Chapter 81
အကုန်လုံးအဆင်သင့်ဖြစ်သည်နှင့် ဖုယွမ်ချွမ်းလည်းသူ့ကိုကူညီ၍ မက်စ်တပ်ပေးလိုက်သည်။
"ကိုယ်ဆိုင်တံခါးဖွင့်လိုက်မယ်"
တံခါးဖွင့်လိုက်သည်နှင့် လူတိုင်းကချက်ချင်းတိုးကြိတ်၀င်မလာကြချေ။ တစ်ခါလျှင်လူသုံးယောက်ချင်းစီသာ ၀င်လာကြသည်။
ပထမဆုံးကောင်လေးကဆိုသည်။ "ဖု, ဖု, ဖု..."
စကားလုံးတစ်လုံးတည်းတွင်ထစ်ငေါ့လျက် သူကရှက်သွားခဲ့လေသည်။
"ဒီမှာမှာလို့ရပါတယ်"
ဖုယွမ်ချွမ်းကမီနူးကိုကမ်းပေးလိုက်သည်။
"အိုကေ" ကောင်ကလေးကနှလုံးသားထဲမှစိတ်လှုပ်ရှားမှုကိုဖိနှိပ်လျက် မမေးပဲမနေနိုင်ချေ။
"မာရှယ်ဖု အင်တာနက်ပေါ်မှာပြောတာကအမှန်ပဲလား၊ ဒါကတကယ်ခင်များရဲ့ဆိုင်လားဟင်"
ဖုယွမ်ချွမ်းအသာအယာပြန်ဖြေလိုက်သည်။
"မဟုတ်ဘူး"
၄င်းကိုကြားလျှင်ကျွင်းချင်ယွီမှာခေါင်းမော့လျက် ဖုယွမ်ချွမ်းကိုမကြည့်ပဲမနေနိုင်ခဲ့ချေ။ သူဘာလို့ငြင်းလိုက်သည်လဲ နားမလည်ခဲ့ချေ။
ကောင်လေးမှာတန့်သွားလျက် "ဒါက.."
ဖုယွမ်ချွမ်းသည်သူ့ဘေးမှကျွင်းချင်ယွီကိုကြည့်လျက် သူ၏မျက်လုံးတို့ကညင်သာသောအပြုံးဖြင့်ဆိုလိုက်သည်။
"မာရှယ်ဖုနဲ့သူ့ဇနီးလေး အတူဖွင့်ထားတဲ့ဆိုင်ပါ"
ကျွင်းချင်ယွီက ထိုစကားကိုကြားချိန်၌ ဖုယွမ်ချွမ်းကို အမှတ်တမဲ့ကြည့်လိုက်မိသည်။ တစ်ဖက်လူ၏ အလေးအနက်ဆုံးဖြတ်ထားဟန် မျက်ဝန်းများကိုတွေ့ရချိန်၌ သူ့မျက်နှာကသွေးရောင်လွှမ်းသွား၏။ သူက ချောင်းအသာဟန့်ရင်း မီနူးကိုယူလိုက်ကာ ဝယ်သူထံကမ်းပေးရင်း အမြန်ပြောလိုက်သည်။
“ဘာများမှာချင်လဲ ခဗျ...”
ကောင်လေးက ထိုအခါမှသတိပြန်ဝင်လာကာ... “ကျွန်တော် သစ်သီးနဲ့ ဟင်းသီးဟင်းရွက်ဗန်းတစ်ဗန်းမှာချင်ပါတယ်...”
ဖုယွမ်ချွမ်းက စနစ်ကိုဖွင့်လိုက်သည်။ “DC5 အခြေစိုက်စခန်းရဲ့နေထိုင်သူဆိုရင် မှတ်ပုံတင်ကဒ်ကိုပြပြီး အခမဲ့ထုတ်ယူနိုင်ပါတယ်..."
ကောင်လေးက မဆိုင်းမတွခေါင်းခါလိုက်သည်။ “မဟုတ်ဖူးဗျ...ကျွန်တော်က သတင်းကိုကြားပြီး စိတ်ဝင်စားလို့လာဝယ်တာပါ...”
သူက ငွေအပြည့်ချေလိုက်၏။
“မာရှယ်ရဲ့ဆိုင်ကို ဘယ်လိုပုံစံလဲသိချင်လို့လာခဲ့တာ...အခုလို ကိုယ်တိုင်တွေ့ရမယ်ထင်မထားဘူး....”
