Chapter 86
“မာရှယ်ဖု...မတွေ့တာကြာပြီ...”
ဖုယွမ်ချွမ်းက ပြန်ဖြေသည်။ “ဟောရပ်စ်...”
၎င်းက မာရှယ်အချင်းချင်းနှုတ်ဆက်သည်ဟုထင်ရသော်လည်း တကယ်တမ်းတွင် ကျွင်းချင်ယွီအားပြောခြင်းဖြစ်သည်။
ကျွင်းချင်ယွီက မာရှယ်တိုင်း၏အချက်အလက်များကို တွေ့ခဲ့ပြီးပြီဖြစ်သည်။ သို့သော် မာရှယ်များက ဗိုလ်ချုပ်တစ်ဦးအနေဖြင့် အပြင်ဘက်တွင်မြင်တွေ့ရခြင်းမှာ ကြုံတောင့်ကြုံခဲကိစ္စဖြစ်ပြီး အွန်လိုင်းတွင်လည်း ပုံတင်လေ့မရှိကြချေ။ ထို့ကြောင့် ရေသူလေးမှတ်မိနိုင်ရန် နာမည်ကိုအစဖော်ပေးနေခြင်းဖြစ်သည်။
ဟောရပ်စ်က မာရှယ်တော့ဒစ်စ်အတိုင်း နှုတ်ဆက်လိုက်သည်။
“ဒီရက်ပိုင်း ခင်ဗျားတို့ အဆင်ပြေတယ်မဟုတ်လား...”
မာရှယ်တော့ဒစ်စ်နှင့်ဖုယွမ်ချွမ်းတွင် ကောင်းမွန်သောဆက်ဆံရေးရှိသဖြင့် သူ၏အသီးအနှံဝေစုတွင် ဝိဉာဥ်စွမ်းအင်ရာခိုင်နှုန်းပို၍များလေသည်။
တော့ဒစ်စ်က ရယ်မောလိုက်သည်။ “ဒီလိုပါပဲ...ကျွန်တော်တို့အားလုံး အဆင်ပြေနေကြတာပဲမဟုတ်လား...”
ဟောရပ်စ်၏မျက်နှာထက်တွင် အပြုံးရေးရေးထင်ဟပ်လာ၏။ သူက ဖုယွမ်ချွမ်းဘက်သို့လှည့်ကာ “မာရှယ်ဖု...အသီးအရွက်ဖျော်ရည်နဲ့ပတ်သတ်ပြီး ဆွေးနွေးဖို့အချိန်ပေးနိုင်မလား...”
အခြားမာရှယ်များ အသီးအရွက်ဖျော်ရည်သောက်သုံးနေကြသည်ကို ထိုလူမြင်ခဲ့ရပြီး ပူးပေါင်းဆောင်ရွက်လိုခြင်းဖြစ်ရမည်ဟု ကျွင်းချင်ယွီယူဆလိုက်သည်။
ပွင့်ပွင့်လင်းလင်းပြောရပါက ဖုယွမ်ချွမ်း အသီးအရွက်ဖျော်ရည်ကိုသုံးကာ မာရှယ်များအား အစမ်းသပ်ခံများအဖြစ်အသုံးပြုမည်ကို ကျွင်းချင်ယွီစိုးရိမ်မိသည်။
ဖုယွမ်ချွမ်းက မေးခွန်းကိုတိုက်ရိုက်မဖြေခဲ့ချေ။
“မွေးနေ့ပွဲမှာဆွေးနွေးဖို့တော့ မသင့်တော်ဘူးထင်တယ်...”
ဟောရပ်စ် “ကောင်းပါပြီ...”
မာရှယ်တော့ဒစ်စ် အခြေအနေကိုအလိုက်သင့်ဝင်ပြောလိုက်၏။
“ဒီမှာအကြာကြီးရပ်မနေပဲ အထဲဝင်ရအောင်....”
ဖုယွမ်ချွမ်းက ကျွင်းချင်ယွီ၏ပုခုံးကိုဖွဖွဖက်ကာ ခန်းမထဲသို့ဝင်လိုက်သည်။
ကျွင်းချင်ယွီက ပတ်ပတ်လည်ရှာကြည့်လိုက်သော်လည်း ရှီခိုင်ရှင်းကိုမတွေ့ချေ။
“ဘာတွေရှာနေတာလဲ...”
