အပိုင်း ၈၃
Viewers 16k

Chapter 83


ဖုယွမ်ချွမ်းက ရေသူ​​​လေး၏ဆံပင်ကိုစည်းနှောင်​နေရင်း ပြောလိုက်သည်။ “လက်ဆေးရအောင်...ပြီးရင်အိမ်ပြန်ကြမယ်...”


“ကောင်းပြီလေ...”


ညအခါ...


ကျွင်းချင်ယွီက ပြတင်းပေါက်နားရှိဆိုဖာပေါ်တွင် ထိုင်နေသည်။ သူ၏ဥာဏ်ရည်တုက တစ်ချက်တစ်ချက်လင်းလာ၏။


ဖုယွမ်ချွမ်း အစည်းအဝေးလုပ်နေသည်မှာ သုံးနာရီကြာပြီဖြစ်သည်။ အစည်းအဝေးအကြောင်းအရာက သစ်သီးနှင့်ဟင်းသီးဟင်းရွက်များ၏ ကိစ္စဖြစ်​လေသည်။ ကျွင်းချင်ယွီက ထိုအစည်းအဝေးတွင်ပါဝင်သင့်သော်လည်း အခြားမာရှယ်များပါဝင်သဖြင့် မတက်ရောက်တော့​​ခြင်းဖြစ်သည်။ 


ကျွင်းချင်ယွီက ဥာဏ်ရည်တုအားချကာ လှေကားထိပ်သို့လျှောက်သွားခဲ့သည်။ အစည်းအဝေးကကြာဦးမှာဖြစ်ရာ ဖုယွမ်ချွမ်းစားရန် တစ်ခုခုပြင်ပေးဖို့စဥ်းစားလိုက်သည်။


ညဥ့်နက်အထိအလုပ်လုပ်ခြင်းက ပင်ပန်းသည့်ကိစ္စဖြစ်ရာ အာဟာရရှိ​သောအရာတစ်ခုခု စားသောက်သင့်​လေသည်။


ကျွင်းချင်ယွီက ရေခဲသေတ္တာထဲမှကြက်သားကိုယူကာ စွပ်ပြုတ်ချက်ပေးရန် ဆုံးဖြတ်လိုက်သည်။


သူက အရင်ဆုံးကြက်သားကိုရေဆေးလိုက်၏။ ထို့နောက် ရေဆူအောင်တည်ကာ ကြက်သားနှင့်ဟင်းခတ်မှုန့်များကို နှံ့စပ်အောင်ရောပြုတ်လိုက်သည်။ ထို့နောက် အဖုံးပိတ်ထားလိုက်၏။ 


ကြက်စွပ်ပြုတ်အတွက် အထူးပြုလုပ်ထားသောအိုးက အရည်အသွေးမြင့်မားလှရာ ကြက်သား၏အလွှာတစ်ခုချင်းစီကို နူးညံ့သွားစေပြီး အရိုးနှင့်အသားကိုသက်သက်စီဖြစ်သွားစေ၏။ နာရီဝက်ကြာပြုတ်ပြီးသည့်နောက် ကျွင်းချင်ယွီက ဆားအနည်းငယ်ထပ်ဖြူးလိုက်ကာ အရသာရှိသောကြက်စွပ်ပြုတ်တစ်ပွဲ ဖြစ်ပေါ်လာ​လေသည်။ 


ထို့နောက် ပေါင်မုန့်အနည်းငယ်လှီးကာ အသားနှင့်အသီးအရွက်အချို့အစာသွပ်ပြီး ဆန်းဒွစ်ချ်ထပ်လုပ်လိုက်၏။ ကျွင်းချင်ယွီက အသီးအနည်းငယ်ပို၍ ပြင်ဆင်ထားလိုက်သည်။


သူက ကြက်စွပ်ပြုတ်နှင့်အတူ အစားအစာများကို လင်ဗန်းပေါ်တင်လိုက်သည်။


ထို့နောက် ဖုယွမ်ချွမ်းအစည်းအဝေးလုပ်နေသည့် အခန်းတံခါးရှေ့သို့သွားကာ လင်ဗန်းကိုလက်တစ်ဖက်ကကိုင်ထားလျှက် တံခါးခေါက်လိုက်သည်။


“ဝင်ခဲ့ပါ...”