“မာရှယ်က ကျွန်တော့်ရဲ့စံပြပုဂ္ဂိုလ်ပါ...ကျွန်တော် မာရှယ့်ရဲ့ A1 စစ်ပွဲကို အကြိမ်ရေတော်တော်များများ ကြည့်ခဲ့မိတယ်...မာရှယ်က အရမ်းတော်တာပဲ..”
ကောင်လေး၏စကားများမှာ စိတ်လှုပ်ရှားမှုဖြင့် ဗလုံးဗထွေးဖြစ်နေသည်။ မာရှယ်က အင်တာဗျူးဖြေဆိုခြင်းမရှိသလို ဓာတ်ပုံအနည်းငယ်သာ အပြင်မှာရှိလေသည်။ ယခုမူ လူကိုယ်တိုင်မြင်နေရခြင်းဖြစ်ရာ သူစိတ်မလှုပ်ရှားပဲ မည်သို့နေနိုင်ပါမည်နည်း...။
ဖုယွမ်ချွမ်းက နံပါတ်ပြားတစ်ခုထုတ်ပေးလိုက်သည်။ “နံပါတ်စဥ်ခေါ်လိုက်ရင် လာယူလို့ရပါပြီ...”
“ကောင်းပါပြီ...” ကောင်လေးက လှည့်ထွက်တော့မည့်ဆဲဆဲတွင် တစ်စုံတစ်ခုအားသတိရသွားဟန့်ဖြင့် ပြောလာသည်။ “မာရှယ်နဲ့မဒမ် သက်ရှည်ကျန်းမာစွာနဲ့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ပါစေ...”
“……” ကျွင်းချင်ယွီ၏လက်ထဲမှ ဒိန်ချဥ်ဘူးပင် လွတ်ကျတော့မတတ်ဖြစ်သွားသည်။
ဖုယွမ်ချွမ်း၏မျက်ခုံးတစ်ဖက်က ဖြည်းညင်းစွာမြင့်တက်သွား၏။ သူက ပြေစာကိုယူကာ စာကြောင်းအချို့ထပ်ရေးလိုက်သည်။
“မင်းအတွက် အသီးအရွက်ဖျော်ရည်တစ်ခွက်ကို အခမဲ့ပြင်ဆင်ပေးမယ်...”
ကောင်လေးက ကျေးဇူးတင်စွာပြုံးလိုက်သည်။ “ ကျေးဇူးပါ မာရှယ်...”
ကျွင်းချင်ယွီ လုပ်စရာရှိတာကို ခေါင်းငုံ့၍လုပ်နေကာ သူတို့နှစ်ဦး၏စကားများကို မကြားချင်ယောင်ဆောင်နေသည်။
နားရွက်များနီရဲနေသည်ကို သတိမထားမိပဲ သူ့ကိုယ်သူတည်ငြိမ်အောင် အကောင်းဆုံးကြိုးစားနိုင်သည်ဟု ယူဆနေသည့် ရေသူလေးကို ဖုယွမ်ချွမ်း ကြည့်လိုက်သည်။ သူ၏နှုတ်ခမ်းထောင့်များ မြင့်တက်သွားသော်လည်း ထပ်မံ၍မစနောက်တော့ချေ။
သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ အပြည့်ပါရှိသောဗန်းက မကြာခင်မှာပင် ပြင်ဆင်၍ပြီးသွားလေသည်။ DC 5 အခြေစိုက်စခန်းအတွက်မဟုတ်ပါက ဝိဉာဥ်စမ်းရေအား အသုံးပြုလေ့မရှိပေ။ အသီးအရွက်များ၏ဝိဉာဥ်စွမ်းအင်က ပုံမှန်အားဆေးအဖြစ် လုံလောက်ပေသည်။
အစားအစာပြင်ဆင်ပြီးသည်နှင့် စနစ်က အလိုအလျောက်ပင် နံပါတ်စဥ်ကိုခေါ်ဆိုလိုက်သည်။ ကောင်လေးက သူ့နံပါတ်အားခေါ်သံကြားသည့်အခါ အသီးအရွက်ဗန်းကို လာရောက်ယူဆောင်လေသည်။ သစ်သီးနှင့် ဟင်းသီးဟင်းရွက်များမှာ လှပစွာပြင်ဆင်ထားပြီး အရသာရှိပုံပေါ်နေ၏။ သို့သော် သူ့အနေနှင့် ထိုအသီးများ၏အရသာကို များများစားစားမျှော်လင့်မထားချေ။