“ဘာမှမဟုတ်ပါဘူး...” ရှီခိုင်ရှင်းတစ်ယောက် အလုပ်များနေခြင်းသာဖြစ်ရမည်ဟု သူ တွေးလိုက်မိသည်။
“အင်း...” ဖုယွမ်ချွမ်းက ငါးခြောက်အိတ်ကိုဖွင့်ကာ တစ်ခုခွံ့ကျွေးလာ၏။
ကျွင်းချင်ယွီ ကြောင်အသွားသော်လည်း အကျင့်ပါနေသဖြင့် တစ်ကိုက်ကိုက်လိုက်မိသည်။
“ဘာလို့ဒါကိုယူလာတာလဲ...”
“မင်း မွေးနေ့ပွဲကအစားအစာတွေကို သံသယဝင်ပြီးဘာမှမစားလောက်ဖူးလို့ ကိုယ်ထင်တာကြောင့်လေ...” မွေးနေ့ပွဲက ညဥ့်နက်မှပြီးမှာဖြစ်သည်။
ဖုယွမ်ချွမ်းတွင် အစီအစဥ်များရှိသဖြင့် စောစောပြန်လို့မရချေ။ သူက ရေသူလေးဗိုက်ဆာမှာစိုးသဖြင့် မုန့်များများယူလာခဲ့တာဖြစ်သည်။
ကျွင်းချင်ယွီက ငါးခြောက်ကိုဖြည်းဖြည်းကိုက်စားရင်း ဖုယွမ်ချွမ်း၏အိတ်ကပ်ကိုကြည့်ကာ မေးလိုက်သည်။ “ဘာရှိသေးလဲ...”
ဖုယွမ်ချွမ်းက အသားခြောက်အိတ်နှင့် အိတ်ငယ်လေးများထဲထည့်ထားသော အချို၊အငန် သွားရည်စာမျိုးစုံကိုထုတ်ပြလိုက်သည်။
အနောက်တိုင်းဝတ်စုံနှင့် လူကြီးလူကောင်းတစ်ဦး သူ၏အိတ်ကပ်ထဲမှ သွားရည်စာအမျိုးမျိုးကို စိတ်အားထက်သန်စွာထုတ်ပြနေပုံအားကြည့်ကာ ကျွင်းချင်ယွီ၏မျက်ဝန်းများ လခြမ်းကွေးသဏ္ဍာန်ကွေးညွတ်သွားသည်။ သူက စတော်ဘယ်ရီချိုချဥ်ကို ခွံ့လိုက်၏။
“ဒါလေးစားကြည့်...”
“အင်း...” ဖုယွမ်ချွမ်းက ချိုချဥ်စားရင်း ရေသူလေးအတွက် သွားရည်စာများကိုဆက်၍ရှာသည်။
ဖုယွမ်ချွမ်းမည်သို့သယ်လာမှန်း ကျွင်းချင်ယွီမသိချေ။ သွားရည်စာအများအပြားထည့်ထားသော်လည်း သူ၏အိတ်မှာဖောင်းပွနေခြင်းမရှိပဲ ပုံမှန်အတိုင်းသာရှိသည်။
ဖုယွမ်ချွမ်း မုန့်များထပ်မံထုတ်နေသည်ကိုကြည့်ရင်း ကျွင်းချင်ယွီက လျှင်မြန်စွာပြောလိုက်သည်။ “ပြန်ထည့်ထားလိုက်ဦး...ကျွန်တော် ဒါတွေအားလုံးမကုန်ဘူးလေ...”
“ကောင်းပြီလေ...”
မာရှယ်တော့ဒစ်စ်က ၎င်းကိုမြင်သည့်အခါ ကျီစယ်ဟန်ပြောလိုက်၏။
“ မွေးနေ့ပွဲကို ဘာလို့မုန့်တွေယူလာတာလဲ...ကျွန်တော့်ကိုတစ်ခုလောက်ကျွေး...”
ဖုယွမ်ချွမ်းနှင့်ကျွင်းချင်ယွီတို့ သူ့အားပြိုင်တူကြည့်လိုက်ကြသည်။
ထိုအခိုက်အတန့်၌ မာရှယ်တော့ဒစ်စ်ဘယ်လိုခံစားလိုက်ရမှန်းကိုပင် မဖော်ပြတတ်တော့ချေ။
စစ်မြေပြင်ထဲတွင် ရန်သူများအလယ်သို့ရောက်ရှိသွာ့းပြီး အမြှောက်နှင့်အချိန်ခံထားရသည်ဟု ခံစားလိုက်ရသည်။
သူ့စိတ်ထဲတွင် အချက်ပေးသံများမြည်လာ၏။
မာရှယ်တော့ဒစ်စ်ချောင်းဟန့်လိုက်သည်။ “အဟမ်း...ကျွန်တော် မစားတော့ပါဘူး...မစားတော့ဘူး...”