ကျွင်းချင်ယွီ တံခါးဖွင့်လိုက်၏။ “အစည်းအဝေးက ခုထိမပြီးသေးတာလား...”


“ဟုတ်တယ်...” ဖုယွမ်ချွမ်းက အစည်းအ​ဝေးဗီဒီယိုကောလ်ကို အသံခဏပိတ်လိုက်သည်။


 “တစ်ခုခုရှိလို့လား...”


ကျွင်းချင်ယွီက ခေါင်းခါလိုက်ကာ လင်ဗန်းကိုဖုယွမ်ချွမ်းရှေ့စားပွဲပေါ်ချပေးလိုက်သည်။ 


"ခင်ဗျားစားဖို့လာ​ပြင်ပေးတာ...နောက်ကျတဲ့အထိအစည်းအဝေးမ​ပြီးရရင် အဆာပြေ​စားဖို့မမေ့နဲ့ဦး...”


ဖုယွမ်ချွမ်းက ကျွင်းချင်ယွီ၏ခါးကို ဆွဲယူလိုက်သည်။ ကြက်စွပ်ပြုတ်၏မွှေးပျံ့သောရနံ့မှာ အဖုံးဖုံးထားသည့်ကြားကပင် သင်းပျံ့စွာထွက်ပေါ်နေ၏။


ဖုယွမ်ချွမ်းက ရေသူလေးကိုချော့မြှူလိုက်သည်။ “ပင်ပန်းနေပြီလား...ကိုယ်ခဏနေပြီးတော့မှာပါ...”


“အေးဆေးလုပ်ပါ...” ကျွင်းချင်ယွီက ကွန်ပြူတာမျက်နှာပြင်ကိုကြည့်လိုက်သည်။ အားလုံးကဗီဒီယိုကောလ်ဖွင့်ထားကြကာ ဖုယွမ်ချွမ်းတစ်ယောက်သာပိတ်ထားခြင်းဖြစ်၏။


ဖုယွမ်ချွမ်းက ညင်သာစွာပြောသည်။


 “ဒီမှာခဏထိုင်စောင့်ပါလား...ကိုယ်....”


“မထိုင်တော့ဘူး...” ကျွင်းချင်ယွီ တစ်ဖက်လူ၏ကိုယ်ပေါ်မီလိုက်ကာ ဖုယွမ်ချွမ်းပါးပြင်ကို နမ်းလိုက်၏။ “ကျွန်တော် ရေသွားချိုးလိုက်ဦးမယ်...ခင်ဗျားအစည်းအဝေးပြီးရင် တူတူအနားယူကြတာပေါ့...”


ဖုယွမ်ချွမ်းက ရေသူလေး၏လက်ကိုကိုင်ကာ ပြောလိုက်သည်။


 “ရေမချိုးခင် တစ်ခုခုစားဦး...”


“အွန်းပါ...” ကျွင်းချင်ယွီ အပြုံးကလေးနှင့်ပြန်ဖြေလိုက်၏။ “ကျွန်တော် သွားနှင့်ပြီ...”


“အင်း...ကောင်းပြီလေ.”


ကျွင်းချင်ယွီက ညဘက်တွင်အစားများများမစားချင်သည့်အတွက် အိပ်ခန်းသို့သာ ဦးတည်လိုက်သည်။ သူက ဖုယွမ်ချွမ်း၏အစည်းအဝေးတွင် တွေ့ခဲ့ရသောမာရှယ်များကို တိတ်တဆိတ်ရေတွက်ခဲ့သည်။ နေရာလွတ်က အသီးအနှံတွေနဲ့တင် လုံလောက်ပါ့မလား...


