Chapter 85
ယောင်ယောင်ပြောခဲ့သော အင်ပါယာခေါင်းဆောင်၏ဓာတ်ခွဲခန်းအကြောင်း အခုထိဘာမှမကြားရသေးချေ။
အရင်ကသူတို့၏လုပ်ငန်းစဥ်နှင့်နှိုင်းယှဥ်လျှင် ဒီတစ်ခါအတော်လေးနှေးသည်ဟု ဆိုနိုင်သည်။
ကျွင်းချင်ယွီ: [ဓာတ်ခွဲခန်းဗီဒီယိုအကြောင်း အထွေအထူးဘာရှိလဲ...]
ဝမ်ချန်းယောင် : [?]
ဝမ်ချန်းယောင် : [ငါအဲ့ဒါကို ဖုယွမ်ချွမ်းဆီပို့ပြီးပြီလေ...သူက ဗီဒီယိုအကြောင်းထုတ်ပြန်မယ့်ကိစ္စကို သူ့ဟာသူဆက်ကိုင်တွယ်လိုက်မယ်လို့ပြောတယ်...]
ကျွင်းချင်ယွီ မျက်ခုံးပင့်လိုက်၏။
သူ့ဟာသူဆက်ကိုင်တွယ်မှာလား...
ဖုယွမ်ချွမ်းဘာဆက်လုပ်မည်မှန်း သူ မသိသော်လည်း တစ်ဖက်လူအား ယုံကြည်ရန်သာရွေးချယ်လိုက်၏။
ကျွင်းချင်ယွီက နားလည်ကြောင်းပြန်ပြောကာ ဥာဏ်ရည်တုကိုပိတ်လိုက်လေသည်။
အပြင်ဘက်တွင် နှစ်သစ်ကူးအတွက် ပြင်ဆင်နေကြဆဲဖြစ်သည်။ အစက ကျွင်းချင်ယွီ အပေါ်ထပ်တက်ရန်စိတ်ကူးလိုက်သော်လည်း ဧည့်ခန်းထဲတွင်သာ တီဗီကြည့်နေလိုက်သည်။
—
ဖုယွမ်ချွမ်းက အစည်းအဝေးမှာကြာမြင့်မည်ဖြစ်ကြောင်းပြောသွားသဖြင့် အောက်ထပ်သို့ တော်တော်နှင့်ဆင်းလာမှာမဟုတ်ချေ။
ကျွင်းချင်ယွီ အချိန်ကုန်မြန်စေရန် အသီးဖျော်ရည်သေတ္တာအချို့လုပ်နေလိုက်သည်။ ဝိဉာဥ်စွမ်းအင်ပါသော အသီးဖျော်ရည်များက ပုံမှန်အသီးဖျော်ရည်ထက် တာရှည်အထားခံသည်။ မည်သည့်တာရှည်ခံဆေးမှမသုံးလျှင်ပင် တစ်ပါတ်အကြာအထိ လတ်ဆတ်နေဦးမှာဖြစ်သည်။
အစည်းအဝေးပြီးသည်နှင့် ဖုယွမ်ချွမ်း ရေသူလေးထံပြန်ရောက်လာ၏။ ရှောင်ယွီက ကုလားထိုင်ကိုစားပွဲနားရွှေ့ကာ လက်တစ်ဖက်ကမေးထောက်လျှက် ကျန်လက်တစ်ဖက်ဖြင့် အသီးနှင့်အရွက်များကို ဖျော်စက်ထဲသို့တစ်ခုချင်းထည့်နေလေသည်။
“အလုပ်ရှုပ်နေတာလား...”
“ပျင်းလို့လျှောက်လုပ်နေတာ...”
ဖုယွမ်ချွမ်းကိုတွေ့သည့်အခါ ကျွင်းချင်ယွီက ကျန်ရှိသောအသီးအားလုံးကို ဖျော်စက်ထဲထည့်လိုက်၏။
“သူဘာတွေပြောနေလို့လဲ...ဒီတစ်ခါတော်တော်ကြာတာပဲ...”
ဖုယွမ်ချွမ်း တစ်ရှူးကိုယူကာ ရေသူလေး၏လက်များကို သုတ်ပေးလိုက်၏။
“အထွေအထူးမဟုတ်ပါဘူး...ကိုယ့်ဆီကအကူအညီတောင်းတာ...”
