အပိုင်း ၈၄
Viewers 16k

Chapter 84


ပူးပေါင်းဆောင်ရွက်မှုအကြောင်းပြောပြီးနောက် အဖွဲ့အားလုံးငြိမ်သက်သွားခြင်းမှာ ဖြစ်နိုင်သော်လည်း အင်ပါယာခေါင်းဆောင်ကမူ နှုတ်ဆိတ်နေမည်မဟုတ်ပေ။


ကျွင်းချင်ယွီက ကောက်ရိုးမီးလိုပြသနာရှာချင်သော လူတစ်ယောက်နှင့်တွေ့ခဲ့သည်ဟုသာ ယူဆလိုက်သည်။


ရှောင်ယွီ၏တိတ်ဆိတ်နေမှုကိုကြည့်ကာ ဖုယွမ်ချွမ်းကမေးလိုက်၏။ “ဘာဖြစ်လို့လဲ...”


ကျွင်းချင်ယွီခေါင်းယမ်းလိုက်ကာ “အားလုံးကချောမွေ့နေတယ်မထင်ဘူးလား...ပြသနာတစ်ခုတစ်လေတောင်ပေါ်မလာဘူးလေ...”


အရာအားလုံးက ပုံမှန်အတိုင်းလည်ပတ်နေသော်ငြား ဤကဲ့သို့အခြေအနေမျိုးတွင် ၎င်းကမူမမှန်ချေ။


ဖုယွမ်ချွမ်းက အသံလုံစနစ်ကိုဖွင့်ကာ အခန်းကိုလည်းကာဆီးလိုက်၏။ သူကကျွင်းချင်ယွီအတွက် ဖျော်ရည်ဖျော်ပေးနေရင်း ဘာမှမထူးခြားဟန်ပြောလိုက်သည်။ 


“ပျင်းနေရင် ရှီခိုင်ရှင်းကို သူတို့ထဲကတစ်ချို့အထဲဝင်လို့ရအောင် လုပ်ခိုင်းလိုက်ရမလား...”


ကျွင်းချင်ယွီ : “……”


“တစ်ချို့လူတွေကို ဝင်ခွင်ပြုမထားဘူးလေ...” ဖုယွမ်ချွမ်းက ရေသူလေးအနှောင့်အယှက်ဖြစ်မှာစိုးသဖြင့် ဝယ်သူတိုင်းကို စစ်ဆေးပြီးမှဝင်ခိုင်းတာဖြစ်သည်။ 


ပြသနာရှာမည့်လူများ၊ ပြသနာရှာမည်ဟုထင်ရသောလူများအားလုံး အစစ်ဆေးခံရ​လေသည်။ စစ်ဆေးမှုကိုမကျော်ဖြတ်ပဲ ဆိုင်တွင်းဝင်ခွင့်မရှိချေ။


ကျွင်းချင်ယွီက တစ်စုံတစ်ဦးပြသနာရှာမှာဖြစ်သောကြောင့် မုန်တိုင်းမလာခင် လေပြေလာနေသည်ဟု ထင်ထားတာဖြစ်သည်။ “ထားလိုက်တော့...မဝင်ခိုင်းနဲ့...”


သူ့အနေဖြင့် ထိုသို့စိတ်ပျက်စရာဝယ်သူများနှင့် စကားမပြောလိုချေ။


ဖုယွမ်ချွမ်းက ထိုကိစ္စကိုအာရုံမရောက်ချေ။ သူက ဖျော်ရည်ကို ကျွင်းချင်ယွီထံကမ်းပေးလိုက်၏။ “ဆိုင်ကိုခဏကြာရင်ပိတ်ပြီး အပြင်သွားရအောင်...”


“ဒီနားပဲလား...” ကျွင်းချင်ယွီက အံ့သြဟန်ဖြင့်မေးလိုက်သည်။ သူသိသလောက် ဒီနားတစ်ဝိုက်တွင် လည်ပတ်စရာဘာမှမရှိချေ။ 


“အင်း...” ဖုယွမ်ချွမ်းကပြောသည်။ “ဒီနားမှာ ရုက္ခဗေဒဥယျာဥ်ဖွင့်ပွဲရှိတယ်...”