အတိတ်က စားသုံးသူမှာ သူတို့နှစ်ဦးသာရှိသဖြင့် အဆင်ပြေလေသည်။ ယခုမူ သစ်သီးပင်များ၏ကြီးထွားနှုန်းသာ စားသုံးနှုန်းကိုအမှီမလိုက်နိုင်ပါက ပြသနာအချို့ပေါ်ပေါက်လာနိုင်၏။


ကျွင်းချင်ယွီခေါင်းယမ်းလိုက်သည်။ အဖြေတစ်ခုခုတော့ရှာမှပဲ...


သစ်သီးဆိုင်ကိုကြည့်ပါက ပြည်သူလူထုအပေါ် ဖုယွမ်ချွမ်းတွေးပေးသည်မှာ သိသာလှသည်။ သစ်သီးဆိုင်၏ရောင်းချနှုန်းမှာ မမြင့်မားသော်လည်း အသီးတိုင်း၌ ဝိဉာဥ်စွမ်းအင်များပါဝင်သဖြင့် စားသုံးသူအားလုံးအကျိုးရှိမှာဖြစ်သည်။


ထို့​ကြောင့် သစ်သီးဆိုင်ကိုပိတ်ပစ်၍မရချေ။ သို့သော် အယောက် ၅၀ဝေစုအတွင်း လူတစ်ယောက်မှာယူနိုင်သည့် သစ်သီးပမာဏကိုမူ ကန့်သတ်ချက်ထား၍ရနိုင်သည်။


မာရှယ်များအတွက်ပြုလုပ်ပေးမည့် သစ်သီးဖျော်ရည်က ကြယ်စု၏အသီးအနှံများနှင့် နေရာလွတ်ထဲရှိအသီးအနှံများကို ရောစပ်၍​ပြုလုပ်မှာဖြစ်သည်။ ဖုယွမ်ချွမ်း၏စစ်တပ်အတွက်ပေးထားသော အသီးအနှံများကိုမူ ယခုထိအသုံးမပြုရသေးချေ။ 


အရင်က တပ်မတော်တွင် ဟင်းသီးဟင်းရွက်ဖျော်ရည်အား မည်သည့်အချိုးဖြင့်ရောစပ်ခဲ့မှန်းမသိသော်လည်း ယခုမူ ဂရုတစိုက်လုပ်ဆောင်ရတော့မှာဖြစ်သည်။


သစ်သီးများရှားပါးသည်မှာ ပုံမှန်သာ​ဖြစ်သည်။ သူတို့၏ထုတ်ကုန်မှာ အများအပြားမဟုတ်ဟု အစကတည်းကကြေငြာထားပြီးသားဖြစ်ရာ မာရှယ်များအတွက် ၎င်းကိုလက်ခံဖို့မခဲယဥ်းလောက်ချေ။


သစ်သီးများခွဲဝေရမည့်နည်းလမ်းကို စဥ်းစားပြီးသည်နှင့် ကျွင်းချင်ယွီက ဖုယွမ်ချွမ်းစီစဥ်ရာ၌ အထောက်အကူဖြစ်စေရန် အချက်အားလုံးကိုချရေးထားလိုက်သည်။


ထို့နောက် ဥာဏ်ရည်တုအားဖွင့်လိုက်၏။ မူလက စတိုးဆိုင်ဖွင့်ချိန်နှင့် စတိုး၏လိုအပ်ချက်များကို အပြီးသတ်ရန်ကြံရွယ်ခဲ့​ခြင်းဖြစ်သော်လည်း ဥာဏ်ရည်တုအားဖွင့်လိုက်သည်နှင့် စာများစုပြုံဝင်လာခဲ့လေသည်။


သူက ဖုယွမ်ချွမ်း၏အကောင့်ထဲသာဝင်လိုက်၏။


နောက်ဆုံးတစ်ခေါက်ကတွေ့ခဲ့သော မှတ်ချက်များအောက်တွင် စတိုးဆိုင်အကြောင်းပြောထားသည့် မှတ်ချက်အချို့ကိုတွေ့လိုက်ရသည်။


[ယှဥ်စရာမရှိတုန်းကတော့ ဘာပြသနာမှမရှိခဲ့ဘူးပေါ့...]