ကျွင်းချင်ယွီ မျက်ခုံးများမြင့်တက်သွားသည်။
“လက်ရှိကိစ္စက ခင်ဗျားနဲ့ပတ်သတ်နေမှန်း သူသိတယ်မဟုတ်လား...ဘာလို့ခင်ဗျားကို အကူအညီတောင်းရတာလဲ...”
မည်သို့ပင်ဖုံးကွယ်ထားစေကာမူ အချိုပွဲဆိုင်၏ပေါ်ထွက်လာမှုက ၎င်းကိုသတိပြုမိစေမှာဖြစ်သည်။
သက်သေမရှိစေကာမူ သံသယဝင်ရန်တော့လုံလောက်ပေသည်။
ဒါပေမယ့် ဖုယွမ်ချွမ်းဆီကအကူအညီတောင်းတာတော့ မဟုတ်သေးဘူးလေ...ဒါမှမဟုတ် အင်ပါယာခေါင်းဆောင်က ဖုယွမ်ချွမ်းကိုထိန်းချုပ်ထားနိုင်တုန်းလို့ ထင်နေတဲ့အတွက် တွန်းအားပေးချင်တာလား...
ခဏအကြာ၌ ဖုယွမ်ချွမ်းကပြောသည်။
“ဖြစ်နိုင်တာ သတင်းအစအနအချို့ရသွားပုံပဲ...အဆုံးသတ်ကျတော့ မာရှယ်အကုန်လုံးကအမြင်မတူကြဘူးမဟုတ်လား...သူကအသီးအနှံတွေကို ဖြည့်ဖို့သုံးချင်တာဖြစ်မှာပေါ့...”
သူပြောသမျှအားလုံးမှာ မှန်းဆချက်သာဖြစ်ပြီး လက်ဆုပ်လက်ကိုင်ပြနိုင်သောအရာမရှိချေ။
ဖုယွမ်ချွမ်းကပြောသည်။
“ကိုယ် ရှီခိုင်ရှင်းကိုတော့ ခိုင်လုံတဲ့အချက်အလက်တွေ စစ်ဆေးခိုင်းထားတယ်...အဲ့ဒါမတိုင်ခင်ထိ ကိုယ်တို့သူ့ကိုလျစ်လျူရှုထားရအောင်...”
အခြားလူ၏တောင်းဆိုမှုကို လက်ခံခြင်း၊ပယ်ချခြင်းမလုပ်ပဲ အချိန်ရသလောက်ဆွဲထားခြင်းဖြစ်သည်။ အကောင်းဆုံးဖြေရှင်းနည်းမှာ တိကျသောအချက်အလက်ကိုစောင့်ဆိုင်းနေရုံသာဖြစ်၏။
ဖုယွမ်ချွမ်းက ရှောင်ယွီ နောက်ဆုံးအသီးအရွက်ဖျော်ရည်ပြုလုပ်နေသည်အား ကူညီပေးလိုက်သည်။
ထိုစဥ် သူထားခဲ့သောရေခဲမုန့်ကို သတိရသွားသည်။ ရေသူလေးစားလိုက်သည့်အတွက် ဘူးအခွံသာကျန်တော့ခြင်းဖြစ်မည်ဟု တွေးလိုက်ကာ အမှိုက်ပစ်ရန်ပြင်လိုက်၏။
သို့သော် ဖုယွမ်ချွမ်း ထိုဘူးအားကောက်ကိုင်လိုက်သည့်အခါ ရေခဲမုန့်၏အလေးချိန်ကို သတိပြုမိသွားသည်။ ရေခဲမုန့်က အရည်ပင်ပျော်နေပြီဖြစ်သည်။ သူ့လက်ချောင်းထိပ်များမှတဆင့် အေးစက်စက်အထိအတွေ့ကို ခံစားနေရ၏။
ထိုအချင်းအရာကိုတွေ့သောအခါ ကျွင်းချင်ယွီ အံအားသင့်သွားသည်။ သူစားဖို့မေ့သွားကြောင်း သတိရသွား၏။ သူက ဖုယွမ်ချွမ်း အစည်းအဝေးပြီးမည့်အချိန်ကိုသာ စဥ်းစားနေခဲ့ခြင်းဖြစ်သည်။ သစ်သီးဖျော်ရည်ဘက် အာရုံရောက်သွားချိန်၌မူ ရေခဲမုန့်အားလုံးဝမေ့သွားခဲ့ခြင်းပင်။
ဖုယွမ်ချွမ်းက စတော်ဘယ်ရီရေခဲမုန့်ကို ရေခဲသေတ္တာထဲပြန်ထည့်လိုက်ပြီး မက်မွန်သီးရေခဲမုန့်ကိုထုတ်ကာ အဖုံးဖွင့်လိုက်၏။ ထို့နောက် တစ်ဇွန်းခပ်ယူ၍ ရေသူလေးကိုကျွေးလိုက်၏။
“ကိုယ် အွန်လိုင်းကနေ သီးသန့်ဝတ်စုံအချို့မှာလိုက်ဦးမယ်....”