“အဲ့ဒါက ပိတ်သိမ်းခါနီးဖြစ်နေတာမဟုတ်ဖူးလား...” ကျွင်းချင်ယွီမနေ့က ဆိုင်လာဖွင့်သည့်အခါ နိုင်ငံခြားသားအများစုလည်ပတ်​လေ့ရှိသည့် အဆိုပါဥယျာဥ်ဂိတ်ဝကို ပိတ်သိမ်းထားကြောင်းတွေ့ခဲ့သည်။ 


ဖုယွမ်ချွမ်းက ပြန်ဖြေ၏။ 


“ကြည့်ရတာ ဒီကလူအုပ်ကိုမြင်ပြီး ပိတ်သိမ်းဖို့အစီအစဥ်ဖျက်လိုက်ပုံရတယ်...အိုးနဲ့အပင်အချို့ကိုတောင် ဒီမနက်စရွှေ့နေပြီ...”


အဆိုပါဥယျာဥ်က ရင်းနှီးမြှုပ်နှံမှုအများအပြားလိုအပ်လေသည်။ မည်သည့်ဝင်ငွေမှမရတာကြာသည့်အတွက် အချိန်အတော်ကြာစွန့်ပစ်ထားခြင်းဖြစ်၏။ ယခုမူ ဤနားတစ်ဝိုက်၌ စတင်၍စည်ကားလာပြီဖြစ်ရာ ဥယျာဥ်၏ရင်းနှီးမြှုပ်နှံသူက အခွင့်အရေးကိုအမိအရအသုံးချချင်ပုံပေါ်သည်။


ကျွင်းချင်ယွီက ခဏတွေးလိုက်သည်။ သူ့တွင်လည်း ဘာမှလုပ်စရာမရှိသဖြင့် “ဒါဆိုခဏနေသွားကြည့်ရအောင်...”


“ကောင်းပြီလေ...”



နောက်ဆုံးစားပွဲရှိဝယ်သူများ ထွက်သွားသည့်အခါ ကျွင်းချင်ယွီသက်ပြင်းချလိုက်သည်။ ဒီနေ့က မနေ့ကထက်အလုပ်ပိုလုပ်ရလေသည်။ သူတို့ဆိုင်ပြင်သို့ရောက်သည့်အခါ နေဝန်းနီနီက မိုးကုတ်စက်ဝိုင်းထံငုပ်လျှိုးစပြုနေပြီဖြစ်သည်။


လိမ္မော်နီရောင်အလင်းများက ကောင်းကင်တစ်ဝက်လောက်ဖုံးအုပ်ထားသည်။


၎င်းမှာ သူအရင်မြင်ဖူးနေကျ မြင်ကွင်းနှင့်မတူပဲ မီးပြတိုက်နှင့်ပို၍ဆင်တူနေ၏။ 


ပတ်ဝန်းကျင်ရှိလူများက တဖြည်းဖြည်းကျဲပါးလာသည်။


လူအချို့ရ ကျွင်းချင်ယွီဆိုင်ပြင်ထွက်လာသည်ကို မြင်သောအခါ အနားသို့ချဥ်းကပ်လိုကြ၏။ သို့သော် ဖုယွမ်ချွမ်းအားတွေ့သည့်နောက် သူတို့အကြံများကို လက်လျှော့လိုက်ပြီး ကိုယ့်လမ်းကိုယ်သာသွားကြ​လေသည်။


.


တဖြည်းဖြည်းမှောင်လာသည့် ကောင်းကင်ကိုကြည့်ကာ ဖုယွမ်ချွမ်းကရှောင်ယွီ၏လက်ဖဝါးလေးကို ဆုပ်ကိုင်လိုက်သည်။ “နှစ်သစ်ကိုတောင်ရောက်တော့မယ်...”