[မြင့်မားတဲ့နေရာမှာ အကြာကြီးနေထားရတော့ သာမန်လူတွေနဲ့ဘယ်လိုဆက်ဆံရမှန်းတောင်မသိတော့ဘူးမလား...တစ်ယောက်ယောက်ကိုကူညီချင်ရင်ကူညီလိုက်လေ...အဓိပ္ပါယ်မရှိတာတွေ လုပ်မနေနဲ့...ဟုတ်ပြီလား...)


[လက်ရှိရှာဖွေမှုစာရင်းက ငါ့ကိုစိတ်ထိခိုက်စေတယ်...မာရှယ်က အင်ပါယာရဲ့ကြီးပွားမှုအတွက် ကြိုးကြိုးစားစားလုပ်ကိုင်ပေးနေတဲ့အချိန်မှာ တစ်ချို့လူတွေကတော့ အင်ပါယာကိုဆွဲချနေကြတယ်...]


[ငါ သူတို့ဆီက ဘာမှမျှော်လင့်မနေတော့ဘူး...]


……


သူတို့ဘာတွေပြောနေကြတာလဲ...


ကျွင်းချင်ယွီ ဘာမှလိုက်မမီတော့ချေ။ 


သူက မှတ်ချက်ထဲတွင်ရေးထားသည့် လတ်တလောရှာဖွေမှုအများဆုံးကို စစ်ဆေးလိုက်သည်။ ရေပန်းစားနေသည့်ရှာဖွေမှုမှာ ရေသူမျိုးနွယ်မွေးမြူရေးစခန်း၏ ရှင်းလင်းချက်ဖြစ်ကြောင်း တွေ့လိုက်ရသည်။ 


ရေသူမျိုးနွယ်မွေးမြူရေးစခန်း : [ကျွန်တော်တို့က အမြဲတမ်းကူညီဖို့အသင့်ရှိနေတာပါ...ဒါပေမယ့် ပြုပြင်ထားတဲ့ဗီဒီယိုကြောင့် အားလုံးအထင်လွဲကြမယ်လို့ မမျှော်လင့်ထားခဲ့ဘူး...အကြံသမားတွေရဲ့လှည့်ကွက်ထဲကို ကျဆင်းမသွားကြဖို့ မျှော်လင့်ပါတယ်...]


[ကျွန်တော်တို့အနေနဲ့ အစီအစဥ်အတိုင်း ဦးစားပေးလုပ်ဆောင်သွားမှာပါ...စိတ်ဝင်စားတဲ့မည်သူမဆို အောက်ကလင့်ခ်မှာ စာရင်းပေးနိုင်ပါတယ်...ရေသူ​လေးတွေမှာ ဘာပြစ်ချက်မှမရှိသလို ဇာ့ဂ်တွေနဲ့လည်းပတ်သတ်မှုမရှိဘူးဆိုတာကို ကျွန်တော်တို့အလေးအနက်အာမခံပေးနိုင်ပါတယ်...]


ရိုးသားသောအသံနှင့် ရှင်းပြပြီးသည့်နောက် ထိုသူတို့က ကိုယ့်ကိုယ်ကိုယ်နစ်နာသူပုံစံဖမ်းလိုက်သည်။ ပြီးပြီးသားကိစ္စကိုဒီအတိုင်းရှိစေကာ ရေသူမျိုးနွယ်များကိုဆက်လက်ထောက်ပံ့နေချင်ပုံပေါ်၏။ 


ယေဘူယျကျကျပြောရလျှင် ဆိုင်မဖွင့်ခင်ကတည်းက ဤပို့စ်ကိုတင်လျှင် အကျိုးသက်ရောက်မှုရှိမှာဖြစ်သော်လည်း ယခုအခါ၌မူ... 