တော်ဝင်မိသားစုမှ မဟုတ်လျှင်ပင် သူသည်လည်း မင်းမျိုးမင်းနွယ်တစ်ဦးဖြစ်ရာ အင်ပါယာထဲတွင်ခွဲဝေပေးသည့် အသီးအနှံဝေစုအချို့ကို ရရှိလေသည်။ ထိုအသီးများမှာ အရသာမရှိသလို လတ်လတ်ဆတ်ဆတ်လည်းမရှိချေ။ တစ်ခါတစ်ရံ အရသာဆိုးဝါးလှသည့်အတွက် သကြားအများကြီးထည့်ရတတ်၏။ အကယ်၍ ကျန်းမာရေးအတွက် အထောက်အကူမဖြစ်ပါက ထိုဆိုးဝါးလှသည့်အရာများကို ကြည့်ချင်စိတ်ပင်မရှိချေ။
သို့သော် သူဝယ်ပြီးသားဖြစ်သည့်အပြင် စတိုးဆိုင်ကလည်း သစ်သီးများအား အလေအလွင့်ဖြစ်ခွင့်မပြုသောကြောင့် ကောင်လေးက အံကြိတ်ကာ စတင်စားသောက်လိုက်၏။ သူက ခက်ရင်းတစ်ချောင်းနှင့် အသီးအားလုံးကိုရောမွှေလိုက်ကာ ပါးစပ်ထဲအပြည့်သွပ်လိုက်သည်။
သို့သော် အနည်းငယ်ဝါးကြည့်ပြီးချိန်တွင် ထွက်ပေါ်လာသောအရသာကြောင့် သူထိတ်လန့်သွားခဲ့ရသည်။
ဟင်းသီးဟင်းရွက်များက ခါးသက်ခြင်းမရှိသည့်အပြင် အနည်းငယ်ပင်ချိုမြနေသည်။ ထို့အပြင် သစ်သီးများ၏အရသာမှာလည်း ကောင်းမွန်လှ၏။ စားနေကျအသီးများကဲ့သို့ ပလတ်စတစ်စအားဝါးနေရသလို ခြောက်သွေ့ကြမ်းရှခြင်းမရှိပဲ အရည်ရွှမ်းပြီးချိုမြိန်လှသည်။
တစ်လုတ်ထဲကပင် မယုံနိုင်စရာကောင်းမွန်လှ၏။
မာရှယ် ကိုယ်တိုင်စိုက်ပျိုးထားသည်ဟု ပေါ့ပေါ့တန်တန်ကြော်ငြာခဲ့ခြင်းမဟုတ်သလို အပြင်ပိုင်းသာလှပပြီး အရသာဆိုးဝါးနေခြင်းမျိုးလည်း မရှိချေ။
အရမ်းအရသာရှိတာပဲ...
ကောင်လေးက ခက်ရင်းနှင့်အသီးနှံများကိုထိုးစိုက်လိုက်ကာ ဥာဏ်ရည်တုကိုထုတ်၍ ဓာတ်ပုံရိုက်ပြီးနောက် အကောင့်တွင်ပုံတင်လိုက်သည်။
[အံ့သြစရာပဲ...ငါတော့ဒါကိုလုံးဝညွှန်းပေးချင်တယ်...]
ထို့နောက် သူက ကျန်ရှိသောအသီးအနှံများကို ထပ်မံစားသောက်တော့သည်။ သို့သော် ခုနကလို စုပြုံမစားတော့ပဲ တစ်ခုချင်းအရသာခံ၍ စားသောက်လေသည်။ အဆုံးသတ်တွင် အားလုံးကအရသာရှိလှကြောင်း သူသိရှိသွားခဲ့၏။
ကောင်လေးက ထရပ်လိုက်ကာ နောက်ထပ်ထပ်မှာဖို့ပြင်လိုက်သည်။
“မာရှယ်...နောက်ထပ်ထပ်ရဦးမလားခဗျ...”
ဖုယွမ်ချွမ်းကပြောသည်။ “မင်း တန်းစီရလိမ့်မယ်...”