ကြယ်စု၏ပြက္ခဒိန်နှစ်အရ ဒီဇင်ဘာတစ်ဝိုက်တွင် နှစ်သစ်ကူးမှာဖြစ်သည်။ ဖုယွမ်ချွမ်း အရင်နှစ်များတွင် စစ်မြေပြင်၌သာ နှစ်သစ်ကူးခဲ့ရ၏။ 


ထိခိုက်ဒဏ်ရာရပြီးနောက်တွင်မူ သေခြင်းရှင်ခြင်းလွန်ဆွဲနေလေရာ နှစ်သစ်ကူးကိုကျင်းပလိုစိတ်မရှိခဲ့ချေ။ 


ယခုမူ ထိုအားလပ်ရက်အား မျှော်လင့်နေပြီဖြစ်သည်။


ကျွင်းချင်ယွီက နှစ်သစ်ကူးကို အနည်းငယ်သာစိတ်ဝင်စားသည်။ သို့သော် ဖုယွမ်ချွမ်း၏စိတ်အားထက်သန်မှုကို သတိပြုမိသွားကာ “နှစ်သစ်ကူးကိုမျှော်နေတာလား...”


“မဟုတ်ပါဘူး...” နှစ်သစ်ကူးနှင့်ပတ်သတ်သော အမှတ်တရများမှာ အမြဲတမ်းထိုင်းမှိုင်းနေတတ်ပြီး ပျော်စရာဘာမှမရှိချေ။


ဖုယွမ်ချွမ်းက ညင်သာစွာပြောသည်။ “ကိုယ်က မင်းနဲ့အတူတူရှိဖို့မျှော်လင့်နေတာ...”


နှစ်သစ်ကိုအတူတူဖြတ်သန်းရအောင်...


ကျွင်းချင်ယွီ ဖုယွမ်ချွမ်း၏လက်ကို ခပ်တင်းတင်းပြန်လည်ဆုပ်ကိုင်လိုက်သည်။ 


“အတူတူဖြတ်သန်းကြတာပေါ့...”


စာအုပ်ထဲသို့ကူးပြောင်းမလာစဥ်က နွေဦးရာသီပွဲတော်နှင့်ပတ်သတ်၍ မိသားစုပြန်လည်ဆုံစည်းခြင်းအဖြစ်သာ ကျွင်းချင်ယွီ သိရှိထားခဲ့သည်။


သူ့တွင် မိသားစုမရှိသဖြင့် နှစ်သစ်ကူးနေ့ရက်အား စိတ်ဝင်စားခြင်းမရှိခဲ့ချေ။ လမ်းဘေးဆိုင်များ၏ အလှဆင်မှုကိုကြည့်၍သာ အားလပ်ရက်များအား အမျိုးအစားခွဲခြားခဲ့တာဖြစ်သည်။


ယခုမူ ၎င်းကကွဲပြားသွားပြီဖြစ်၏။ ကျွင်းချင်ယွီ ခဏတွေးရင်း မေးမြန်းလိုက်သည်။


 “ကျွန်တော်တို့ တစ်ခုခုပြင်ဆင်သင့်တယ်ထင်တယ်...”


လူအများစုက နှစ်သစ်ကူးကိုကြိုဆိုရန်အတွက် အမြောက်အများပြင်ဆင်လေ့ရှိသည်။


ဖုယွမ်ချွမ်းကပြောသည်။ 


“စိတ်မပူပါနဲ့...ကိုယ်အားလုံးပြင်ဆင်လိုက်မယ်...”


“ကောင်းပြီလေ...”



