Chapter 271
အိမ်အကူအန်တီမှာ ဝမ်လေးငယ်ငယ်ကတည်းက ဤအိမ်တွင် အလုပ်လုပ်နေခဲ့သူဖြစ်သည်။ ဝမ်လေးက အလွန်လိမ္မာပြီး ချစ်ဖို့ကောင်း၍ သူမကိုယ်တိုင်လည်း ဝမ်လေးကိုအတော်ချစ်ပေသည်။ သူမက ကိုယ်အလုပ်ကိုယ် အသေးစိတ်ကစ ဂရုတစိုက်လုပ်၍ ဝမ်လေးကိုသူမနှင့်ထားရန် စိတ်ချကြသည်။
ဝမ်လေးက သူ၏လက်ဖောင်းဖောင်းလေးကို လက်သီးတင်းတင်းဆုပ်ထားသည်။
"မိန်းကလေးတွေက မုသားပြောရတာကြိုက်တယ်.. မားမားလည်း မုသားပြောတယ်..."
အိမ်အကူအန်တီမှာ ဝမ်လေးနားရောက်လာပြီး သူ့ကိုနှစ်သိမ့်လေသည်။
"သားရဲ့မာမားကို အဲ့လိုမပြောရဘူးလေ..."
"မာမားက သူ့သူငယ်ချင်းနဲ့ သွားတွေ့တာမဟုတ်ဘူး... သူက ပါပါးကိုသွားတွေ့ပြီး ညစာသွားပို့တာ..."
အံ့အားသင့်သွားသောအိမ်အကူ အန်တီမှာ ချက်ချင်းမေးလိုက်သည်။
"သားက ဘယ်လိုလုပ်သိတာလဲ..."
သူမက ယွမ်ရှ စုန့်ထင်ရှန်းအတွက် ညစာသွားပို့ကြောင်း သိပေသည်။ သူမက အစားအသောက်ဘူးကို ထုတ်ပေးခဲ့သူဖြစ်သည်။
ဒါပေမဲ့ ဝမ်လေးက ဘယ်လိုလုပ်သိတာလဲ...
ဝမ်လေးက ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။ သူက ငါးနှစ်ပြည့်တော့မည်ဖြစ်သည်။ လူကြီးများက ကလေးများကို အရူးများလို ဘာကြောင့်ဆက်ဆံလည်း နားမလည်ပေ။
"အဲ့ဒီ့ အစားအသောက်ဘူးက ပါပါးသုံးတဲ့ဟာလေ... ပါပါးက ဒီနေ့ ညစာအိမ်ပြန်မစားတော့ မာမားက ပါပါးအတွက် ညစာယူသွားပေးတာပဲဖြစ်ရမယ်...မာမားက ညစာအများကြီး မစားသွားခဲ့ဘူးလေ... သူ ပါပါးနဲ့ ညစာစားမလို့ဆိုတာ သားသေချာသိတယ်..."
အိမ်အကူအန်တီမှာ ဝမ်လေး၏ တိကျသည့် ခန့်မှန်းနိုင်စွမ်းကြောင့် အံ့ဩသွားရသည်။
ဝမ်လေးက သူ့လက်သူဘောင်းဘီအိပ်ကပ်ထဲထည့်ပြီး ခေါင်းခါလိုက်သည်။
"အိုင်း... သားက သူ့ကိုမဖော်ထုတ်ချင်ရုံပါဗျာ..."
အိမ်အကူအန်တီမှာ ရယ်ချင်သွားရသည်။ မည်သို့ပင်ဆိုစေ အလွန့်အလွန်ချစ်ဖို့ကောင်းသော လေးနှစ်အရွယ်ကောင်ငယ်လေးတစ်ယောက်က ထိုစကားများကို ထိုကဲ့သို့သော လေသံမျိုးဖြင့်ပြောသည်မှာ ရယ်ချင်စရာပင်ဖြစ်သည်။
"ဒါဆို သားက သားမိဘတွေကို စိတ်ဆိုးလား...."
အိမ်အကူအန်တီကမေးလိုက်သည်။
"သားက ယောက်ျားလေးတစ်ယောက်လေ.... ဘယ်လိုလုပ်ပြီး အဲ့လောက် စိတ်သဘောထားသေးသိမ်မှာလဲ...."