“အနောက်တိုင်းဝတ်စုံလား...” ကျွင်းချင်ယွီ ရေခဲမုန့်စားရင်းမေးလိုက်၏။ “ကျွန်တော့်အတွက်လား...”
“အင်း...”
“မဝယ်ပါနဲ့...ကျွန်တော့်မှာ လည်ပတ်ဖို့နေရာသိပ်မရှိဘူးလေ...”
ယေဘူယျအားဖြင့် အရေးကြီးသောတွေ့ဆုံမှုများကို ကျွင်းချင်ယွီ သွားလေ့သွားထမရှိချေ။ အနောက်တိုင်းဝတ်စုံဝတ်ရန်လိုအပ်သောနေရာများ ရှိလာလျှင်ပင် သူ့မှာရှိသောဝတ်စုံကို ဝတ်သွားလို့ရလေရာ အသစ်ဝယ်ရန်မလိုအပ်ချေ။
ဖုယွမ်ချွမ်းက ရေခဲမုန့်နောက်တစ်ဇွန်းထပ်ခွံရင်း “ကိုယ့်မှာ ဖိတ်ကြားစာတစ်စောင်ရထားတယ်...အဲ့ဒီ့ပွဲကိုတက်ဖို့ဆို အိမ်မှာရှိတာတွေပဲဝတ်ဖို့အဆင်မပြေလောက်ဖူး...အသစ်ထပ်မှာရအောင်...”
ကျွင်းချင်ယွီ မျက်တောင်ခတ်လိုက်သည်။ “ဘာအတွက်ဖိတ်တာလဲ...”
ကြည့်ရတာ အရမ်းကြီးကျယ်နေသလိုပဲ...
“ မွေးနေ့ပွဲလေ...” ဖုယွမ်ချွမ်း ဆက်ပြောသည်။ “အင်ပါယာခေါင်းဆောင်ရဲ့ အသက် ၉၀ပြည့်မွေးနေ့....”
ကျွင်းချင်ယွီ မျက်ခုံးပင့်လိုက်သည်။ ဤကဲ့သို့အခြေအနေမျိုးတွင် မွေးနေ့ဖိတ်ကြားခြင်းမှာ ထောင်ချောက်တစ်ခုဖြစ်မှန်း သံသယဖြစ်ရန်ပင်မလိုချေ။
ဖုယွမ်ချွမ်းအရင်က မွေးနေ့ပွဲများကိုတက်လေ့မရှိသော်လည်း ယခုမူ အကြံအချို့ရလာ၏။
ဒီလိုဆိုရင်...
ကျွင်းချင်ယွီက ရေခဲမုန့်၏နောက်ဆုံးဇွန်းကိုစားရင်း
“အင်္ကျီသွားရွေးရအောင်...”
“ကောင်းပြီလေ...”
—
မွေးနေ့ပွဲနေ့၌...