သေစမ်း...ဇာ့ဂ်တွေနဲ့တိုက်ရတာထက်တောင် ရင်တုန်နေရသေးတယ်...
ဟောရပ်စ်၏မျက်ဝန်းများတွင် ကျီစယ်လိုရိပ်များ ယှက်သန်းသွား၏။
“အားလုံးစကားကောင်းနေကြတာပဲ....ကျွန်တော်လုပ်စရာလေးရှိလို့ သွားလိုက်ပါဦးမယ်...”
မာရှယ်တော့ဒစ်စ်က သူထွက်သွားသည်ကိုကြည့်ရင်းပြောလိုက်သည်။ “အဲ့ဒီ့လူ ဘာဖြစ်နေတာလဲ...”
“ထားလိုက်ပါ အရေးစိုက်မနေနဲ့...”
ကျွင်းချင်ယွီ ငါးခြောက်ကိုအေးအေးဆေးဆေးစားနေလိုက်သည်။ ထိုမာရှယ်၏ရပ်တည်မှုမှာ ကြားနေဆန်လွန်းသည်။ သဘောတူညီမှုဖြစ်မဖြစ်ကို ဒီလောက်ထိစိတ်ဝင်တစားမရှိချေ။
ထိုစဥ် လူစုကလမ်းချဲပေးလိုက်သည်။
ကျွင်းချင်ယွီက ထိုရုတ်ရုတ်သဲသဲဖြစ်သွားသည့်နေရာကို သိလိုစိတ်ဖြင့်ကြည့်လိုက်၏။ သူတို့နှင့်အနည်းငယ်ကွာဝေးသောနေရာတွင် တစ်စုံတစ်ဦးရောက်လာပုံရသည်။ သို့သော် လူရှုပ်နေသောကြောင့် ဘာကိုမှ ရှင်းရှင်းလင်းလင်းမမြင်ရချေ။
ဆန့်ကျင်ဘက်အနေဖြင့် မာရှယ်တော့ဒစ်စ်၏အမူအယာက အေးခဲသွားလေသည်။
“ဘာလို့ သူအခုထဲကရောက်လာတာလဲ...”
ထိုသူ၏ဦးတည်ရာက ဖုယွမ်ချွမ်းထံသို့ တည့်တည့်မတ်မတ်လာနေခြင်းဖြစ်၏။
မာရှယ်တော့ဒစ်စ်က လောလောဆယ်ထိုသူအားနှုတ်ဆက်ဖို့ အဆင်သင့်မဖြစ်သေးရာ အမြန်ပြောလိုက်သည်။ “ကျွန်တော် နောက်မှပြန်လာခဲ့မယ်...”
“အင်း...”
ခဏတွေးပြီးနောက် ဖုယွမ်ချွမ်းက ရေသူလေးကိုပြောလိုက်သည်။ “မင်းဘာလို့…”
ကျွင်းချင်ယွီက ဖုယွမ်ချွမ်း၏လက်မောင်းကို ဖက်တွယ်လိုက်၏။ “ခင်ဗျားပဲပြောတာလေ...ခင်ဗျားအနားမှာပဲနေဆို...”
ဖုယွမ်ချွမ်း “ဒါဆို ပြီးရင်…”
“ကျွန်တော်တိတ်တိတ်လေးနေမယ်...”
“……”
ရေသူလေး လွယ်ကူစွာသဘောတူလိုက်ပုံကိုကြည့်ရင်း ဖုယွမ်ချွမ်း နှလုံးသားက လေထဲတွင်တွဲလောင်းချိတ်ခံထားရသလို ခံစားလိုက်ရ၏။
ကျွင်းချင်ယွီက စိတ်အားထက်သန်စွာကြည့်လိုက်၏။ “ကျွန်တော်က လိမ္မာပါတယ်...”
“ဟုတ်ပါပြီ...မင်းကလိမ္မာပါတယ်...” ဖုယွမ်ချွမ်းက ရေသူလေး၏ခေါင်းကို ပွတ်သပ်လိုက်၏။ “မင်းခဏနေရင် သူ့ကိုလိုက်မကြည့်နဲ့...”
