အပိုင်း ၈၂
Viewers 18k

Chapter 82


ဖုယွမ်ချွမ်းက ဥာဏ်ရည်တုအားထိလိုက်သည်။


 “သူတောက်လျှောက်စာတွေပို့နေတာပဲ...ကြာတော့ကိုယ်စိတ်ရှုပ်လာတာနဲ့ အမည်ပျက်စာရင်းထဲထည့်လိုက်တယ်...”


ကျွင်းချင်ယွီက ထိုအသံထဲတွင် ထောင်လွှားမှုအချို့ပါဝင်နေကြောင်း သတိပြုမိလိုက်သည်။


 “ခင်ဗျားကို သူဖိအားပေးလာမှာ မစိုးရိမ်ဘူးလား...”


သူတို့အခုအချိန်ထိ လုပ်ခဲ့သောအရာများမှာ တစ်ဖက်လူက တပ်မအား အဆင်အခြင်မဲ့ ရန်စမည်မဟုတ်ကြောင်း သေချာနေ၍ဖြစ်သည်။


“သူ လုပ်မှာမဟုတ်ဘူး....” ဖုယွမ်ချွမ်းက အခိုင်အမာပြောလာသည်။ “သစ်သီးနဲ့ဟင်းသီးဟင်းရွက်တွေ ဖြန့်ဝေတဲ့အချိန်တုန်းက တစ်ချို့မာရှယ်တွေ ကိုယ့်ကိုဆက်သွယ်လာတယ်...တစ်ချို့ကတော့ စောင့်ကြည့်နေကြတယ်လေ...”


ဖုယွမ်ချွမ်းက ဥာဏ်ရည်တုကိုဖွင့်ကာ စာများအားလုံးကို ရေသူ​​​​လေးကြည့်နိုင်ရန် ဖွင့်ပြလိုက်သည်။ “ဒီမနက်တော့ ကိုယ်မာရှယ်အားလုံးဆီက စာတွေလက်ခံခဲ့ရတယ်...ဒီလိုအခြေအနေမျိုးမှာ အဲဒီ့လူက မဆင်မခြင် လုပ်မှာမဟုတ်ဘူး...”


ကြယ်တာရာစုများအတွင်း စစ်ပွဲများမကြာခဏဖြစ်ပွားလေ့ရှိကာ တပ်မတိုင်းက ဓာတ်ရောင်ခြည်သင့်ခြင်းကြုံရတတ်သည်။ ရေသူမျိုးနွယ်ကဲ့သို့ စိတ်စွမ်းအားကုသသည့်အဖိုးတန်ရတနာများမှာလည်း စစ်သည်တိုင်းအသုံးပြုနိုင်သောအရာများမဟုတ်ချေ။


ထိုကဲ့သို့အရေးတကြီးအခြေအနေမျိုးတွင် ဖုယွမ်ချွမ်းက သစ်သီးများစွာဖြန့်ချီပေးခြင်းဖြစ်သည်။ ထာဝရစီးပွားဖက်များသာရှိပြီး ထာဝရရန်သူဟူ၍မရှိချေ။ ထို့အပြင် မာရှယ်တိုင်းလိုလိုက အစည်းအဝေးများ၌သာ ဖုယွမ်ချွမ်းနှင့်စကားပြောဖူးခြင်းဖြစ်ပြီး ရန်ငြိုးထားစရာကိစ္စလည်းမရှိချေ။


တပ်မတော်၏ကုန်ကျစရိတ်များမှာ အလွန်များပြားလှသည့်အတွက် စစ်မက်ဖြစ်ပွားခြင်းကို တတ်နိုင်သလောက်ရှောင်ကြဥ်လေ့ရှိကြသည်။ စစ်ရေးကုန်ကျစရိတ်က ပစ္စည်းစရိတ်ထက်ပို၍များပြားသဖြင့် မည်သူကမှ ဖုယွမ်ချွမ်း၏သစ်သီးများကို တိုက်ခိုက်ရယူလိုခြင်းမရှိကြ​ခြင်းဖြစ်သည်။