ဖုယွမ်ချွမ်းက ရှောင်ယွီကော်လံထောင့်ချိုးများကို သူ၏လက်ချောင်းများဖြင့်ပြုပြင်ပေးနေသည်။ အနောက်တိုင်းဝတ်စုံနှင့်ရေသူလေး၏ မှန်တွင်ထင်ဟပ်နေသောပုံရိပ်ကိုကြည့်ရင်း ဖုယွမ်ချွမ်း၏မျက်ဝန်းများ အနည်းငယ်မှောင်မိုက်သွားသည်။
အဖြူရောင်အနောက်တိုင်းဝတ်စုံက သူ၏ခါးလိုင်းနှင့် ချပ်ရပ်စွာထပ်တူကျနေသည်။ ရေသူလေး၏ခါးမှာ အလွန်သွယ်လျသော်လည်း အလေးချိန်အချိုးနှင့်ဆိုပါက လိုက်ဖက်ညီလှသည်။
ရွှေအိုရောင်ဖျော့ဖျော့ဆံနွယ်ရှည်များက ခါးတစ်ဝိုက်တွင် ရစ်ခွေလျက်ကျဆင်းနေသည်။ ကျွင်းချင်ယွီက ရွှေကြိုးလေးများသွယ်ယှက်ထားသည့် ငွေဖြူရောင်မျက်နှာဖုံးကို ဝတ်ဆင်ထားသည်။ ခံစားချက်ကင်းမဲ့သောမျက်နှာထက်တွင် တင်းတင်းစေ့ထားသောနှုတ်ခမ်းနှစ်လွှာက လူတို့ကို အေးစက်စက်နိူင်မှုနှင့် အနားသို့ကပ်၍မရနိုင်မှုများ ခံစားရစေ၏။
ကျွင်းချင်ယွီက ခါးတစ်ဝိုက်ရှိနွေးထွေးသောအထိအတွေ့ကြောင့် သတိပြန်ဝင်လာသည်။ သူက အမှတ်တမဲ့ဖြစ်သဖြင့်လန့်သွားကာ ရှုပ်ထွေးဟန်များက သူ့မျက်ဝန်းအတွင်းထင်ဟပ်သွား၏။
“ဟင်…”
ဖုယွမ်ချွမ်းက ခေါင်းကိုငုံ့လိုက်ကာ ရေသူလေး၏နှုတ်ခမ်းများကို နူးညံ့စွာနမ်းရှိုက်ရင်း ချော့မြူလိုက်သည်။ “လိမ္မာနော်...”
သူတို့က ညနေကျမှသွားရမှာဖြစ်ရာ အချိန်နှောင့်နှေးမည်ကိုမလိုချင်သောကြောင့် နေ့ခင်းကတည်းက အင်္ကျီများအဆင်ပြေမပြေ ဝတ်ဆင်ကြည့်ခဲ့ပြီးပြီဖြစ်သည်။ ပြင်ဆင်ပြီးသည်နှင့် ပွဲကျင်းပရာနေရာသို့ အချိန်မီသွားရောက်ခဲ့ကြသည်။
ကားထဲမှမထွက်ခင် ဖုယွမ်ချွမ်းက တဖွဖွမှာကြားသည်။ “ကိုယ့်အနားကနေဘယ်မှမသွားဖို့ သတိရနော်..”
ကျွင်းချင်ယွီ ခေါင်းညိတ်လိုက်၏။ ဖုယွမ်ချွမ်း၏လက်ရှိပုံရိပ်အရ မွေးနေ့ပွဲရှိလူများစွာက သူနှင့်စကားပြောချင်ကြလိမ့်မည်။ သူက စကားပြောရမည်ကိုမလိုလားသော်လည်း ဖုယွမ်ချွမ်း၏နံဘေးတွင် တိတ်ဆိတ်စွာမတ်တပ်ရပ်နေ၍မရချေ။
ရှီခိုင်ရှင်းက ကြိုရောက်နှင့်နေကာ သူတို့ကားအလာကို စောင့်ဆိုင်းနေတာဖြစ်သည်။ သူက ကားတံခါးလာဖွင့်ကာ “မဒမ်...မာရှယ်...”
ဖုယွမ်ချွမ်းက ရေသူလေးဆင်းနိုင်အောင် လက်ဆန့်ကာကူညီပေးလိုက်ရင်း ရှီခိုင်ရှင်းကိုကြည့်လိုက်၏။
ရှီခိုင်ရှင်းက ဖုယွမ်ချွမ်း၏အကြည့်အောက်တွင် ဖြည်းညင်းစွာခေါင်းညှိတ်ပြသည်။
“သွားရအောင်.”
“ကောင်းပြီလေ...”