ဖုယွမ်ချွမ်း အားလုံးပြင်ဆင်မည်ဖြစ်ကြောင်းပြောစဥ်က နှစ်သစ်ကူးမတိုင်ခင် ရက်အနည်းငယ်အကြာတွင် စတင်ပြင်ဆင်လိမ့်မည်ဟု ကျွင်းချင်ယွီထင်ခဲ့တာဖြစ်သည်။ သို့သော် နှစ်သစ်ကူးရန် လဝက်အလိုကတည်းက ပစ္စည်းအသစ်စက်စက်များအားလုံး အိမ်သို့တဖွဲဖွဲရောက်ရှိလာလေသည်။


အချို့ပစ္စည်းများကို စာပို့သမားကလာပို့ပေးခဲ့ပြီး အချို့ကို ရှီခိုင်ရှင်းကပို့ဆောင်ပေးခဲ့သည်။ နောက်တစ်ရက်မနက်စောစော သူနိုးလာချိန်၌ ပြုပြင်ရေးအသင်းရောက်နေသည်ကိုပါ တွေ့လိုက်ရလေသည်။


ကျွင်းချင်ယွီက နားထဲတွင်အပြည့်ကြားနေရသော စက်သံများကိုနားထောင်ရင်း ပေါင်မုန့်ကိုတစ်ကိုက်ကိုက်လိုက်သည်။


ဖုယွမ်ချွမ်းက နွားနို့ပူပူတစ်ခွက်ကို သူ့ထံကမ်းပေးရင်းချော့မြူ၏။ “မကြာခင်ပြီးသွားမှာပါ...”


“ခင်များ ဒီလိုပြင်တဲ့နှုန်းနဲ့ဆို တစ်အိမ်လုံးအစကပြန်ဆောက်ဖို့ စဥ်းစားနေတာတော့မဟုတ်ပါဘူးနော်...” ကျွင်းချင်ယွီက အသစ်ပြင်ဆင်ထားသည့် အိမ်၏အချို့နေရာများကို မြင်ယောင်လိုက်မိသည်။


တစ်အိမ်လုံးပြင်ဆင်ခြင်းနှင့်ပတ်သတ်၍ မှားယွင်းသည့်အရာမရှိဟု ဖုယွမ်ချွမ်းခံစားမိလေသည်။ “သူ တို့ပြောတာတော့...နှစ်သစ်ဆိုတာ အားလုံးရဲ့အစပဲတဲ့...အိမ်မှာရှိတဲ့ပစ္စည်းတိုင်းက ဒီအိမ်ဝယ်ကတည်းက ပါလာတာ​တွေချည်းပဲလေ...မင်းမကြိုက်တာရှိရင်ပြောဦး...တစ်ခါတည်းပြင်ဆင်ကြရအောင်...”


ကျွင်းချင်ယွီခေါင်းယမ်းလိုက်သည်။ “အိမ်တွင်းအလှဆင်တာနဲ့ပတ်သတ်ပြီး ကျွန်တော်သိပ်မသိဘူး...ခင်ဗျားသဘောအတိုင်းလုပ်ပါ...”


အလှဆင်မှုက ကြည့်ရဆိုးနေလျှင်ပင် သူ့အတွက်ပြသနာမရှိချေ။


“ကောင်းပြီလေ...အားလုံးပြင်ဆင်ပြီးသွားရင် တစ်ချက်ကြည့်ကြည့်ပေါ့...မကြိုက်တာရှိရင် ကိုယ်ပြန်ပြင်ပေးမယ်...”ဒီဇိုင်းမူကြမ်းကို ရှောင်ယွီအားအရင်ပြသခဲ့ခြင်းဖြစ်သော်လည်း အပြင်မှာမြင်တွေ့သည့်အခါမှ ကြိုက်မကြိုက်သေချာသိနိုင်မှာဖြစ်သည်။


ဘိ...ဘိ...


ထိုစဥ် ဥာဏ်ရည်တုက တုန်ခါသွား၏။


ဖုယွမ်ချွမ်းက ခွက်ကိုချရင်း ဥာဏ်ရည်တုကိုဖွင့်ကာစစ်ဆေးလိုက်သည်။


ရှီခိုင်ရှင်း : [မာရှယ်...ကျွန်တော့်မှာတင်ပြစရာရှိပါတယ်...]