ထို့ကြောင့် အင်ပါယာခေါင်းဆောင်နှင့်ယှဥ်လျှင် ဖုယွမ်ချွမ်းက အ​​လေးသာနေ​ခြင်းဖြစ်သည်။


ကျွင်းချင်ယွီ၏အမြင်တွင်လည်း ကိစ္စများချောချောမွေ့မွေ့အဆုံးသတ်သည်မှာ ကောင်းမွန်​လေသည်။ “ဆိုတော့...ခင်ဗျား သူတို့နဲ့သဘောတူပြီးပြီလား...”


အသီးအရွက်ဖျော်ရည်က အွန်လိုင်းမှရောင်းချမှာဖြစ်ရာ အင်ပါယာခေါင်းဆောင်ဘက်မှ ထိုဖျော်ရည်၏ထူးခြားချက်အား သတိမပြုမိစေရန်အတွက် ကြယ်စုရှိအသီးအနှံများဖြင့် ရောစပ်ရမှာဖြစ်သည်။


ဖုယွမ်ချွမ်း ခေါင်းခါလိုက်သည်။ “သဘောမတူရသေးဘူး...”


“ဘာလို့လဲ...သူတို့ကိုမယုံလို့လား...” ကျွင်းချင်ယွီ ခေါင်းလေးစောင်း၍ မေးလိုက်သည်။


တကယ်ကမူ ဖုယွမ်ချွမ်း ထိုမာရှယ်များကို မယုံကြည်၍မဟုတ်ချေ။


 “တကယ်တော့ မင်းကို ဆုံးဖြတ်ချက်မချခင် တိုင်ပင်ချင်လို့လေ...ဒါပေမယ့် ကိုယ်ဒီနေ့တနေကုန်အလုပ်ရှုပ်နေတော့ ခုထိမပြောရသေးတာ....”


“ကျွန်တော်နဲ့တိုင်ပင်မလို့လား...” ကျွင်းချင်ယွီ ကြောင်အသွားသည်။ “ဒါလောက်ကတော့ ခင်ဗျားကိုယ်တိုင်ဆုံးဖြတ်နိုင်ပါတယ်...”


“မရပါဘူး...” ဖုယွမ်ချွမ်းက ခိုင်လုံသည့်အကြောင်းပြချက်တစ်ခုကဲ့သို့ အလေးအနက်ပြောလာသည်။


 “ဒီလိုအရေးကြီးကိစ္စမျိုးက ဆုံးဖြတ်ချက်မချခင် ကိုယ့်ချစ်သူနဲ့သေချာပေါက်တိုင်ပင်ရမှာပေါ့...”


“မသိရင်ကျွန်​တော်က မိသားစုခေါင်းဆောင်ကျနေတာပဲ...” 


ဖုယွမ်ချွမ်းက ရေသူ​လေး၏ဆံပင်ကို တယုတယပွတ်သပ်လိုက်သည်။ “မဟုတ်လို့လား...”


ကျွင်းချင်ယွီက မျက်တောင်တဖျပ်ဖျပ်ခတ်ရင်း မဝံ့မရဲမေးလိုက်၏။ 


“ဒါဆို မိသားစုခေါင်းဆောင်က ဒီနေ့အိမ်ပြန်ရောက်ရင် ရေခဲမုန့်စားလို့ရလား...”


“မရဘူး....”


“…”


ကျွင်းချင်ယွီက သူ့ခေါင်းပေါ်ရှိ ဖုယွမ်ချွမ်းလက်ကိုဖယ်ကာ တစ်ဖက်လူကိုကျောခိုင်းလိုက်ပြီး ဥာဏ်ရည်တုနှင့်ကစားနေ​လိုက်သည်။


ဖုယွမ်ချွမ်းက ထိုအပြုအမူလေးကိုကြည့်ရင်း ရယ်မောလိုက်ကာ ရေသူ​လေး၏ စည်းထားသည့်ဆံပင်ကို ပြေလျော့စေလျှက် ချော့လိုက်သည်။


 “လိမ္မာပါကွာ...”


