Chapter 87
ထိုစကားလုံးများမှာ နားထဲတွင်ကန့်လန့်ဖြစ်နေသည့်အတွက် ဖုယွမ်ချွမ်းလျစ်လျူရှုလိုက်၏။
"ကျွန်တော်မကြုံဖူးသေးတဲ့ အခက်အခဲမျိုးရှိသေးလား...
ဖုယွမ်ချွမ်း နေမကောင်းစဖြစ်ကတည်းက အင်ပါယာခေါင်းဆောင်၏ အဖက်ဖက်မှအကောက်ကြံမှုများနှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။စစ်ပွဲတွင်ဒဏ်ရာရခဲ့သဖြင့် ဖုယွမ်ချွမ်း၏အသုံးဝင်မှု ကုန်ဆုံးသွားသည့်အခါ သေလူအဖြစ်ပင် သတ်မှတ်ခံခဲ့ရလေသည်။
ခုမှ ဒီလိုလာပြောတာက အရှက်မဲ့လွန်းရာမကျဘူးလား...
အင်ပါယာခေါင်းဆောင်က ပြုံးလိုက်၏။
"အရင်မင်းထိခိုက်ထားတဲ့အချိန်တုန်းက ငါမင်းအပေါ်မကောင်းခဲ့ဘူး...အဲ့ဒါမင်းကိုစစ်ဆေးချင်ခဲ့ရုံပါ...အဲ့ဒါကိုပြန်စဥ်းစားမနေနဲ့တော့...ဟုတ်ပြီလား...”
ဖုယွမ်ချွမ်၏ စိတ်အခြေအနေမှာ ပြန်လည်ကောင်းမွန်နေပြီဖြစ်ကြောင်း အရင်တစ်ခါ ဗီဒီယိုကောလ်ခေါ်စဥ်က နိုရယ်သတိပြုမိခဲ့သည်။ အတိတ်က မည်သို့ပင်ခွာပြဲနေစေကာမူ ဖုယွမ်ချွမ်းကို သူ့လက်အောက်သို့ ပြန်၍ဝင်စေချင်လေသည်။
အဆုံးသတ်တွင် သူသုံးနေကျနည်းလမ်းကိုသာ အသုံးပြုလိုက်ခြင်းဖြစ်၏။
ဖုယွမ်ချွမ်းက စကားတစ်ခွန်းထဲသာပြန်ဖြေသည်။ “ကျွန်တော် အားလုံးမှတ်မိနေပြီ...”
အင်ပါယာခေါင်းဆောင်၏အပြုံးမှာ တဖြည်းဖြည်းပျယ်လွင့်သွားသည်။
“မင်း…”
သူ့စကားက တစ်ဝက်တစ်ပျက်တွင်ရပ်သွားသော်လည်း အင်ပါယာခေါင်းဆောင် အနောက်သို့ခြေတစ်လှမ်းဆုတ်လိုက်လေသည်။
ကျွင်းချင်ယွီ တစ်ခုခုပြောရန်ပြင်လိုက်စဥ် ဖုယွမ်ချွမ်းက သူ့ခါးကိုတင်းတင်းကိုင်ကာ ဟန့်တားလိုက်၏။
ထို့နောက် အင်ပါယာခေါင်းဆောင်က နှာခေါင်းရှုံ့ကာပြောလာသည်။
“ငါမင်းလိုမျိုးမစစ်လေးကို အစကတည်းက မစွန့်ပစ်ခဲ့မိတာနောင်တရတယ်...”
ထို့နောက် ဖုယွမ်ချွမ်း၏အပြောကိုမစောင့်တော့ပဲ အင်ပါယာခေါင်းဆောင်က လှည့်ထွက်ရန်ပြင်လိုက်၏။
“ငါမင်းကို အခွင့်အရေးပေးခဲ့တယ်...ပြီးမှငါ့အဆိုးမဆိုနဲ့...”
“ရွှီခဲ့လင်...”
“ရှိပါတယ်...”