“အာ...ကောင်းပြီလေ...” ကောင်လေးက အပြင်ဘက်ရှိလူတန်းကိုကြည့်ကာ ပြောလိုက်သည်။ “ကျွန်တော် မနက်ဖြန်မှထပ်လာခဲ့တော့မယ်...”
စတိုးဆိုင်ထဲရှိ ထိုင်ခုံများမှာလည်း ပြည့်နှက်နေပြီး အပြင်ဘက်ရှိလူအကုန်လုံး သစ်သီးမှာယူခွင့်ရရန်မှာလည်းမသေချာပေ။
ကျွင်းချင်ယွီက အပြင်ဘက်ရှိလူတန်းကြီးကိုကြည့်ကာ အံ့သြနေသည်။
“ကျွန်တော်တို့တွေ လူအယောက် ၅၀ပဲ လက်ခံမယ်လို့ပြောထားတာမဟုတ်လား...အပြင်မှာ အယောက် ၅၀ မကဘူးနော်...”
ဖုယွမ်ချွမ်းက လတ်ဆတ်သောပန်းသီးများကိုလှီးရင်း ပြောလိုက်သည်။
“ကိစ္စမရှိဘူးလေ...ကိုယ်တို့ အယောက် ၅၀ စာပဲလက်ခံမှာ...”
လတ်တလောတွင် စိတ်စွမ်းအားထိခိုက်နိုင်သော အကြောင်းရင်းကြီးကြီးမားမားမရှိချေ။ ကြယ်စု၌နေထိုင်သူအများစုက ဓာတ်ရောင်ခြည်များနှင့် ထိတွေ့ရန် ရာခိုင်နှုန်းအလွန်နည်းလေရာ ဝိဉာဥ်စွမ်းအင်ကို မရှိမဖြစ်လိုအပ်နေခြင်းမျိုးလည်းမဟုတ်ချေ။
DC 5 အခြေစိုက်စခန်း၌ နေထိုင်သူများမှလွဲ၍ ဆိုင်အားလာရောက်သူအများစုမှာ အသီးအနှံများကိုစားသုံး၍ စိတ်အေးချမ်းလိုသူများနှင့် ဖုယွမ်ချွမ်းကို စူးစမ်းလိုသူများသာဖြစ်ကြသည်။
ထို့အတူ ဖုယွမ်ချွမ်းက အခမဲ့စားသောက်ခွင့်ရသည့်လူများအား ရေတွက်ထားလေရာ သူတို့ကောက်ယူထားသည့် စစ်တမ်းများထဲမှ DC 5 ၏ဖျားနာသူဦးရေနှင့် အတူတူဖြစ်သွားပြီဖြစ်သည်။
DC5မှလူများအတွက် အသီးအနှံများအပြင် အပိုစားဝိုင်းအဖြစ် လူအယောက် ၅၀ စာသာပြုလုပ်ထားလေရာ ထပ်မံ၍အမှာစာလက်ခံမှာမဟုတ်တော့ချေ။
အချိုပွဲဆိုင်အတွင်းရှိထိုင်ခုံများတွင် လူနှစ်ဆယ်နီးပါးရှိနေ၏။ ရှီခိုင်ရှင်းက တန်းစီနေသည့်နောက်တစ်သုတ်နောက်မှ လိုက်လာကာ အကူအညီမဲ့ဟန်ဖြင့်ပြောသည်။
“မာရှယ်...အပြင်မှာတန်းစီနေတဲ့လူတွေက ထွက်မသွားကြဘူး...”
ရှီခိုင်ရှင်းက သူတို့အနေဖြင့် အယောက် ၅၀ စာသာကျန်ရှိကြောင်း အာပေါက်မတတ်ရှင်းပြသော်လည်း ထိုသူများက ခေါင်းမာမာနှင့်တန်းစီနေကြဆဲဖြစ်သည်။
ဖုယွမ်ချွမ်းက မထူးခြားဟန်ဖြင့်ပြောသည်။
“ငါတို့မှာ နောက်ထပ် ၁၅ယောက်စာပဲကျန်တော့တယ်လို့ပြောလိုက်...ရောင်းကုန်တာနဲ့ ဆိုင်ပိတ်ပြီလို့ပါထည့်ပြော...”