ရှီခိုင်ရှင်း : [ဟိုလူ့ရဲ့လက်ထောက်က ကျွန်တော့်ဆီရောက်လာတယ်...သူပြောတာတော့ မာရှယ့်ကိုဗီဒီယိုအစည်းအဝေးတက်ဖို့ ဖိတ်ကြားချင်တယ်တဲ့...သူ့မှာအရေးကြီးဆွေးနွေးစရာရှိတယ်လို့ ပြောတယ်...ကျွန်တော်က အကြောင်းရင်းကိုမေးပေမယ့် သူကစာပိုဒ်အချို့ပဲပြန်ပို့ပေးခဲ့တယ်လေ...မာရှယ်ဒါကိုတွေ့ရင် နားလည်လိမ့်မယ်တဲ့...]


ဖုယွမ်ချွမ်းက ထိုလူကိုရော ထိုလူ၏ဘက်တော်သားများကိုပါ ဘလော့ထား​ခြင်းဖြစ်သဖြင့် ရှီခိုင်ရှင်းထံလာရောက်ဆက်သွယ်ခြင်းဖြစ်ပုံရသည်။


ရှီခိုင်ရှင်း : [ဒါကသူပို့တဲ့စာပါ...] 


ဖုယွမ်ချွမ်းစကားမဆက်တော့သည်ကိုကြည့်ရင်း တစ်စုံတစ်ခုမှားယွင်းနေကြောင်း ကျွင်းချင်ယွီသတိပြုမိသွားသည်။


“ဘာဖြစ်လို့လဲ...”


စာပိုဒ်ငယ်ကိုကြည့်ရင်း ဖုယွမ်ချွမ်းမျက်နှာအမူအယာက အနည်းငယ်ပင်ပြောင်းလဲမသွားခဲ့ချေ။ သူက ခေါင်းခါလိုက်ရင်း “ဘာရယ်မဟုတ်ပါဘူး...ကိုယ် အင်ပါယာခေါင်းဆောင်နဲ့ အစည်းအဝေးလုပ်ဖို့ရှိတယ်...ဒီရက်ပိုင်းဆိုင်ကိုမသွားနဲ့ဦး...”


“ကောင်းပြီလေ...” ကျွင်းချင်ယွီ အကြောင်းရင်းမမေးတော့ပဲ သဘောတူလိုက်၏။


အချိုပွဲဆိုင်က ယနေ့ပိတ်ရမှာဖြစ်သည်။ ၎င်းကို လဝက်လောက် ဆက်တိုက်ဖွင့်ပြီးပြီဖြစ်သည့်အတွက် နားရက်အနည်းငယ်ယူဖို့ သူကြံစည်နေခြင်းပင်။


ကျွင်းချင်ယွီက ဆိုင်ပိတ်မည့်အကြောင်းကိုပို့စ်တင်ရင်း သူ၏အွန်လိုင်းစတိုးကိုပါ ထည့်သွင်းကြေငြာလိုက်၏။


အွန်လိုင်းစတိုး၏အသီးဖျော်ရည်က ကြယ်စု၏အသီးများနှင့် အချိုးကျရောစပ်ထား​ခြင်းဖြစ်ရာ တစ်စုံတစ်ခုထူးဆန်း​နေသည်ကို ရှာတွေ့မှာစိုးရိမ်ဖို့မလိုအပ်​ချေ။


စတိုး၏လင့်ခ်ကိုချပေးပြီးနောက် ကျွင်းချင်ယွီက ညွှန်းစာပါထည့်ပေးခဲ့သည်။ အွန်လိုင်းစတိုး၏အသီးဖျော်ရည်က အချိုမုန့်ဆိုင်မှအသီးများနှင့် မည်မျှကွာဟနေစေကာမူ ကြယ်စု၏အသီးအနှံများကို သောက်သုံးခြင်းထက်တော့ ပို၍သာလွန်မှာဖြစ်သည်။


[ကျွန်တော် ဆိုင်ကိုနေ့တိုင်းလာနေတာ လဝက်လောက်ရှိပြီ...ခုတော့ စက္ကန့်တွေရေတွက်ရင်း နှစ်ရက်တောင်စောင့်ရတော့မယ်...နေပါဦး...နှစ်ရက်ထက်ပိုကြာမှာလား...]


