အပိုင်း (၂၇၀)
Viewers 31k

Chapter 270


ယွမ်ရှနှင့် စကားပြောပြီးကတည်းက စုန့်ထင်ရှန်းမှာ ပြဿနာဆက်မဖြစ်တော့ပေ။ မဖြေရှင်းနိုင်ပါသော မေးခွန်းတစ်ခုရှိသေးသော်လည်း အချက်အလက်များမှာ သူ့ရှေ့တွင် ရောက်နေလေပြီ။ သူ့ဇနီးနှင့် ချင်ယွီကြားတွင် မည်သည့်ပတ်သတ်ဆက်နွယ်မှုမှမရှိပေ။ ထို့ကြောင့် အခြားလူက သူ့ဇနီးခါးပေါ်ရှိ မှဲ့နှင့် နားရွက်နောက်ရှိ အမာရွတ်တို့ကို သိသည့် ကိစ္စကိုသာ အတော်လေး စိတ်အနှောင့်အယှက်ဖြစ်လေသည်။ 


အချက်အလက်များက အချို့သော မလွဲရှောင်သာသည့် နားလည်မှုလွဲများခြင်းများက ဆက်ဆံရေးတစ်ခုတွင် အဖုအထိဖြစ်စေနိုင်ကြောင်း သက်သေပြနေသည်။


ယခုတွင် စုန့်ထင်ရှန်းမှာ ယွမ်ရှကို သူ၏အလုပ်အကြောင်း အစီရင်ခံနေသည်။


"ကိုယ်ဒီနေ့ည အိမ်မှာ ညစာပြန်မစားဘူးနော်..."

စုန့်ထင်ရှန်းက ယွမ်ရှဘက်မှ ဘာကြောင့်လဲဟုမမေးနိုင်သေးခင် ချက်ချင်းဖြေပေးလိုက်သည်။

"ကိုယ့်မှာ အလုပ်တွေလုပ်စရာရှိသေးသလို UKဘက်က ဖောက်သည်တွေနဲ့လည်း ဗွီဒီယိုအစည်းအဝေးခေါ်ရဦးမှာ.. ဒီတော့ အိမ်ကိုနောက်ကျမှပဲ ပြန်လာဖြစ်လိမ့်မယ်..."


ယွမ်ရှက သဘာဝကျကျမေးလိုက်သည်။

"ဒါဆိုရှင် ညစာဘယ်လိုစားမှာလဲ..."


စုန့်ထင်ရှန်းက ရယ်မောလိုက်သည်။

"မစ္စစုန့်သာ ကျွန်တော့်ဆီ ညစာလာပို့မယ်ဆိုရင်တော့ဖြင့် အတော်လေးအဆင်ပြေမှာပေါ့ဗျာ.. ဒါပေမဲ့ မစ္စစုန့်က အလုပ်များနေရင်တောင် ကျွန်တော့်ရဲ့လက်ထောက်ကိုပဲ အပြင်လွှတ်ပြီး တစ်ခုခုဝယ်ခိုင်းရမှာပေါ့...."


လက်စသတ်တော့ သူမကိုဖုန်းခေါ်တာက သူအချိန်ပိုဆင်းနေတုန်း သူ့ကုမ္ပဏီကို လာစေချင်လို့ကိုး...


သူမကိုယ်သူမ အလုပ်မများကြောင်းတွေးမိ၍ ယွမ်ရှက ချက်ချင်းသဘောတူလိုက်သည်။


"အိုကေလေ... ဒါဆိုလည်း ကျွန်မ ရှင့်အတွက် ညစာယူလာခဲ့ပါ့မယ်..."


စုန့်ထင်ရှန်းက ဆက်ပြောလိုက်သည်။

"မင်းတစ်ယောက်တည်းလာလည်း ရတယ်နော်..."


ယွမ်ရှ "...."


ကောင်းပြီလေ ဝန်ခံပါတယ် ဝန်ခံပါတယ်... သူမ ဝမ်လေးကိုခေါ်သွားဖို့ အစီအစဉ်ရှိခဲ့တာပါ...


"ရှင်က ကိုယ့်သားကိုယ်မကြိုက်ဘူးလားပြော..."

ယွမ်ရှက သူ့ကိုစလိုက်သည်။


"အဲ့လိုမဟုတ်ပါဘူးကွာ.."


စုန့်ထင်ရှန်းက သူ့စားပွဲပေါ်ရှိ ယွမ်ရှနှင့်ဝမ်လေး၏ပုံကိုကြည့်လိုက်သည်။


"တစ်ခါတစ်လေ မီးသီးလေးကလည်းအနားယူဖို့လိုတယ်လေ... တစ်ချိန်လုံး လင်းနေဖို့မှမလိုအပ်တာ... မဟုတ်ရင် လျှပ်စစ်အားတွေ ကုန်တာပေါ့..."