“အားလုံးရှေ့မှာပြောစရာရှိတာပြောရအောင် ပရိုဂျက်တာဖွင့်လိုက်စမ်း...”
“ဟုတ်ကဲ့...”
ညှိနှိုင်းမှုအလုပ်မဖြစ်သဖြင့် သူ၏ပုံစံမှာ ရက်စက်ခက်ထန်ပုံပေါ်သွား၏။ ရွှီခဲ့လင်က အားလုံး ပြင်ဆင်ထားပြီးပြီဖြစ်သည်။ တစ်မိနစ်ပင်မကြာလိုက်ပဲ ဟောခန်းထဲရှိလိုက်ကာများပွင့်သွားကာ ပရိုဂျက်တာစခရင်ထွက်ပေါ်လာ၏။
မွေးနေ့ပွဲသို့တက်ရောက်လာသော လူများအားလုံးတွင် ကောင်းမွန်သောနောက်ခံရှိကြသည်။ ထိုသူတို့အား လွယ်လွယ်နှင့်အရူးလုပ်နိုင်မှာမဟုတ်ချေ။ ထို့ကြောင့် အင်ပါယာခေါင်းဆောင်ဘက်မှ အပြည့်အစုံပြင်ဆင်ထားခဲ့တာဖြစ်သည်။
သူတို့မကြည့်ချင်လည်း ကြည့်ရမှာပင်။ အကယ်၍ ယခုအချိန် ခန်းမအပြင်ထွက်သွားပါက အင်ပါယာခေါင်းဆောင်အား ပုန်ကန်ရာကျမှာဖြစ်ပြီး မထွက်သွားလျှင်လည်း ဖုယွမ်ချွမ်းအား ပုန်ကန်ရာကျပေလိမ့်မည်။
ဘာပဲလုပ်လုပ် ခန်းမတွင်းရှိလူများအဖို့ လမ်းဆုံးနေပြီဖြစ်၏။ သူတို့ကြည့်သည်ဖြစ်စေ၊ ထွက်သွားသည်ဖြစ်စေ အင်ပါယာခေါင်းဆောင်က ဖုယွမ်ချွမ်းအားဆွဲချရန်ကြံစည်နေသည်မှာ ထင်ရှားလှသည်။
ကျွင်းချင်ယွီက ပရိုဂျက်တာရှိမြင်ကွင်းကို အနည်းငယ်ပင်စိတ်မဝင်စားချေ။
“ခင်ဗျားနဲ့သူက...”
“အဖေနဲ့သားတော့မဟုတ်ပါဘူး...” စကားခဏရပ်ပြီး ဖုယွမ်ချွမ်းကဆက်ပြောသည်။
“ကိုယ်နဲ့သူက ရန်ဘက်တွေပဲ...”
ကျွင်းချင်ယွီက မျက်တောင်ခတ်လိုက်ကာ ဖုယွမ်ချွမ်း၏ဆံစများကို ပွတ်သပ်ပေးချင်ခဲ့သည်။ သို့သော် လူကြားထဲတွင် ထိုသို့ပြုမူရန်မသင့်လျော်မည်ကိုလည်း စိုးရိမ်မိ၏။ သူက ဖုယွမ်ချွမ်း၏ပါးပြင်ကို ပွတ်သပ်လိုက်ကာ “ကျွန်တော် ခင်ဗျားကိုကူညီမယ်...ခင်ဗျားလုပ်ချင်တာအကုန်လုံး လုပ်နိုင်စေရမယ်...”
ဖုယွမ်ချွမ်း၏နှုတ်ခမ်းတွင် အပြုံးရေးရေးကလေးပေါ်လာ၏။ “အင်း...”
“ဟာ...ဒါက...”