[စတိုးပိုင်ရှင်...အလုပ်များနေတာလား...ခုရက်ပိုင်းပင်ပန်းခဲ့မှာဆိုတော့ ကောင်းကောင်းအနားယူပါနော်...]


ကျွင်းချင်ယွီက ခဏတွေးလိုက်ပြီးနောက် ထိုမှတ်ချက်အား စာပြန်လိုက်သည်။


[မာရှယ်ဒီရက်ပိုင်း နည်းနည်းအလုပ်ရှုပ်နေတော့ ကျွန်တော်တစ်ယောက်ထဲဆိုင်ဖွင့်ဖို့ မနိုင်တာကြောင့်ပါ...သူအလုပ်ပြီးသွားမှ ပြန်ဖွင့်မှာပါ...]


သူက နောက်ပိုင်းအပြင်ထွက်ဖို့လည်းရှိသေးတာကြောင့် သူဖျားနေသည်ဟူသော ကောလဟာလထွက်သွားမှာစိုးရိမ်မိသည်။


မှတ်ချက်များ : [...]


[ဟမ်...မာရှယ်လား...ဒီစကားလုံးက တစ်ခုခုထူးဆန်းနေသလိုပဲ...ငါတစ်ခုခုလွတ်သွားတာလား...]


[နေစမ်းပါဦး...အချိုပွဲဆိုင်က မာရှယ်နဲ့သူ့ချစ်သူ​​​​ကောင်လေးဖွင့်ထားတာလေ...မင်းတို့မသိကြဘူးလား...]


[တကယ်ကြီးလား...မာရှယ်ကစင်ဂယ်မဟုတ်ဖူးလား...ဘယ်တုန်းကချစ်သူရသွားတာလဲ...]


[A2A.1 ရဲ့ကျေးဇူးနဲ့ ငါအဲ့ဒီ့မှာရှိခဲ့တယ်လေ...မာရှယ်ကိုယ်တိုင် ဒါသူ့ရဲ့ချစ်သူကောင်လေးပါလို့ ပြောခဲ့တာကို သေချာကြားခဲ့တယ်...အဲဒီ့ ရွှေရောင်ဖျော့ဖျော့ဆံပင်ရှည်နဲ့ဝန်ထမ်းက သူ့ကောင်လေးပဲ...]


[ဝိုး...ဒါ့ကြောင့်ငါအဲ့ဝန်ထမ်းရဲ့ဖုန်းနံပါတ်တောင်းတော့ မာရှယ်ငြင်းလိုက်တာကိုး...တစ်ချက်လောက်...ငါခုမာရှယ်တိတ်တိတ်​လေးလုပ်ကြံမယ့်လူစာရင်းထဲပါနေပြီလား...ငါသူတို့ရဲ့ CP fan ပါလို့ပြောဖို့နောက်မကျသေးပါဘူးနော်...]


[ခဏလေး...ဒါကမာရှယ်ရဲ့အကောင့်မဟုတ်လား...စကားပြောပုံက ဆိုင်ရှင်ရဲ့လေယူလေသိမ်းနော်...]


[ငါတော့သေလို့ရပြီ...ငါတော့သေလို့ရပြီဟေ့...]


……


ကျွင်းချင်ယွီ၏လက်ချောင်းထိပ်ကလေးများ ရပ်တန့်သွားသည်။ သူက ဖုယွမ်ချွမ်း၏စကားပြောဟန်ကို အတုခိုးဖို့မေ့လျော့သွားခဲ့​ခြင်းပင်။


မှတ်ချက်ကိုပြန်ဖျက်လျှင်လည်း ရုပ်ပျက်လေသည်။ ကျွင်းချင်ယွီခေါင်းမော့ကာ ဖုယွမ်ချွမ်းကို အပြစ်ကင်းသည့်ပုံလေးဖြင့်ကြည့်လိုက်၏။


“ဘာဖြစ်လို့လဲ...”