အစားအစာပြင်ဆင်နေသည့်တစ်လျှောက်လုံး ရှောင်ယွီက ဆံပင်စည်းထားခဲ့ခြင်းဖြစ်သည်။ ယခုမူ ဆိုင်ပိတ်လိုက်ပြီဖြစ်ရာ ဆံပင်ကို တင်းတင်းစည်းထားခြင်းက သူ့အတွက် သက်တောင့်သက်သာမရှိနိုင်ချေ။ ဖုယွမ်ချွမ်းက ရှောင်ယွီ၏ကျောပြင်ကို နှိပ်နယ်ပေးရင်းပြောလိုက်သည်။ “မာရှယ်တွေကို ကိုယ်အကြောင်းပြန်လိုက်မယ်...”


“အင်း...” ခဏတွေးပြီးနောက် ကျွင်းချင်ယွီ တိုက်တွန်းလိုက်၏။ “တစ်ချို့အဖွဲ့တွေကို နည်းနည်းပိုရောင်းပြီး စည်းရုံးလိုက်ပါ...”


မဟာမိတ်များဖွဲ့သည်မှာကောင်းမွန်သော်လည်း ပို၍အရေးကြီးသည်မှာ ဖုယွမ်ချွမ်း၏စစ်အင်အားတိုးရန်​ဖြစ်သည်။


ဖုယွမ်ချွမ်းကပြောသည်။ “ကောင်းပြီလေ...”


ကျွင်းချင်ယွီက အင်တာနက်ကိုဖွင့်ကာ ဆိုင်နှင့်ပတ်သတ်သောသတင်းများကို ရှာဖွေလိုက်သည်။ ဖုယွမ်ချွမ်း၏ပို့စ်အောက်၌ ဖြတ်သွားဖြတ်လာများ၏ မှတ်ချက်အများအပြားရှိနေ​လေသည်။


သူတို့က မှတ်ချက်ရေးရန်လူငှားထား​ခြင်းမရှိလေရာ ထိုမှတ်ချက်များအားလုံးက အစစ်အမှန်များဖြစ်ကြသည်။


[ငါ့မိသားစုက နည်းနည်းအာဏာရှိတော့ သစ်သီးနဲ့အရွက်တွေကို ရံဖန်ရံခါ​တော့စားရတယ်...ဒါပေမယ့် အရသာကတော်တော့်ကိုဆိုးတာ...ငါအဲ့ဒါတွေကိုစားရတိုင်း ကျည်ဆံတွေမြိုချနေရသလိုပဲ...ဒီတစ်ခါတော့ ငါအဲ့ဒီ့ဆိုင်ကိုသွားပြီး ဝယ်စားခဲ့တယ်...ဆိုင်ကသစ်သီးတွေက အရမ်းအရသာရှိတာပဲ...ငါအဲ့ဆိုင်ကအသီးမဟုတ်တဲ့ အခြားအသီးတွေကိုမစားချင်တော့ဘူး...]


[ငါ ဘယ်လိုပြောရမှန်းတောင်မသိဘူး...ငါလည်းအဲ့ဒီ့ဆိုင်ကို မနက်အစောကြီးကတည်းက သွားတန်းစီခဲ့တာလေ...ကံ​ကောင်းချင်တော့ နောက်ဆုံးခွဲတမ်းကို ရသွားခဲ့တယ်...သစ်သီး​တွေကအရမ်းအရသာရှိတာပဲ]


[@ပင်တိုင်ဖြန့်ချီရေး...ဒီကိုလာကြည့်စမ်းပါ...မင်းတို့ ဘိုးဘွားအမွေအနှစ်လိုကာကွယ်နေတဲ့ အသီးတွေက မာရှယ့်ဟာနဲ့ယှဥ်ရင် အမှိုက်လိုပဲ...]