ဝမ်လေးမှာ လေးလေးနက်နက်ကြီးပြောလာသည်။
သူ့မာမားက သူ့ကိုလိမ်ခဲ့သော်လာ်း သူက ယောက်ျားလေးတစ်ယောက်ဖြစ်နေ၍ သူ့မာမားကို စိတ်ဆိုးရန်မဖြစ်နိုင်ပေ။ ထို့အပြင် သူ့မာမားက လိမ်ချင်လွန်း၍ လိမ်ရသည်မဟုတ်ကြောင်းလည်း သိပေသည်။
---
ယွမ်ရှက ဝမ်လေးသူမ၏ အလိမ်အညာကို ထွင်းဖောက်မြင်နိုင်ခဲ့မည်ဟု မထင်ခဲ့ပေ။ သူမ စုန့်ကော်ပိုရေးရှင်းကိုရောက်သောအခါ ဝန်ထမ်းအများစုက ပြန်သွားကြပြီဖြစ်သည်။ ကျန်ရှိနေသည့် ဝန်ထမ်းများမှာ အလုပ်စားပွဲတွင် အလုပ်လုပ်သူကလုပ် ညစာထုတ်စားသူကစား နေကြသည်။
လက်ထောက်ချန်က သူမကို စုန့်ထင်းရှန်၏ ရုံးခန်းထဲ ခေါ်သွားပေးလေသည်။ သူမက ဤနေရာကိုတစ်ကြိမ်သာ လာရသေးသော်လည်း ဝန်ထမ်းတိုင်းက သူမကိုမှတ်မိနေလေပြီဖြစ်သည်။ အဆုံးတွင် သူမ၏ အသွင်အပြင်မှာ အလွန်အမင်း ထင်ရှားလွန်းလေသည်။
စုန့်ထင်ရှန်းက အလုပ်လုပ်နေဆဲဖြစ်သည်။ ယွမ်ရှ သူ့ရုံးခန်းထဲသို့ ဝင်လာသောအခါတွင် သူက ခေါင်းမော့၍ တစ်ချက်သာကြည့်ပြီး အလုပ်ထဲပြန်စိတ်နှစ်လေသည်။
ယွမ်ရှကလည်း သူ့ကိုမနှောင့်ယှက်ခဲ့ပေ။ သူမက ဆိုဖာပေါ်တွင်ထိုင်ပြီး အစားအသောက်ဘူးကိုဖွင့်လိုက်သည်။ အိမ်ချက်အစားအသောက်များမှာ အပြင်စာများထက် ပိုမိုကျန်းမာရေးနှင့်ညီညွတ်ပေသည်။ ဟင်းပွဲသုံးခုနှင့် စွပ်ပြုတ်တစ်ခွက်ပါလာသည်။ ထို့အပြင် သူမက အချိုပွဲအတွက် နို့နှစ်လွှာနှင့် မုန့်ကိုပြုလုပ်ခဲ့သည်။
ဆယ်မိနစ်မျှကြာသောအချိန်တွင် စုန့်ထင်ရှန်းက အလုပ်စားပွဲမှထလာပြီး သူမဘေးတွင် ဝင်ထိုင်လေသည်။သူက ခဏမျှအကြောဆန့်လိုက်သည်။
"ဒီနေ့အတွက် ဒီအပြုအမူလေးကို အတော်လေးသဘောကျပါတယ်...."
ယွမ်ရှက သူ့ကိုတူပေးလိုက်ပြီးမေးလိုက်သည်။
"ဘာ အပြုအမူတုန်း...."
စုန့်ထင်ရှန်းက သူမကိုစောင်းကြည့်လိုကိသည်။ သူ့မျက်လုံးများမှာ ရယ်မြူးရိပ်သန်းနေလေသည်။
"မနာလိုအားကျခံရတဲ့ ခံစားချက်က အရမ်းကောင်းတာပဲ...."
သူစကားပြောတာ ရပ်လိုက်ပြီးမှ အသံတိုးလိုက်သည်။
"လက်ထောက်ချန် ကိုယ့်ကိုအားကျနေတာတွေ့ဘူးလား... ကိုယ့်ရဲ့ ဇနီးလေးက ကိုယ့်ကိုညစာလာပို့ချိန်မှာ သူကတော့ အပြင်စာပဲ မှာစားနေရတယ်လေ..."
စုန့်ထင်ရှန်း မပြောခဲ့သည်မှာ မနှစ်က အားလပ်ရက်တွင် လက်ထောက်ချန်၏ ရည်းစားကရှိနေခဲ့ပြီး သူမက လက်ထောက်ချန်ကို ညစာစားရန်ခေါ်ပြီး အချိန်ပိုလုပ်နေလျှင်လည်း ဘေးကစောင့်ပေးသည်။ ထို့နှစ်ယောက်က အတူတူပူးကပ်စွာထိုင်ကြပြီး လက်ထောက်ချန်နှင့် သူမက စကားတပြောပြောဖြင့် ရယ်မောကြလေသည်။ ထိုအချိန်တွင် သူက လက်ထောက်ချန်မှာပေးသော business mealကိုစားနေရသည်။
သို့သော် ယနေ့တွင် နေရာပြောင်းသွားပြီဖြစ်သည်။ လက်ထောက်ချန်က အပြင်စာမှာစားနေရချိန်တွင် သူ့ဇနီးလေးက သူ့ဆီညစာလာပို့ပြီး အချိန်ပိုဆင်းနေသည်ကို အတူရှိပေးသည်။ သူသည်လည်းသူ့ဇနီးလေးနှင့် စကားပြော၍ ရယ်မောနိုင်ပေသည်။
xxxxx