကြီးသည့်အရာမှာ စုန့်ထင်ရှန်းမတော်တဆဖြစ်သည့်နေ့တွင် ခရီးမသွားခဲ့ပဲ တစ်ရက်စော၍ပြန်လာခဲ့ခြင်းဖြစ်သည်။


ယွမ်ရှနှင့် စုန့်ထင်ရှန်းတို့၏ဆက်ဆံရေးမှာ အကြောင်းပြချက်မရှိဘဲ သွားရှာနိုင်သည့် ဆက်ဆံရေးမျိုးမဟုတ်ပေ။ ထို့ကြောင့် ချင်ယွီမှာ ယွမ်ရှက သူ့လိုပြန်လည်မွေးဖွားလာသူဟု ယုံကြည်နေဆဲဖြစ်သည်။


ချင်ယွီက ထိုကိစ္စကြောင့် ဝမ်းမနည်းဘူးဟုပြောလျှင် လိမ်ရာကျပေလိမ့်မည်။


သူတို့တွေ နှစ်ပေါင်းများစွာကြာအောင် အတူတူရှိခဲ့ကြတာကို.. သူမက စုန့်ထင်ရှန်းကို ဘာလို့ကယ်ခဲ့တာလဲ... သူတို့အရင်ဘဝက လမ်းကြောင်းလေးအတိုင်း လိုက်တာ မကောင်းလို့လား...


အကယ်၍ သူမက သူမသားရဲ့ကောင်းကျိုးအတွက် လုပ်ခဲ့တယ်ဆိုရင်တောင် သူက အဲ့ကိစ္စနဲ့ပတ်သတ်ပြီး လုံးဝစိတ်ထဲမထားဘူးဆိုတာ သိသင့်တယ်လေ... သူနဲ့လက်ထပ်လို့ သူမရဲ့သားကိုခေါ်လာရင်တောင် သူမရဲ့သားကို အကောင်းဆုံးတွေပဲပေးပြီး နွေးထွေးတဲ့မိသားစုလေး ပေးမှာပဲကို....


သူ့ကိုယ်သူမည်မျှ လိမ်နေပါစေ ထိုအချက်တစ်ချက်တည်းကို အခြေပြု၍ ယွမ်ရှက စုန်ထင်ရှန်းက သူ့ထက်ပိုသင့်တော်သော ခင်ပွန်းတစ်ယောက်ဟု တွေးကြောင်း သိပေသည်။ ထို့ကြောင့် သူမပြန်လည်မွေးဖွားလာချိန်တွင် သူ့ကိုအသိအမှတ်မပြုခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်သာ စုန့်ထင်ရှန်းကို မတော်တဆမှုမှ လွတ်မြောက်အောင် ကူညီခြင်းဖြစ်သည်။


သူမက ခံစားချက်များအပေါ် ငဲ့တွက်မည့်လူမျိုးမဟုတ်၍ စုန့်ထင်ရှန်းက သူမကိုပိုမိုကောင်းမွန်သည့် ဘဝတစ်ခုကို ပေးစွမ်းနိုင်မည်ဟု တွေးပေလိမ့်မည်။


ချင်ယွီ သူ့နှာနုရိုးကိုဖိလိုက်သည်။ သူမတွေးနေသည့်အရာများကိုသိပြီး သူမက သူ့ကိုစွန့်ပစ်လိုက်ကြောင်း သိပါသော်လည်း သူမဆီချဉ်းကပ်ချင်နေဆဲသာဖြစ်သည်။


၎င်းက ပေးဆပ်ခြင်းတစ်မျိုးဖြစ်သည်။ သူ သူ၏ကွယ်လွန်သွားပြီဖြစ်သော ဇနီးကိုသတိရသွားသည်။ သူက သူမ၏ခံစားချက်များကို နာကျင်စေပြီး သူမ၏နွေးထွေးသောသဘောထားကို လျစ်လျူရှုထားစဉ်က တစ်နေ့တွင် သူကိုယ်တိုင်ကလည်း သူမကဲ့သို့ပင် သနားစဖွယ်အနေအထားသို့ ရောက်လာမည်ဟု တွေးထားခဲ့သင့်သည်။


xxxxxx