[ဟေး...မင်းတို့ကိုနည်းနည်းလောက်မြည်းကြည့်စေချင်တယ်...ပုံတွေကိုပဲကြည့်...အရည်ရွှမ်းပြီး လုံးဝစားချင်စရာကောင်းနေတယ်မဟုတ်လား...]


……


သစ်သီးများ၏အရသာက ပြောင်းလဲမှုမရှိသလို ကြယ်စု၏အသီးများနှင့် မည်မျှရောစပ်စေကာမူ အာနိသင်ကျဆင်းသွားမည်ကိုလည်း စိတ်ပူရန်မလိုအပ်ချေ။ အင်ပါယာက သစ်သီးဝလံဖြန့်ချီမှုကို များစွာတင်းကြပ်ထားသည်။ အတိအကျပြောရပါကရေသူမျိုးနွယ်များအပါအဝင် စိတ်စွမ်းအားအတွက် အထောက်အကူပြုသော အရာမှန်သမျှကို အကန့်အသတ်နှင့်သာ ထုတ်ပေး​​ခြင်းဖြစ်၏။


နိုရယ်က ကောင်းမွန်သည့်အရာမှန်သမျှကို ​ဂုဏ်သရေမြင့်မားသူများအတွက်သာ အသုံးပြုလိုပြီး သာမန်လူတန်းစားများအတွက် ဝေမျှပေးချင်စိတ်မရှိချေ။ 


အင်ပါယာခေါင်းဆောင်၏အတွေးများကို ကျွင်းချင်ယွီနားမလည်နိုင်ချေ။ သူက ကိုယ်ကျဆုံးရာလမ်းကိုယ်ရှာနေသည်ဟု ခံစားရသည်။ မဟုတ်ပါက အင်ပါယာ၏ခေါင်းဆောင်တစ်ဦးအနေဖြင့် ထိုအခြေအနေထိကျဆင်းသွားမှာမဟုတ်ချေ။


မှတ်ချက်အချို့ဖတ်ပြီးနောက် ကျွင်းချင်ယွီ မနေနိုင်ပဲပြောလိုက်မိသည်။


 “အင်ပါယာခေါင်းဆောင်က တစ်ခုခုပဲ...”


"သူက အမြဲတမ်းအဲဒီ့အတိုင်းပဲလေ...” ဖုယွမ်ချွမ်းက ဥာဏ်ရည်တုမှ ဖွတ်မြှီးထိုးနည်းအဆင့်ဆင့်ကို ဖွင့်ကြည့်ရင်း ရေသူလေး၏ဆံပင်ကို စည်းနှောင်ပေးနေ၏။


သူက ခဏတွေးလိုက်ကာ “သူက အတွေ့အကြုံအပေါ်ကိုအားကိုးနေတဲ့ အရူးတစ်ယောက်သက်သက်ပဲလေ...ကံကောင်းမှုကြောင့်သာ အင်ပါယာခေါင်းဆောင်ဖြစ်လာတာ...သူ့လိုလူဆီက ဘာများမျှော်လင့်လို့ရမှာလဲ...”


ကျွင်းချင်ယွီ မျက်တောင်ခတ်လိုက်သည်။ ဖုယွမ်ချွမ်း၏ နိုရယ်အပေါ်အမြင်မှာ ဤမျှဆိုးဝါးနေမည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။


ဘာပြန်ပြောရမှန်းမသိသဖြင့် မှတ်ချက်များကိုသာ ဆက်လက်ဖတ်ရှုလိုက်၏။ ထိုစဥ် တစ်စုံတစ်ဦးက ဝင်ခွင့်ပြုသူအရေအတွက်အကြောင်း ပြောဆိုထားလေရာ ၎င်းမှတ်ချက်အား သူနှိပ်ကြည့်လိုက်သည်။