သူတို့နှစ်ဦးကြားရှိနူးညံ့သောလေထုကို အာမေဋိတ်သံတစ်ခုက ချိုးဖျက်သွားသည်။ ကျွင်းချင်ယွီက ပရိုဂျက်တာပေါ်ရှိမြင်ကွင်းကို အမှတ်တမဲ့ကြည့်လိုက်မိ၏။
၎င်းမှာ အဖြူရောင်အခန်းတစ်ခုဖြစ်ပြီး အိပ်ယာလေးခုက အလျားလိုက်စီရီထားသည်။ အိပ်ယာများကြားတွင် ဆေးပစ္စည်းကိရိယာအမျိုးမျိုးရှိနေ၏။
အိပ်ယာပေါ်တွင် ဆေးသွင်းပိုက်ရောင်စုံများတပ်ဆင်လျှက် လဲလျောင်းနေသူများရှိနေသည်။
ထိုသူအားလုံးက မျက်ဝန်းများစေ့ပိတ်လျှက်ရှိနေကာ နှလုံးခုန်သံပြစက်သာမရှိပါက တိတ်တဆိတ်သေဆုံးနေသည်ဟူ၍ပင် ထင်မှတ်ရလေသည်။
အင်ပါယာခေါင်းဆောင်က တစ်စုံတစ်ခုမှားယွင်းနေကြောင်း သတိပြုမိသွားကာ မျက်နှာပျက်သွား၏။ သူက နှလုံးသားအတွင်းမှဒေါသကို အနိုင်နိုင်ဖိနှိပ်ကာ အော်ငေါက်လိုက်သည်။
“ရွှီခဲ့လင်...ဘာတွေလုပ်နေတာလဲ...”
သို့သော် မည်သည့်တုံ့ပြန်မှုမှ ထွက်ပေါ်မလာခဲ့ချေ။ ဗီဒီယိုက အစီအစဥ်တကျဆက်လက်ပြသနေကာ လဲလျောင်းနေသူတစ်ဦးချင်းစီကို အနီးကပ်ဆွဲရိုက်ပြလာ၏။ သူတို့၏ အားနည်းဖြူဖျော့နေသော အနေအထားများမှာ စိုးရိမ်ရဖွယ်ရှိသည်။
“အဲ့ဒါ...မေဂျာဒီမိုးမဟုတ်လား...” လူတစ်ယောက်က ဗီဒီယိုကို ထိတ်လန့်စွာကြည့်လိုက်သည်။ လွန်ခဲ့သည့်နှစ်အနည်းငယ်က စစ်ပွဲ၌သေဆုံးသွားသော ဗိုလ်ချုပ်မှာ ဗီဒီယိုထဲတွင်ပါရှိနေလေသည်။
“ရှဲ့ရန်ကျန်း...ဗိုလ်ချုပ်ရှဲ့ရန်ကျန်းမဟုတ်လား...အဲ့ဒီ့ဗိုလ်ချုပ်က ဇာ့ဂ်တွေဖမ်းသွားတဲ့နောက် သူ့ကိုယ်သူသတ်သေသွားတယ်ဆို...”
“ဘာတွေဖြစ်နေတာလဲ...”
မာရှယ်အသီးသီး မတ်တပ်ရပ်လိုက်မိကြ၏။ ရင်းနှီးနေသောမျက်နှာများကို ဤကဲ့သို့တွေ့လိုက်ရသဖြင့် မျက်နှာပျက်သွားကြသည်။
မာရှယ်တစ်ဦးက စခရင်ကိုကြည့်ရင်း အံကြိတ်လိုက်သည်။ ထိုလူများကြားထဲတွင် မတော်တဆသေဆုံးသွားသည့် သူ့လက်ထောက်လည်းပါဝင်နေလေသည်။
"ရွှီခဲ့လင်...ထွက်ခဲ့စမ်း...တစ်ယောက်ယောက်... တံခါးကိုကန်ဖွင့်လိုက်စမ်း..."
အင်ပါယာခေါင်းဆောင်က အံကြိတ်ကာ ပိတ်ထားသောတံခါးရှေ့တွင် အော်ဟစ်နေလေသည်။
"ဘယ်သူမှမရှိဘူးလား...."