အင်ပါယာခေါင်းဆောင်၏မွေးနေ့ကို ဖိတ်ကြားခံရသော မည်သည့်တော်ဝင်မျိုးနွယ်မှ နောက်မကျရဲကြချေ။ သူတို့အများစုက စောစောလာကာ ခန်းမထဲတွင်စောင့်ရန်သာ ရွေးချယ်ကြလိမ့်မည်။
ကျွင်းချင်ယွီတို့ရောက်သည့်အချိန်တွင် ခန်းမထဲ၌ လူတော်တော်စုံနေပြီဖြစ်သည်။
မကြာသေးမီကပင် အချိုပွဲဆိုင်မှာ ရေပန်းစားနေပြီး ဖုယွမ်ချွမ်းနှင့်မာရှယ်များသည်လည်း ရင်းနှီးလာကြသည်။ သူတို့နှစ်ဦးရောက်လာသည့်အခါ လူအတော်များများက လုပ်လက်စအလုပ်များရပ်ကာ တံခါးဝသို့ကြည့်လာကြ၏။
သိသာစွာပင် သူတို့ကစောင့်ကြည့်နေကြခြင်းပင်။
ယခုမြင်ကွင်းနှင့် မာရှယ်တော့ဒစ်စ်၏အခမ်းအနားတုန်းကမြင်ကွင်းမှာ လုံးဝခြားနားလှသည်။
ကျွင်းချင်ယွီ ထိုအရာကိုတွေးနေစဥ် သူ့လက်ပေါ်သို့ နွေးထွေးသောအထိအတွေ့တစ်ခု ကျရောက်လာသဖြင့် ဖုယွမ်ချွမ်းကိုမော့ကြည့်လိုက်သည်။
ဖုယွမ်ချွမ်းက ညင်သာစွာမေးသည်။ “တစ်ခုခုစားချင်လား...”
ကျွင်းချင်ယွီ ခေါင်းယမ်းလိုက်၏။ သူက အင်ပါယာခေါင်းဆောင်၏ မွေးနေ့ပွဲမှအစားအစာများကြောင့် အစာစားချင်စိတ်ပျောက်သွားမှာကို စိုးရိမ်လေသည်။
ဤနေရာတွင် လူများစွာရှိသဖြင့် အစားအစာနှင့်ပတ်သတ်၍ တစ်ခုခုလုပ်မှာမစိုးရသော်လည်း သူတို့အနေဖြင့် အပြည့်အဝမယုံကြည်နိုင်ချေ။
ထိုစဥ် လူအုပ်ကြားမှ သူတို့ထံလျှောက်လာသည့် မာရှယ်တော့ဒစ်စ်အား တွေ့လိုက်ရသည်။
ဖုယွမ်ချွမ်းနှင့်သူ့ကြားရှိဆက်ဆံရေးကို အားလုံးသိရှိနေပြီဖြစ်ရာ သူတို့အနားလာရောက်နှုတ်ဆက်ခြင်းတွင် ပြသနာမရှိချေ။
မာရှယ်တော့ဒစ်စ်က “ခင်ဗျား ဒီနေ့မလာဘူးလို့ ကျွန်တော်ထင်နေတာ...”
ပထမဆုံးအနေဖြင့် ဖုယွမ်ချွမ်းတစ်ယောက် အတိတ်က အင်ပါယာခေါင်းဆောင်အား ဆက်ဆံခဲ့ပုံကိုကြည့်လျှင်ပင် မွေးနေ့ပွဲသို့တက်ရောက်စရာအကြောင်းမရှိချေ။
ပတ်ဝန်းကျင်ရှိလူများ သူတို့နားမကပ်ရဲသည်ကို အခွင့်ကောင်းယူကာ ခပ်မြန်မြန်တီးတိုးဆိုလိုက်သည်။
“ဒီနေ့ကိစ္စက ပေါ့သေးသေးမဟုတ်လောက်ဘူး...ခင်ဗျား…”
“ကျွန်တော်ဘာလုပ်နေမှန်း ကိုယ့်ဟာကိုယ်သိပါတယ်...”
မာရှယ်တော့ဒစ်စ်က ထိုစကားကိုကြားရပြီးနောက် စိတ်သက်သာရရဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ “ဒါဆိုလုံလောက်ပါပြီ...”
မာရှယ်တော့ဒစ်စ်က ဖုယွမ်ချွမ်းနံဘေးရှိ ကျွင်းချင်ယွီကိုကြည့်ကာပြုံးလျက် “ဒါကိုသေချာပေါက်ကိုင်တွယ်နိုင်မှာပါ...စကားမစပ် ခင်ဗျားဘေးမှာလူတစ်ယောက်ရှိနေခဲ့တာ တော်တော်ကြာပြီပဲ...ကောင်းမွန်တဲ့တွေ့ဆုံမှုက အနီးအနားမှာပဲနော်...ဟုတ်တယ်မဟုတ်လား...”