ကလေးများဆိုသည်မှာ လက်ထပ်ပြီးသားစုံတွဲများနှင့် အမြဲတမ်းတပူးပူးတတွဲတွဲ ဖြစ်နေသူများဖြစ်ကြသည်။ သူတို့က သူတို့မိဘများ၏ဆက်ဆံရေးကို တိုးတက်စေသည့် အချိန်ရှိသည်။ တစ်ခါတစ်ရံတွင်လည်း ကလေးများက လျစ်လျူရှုမရသော မီးသီးလေးများဖြစ်တတ်သည်။


---


ယွမ်ရှက ညစာကိုအများကြီးမစားပေ။ စုန့်ထင်းရှန်နှင့်အတူ စားရန် ဗိုက်ထဲတွင် နေရာအနည်းငယ်ချန်ထားသေးသည်။


ဝမ်လေးမှာ ၎င်းကိုသတိပြုမိ၍ ကြက်တောင်ပံတစ်ခုကိုယူကာ ပြောလေတော့သည်။


"မာမား စားတာနည်းလွန်းတယ်နော်..."


"ဝမ်လေး မာမား ခဏနေကြရင် အပြင်သွားမလို့လေ...."

ယွမ်ရှက အမူအရာပင်မပျက်ပဲ လိမ်လိုက်လေသည်။


"မာမား အိမ်ပြန်နောက်ကျဖြစ်မယ်.. အိမ်မှာလိမ်လိမ်မာမာနေပြီး အိမ်အကူအန်တီပြောတာ နားထောင်နော်... အိုကေလား..."


သူမက စုန့်ထင်းရှန်နှင့် တွေ့ရန်သွားမည်ဟု ပြောမရပေ။ မဟုတ်ပါက ဝမ်လေးက သူမနှင့်လိုက်လာမည်ဖြစ်သည်။


ဝမ်လေးက မေးလိုက်သည်။

"မာမားက သားကိုပါမခေါ်သွားဘူးလားဟင်...."


ယွမ်ရှက ကလေးများကိုလိမ်ညာရခြင်းမှာ စိတ်ပိုင်းဆိုင်ရာမာကျောမှုအတွက် စမ်းသပ်ချက်တစ်ခုဖြစ်ကြောင်း သိသွားခဲ့ပေသည်။ ယခုတွင်လည်း ဝမ်လေး၏ ကြီးမားကာ စင်ကြယ်နေသောမျက်လုံး အစုံတို့ကိုကြည့်ရင်း ဆက်လက်လိမ်ညာရန် သတ္တိတို့ကို ဆင့်မခေါ်နိုင်တော့ပေ။


"မာမားက သူငယ်ချင်းတစ်ယောက်ကို သွားတွေ့မှာလေ... အဲ့တာမျိုးက လူကြီးတွေကိစ္စဖြစ်တဲ့အပြင် အခုက နောက်လည်းကျနေပြီလေ...မနက်ဖြန်ကြရင်သားက ကျောင်းသွားရဦးမယ်ဆိုတော့ မာမားက သားကိုခေါ်မသွားတော့တာ..."


ဝမ်လေးက ယွမ်ရှကိုကြည့်ရင်း ခေါင်းငြိမ့်လိုက်သည်။


"ဒါဆိုလည်း ရပါတယ်...မာမား စောစောပြန်ခဲ့နော်..."


သူက အလွန်လိမ္မာကာ နာခံသိတတ်သောကလေးတစ်ယောက်ဖြစ်သည်။ သူက သူမနှင့်လိုက်ရန် မတောင်းဆိုသလို အတင်းအကျပ်ကြီးလည်း မပြောပေ။ ၎င်းက ယွမ်ရှကိုစိတ်သက်သာရာရစေပြီး သူမ၏အလိမ်ကိုဆက်ပြောရန် လွယ်ကူသွားစေသည်။


သို့သော် သူမ မသိသည်မှာ သူမက အစားအသောက်ဘူးကိုယူပြီး ကားမောင်းထွက်သွားသည်နှင့် ဧည့်ခန်း၏ ပြင်သစ်စတိုင်ပြတင်းပေါက်ကြီးရှေ့တွင် ရပ်နေသော ဝမ်လေးက အိမ်အကူအန်တီကို မေးလိုက်ခြင်းဖြစ်သည်။


"ဘာလို့လဲဟင်...."


အိမ်အကူအန်တီမှာ ထမင်းစားစားပွဲကို ရှင်းနေသည်။ သူမက လုပ်လက်စ အလုပ်ကိုရပ်ကာ ဝမ်လေးကိုချစ်ခင်စွာကြည့်လိုက်သည်။


"ဟမ်..."


xxxxxxx