"မစ္စတာဖု...ကျွန်တော့်လက်ထောက်နဲ့ပတ်သတ်ပြီး သင့်လျော်တဲ့ရှင်းပြချက်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်..."
"ဒီဗီဒီယိုကိုပြရတဲ့ ရည်ရွယ်ချက်ကဘာလဲ...ဒါက ဓာတ်ခွဲခန်းလား...အရင်တစ်ခါ အင်တာနက်ပေါ်မှာတွေ့လိုက်ရတဲ့ M ကြယ်ပေါ်က ဓာတ်ခွဲခန်းဆိုတာ ဒီလိုလူတွေကို သုတေသနလုပ်နေတာလား..."
မာရှယ်များက အင်ပါယာခေါင်းဆောင်ကို လုံးဝမျက်နှာသာမပေးကြတော့ပဲ ဝိုင်းဝန်းမေးခွန်းထုတ်ကြလေသည်။
"မဟုတ်ဘူး...မင်းတို့အားလုံး စိတ်လျှော့ကြစမ်းပါ..."
အင်ပါယာခေါင်းဆောင်က လုံးဝဝန်မခံချေ။
"ငါဒီစမ်းသပ်မှုမှာ လုံးဝမပါဝင်ဘူးဆိုတာ ငါ့ရဲ့ဂုဏ်သရေနဲ့တိုင်တည်ပြီး ကျမ်းကျိန်ရဲတယ်..."
သူ၏နှုတ်ဖျားမှ ထိုစကားများထွက်လာသည်နှင့်တပြိုင်နက် ဗီဒီယိုထဲတွင် ခြေသံအချို့ထွက်ပေါ်လာသည်။
အင်ပါယာခေါင်းဆောင်၏မျက်နှာက ရုတ်ချည်းဖြူဆုတ်သွား၏။
"ပိတ်ကြစမ်း...ပိတ်ကြ...ဝန်ထမ်းတွေဘယ်မှာလဲ...အကုန်သေကုန်ကြပြီလား..."
အမျက်ထွက်နေသောမာရှယ်တစ်ဦးက ခက်ထန်စွာပြောသည်။ "ဘယ်သူပိတ်ရဲလဲ..."
ခြေသံအဆုံးတွင် အနည်းငယ်ငယ်ရွယ်ပုံရသော အင်ပါယာခေါင်းဆောင်၏ပုံရိပ်က ဗီဒီယိုထဲတွင်ထွက်ပေါ်လာသည်။
"ဒီတစ်ခါအုပ်စုရဲ့ အရည်အသွေးကရော ဘယ်လိုနေလဲ..."
"စိတ်မပူပါနဲ့...sir...ပထမအုပ်စုလောက်တော့ အရည်အသွေးမကောင်းပေမယ့် လက်ရှိမှာတော့ထိပ်တန်းအဆင့်တွေချည်းပါပဲ..."
"စာရင်းလုပ်ပြီး ငါ့ဆီကိုပို့လိုက်..."
"ကောင်းပါပြီ..."
......
စကားပြောဆိုမှုပြီးဆုံးသွားသည့်နောက် ထွက်ခွာသွားသောခြေသံများသည် လူတိုင်း၏နားစည်ကို ပြင်းထန်စွာ ထပ်တလဲလဲရိုက်ခတ်နေ၏။
အချိန်မည်မျှကြာသွားသည်မသိ၊ တစ်စုံတစ်ဦးက တီးတိုးပြောလာသည်။
"ဒါလား...သူဒီစမ်းသပ်ချက်မှာမပါတဲ့အကြောင်း ကျိန်ရဲတယ်ဆိုတာ..."
"ဒီမှာဘာတွေဖြစ်နေတာလဲ..."
"ချီးပဲ...ဒါလူတစ်ယောက်လုပ်ရမယ့်အရာလား...M ကြယ်ပေါ်ကသတင်းအားလုံးကို ကောလဟာလဆိုပြီးငါဂရုမစိုက်ခဲ့တာ...ဒီလိုဖြစ်နေမယ်လို့ လုံးဝမမျှော်လင့်ထားခဲ့ဘူး..."