[ အယောက် ၅၀ ပဲလက်ခံတာက နည်းလွန်းမနေဘူးလား...လူနာတွေမပါဘူးဆိုရင်တောင် တော်တော်လေးနည်းနေသလိုပဲ...ပြီးတော့ထပ်မှာချင်ရင်လည်း အစကပြန်တန်းစီရသေးတယ်...ဝူး...ပထမတုန်းက အဲ့ဒါအရမ်းအရသာရှိမယ်မထင်လို့ ငါနည်းနည်းပဲမှာခဲ့တာ...ထပ်လည်းယူချင်ရော မမီတော့ဘူးလေ...အစကတည်းကသာသိရင် အများကြီးကြိုမှာထားတာပေါ့...]


[တကယ်တော့ အယောက် ၅၀က တော်တော်များနေပြီမဟုတ်လား...သစ်သီးနဲ့ဟင်းသီးဟင်းရွက်ထွက်နှုန်းကိုပဲတွက်ကြည့်လေ...သူတို့ကိုခက်ခဲအောင်မလုပ်သင့်ဘူး....]


[ငါပထမဆုံးစားကြည့်ပြီးကတည်းက စောစောတန်းစီလို့ရအောင် ဆိုင်နားကဟိုတယ်တစ်ခုမှာအခန်းငှားထားတယ်လေ]


[နိုးထတော့...ဆိုင်ဖွင့်ချိန်က နေ့ခင်းဘက်ပြောင်းသွားပြီ...သူတို့ကြေငြာထားတယ်မဟုတ်လား...]


[ငါသိတယ်...မနက်ဘက်ဆိုင်ဖွင့်တုန်းကတောင် မနက်အစောကြီးထတန်းစီရသေးတာ...အယောက် ၅၀ ထဲဝေစုရဖို့အတွက် လူအများကြီးနဲ့ယှဥ်ပြိုင်ရမှာလေ...ဒါ့အပြင် လူတွေအများကြီးရှိတာတောင် ဆိုင်ကအရမ်းကိုတိတ်ဆိတ်နေတာ...အသီးရနံ့လေးကိုသင်းနေတာပဲ...]


……


မနက်အစောကြီးတန်းစီရတာက အရမ်းပေါ်ပြူလာဖြစ်နေပါလား...


ကျွင်းချင်ယွီက ဆိုင်ကိုလာသည့်အချိန် သူမြင်ခဲ့ရသည့် လူတန်းရှည်ကြီးကိုစဥ်းစားလိုက်သည်။ စောစောထမလာပါက အယောက် ၅၀ ဝေစုထဲပါနိုင်မှာမဟုတ်ချေ။


သို့သော် သတ်မှတ်ထားသည့်ဝေစုကို ပြောင်းချင်တိုင်းပြောင်း၍မရချေ။


နေရာလွတ်ထဲရှိအသီးအနှံများက ဆိုင်အတွက်ချည်းမဟုတ်ပဲ ဖုယွမ်ချွမ်း၏စစ်တပ်ကိုလည်း ထောက်ပံ့ရဦးမှာဖြစ်သည်။ ထို့ကြောင့် အယောက် ၅၀ ဝေစုကသာ အကောင်းဆုံးဖြစ်၏။


လူအများစုက ဆိုင်အနီးအနားရှိဟိုတယ်များ၌ တည်းခိုကာ နောက်တစ်နေ့စောစောတန်းစီနိုင်ရန် ပြင်ဆင်နေကြပြီဖြစ်သည်။


ဤနေရာတွင် စိတ်ဝင်စားစရာများများစားစားမရှိရာ လာရောက်လည်ပတ်သူကျဲပါးလှသဖြင့် အနီးရှိတည်းခိုခန်းများက ပိတ်ရတော့မလိုဖြစ်နေခဲ့တာဖြစ်သည်။