အကယ်၍ ဆက်သာရောင်းချနေပြီး ကြေငြာထားသည့်အတိုင်းဆိုင်မပိတ်ပါက လူများသည်လည်း ဆက်တိုက်လာနေမှာဖြစ်သည်။ ထို့အပြင် အဆက်မပြတ်ရောင်းချနေပါက အသီးအနှံများ၏ရိတ်သိမ်းနှုန်းကို သံသယဝင်လာနိုင်သည်။
စည်းကမ်းများအား ထင်သလိုမပြောင်းလဲသင့်ချေ။
ရှီခိုင်ရှင်း ခေါင်းညိတ်လိုက်သည်။
"ကောင်းပါပြီ...ကျွန်တော် အခုပဲသွားပြောလိုက်ပါ့မယ်...”
သူတို့ ပြင်ဆင်ထားသည့် လှီးပြီးသားအသီးအနှံများက မကြာခင်ကုန်တော့မှာဖြစ်သည်။ ထို့ကြောင့် တစ်ယောက်ယောက်အမှာစာမပေးသေးခင်အချိန်အား အခွင့်ကောင်းယူကာ ကျွင်းချင်ယွီက စားပွဲနှင့်ကွယ်၍ နေရာလွတ်ထဲကအသီးများကို ထုတ်ယူနေသည်။
ရှီခိုင်ရှင်းနှင့်အခြားလူများက အသီးများကိုလှီးခွင့်မရှိပဲ သူနှင့်ဖုယွမ်ချွမ်းသာလျှင် အမှာစာအားလုံးကိုင်တွယ်ခဲ့တာဖြစ်သည်။ ဖုယွမ်ချွမ်းက ရေခဲခြစ် တစ်ပန်းကန်ကို ရေသူလေး၏လက်တွင်း ထည့်ပေးလိုက်သည်။
“ကျန်တာကိုယ်လုပ်လိုက်မယ်...မင်းခဏနားနေ...”
ဝိဉာဥ်စမ်းရေအသုံးပြုဖို့မလိုသည့်အတွက် အသီးပြင်ဆင်ခြင်းကို ဖုယွမ်ချွမ်းကောင်းကောင်းလုပ်နိုင်လေသည်။
ကျွင်းချင်ယွီက ဖုယွမ်ချွမ်း မည်သည့်အချိန်က ရေခဲခြစ် လုပ်လိုက်သည်ကို သတိမထားမိလိုက်ချေ။ သူက မျက်နှာဖုံးကိုချွတ်ရင်း တစ်ဇွန်းခပ်စားလိုက်သည်။ “အင်း...စတော်ဘယ်ရီရေခဲမုန့်အရသာနဲ့ ဆင်သလိုပဲ....”
ဖုယွမ်ချွမ်းက မေးသည်။ “ဘယ်အရသာကို ပိုသဘောကျလဲ...”
ကျွင်းချင်ယွီ၏မျက်ဝန်းများက လခြမ်းသဏ္ဍာန်ကွေးညွှတ်သွားသည်။ စတော်ဘယ်ရီအရသာရေခဲမုန့်က လောကအသက်စွမ်းအင်များ(ဝိဥာဥ်စွမ်းအင်ပါပဲ)ပါဝင်သည့် စတော်ဘယ်ရီသီးများဖြင့်ပြုလုပ်ထားသော ရေခဲခြစ်အား ယှဥ်နိုင်စရာအကြောင်းမရှိချေ။ သို့သော် သူက လှည့်ကွက်အချို့လုပ်ရန်ပြင်လိုက်၏။
“ကျွန်တော် စတော်ဘယ်ရီရေခဲမုန့်အရသာကို မေ့သွားပြီ...နောက်တစ်ကြိမ်ထပ်စားကြည့်ပြီးရင် ခင်ဗျားကိုပြောပြမယ်လေ...”
ဖုယွမ်ချွမ်းက ထိုလှည့်ကွက်ကလေး၌ မျောပါမသွားချေ။ သူက နောက်ဆုံးကျန်သည့် သစ်သီးများကိုလှီးပြီးနောက် လက်ဆေးလိုက်သည်။
“ဒါဆို ကိုယ်မသိချင်တော့ဘူး...”
ကျွင်းချင်ယွီတခစ်ခစ်ရယ်ကာ တစ်ဖက်လူအား တစ်ဇွန်းခပ်ကျွေးလိုက်၏။ “ကိုယ်တိုင်စားကြည့်လေ...”