ကျွင်းချင်ယွီ အနည်းငယ်သဘောပေါက်စပြုလာ၏။ ဒါက ယောင်ယောင်ပြောတဲ့ မူရင်းဗီဒီယိုမဟုတ်လား...
အချိန်ကိုတွက်ကြည့်ပါက စခရင်ပေါ်ရှိလူများမှာ စမ်းသပ်ခံ ဒုတိယအုပ်စုဖြစ်လေသည်။ စမ်းသပ်မှုအောင်မြင်သွားသည့်အခါ အဆိုပါသေပြီးသားလူများကို တပ်မတော်၏မာရှယ်အသီးသီးအဖြစ် အင်ပါယာခေါင်းဆောင်က ခန့်အပ်မှာဖြစ်လေသည်။
အင်ပါယာခေါင်းဆောင်က ပရိုဂျက်တာအခန်းတံခါးဖွင့်မရခြင်းနှင့် သူဘယ်လောက်အော်အော် မည်သူမှတံခါးလာမဖွင့်ပေးသည်ကိုကြည့်ကာ တစ်စုံတစ်ခုအား သဘောပေါက်သွားသည်။ သူက ဖုယွမ်ချွမ်းကို သတ်ချင်ဖြတ်ချင်နေသကဲ့သို့ စိုက်ကြည့်လိုက်၏။
ထို့နောက် သူ့စိတ်သူတည်ငြိမ်အောင်လုပ်လိုက်ကာ "ဒါက ကျုပ်ရဲ့ကွန်ပြူတာကို တစ်ယောက်ယောက် hack ပြီး အတုလုပ်ထားတဲ့ဗီဒီယိုသက်သက်ပဲ..."
"စဥ်းစားကြည့်လေ...ကျုပ်သာဒီစမ်းသပ်ချက်မှာပါဝင်တယ်ဆိုရင် သေချာပေါက်ကောင်းကောင်းဖုံးကွယ်ထားမှာပေါ့...အခုလိုထင်ရှားတဲ့သက်သေတွေကို အားလုံးရှေ့မှာဒီအတိုင်းချပြပါ့မလား..."
စိတ်ဆိုးနေသောလူအချို့ ကြောင်အသွားသည်။ ထိုရှင်းပြချက်မှာ အဓိပ္ပါယ်ရှိလေသည်။
ဤကဲ့သို့ လူသိရှင်ကြားဖွင့်ပြလိုက်ခြင်းက အဓိပ္ပါယ်မရှိလေရာ တစ်ခုခုအထင်လွဲနေခြင်းသာဖြစ်မည်ဟု တစ်ချို့သောလူများကို တွေးမိသွားစေသည်။
ဒီလိုကိစ္စမျိုးက ခိုးကြောင်ခိုးဝှက်လုပ်ရမှာမဟုတ်လား...အခုကျတော့ ဗီဒီယိုတောင်ရိုက်ထားတဲ့အပြင် သူ့မျက်နှာကိုလည်း ရှင်းရှင်းလင်းလင်းနဲ့ ရှေ့ဘက်ကနေရိုက်ထားတာဆိုတော့ စိတ်ဝင်စားဖို့ကောင်းမနေဘူးလား....
အားလုံး၏ခံစားချက်များ တည်ငြိမ်သွားကြောင်းတွေ့သည့်အခါ အင်ပါယာခေါင်းဆောင်က ဆက်၍ပြောသည်။
"ပြီးတော့...ဘာလို့ဗီဒီယိုထဲကလူအားလုံးက ကျဆုံးသွားတဲ့အမှုထမ်းဟောင်းတွေဖြစ်နေရတာလဲ...အပြင်လူတစ်ယောက်မှတောင်မပါဘူး..."