လက်ရှိတွင် အနီးဆုံးဟိုတယ်ကပင် တစ်နာရီကြာကားမောင်းသွားရသည့် ခရီးရှိလေသည်။


ထိုစဥ် အပြင်ဘက်မှ အသံတစ်ချို့ကြားလိုက်သဖြင့် ကျွင်းချင်ယွီလှမ်းကြည့်လိုက်သည့်အခါ ရှီခိုင်ရှင်း၏အရိပ်ကိုမြင်လိုက်ရ၏။ သူက တစ်စုံတစ်ဦးနှင့် စကားပြောနေပုံပေါ်ကာ ထိုသူထွက်သွားသည့်အခါမှ ဆိုင်ထဲသို့ဝင်လာလေသည်။


ထို့နောက် ကျွင်းချင်ယွီတို့ထံလျှောက်လာကာ “မာရှယ်...ဝယ်သူတော်တော်များများ ပြန်သွားကြပါပြီ...ပြသနာရှာချင်တဲ့လူတော့ ဆယ်ယောက်ကျော်လောက်ရှိတယ်...ယွီကျစ်က သူတို့ကိုဖမ်းပြီး အထောက်အထားတွေစစ်ဆေးနေပါတယ်...”


ကျွင်းချင်ယွီ၏မျက်ခုံးများ မြင့်တက်သွားသည်။ ဆယ်ယောက်ကျော်တောင်လား...


သူက လူတစ်ချို့ပြသနာလာရှာလောက်မည်ဟု မျှော်လင့်ထားခဲ့သော်လည်း ဒီလောက်များမည်မထင်ခဲ့ချေ။  


သို့သော် ဖုယွမ်ချွမ်းကမူ မျှော်လင့်ထားပြီးဖြစ်ပုံရသည်။ မည်သို့ပင်ဆိုစေ သူတို့၏အချိုပွဲဆိုင်အား ဖိအားပေးချင်သည့်လူမှာ တစ်ဦးတစ်ယောက်ထဲ မဟုတ်ချေ။


 “ဖမ်းထားပြီးရင် သူတို့ကိုဘယ်သူလာခေါ်မလဲ စောင့်ကြည့်နေလိုက်...”


“ဟုတ်ကဲ့...”


ရှီခိုင်ရှင်းက ဆက်ပြောလာ၏။


 “မာရှယ်...တန်းစီနေတဲ့လူထဲက တစ်ယောက်က ဘေးကဆိုင်ခန်းတွေရဲ့ပိုင်ရှင်ကိုမေးခဲ့တယ်...သူဆိုင်ခန်းငှားချင်လို့တဲ့...”


ရှီခိုင်ရှင်းက လမ်းဘေးဆိုင်ခန်းများကို ဟန်ပြသာဖွင့်ထား​ခြင်း​ဖြစ်​​ကြောင်းသိသော်လည်း ထိုဆိုင်ခန်းများ၏ပိုင်ရှင်ကိုမူ မသိ​ချေ။ ထို့ကြောင့် သူက စကားအပိုမပြောပဲ စုံစမ်းပေးမည်ဟူ၍သာပြန်ဖြေခဲ့တာဖြစ်သည်။


ကျွင်းချင်ယွီက ငှားရမ်းသည့်ကိစ္စအား စိတ်ဝင်စားသွားသည်။


အချိုပွဲဆိုင်က ထပ်မံတိုးချဲ့ရန်မရည်ရွယ်ထားရာ သူ၏လုံခြုံရေးအတွက် ဖုယွမ်ချွမ်းလိုရမယ်ရဝယ်ထားသည့် ဘေးဆိုင်ခန်းများက ဒီအတိုင်းအသုံးမပြုပဲရှိနေမှာဖြစ်သည်။


ဖုယွမ်ချွမ်းက ခေါင်းငုံ့ကာ ရှောင်ယွီ့ကိုမေးလိုက်၏။ “မင်း ငှားချင်လား...”