[ဘယ်သူက မင်းတို့အကူအညီလိုလို့လဲ...]


[ဟီးဟီး...အားလုံးရောဂါကုပြီးတဲ့အချိန်ကျမှ ဘယ်ကမှန်းမသိခုန်ထွက်လာတာလား...အရမ်းနောက်ကျနေပြီ မထင်ဘူးလား...]


[ကျွန်တော်က DC5 အခြေစိုက်စခန်းရဲ့ နေထိုင်သူတစ်ယောက်ပါ...မာရှယ့်ဘက်ကပို့စ်ကိုတွေ့တာနဲ့ ကျွန်တော်တို့တစ်မိသားစုလုံး မနက်ဘက်မှာတန်းသွားစီခဲ့တယ်...လူငယ်တွေက ကိုယ်ခံအားစနစ်ကောင်းတဲ့အတွက် ဆိုင်ကသစ်သီးနည်းနည်းစားပြီး အနားယူလိုက်ရုံနဲ့တင် ပြန်ကောင်းလာရော...ကလေးတွေကတော့ လက္ခဏာအချို့ကျန်သေးတယ်...ဒါ့ကြောင့် မနက်ဖြန်ထပ်သွားတန်းစီဖို့လုပ်ထားပါတယ်...ဒါကိုဒီမှာလာပြောရတာက တခြားအကြောင်းတော့မဟုတ်ပါဘူး...တကယ်တမ်းလူတွေကိုကယ်ချင်စိတ်ရှိရင် နှောင့်နှေးနေစရာအကြောင်းမရှိဘူးဆိုတာ သိစေချင်ရုံပါပဲ...]


[အင်ပါယာထဲကနေ ဇာ့ဂ်တွေကိုခေါ်ပြီးထွက်သွားစမ်းပါ...ပြည်ထောင်စုဖွဲ့စည်းမှုက မင်းတို့ကိုဆီးကြိုနေလိမ့်မယ်...နားလည်လား...]


……


စာပိုဒ်ရှည်ကြီးက အချည်းနှီးဖြစ်သွားသည်။ ဖြစ်နိုင်သည်မှာ ရေသူမျိုးနွယ်အခြေစိုက်စခန်း မျှော်မှန်းထားသည်ကိုပင် ကျော်လွန်သွားခဲ့ပုံရ၏။ သို့သော် သူတို့က အင်ပါယာခေါင်းဆောင်ကဲ့သို့ မှတ်ချက်များကိုဖျက်ကာ အဆင်ပြေချင်ယောင်မဆောင်ပဲ ဆူပူခြင်းများကိုသာ ငြိမ်၍ခံနေလေသည်။ 


ကျွင်းချင်ယွီ လင့်ခ်ကိုထိကာ တစ်ချက်ကြည့်လိုက်သည်။


လူတစ်ယောက်က အကောင့်ကိုစာရင်းသွင်းကာ အချက်အလက်များဖြည့်ပြီးသည်နှင့် ချိန်းဆိုမှုပြုလုပ်နိုင်မှာဖြစ်သည်။ ဖြည့်ရမည့်အချက်များက များပြားလှရာ တစ်နာရီနှင့်ပင်မပြီးနိုင်လောက်ချေ။


အချက်အလက်များဖြည့်ပြီးသည်နှင့် လူအချို့ကိုရွေးချယ်ပြီး ကုသမှုအတွက် ရေသူမျိုးနွယ်များကိုပေးပို့ရန် ချိန်းဆိုပေးမှာဖြစ်၏။ 


ကျွင်းချင်ယွီ : “……”