"ဒီလိုစမ်းသပ်ချက်မျိုးက မသေချာမှုတွေရှိနိုင်ပြီးတော့ လူတွေပါဝင်တဲ့စမ်းသပ်ချက်တွေမှာ ကြိုပြီးပြင်ဆင်လို့မရတဲ့ ချွတ်ချော်မှုတွေရှိနိုင်တယ်...ဒီဗီဒီယိုအရဆိုရင် သုတေသနမှာပါဝင်တဲ့လူအားလုံးက တစ်ရက်ထဲမှာအသက်ရှင်ခဲ့ကြပုံပဲ...ဒါဆို သုတေသနရဲ့အောင်မြင်မှုနှုန်းက ဘယ်လောက်လဲ...တစ်ရာရာခိုင်နှုန်းလား...ဘယ်သူကအဲ့လိုလုပ်နိုင်မှာလဲ..."
"ကျုပ်ကို ချောက်ချချင်တာနဲ့ သူတို့က သုတေသနတိုင်းမှာဖြစ်လေ့ရှိတဲ့ကျဆုံးမှုတွေကိုတောင် ထည့်ဖို့မေ့သွားကြတာမဟုတ်လား..."
ထိုလူများ၏မျက်နှာများမှာ အစစ်အမှန်ဟုတ်မဟုတ် အတပ်မပြောနိုင်သော်လည်း ဗီဒီယိုကို နောက်ဆုံးအဆင့်အထိ ချောမွေ့စွာပြသသွားသဖြင့် မည်သူမှသံသယမဝင်ကြခြင်းဖြစ်သည်။ ဗီဒီယိုထဲရှိလူအားလုံး သုတေသနကြောင့်အသက်ပြန်ရှင်လာကြသည်မှာ မဖြစ်နိုင်ချေ။
ကျွင်းချင်ယွီက အေးဆေးစွာပြောလိုက်၏။ "သုတေသနကိုမပါဝင်ပဲနဲ့ ကြိုပြီးမမြင်နိုင်တဲ့ဖြစ်ရပ်တွေရှိမှန်း ခင်ဗျားဘယ်လိုလုပ်သိတာလဲ..."
အင်ပါယာခေါင်းဆောင်၏အပြုံက တောင့်တင်းသွားသည်။
"ကျုပ်က ဒီအတိုင်းအဆိုပြုကြည့်ရုံပါ..."
ကျွင်းချင်ယွီဘာမှမပြောနိုင်ခင် အင်ပါယာခေါင်းဆောင်က ပုတ်ခတ်ပြောဆိုလိုက်၏။
"ကျုပ်မင်းကို မေးချင်နေတာ...ကျုပ်ရဲ့မွေးနေ့ပွဲကို လူတွေအများကြီးဘာကြောင့်ခေါ်လာရတာလဲ...မာရှယ်ဖုရဲ့စစ်တပ်တစ်ခုလုံးများ ခေါ်လာတာလား..."
ကျွင်းချင်ယွီ သူ့ကိုလျစ်လျူရှုကာ မကြားချင်ယောင်ဆောင်လိုက်သည်။
အင်ပါယာခေါင်းဆောင်မည်မျှခေါ်နေပါစေ၊ မည်သူမှရောက်မလာသည်ကိုကြည့်ပါက ရွှီခဲ့လင်အပါအဝင် အားလုံးဖမ်းဆီးခံထားရသည်မှာ ထင်ရှားလေသည်။
ကျွင်းချင်ယွီခန့်မှန်းထားသည့်အတိုင်းဆိုပါက ပရိုဂျက်တာပြသမည့် အခန်းထဲတွင် ရှီခိုင်ရှင်းက ပုန်းခိုနေခဲ့ကာ ရွှီခဲ့လင် ဝင်လာချိန်၌ ဖမ်းဆီးလိုက်ပုံရသည်။ ထို့နောက် သုတေသနခန်း၏ဗီဒီယိုကို ဖွင့်ချလိုက်ခြင်းပင်။ သို့သော် သူတို့၏ပြိုင်ဘက်များကို သေတွင်းပို့ရန်မှာ ထင်သလောက်မလွယ်ကူပဲဖြစ်နေလေသည်။
ဖုယွမ်ချွမ်းက အင်ပါယာခေါင်းဆောင်၏မေးခွန်းကို ရှောင်လွှဲခြင်းမရှိချေ။
"ဒါပေါ့...အားလုံးကိုဒီခေါ်လာတာ..."