ရှောင်ယွီက သူ့ထံသို့ဥာဏ်ရည်တုကို ကမ်းပေးလာ၏။


ဖုယွမ်ချွမ်း အကြမ်းဖျဥ်းဖတ်လိုက်သည်။ “မင်းရှင်းပြတာကောင်းပါတယ်...ဘာဖြစ်လို့လဲ...”


ကျွင်းချင်ယွီ ကြောင်အသွားသည်။ “အခြားတစ်​ယောက် ခင်ဗျားအကောင့်ကိုသုံးနေမှန်း အားလုံးသိသွားတာ သိပ်မကောင်းဘူးမဟုတ်လား...”


“ဘာမှားလို့လဲ...”


ဖုယွမ်ချွမ်းက ရေသူလေး၏လက်တွင်းသို့ ဥာဏ်ရည်တုကိုပြန်ထည့်ပေးလိုက်သည်။


“ကိုယ့်ချစ်သူက ကိုယ့်အကောင့်ကိုယူသုံးတာ ဘယ်သူကဘာပြောရဲမှာတဲ့လဲ...”


ကျွင်းချင်ယွီ ဖုယွမ်ချွမ်း၏စကားများတွင် ဖမ်းစားခံလိုက်ရသည်။


ဖုယွမ်ချွမ်းကပြောသည်။ “နွားနို့ကခဏကြာရင်အေးတော့မှာ...မြန်မြန်သောက်လိုက်နော်...”


နွားနို့ပူပူက ရှောင်ယွီ့အတွက်အသင့်တော်ဆုံးဖြစ်သည်။ အေးသွားပါက နို့အရသာပြင်းသွားသဖြင့် သောက်၍သိပ်မကောင်းတော့ချေ။


“အင်း...” ကျွင်းချင်ယွီ တစ်ငုံစုပ်သောက်လိုက်၏။ သူက စိတ်ပျက်ဖို့ကောင်းသော အာဟာရဖျော်ရည်ထက် နွားနို့ပူပူကိုပို၍သဘောကျလေသည်။


မနက်စာစားပြီးနောက် ဖုယွမ်ချွမ်း ရေသူလေးကိုနမ်းလိုက်သည်။


“ကိုယ့်မှာ အစည်းအဝေးရှိသေးတယ်...နည်းနည်းကြာမယ်လို့ထင်တာပဲ...ပျင်းနေရင် အောက်ထပ်ကရေကန်မှာသွားဆော့နေနော်...”


ကျွင်းချင်ယွီ မေးလိုက်၏။ “အရင်တစ်ခါ မာရှယ်တွေနဲ့အစည်းအဝေးထက်ပိုကြာမှာလား...”


“အင်း...ပိုကြာလိမ့်မယ်...”


ကျွင်းချင်ယွီ ခေါင်းညိတ်လိုက်၏။ ပုံမှန်အားဖြင့် အစည်းအဝေးကြာချိန်ကိုကြည့်ရင်း ကိစ္စအရေးကြီးမကြီးကို သူပြောနိုင်၏။


“အလုပ်ကြိုးစားလိုက်ပါဦး...”


လှေကားပေါ်မတက်ခင် ဖုယွမ်ချွမ်းက စတော်ဘယ်ရီရေခဲမုန့်ကိုဇွန်းတပ်ကာ စားပွဲပေါ်တင်ပေးခဲ့၏။ ထို့နောက် ရေသူလေး၏ဆံပင်ကို ပွတ်သပ်ကာ ထွက်ခွာသွားလေသည်။


ကျွင်းချင်ယွီက ရေခဲမုန့်ကိုတစ်ချက်ကြည့်လိုက်သည်။ သူက စားဖို့အလျင်မလိုပဲ ဝမ်ချန်းယောင်ကိုသာ အခြေအနေမေးဖို့ပြင်လိုက်၏။


Xxxxxxx