ဖုယွမ်ချွမ်းက ဇွန်းကိုဆွဲယူကာ ကိုယ်တိုင်စားလိုက်သည်။ ထို့နောက် ရေသူလေး၏အပြစ်ကင်းသော မျက်ဝန်းများကို တစ်ချက်ငေးရင်း မီးဖိုခန်းအကာကို ဆွဲကာလိုက်၏။
ကျွင်းချင်ယွီ တစ်စုံတစ်ခုကိုသတိပြုမိချိန်တွင် သူအနမ်းခံလိုက်ရပြီဖြစ်သည်။ သူ၏မျက်တောင်ရှည်များက အနည်းငယ်တုန်ယင်သွားကာ တစ်ဖက်လူ၏ချဥ်းကပ်လာမှုအား သတိမထားမိခင် အနမ်းခံလိုက်ရခြင်းဖြစ်သည်။
၎င်းမှာ အနမ်းတစ်ခုထက် အထိအတွေ့သက်သက်နှင့်ပို၍တူသည်။ ဖုယွမ်ချွမ်းက သူ့ကိုနမ်းပြီးသည်နှင့် စတော်ဘယ်ရီရေခဲခြစ် နောက်တစ်ဇွန်းပင် ထပ်စားလိုက်သေးသည်။
“အရသာရှိသားပဲ...”
“……”
ကျွင်းချင်ယွီ၏ နှုတ်ခမ်းလေးက ခပ်ဟဟပွင့်နေကာ ဘာပြောရမှန်းမသိဖြစ်သွားသည်။
ဖုယွမ်ချွမ်းက ရေသူလေး၏ခန္ဓာကိုယ်ကို သူ့လက်မောင်းများကြားဆွဲယူလိုက်သည်။ “နောက်ကျရင် ဆိုင်ဖွင့်ချိန်ကို နေ့ခင်းဘက်ပြောင်းရအောင်...”
“အင်...ကောင်းပြီလေ...”
ဝိဉာဥ်စွမ်းအင်ပါရှိသော အချိုပွဲများမှာ သက်ရောက်မှုကောင်းမွန်လှသည်။ ယောင်ယောင်ကဲ့သို့ ဆိုးဝါးသော စိတ်စွမ်းအားဖောက်ပြန်မှုမရှိပါက ထိုအသီးအနှံများမှာ ပုံမှန်အားဆေးအဖြစ် သင့်တော်ပေသည်။
DC 5 အခြေစိုက်စခန်းမှနေထိုင်သူများအဖို့ တစ်နေ့တစ်ခါစားလျှင်ပင် လုံလောက်နေပြီဖြစ်၏။
သူတို့အနေဖြင့် ထိုသူများကိုကုသရန်အတွက်သာ အချိန်ယူနေရခြင်းဖြစ်ပြီး ကုသမှုပြီးဆုံးသွားသည်နှင့် ဆိုင်ဖွင့်ချိန်အား လိုသလိုပြောင်းရွှေ့နိုင်လေသည်။
ကျန်ရှိသော ၁၅ ပွဲစာက လျှင်မြန်စွာရောင်းကုန်သွားကာ စားသုံးသူများဖြင့် ဆိုင်ထဲတွင်ပြည့်နှက်သွားလေသည်။ အချို့က ညဏ်ရည်တု၌မှတ်တမ်းတင်ကြသော်လည်း မြန်မြန်ဆန်ဆန်ပင် စားသောက်ပြီးစီးသွားကြသည်။
ရှီခိုင်ရှင်းက အပြင်ဘက်ရှိတန်းစီနေသူများကို ထပ်မံမစောင့်တော့ရန် အကြံပြုနေသည်။ နောက်ဆုံးစားပွဲတွင် စားသောက်နေသူများ ပြီးစီးသွားသည့်အချိန်တွင် ဆိုင်ပြင်၌လူသိပ်မရှိတော့ချေ။
ကျွင်းချင်ယွီက လက်ထဲရှိ ရေခဲခြစ်ကိုလက်စသတ်ကာစားသောက်လိုက်၏။ ထို့နောက် ပန်းကန်လုံးကိုချကာ ဖုယွမ်ချွမ်းအား မေးလိုက်သည်။
“အင်ပါယာခေါင်းဆောင်က ခင်ဗျားကိုဘာမှမမေးဘူးလား...”
Xxxxxxx