အရင်က အကြာကြီးနှောင့်နှေးသွားခဲ့ခြင်းကို ဒီအတိုင်းထားလို့ရသေးသည်။ ယခုမူ သတင်းထွက်လာချိန်အထိ ထိုသူတို့က ဘာမှသုံးစားမရသော ဟန်ပြလုပ်ရပ်များကို ဆက်လက်လုပ်ဆောင်နေကြခြင်းဖြစ်၏။


အကျဥ်းချုပ်ရလျှင် အချိုပွဲဆိုင်၏လျှင်မြန်သောလုပ်ရပ်က သူတို့အားပို၍သေးနုပ်သွားစေသည်။


စာပိုဒ်ရှည်ကြီးက ဆူပူသောမှတ်ချက်များနှင့်ပြည့်နှက်နေသည်မှာ အံ့သြစရာမရှိချေ။ ထိုသူတို့၏နှေးကွေးသောတုံ့ပြန်မှုကြောင့်သာ ရေသူမျိုးနွယ်များတွင် တစ်ခုခုမှားယွင်းနေသည်ဟု အားလုံးသံသယဝင်လာကြခြင်းဖြစ်သည်။ လူတွေက သေချာပေါက်တွေဝေကြမှာပင်။ 


သူတို့သာ ရေသူမျိုးနွယ်တစ်ယောက်ကိုယူလိုက်ရင် စမ်းသပ်ခံလိုမျိုးဖြစ်သွားမှာမဟုတ်လား...


ရေသူမျိုးနွယ်အခြေစိုက်စခန်းကမူ ဆက်လက်လေကျယ်နေဆဲဖြစ်သည်။


ကျွင်းချင်ယွီက ရေပန်းစားနေသည့်ရှာဖွေမှုများကိုပိတ်ကာ မနက်ကပြင်ဆင်ခဲ့သည့်အချိန်စာရင်းကို ပို့စ်တင်လိုက်သည်။ ထို့နောက် ရေချိုးရန်ပြင်ဆင်လိုက်၏။


ဖုယွမ်ချွမ်းအစည်းအဝေးပြီး၍ အိပ်ခန်းထဲဝင်လာသည့်အခါ ရေချိုးခန်းအတွင်းမှ ရေကျသံအချို့ကြားလိုက်ရသည်။ သူက ခဏတွေးလိုက်ပြီးနောက် ပုဝါတစ်ထည်ကိုယူကာ ရေချိုးခန်းထံလျှောက်သွားလိုက်သည်။


ရေချိုးခန်းတံခါးကလော့ခ်မချထားသဖြင့် ဖုယွမ်ချွမ်းက အထဲကိုအလွယ်တကူဝင်လိုက်ကာ လော့ခ်ချလိုက်လေသည်။



အချိုမုန့်ဆိုင်၏ဖွင့်ချိန်က နေ့ခင်းသို့ပြောင်းရွှေ့သွားသော်လည်း အပြင်ဘက်၌ လူများစွာတန်းစီနေကြဆဲဖြစ်သည်။


အားလုံးက အယောက်၅၀ ဝေစုထဲပါချင်၍ အသည်းအသန်တန်းစီနေကြပုံရသည်။ သို့သော် ဤမျှများပြားနေမည်ဟု ကျွင်းချင်ယွီမျှော်လင့်မထားခဲ့ချေ။ အဆုံးသတ်တွင်မူ ရှေ့ဆုံးကအယောက် ၅၀ သာလျှင်ဆက်လက်တန်းစီကျန်ခဲ့ပြီး အခြားလူများက တဖြည်းဖြည်းလူကျဲသွားလေသည်။ 


အရင်ဆုံးဆိုင်ထဲဝင်လာသူမှာ မနေ့ကတွေ့ခဲ့သောကောင်လေးဖြစ်သည်။


“ကောင်းသောနေ့လည်ခင်းပါ...ကျွန်တော်ထပ်ရောက်လာပြန်ပြီ…” ကောင်လေးက မီနူးစာရွက်ကိုအမြန်ယူကာ နှောင့်နှေးခြင်းမရှိမှာကြားလာ၏။


 “ကျွန်တော်ဒါတွေနဲ့ အသီးအရွက်ဖျော်ရည်တစ်ခွက်မှာချင်ပါတယ်...”