ကျွင်းချင်ယွီ မျက်တောင်ခတ်လိုက်၏။ သူက တစ်ဖက်လူစကားများ၏ အသွားအလာကိုကြည့်ရင်း သူတို့ထံလာနေသူမှာ မည်သူမှန်းခန့်မှန်း၍ရသွားသည်။
အင်ပါယာခေါင်းဆောင်...
ကျွင်းချင်ယွီ သူ့အား သတင်းထဲတွင်မြင်ဖူးခဲ့သည်။ ထိုသူက အသက် ၈၀ ၉၀ အရွယ်ရှိသော လူအိုကြီးတစ်ဦးနှင့်တူ၏။ ကြယ်တာရာခေတ်တွင် ထိုအသက်အရွယ်မှာ အိုပြီဟုပြော၍မရသော်လည်း နိုရယ်၏ပုံသဏ္ဍာန်ကမူ အဘိုးအိုပုံစံပေါက်နေလေသည်။
ဤကဲ့သို့အသက်အရွယ်ကြီးပုံပေါ်နေသည့်အတွက် ကြင်နာတတ်ပြီး အန္တရာယ်မရှိဟုထင်ရလေသည်။
“ကြည့်ရတာ သူရည်ရွယ်ချက်တစ်ခုခုရှိနေပုံပဲ...” ဧည့်သည်နားနေချိန်မှာ အခုလိုရုတ်တရက်ပေါ်လာစရာအကြောင်းမှမရှိတာ...ပြီးတော့ သူက စတိတ်စင်ပေါ်မှာ မိန့်ခွန်းပြောမယ့်အစား လူစုထဲကိုတောင်လျှောက်လာလိုက်သေးသည်။
သူ ဘာလိုချင်တာလဲ...
သူတို့သံသယဝင်နေစဥ် အင်ပါယာခေါင်းဆောင်က လူအုပ်ကိုဖြတ်သန်း၍ ဖုယွမ်ချွမ်းထံဦးတည်လာသည်ကို ကျွင်းချင်ယွီ တွေ့လိုက်ရသည်။
ဖုယွမ်ချွမ်းက ထူးမခြားနားဟန်ဖြင့်သာ ကြည့်နေလေသည်။
အင်ပါယာခေါင်းဆောင်ကိုတွေ့ချိန်၌ ကျွင်းချင်ယွီထိတ်လန့်သွား၏။ ခဏကြာအာရုံစိုက်၍ကြည့်ရှုပြီးနောက်တွင် ကျွင်းချင်ယွီ၏သူငယ်အိမ်များ ကျယ်သွားလေသည်။ ၎င်းပုဂ္ဂိုလ်မှာ...
ထိုသူ၏မျက်နှာသွင်ပြင်မှာ ဖုယွမ်ချွမ်းနှင့် တစ်နည်းတစ်ဖုံတူနေလေသည်။
သူက အင်တာနက်ပေါ်ရှိပုံများနှင့် ဘာမှမသက်ဆိုင်ချေ။ ထိုပုံများက အနည်းငယ်ပြင်ဆင်ထားပုံရသည်။
မိသားစုနာမည်ချင်းလည်းတူကာ ဖုယွမ်ချွမ်းနှင့်ရုပ်ချင်းဆင်နေသည်။
ကျွင်းချင်ယွီ၏နှုတ်ခမ်းများ ခပ်ဟဟပွင့်သွား၏။ သူပဲအမှတ်မှားသည်လား၊ မူလဝတ္ထုကိုမေ့နေခဲ့သည်လား မခွဲခြားတတ်တော့ချေ။ ဘာလို့အင်ပါယာခေါင်းဆောင်က ဖုယွမ်ချွမ်းနဲ့ဆက်စပ်နေရတာလဲ...
သူ၏နားရွက်များပူနွေးလာကာ အတွေးစများကိုဖြတ်တောက်၍ ဖုယွမ်ချွမ်းကိုမော့ကြည့်လိုက်သည်။
ဖုယွမ်ချွမ်းက သူ့ခေါင်းကို ညင်သာစွာပွတ်သပ်ပေးလာသည်။
“ကြောက်နေရင် ဟိုဘက်နားမှာထိုင်ပြီး ကိုယ့်ကိုစောင့်နေနော်...”
ကျွင်းချင်ယွီ ဖုယွမ်ချွမ်း၏လက်မောင်းကို တွဲလိုက်၏။ “ကျွန်တော် ဘယ်မှမသွားဘူး...”