ရှီခိုင်ရှင်းက ထို​မေးခွန်းမှာ သူ့ကိုမေး​ခြင်းမဟုတ်မှန်သေချာသဖြင့် အားလုံးကိုနားလည်သွားတော့သည်။


“အိုး...အဲ့ဒီ့ဆိုင်ခန်းတွေက မဒမ် ပိုင်တာလား...ကောင်းမွန်တဲ့ရင်းနှီးမြှုပ်နှံမှုပဲ...”


ဤလမ်းမှာ အရင်က လူစည်ကားခြင်းမရှိ​လေရာ လမ်းတစ်လျှောက်ရှိဆိုင်ခန်းများ၏တန်ဖိုးမှာ စျေးကွက်အချက်အချာကျသောနေရာရှိ ဆိုင်ခန်းတစ်ခန်း၏ တန်ဖိုးလောက်သာရှိနိုင်သည်။ 


ယခုမူ လူစည်ကားလာပြီဖြစ်ရာ ဤဆိုင်ခန်းများ၏တန်ဖိုးက မမှန်းဆရဲလောက်အောင် မြင့်မားသွားပြီဖြစ်၏။


ကျွင်းချင်ယွီက ထိုဆိုင်ခန်းများကို ငှားရမ်းရန်စဥ်းစားခဲ့ဖူးသည်။ သို့သော် အားလုံးကစောင့်ကြည့်နေကြရာ ငှားရမ်းမှု၌ ပြသနာများပေါ်ပေါက်လာနိုင်၏။


သူတို့၏ရန်သူတစ်ယောက်ယောက်ကိုငှားမိပါက မြွေပွေးခါးပိုက်ပိုက်ရာကျပေလိမ့်မည်။ လူ၏စိတ်ကိုမည်သူမှမမြင်နိုင်လေရာ ​သေချာမသိသောလူများကို ယုံကြည်ရန်ခက်ခဲလှသည်။


အမျိုးမျိုးအဖုံဖုံစဥ်းစားပြီးနောက် ငှားရမ်း​​ခြင်းမှာ ကောင်းမွန်သောအကြံမဖြစ်နိုင်ကြောင်း ယူဆလိုက်၏။ ကျွင်းချင်ယွီက “ခဏတော့ ဒီတိုင်းထားထားရအောင်...ငှားဖို့အကြောင်းနောက်မှစဥ်းစားကြတာပေါ့....”


“ကောင်းပါပြီ...မဒမ် ညွှန်ကြားတဲ့အတိုင်းလိုက်နာပါ့မယ်...” ရှီခိုင်ရှင်းက တစ်ယောက်ယောက်မေးလျှင် ပြန်လည်ဖြေကြားနိုင်လို၍သာ မေးမြန်းခဲ့ခြင်းဖြစ်၏။


သူက အပြင်ကိုညွှန်ပြရင်းဆက်ပြောသည်။


 “တကယ်လို့ဘာမှမရှိတော့ဘူးဆိုရင် ကျွန်တော်အလုပ်ပြန်လုပ်လို့ရမလားခင်ဗျ...ဖမ်းဆီးထားတဲ့လူဆယ်ယောက်ကျော်ကို ယွီကျစ်တစ်ယောက်ထဲမကိုင်တွယ်နိုင်မှာစိုးရိမ်လို့ပါ...”


“သွား...”


ဆိုင်က ပြန်လည်တိတ်ဆိတ်သွား၏။


ဖုယွမ်ချွမ်းက ရေသူ​​​လေး၏ဆံပင်ကိုစည်းနှောင်​နေရင်း ပြောလိုက်သည်။ 


“လက်ဆေးရအောင်...ပြီးရင်အိမ်ပြန်ကြမယ်...”


“ကောင်းပြီလေ...”


Xxxxxxx