အချိုမုန့်ဆိုင်နှင့်ပတ်သတ်သမျှ အရာအားလုံးကို အွန်လိုင်းတွင်ရှာတွေ့နိုင်ပြီး ဆိုင်၏တစ်ဦးတည်းသောဝန်ထမ်းအနေဖြင့် ထိုလူငယ်က အားလုံး၏အာရုံစိုက်စရာဖြစ်လာခဲ့သည်။
အရင်က ဖုယွမ်ချွမ်းပြောခဲ့သည့် မာရှယ်ဖုနှင့်သူ့ချစ်သူအတူတကွ ဖွင့်ထားသောဆိုင် ဟူသည့်စကားကြောင့် အားလုံးကထိုအကြောင်းကို အင်တာနက်ပေါ်တွင် ဆွေးနွေးနေကြကာ CP fan များပင်ရှိလာပြီဖြစ်သည်။
ဖုယွမ်ချွမ်းက ကျွင်းချင်ယွီ၏တည်ရှိမှုကို ဖုန်းကွယ်ထားဖို့မရည်ရွယ်ခဲ့ချေ။ မည်မျှဖုံးကွယ်စေကာမူ အင်ပါယာ၏သတင်းအချက်အလက်များမှ လွတ်မြောက်နိုင်မှာမဟုတ်ချေ။ ထိုသို့ဆိုပါက ကျွင်းချင်ယွီ ဘယ်ကိုမှမသွားနိုင်ပဲ အိမ်ထဲတွင်သာနေရမှာဖြစ်သည်။
ဤကဲ့သို့ပေါ်ပေါ်ထင်ထင်ထုတ်ပြထားခြင်းက ပို၍ကောင်းမွန်ပေသည်။ တစ်စုံတစ်ယောက်က ရှောင်ယွီ့ကိုထိဝံ့လျှင် ထိုသူတို့နှင့်တန်သောခါးသီးသည့်အဆုံးသတ်ကို ပြင်ဆင်ပေးနိုင်သည်။
ကျွင်းချင်ယွီက လွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်ရုံသာမက လုံခြုံရေးအတွက်လည်း အတော်အတန်စိတ်ချ၍ရသည်။
ဖုယွမ်ချွမ်းက သူ၏လက်ချောင်းထိပ်ကလေးများနှင့် ကျွင်းချင်ယွီ၏ခါးကို ဖွဖွထိတွေ့လိုက်ကာ စိတ်အခြေအနေကောင်းနေပုံဖြင့် ပြောလာသည်။ “လက်ထပ်ပွဲကိုလာဖို့သတိရပါ...”
ကျွင်းချင်ယွီ အလွန်အံ့အားသင့်သွားခဲ့သည်။ သူက ဖုယွမ်ချွမ်းကို ခေါင်းမော့၍ကြည့်လိုက်သော်လည်း တစ်ဖက်လူ၏မျက်ဝန်းထဲတွင် စနောက်နေသည့်အရိပ်အယောင်များ မတွေ့ရချေ။
သူ အတည်ပြောနေတာဖြစ်သည်။
မာရှယ်တော့ဒစ်စ်က အပြုံးနှင့်တုံ့ပြန်သည်။ “စိတ်မပူပါနဲ့...ကျွန်တော် သေချာပေါက်လာမှာပါ...”
ဖုယွမ်ချွမ်းက အပင်ပန်းခံ၍အသံကိုနိမ့်ထားခြင်းမရှိလေရာ ဘေးနားရှိနားစွင့်နေသူအားလုံးလည်း ကြားလိုက်လေသည်။ ယခုအခါ ဆွေးနွေးရန်ခေါင်းစဥ်အကြီးကြီးရသွားပြီဖြစ်ပြီး ဖုယွမ်ချွမ်းတို့အနားသွားကာလူလုံးပြရန်အတွက် တစ်ဦးနှင့်တစ်ဦးအချက်ပြလိုက်ကြ၏။
သို့သော် သူတို့တစ်လှမ်းမှမလှမ်းနိုင်ခင် မာရှယ်ယူနီဖောင်းဝတ်ဆင်ထားသူတစ်ဦး လျှောက်လာသည်ကိုတွေ့လိုက်ရသည်။
ကျွင်းချင်ယွီ၏မှတ်ဉာဏ်က ကောင်းမွန်လေရာ ဖုယွမ်ချွမ်းနှင့်မာရှယ်များ၏ ဗီဒီယိုအစည်းအဝေးတွင် မပါရှိခဲ့သော်လည်း တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုလူအားမှတ်မိလိုက်၏။
“မာရှယ်ဖု...မတွေ့တာကြာပြီ...”
ဖုယွမ်ချွမ်းက ပြန်ဖြေသည်။ “ဟောရပ်စ်...”
Xxxxxx