မည်သို့ပင်ဖြစ်စေကာမူ အင်ပါယာခေါင်းဆောင်အား ဖုယွမ်ချွမ်းကိုထိခိုက်စေခွင့်မပေးနိုင်ချေ။
ဤနေရာတွင် လူများစွာရှိသည့်အတွက် အကွက်ရွေ့နိုင်ချေနည်းသော်လည်း တစ်ဖက်လူကို ပုံမှန်အတွေးများနှင့် ရှုမြင်၍မရချေ။
လုံခြုံမှုက အဓိကဖြစ်သည်ဟု ကျွင်းချင်ယွီယူဆထားသည်။
အင်ပါယာခေါင်းဆောင်က သူတို့ထံလျှောက်လာကာ နှုတ်ဆက်ခြင်းပင်မပြုပဲ တည့်တိုးမေးလာ၏။
“ဒီတစ်ယောက်က မာရှယ့်ရဲ့ချစ်သူဆိုတာလား...”
ဖုယွမ်ချွမ်းက အေးအေးဆေးဆေးပြန်ဖြေသည်။ “ဟုတ်ပါတယ်...”
အင်ပါယာခေါင်းဆောင်က ခေါင်းကိုဖြည်းညင်းစွာယမ်းရင်း “မင်းကိုတွေးတောဆင်ခြင်တတ်မယ်လို့ ငါထင်ထားတာ...အချစ်ကြောင့်အခက်ကြုံနေမယ် မျှော်လင့်မထားခဲ့ဘူး...”
“လက်ရှိဖြစ်ရပ်အားလုံးက မင်းလက်ချက်တွေပဲပေါ့...”
“ငါမင်းကို အရေးမယူဘူးဆိုတာ ပြုပြင်ဖို့အခွင့်အရေးပေးချင်လို့ပဲ...ဒါပေမယ့် မင်းကငါ့ကိုအရမ်းစိတ်ပျက်စေတယ်...”
သူစတင်စကားပြောကတည်းက အသံနေအသံထားမှာ မိမိထက်နိမ့်ကျသူအား ဆူပူသည့်ပုံစံမျိုးဖြစ်နေသဖြင့် ကျွင်းချင်ယွီမျက်မှောင်ကြုတ်လိုက်မိသည်။ ထိုလူ၏ စကားလုံးများနှင့်အပြုအမူများက သူ့အမြင်တွင် ရွံရှာဖွယ်ကောင်းနေလေသည်။
ထို့အပြင် လူကြီးတစ်ယောက်လိုလေသံမျိုးက ကျွင်းချင်ယွီကို ပို၍စိတ်ဆိုးစေသည်။
“အုတ်ဂူပြင်ဆင်ထားပြီးပြီလား...”
ဖုယွမ်ချွမ်း၏စကားကြောင့် အင်ပါယာခေါင်းဆောင်၏မျက်နှာထက်တွင် ထိတ်လန့်မှုအချို့က ရှားရှားပါးပါးထင်ဟပ်လာ၏။
ဖုယွမ်ချွမ်းက ဤမျှများပြားသောလူတိုင်း၏ရှေ့တွင် သူ့အားမလေးမစားဆက်ဆံလိမ့်မည်ဟု လုံးဝမမျှော်လင့်ထားခဲ့ချေ။ သူ မြင့်မားသောနေရာသို့ရောက်ခဲ့ခြင်းမှာ အချိန်အတော်ကြာပြီဖြစ်သဖြင့် တစ်စုံတစ်ဦးကထိုသို့ပြောလာချိန်တွင် ဘာပြန်ပြောရမည်မှန်းမသိတော့ချေ။
သူတို့ဘယ်လိုပဲ တိတ်တဆိတ်တိုက်ခိုက်နေပါစေ၊ အပေါ်ယံတွင်တော့ ဟန်ချက်ညီညီနေထိုင်လေ့ရှိသည်။ ယခုမူ အခြေအနေကတစ်မျိုးပြောင်းလဲသွားပြီဖြစ်သည်။
ဖုယွမ်ချွမ်းက ငြိမ်သက်နေသောမျက်နှာပြင်ကို အရင်ဆုံးခွဲချလိုက်ခြင်းပင်။
အင်ပါယာခေါင်းဆောင် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
“အတောင်စုံတော့ ဘယ်လိုပျံရမလဲသိနေပြီပေါ့...”