လူတစ်ဦးလျှင် မုန့်သုံးပန်းကန်နှင့် အသီးဖျော်ရည်တစ်ခွက်မှာယူနိုင်ကြောင်း သဘောတူပြီးသားဖြစ်သည်။ လူငယ်က မနေ့ကတည်းက ဥာဏ်ရည်တုမှတဆင့် ဆိုင်၏မီနူးကိုရှာဖွေကာ မနက်ဖြန်ဘာစားရမလဲ တစ်ခါထဲစဥ်းစားခဲ့တာဖြစ်သည်။


“ကုန်ပါ့မလား...” ကျွင်းချင်ယွီက အမှာစာရင်းကိုတစ်ချက်ကြည့်လိုက်သည်။ အသီးအရွက်ဗန်းများက ကြီးမားလှရာ ကောင်​လေးတစ်ယောက်ထဲစားမည်ဆိုပါက မကုန်မခမ်းနိုင်ဖြစ်နေမှာပင်။ 


ကောင်လေးက ပြောသည်။ “ကျွန်တော်စားနိုင်ပါတယ်...ကျွန်တော်စားနိုင်တယ်...စိတ်မပူပါနဲ့...အလဟဿမဖြစ်စေရပါဘူး...”


အကယ်၍ အသီးများစားမကုန်ပါက စားသောက်ဆိုင်ကိုနောက်တစ်ခါ လာရောက်စားခွင့်မရှိတော့ချေ။ ထို့အပြင် သစ်သီးများကစျေးမပေါလေရာ ကံကောင်း၍သာစားသောက်ခွင့်ရတာဖြစ်သည်။ 


ကျွင်းချင်ယွီက ထိုစကားကိုကြားသည်နှင့် အမှာစာကိုချက်ချင်းပြင်ဆင်ပေးလိုက်သည်။


နောက်တစ်ကြိမ်လာရောက်သူအားလုံး ပို၍မှာယူကြသည်သာဖြစ်သည်။ အရေအတွက်က ကြို၍ပြင်ဆင်ထားပြီးဖြစ်သော်လည်း လူတိုင်းသာသုံးပွဲမှာပါက မလောက်ငှနိုင်တော့မှာကိုပင် စိုးရိမ်မိသည်။ 


စတိုးဆိုင်ဖွင့်သည်နှင့် ဆိုင်တွင်းတွင်လူပြည့်သွား​လေရာ အပြင်ဘက်တွင်တန်းစီသူများက အထဲဝင်လာ၍မရတော့ချေ။ 


ကျွင်းချင်ယွီအားလပ်သွားသည့်အခါ သူအနည်းငယ်အံ့သြသွား၏။ ဒီနေ့ဘယ်သူမှ ပြသနာလာမရှာဘူးလား...


အဲ့ဒီ့လူတွေကသူ့ကို အေးအေးဆေးဆေးဆိုင်ဖွင့်ခွင့် ပေးစရာအကြောင်းမှမရှိတာ...ဟုတ်တယ်မလား...


ယခုမူ အနီးအနားတွင် သူတို့၏ဆိုင်အကြောင်း စုံစမ်းနေသူများမှလွဲ၍ မည်သူမှမရှိချေ။


ပူးပေါင်းဆောင်ရွက်မှုအကြောင်းပြောပြီးနောက် အဖွဲ့အားလုံးငြိမ်သက်သွားခြင်းမှာ ဖြစ်နိုင်သော်လည်း အင်ပါယာခေါင်းဆောင်ကမူ နှုတ်ဆိတ်နေမည်မဟုတ်ပေ။


Xxxxxxx