ထိုစကားများထွက်ပေါ်လာသည့်အခိုက် အားလုံးအေးခဲသွားကြသည်။
စကားများ၏ဦးတည်ချက်မှာ ထင်ရှားလှသဖြင့် ကျွင်းချင်ယွီ လက်ချောင်းကလေးများကို တင်းတင်းမဆုပ်မိပဲမနေနိုင်ခဲ့ချေ။
ဖုယွမ်ချွမ်းက ရေသူလေး၏ခါးကို ခပ်ဖွဖွပုတ်ရင်း စိတ်လျှော့ရန်နှစ်သိမ့်လိုက်သည်။ ထို့နောက် သူက စိတ်မဝင်စားဟန်ဖြင့် “ဘာကိုပြောချင်တာလဲ...”
အင်ပါယာခေါင်းဆောင်က ဖုယွမ်ချွမ်း၏အမူအယာကြောင့် နာကျင်သွားပုံပေါ်ကာ အကူအညီမဲ့ဟန်ဖြင့် သက်ပြင်းချလိုက်သည်။
“ငါတို့ဒီအခြေအနေထိရောက်အောင်သွားမှဖြစ်မှာလား...အဖေနဲ့သားအနေနဲ့လေ...”
ညာနေတာ....
ကျွင်းချင်ယွီ အလိုလိုတွေးလိုက်မိ၏။ မူလဝတ္ထုအား မည်မျှမေ့လျော့နေစေကာမူ ထိုသူ၏ ဖခင်ရင်းဟူသောဖြစ်တည်မှုအား မေ့သွားစရာအကြောင်းမရှိချေ။
အကယ်၍ အခြားအကြောင်းအရာသာဆိုပါက ကျွင်းချင်ယွီ ယုံ၍ရသေးသည်။ သို့သော် ဖခင်နှင့်သား ဟူသည့်တော်စပ်မှုမှာ သေချာပေါက်ညာနေခြင်းသာ ဖြစ်သည်။ ကျွင်းချင်ယွီက ၎င်းကိုသတိပြုမိသဖြင့် စိတ်သက်သာရာရသွားသည်။ အလိမ်အညာတစ်ခုသာဖြစ်ရာ ဂရုစိုက်ဖို့မလိုအပ်တော့ချေ။
မည်သို့ပင်ဖြစ်စေ အမှန်တရားကိုမသိရှိသူများက အသက်ပင်ရဲရဲမရှူရဲကြပဲ ရုတ်တရက်သိရှိမှုကြောင့် ထိတ်လန့်နေကြ၏။
သူတို့က မွေးနေ့ပွဲသို့တက်ရောက်ရုံသာဖြစ်ပြီး အင်ပါယာခေါင်းဆောင်၏မိသားစုအရှုပ်အထွေးကို သိရှိလိုက်ရမည်ဟု မထင်ထားခဲ့ချေ။
ပြောစရာမလိုအောင်ပင် မိသားစုအရှုပ်အထွေးထဲ၌ လက်တလောကိစ္စများ၏လက်သည်ဖြစ်သော ဖုယွမ်ချွမ်းပါဝင်နေလေသည်။ သူတို့ဒီလိုကိစ္စမျိုးကြားပြီးတာတောင် အသက်ရှင်နိုင်မယ်လို့ ဘယ်သူအတပ်ပြောနိုင်မှာလဲ...
မာရှယ်တော့ဒစ်စ်က ဖုယွမ်ချွမ်းကို မယုံနိုင်ဟန်ကြည့်လိုက်သည်။
သူဘာတွေလုပ်နေတာလဲ...
ဖုယွမ်ချွမ်း၏မျက်ခုံးများ မြင့်တက်သွားသည်။ “အဖေနဲ့သားလား...”
အင်ပါယာခေါင်းဆောင်၏အမူအရာက ပျော့ပျောင်းသွားသည်။
"ဖုယန်ဟုန် မင်းကိုမပြောဘူးလား...မင်းအမှားကိုဝန်ခံပြီးတော့ အရေးမပါတဲ့ကိစ္စအားလုံးကို အပြင်မှာထားခဲ့မယ်ဆိုရင် ငါမင်းကိုအခက်တွေ့အောင် မလုပ်ပါဘူး...
ထိုစကားလုံးများမှာ နားထဲတွင်ကန့်လန့်ဖြစ်နေသည့်အတွက် ဖုယွမ်ချွမ်းလျစ်လျူရှုလိုက်၏။
"ကျွန်တော်မကြုံဖူးသေးတဲ့ အခက်အခဲမျိုးရှိသေးလား...
ဖုယွမ်ချွမ်း နေမကောင်းစဖြစ်ကတည်းက အင်ပါယာခေါင်းဆောင်၏ အဖက်ဖက်မှအကောက်ကြံမှုများနှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။
Xxxxxx