သူက ဖြစ်သင့်သည့်ကိစ္စတစ်ခုကဲ့သို့ပြောနေလေရာ အင်ပါယာခေါင်းဆောင် ခဏတာအံ့သြသွားသည်။
အကြည့်အားလုံးက ဖုယွမ်ချွမ်းထံကျရောက်လာကြ၏။
သူ၏စစ်တပ်တစ်ခုလုံးကို ခေါ်လာသည်ဟူသောအဓိပ္ပါယ်အရ ဘာလုပ်ချင်မှန်းသိသာသွားပြီဖြစ်သည်။
ဓာတ်ခွဲခန်းကိစ္စမှာ အင်ပါယာခေါင်းဆောင် ပါဝင်ပတ်သတ်မှုရှိမရှိ အတည်မပြုရသေးခင် စစ်တပ်ကိုခေါ်လာပြီး ဝိုင်းထားခိုင်းတယ်ဆိုတော့ သိက္ခာကျမှာကို ဂရုမစိုက်တော့ဘူးလား...
အင်ပါယာခေါင်းဆောင်က သွားများကိုကြိတ်လိုက်သည်။
"ဖုယွမ်ချွမ်း...မင်းဘာလုပ်ဖို့ကြိုးစားနေတာလဲ..."
ဖုယွမ်ချွမ်းက တည်ကြည်သောမျက်နှာထားဖြင့် တင်ပြနေသလိုပြောလာ၏။
"ဇာ့ဂ်တစ်ကောင် အင်ပါယာနန်းတော်ထဲခိုးဝင်သွားတယ်လို့ သတင်းရထားပါတယ်...နိုရယ့်ရဲ့လုံခြုံရေးကိုစိုးရိမ်တဲ့အတွက် ကျွန်တော့်စစ်တပ်တစ်ခုလုံးကိုခေါ်လာပြီး ထောင်ချောက်ထဲကကြွက်ကိုစောင့်ဖမ်းမလို့ပါ..."
"ဟုတ်လို့လား...မင်း...ဇာ့ဂ်ကဘယ်လိုလုပ်ပြီး..."
အင်ပါယာခေါင်းဆောင်က အေးစက်စက်ပြောသည်။
"မာရှယ်တွေအများကြီးဒီမှာရှိတယ်...မင်းကိုယ်မင်းစိတ်ငြိမ်ငြိမ်ထားပြီး နောင်တရမယ့်ကိစ္စမျိုးမလုပ်တာကောင်းမယ်..."
တစ်ဖက်လူ၏ဒေါသကို ဖုယွမ်ချွမ်းလျစ်လျူရှုလိုက်၏။ "အရမ်းနောက်မကျခင်..."
အင်ပါယာခေါင်းဆောင် ထိတ်လန့်သွား၏။ "ဘာ..."
"ခင်ဗျား ပြောခဲ့တဲ့နောက်ဆုံးစကားတွေ..."
ကျွင်းချင်ယွီ ဖုယွမ်ချွမ်းကို နားမလည်ဟန်ကြည့်လိုက်သည်။ တစ်ဖက်လူက အိတ်ကပ်ထဲမှလက်ကိုထုတ်ကာ သူ့ခါးကိုဖက်၍ဆွဲလှည့်လိုက်သည့်အတွက် အင်ပါယာခေါင်းဆောင်အား ကျောခိုင်းလျှက်အနေအထားဖြစ်သွား၏။
ထို့နောက် သူ့နားထဲတွင် ဖုယွမ်ချွမ်း၏အသံကို ကြားလိုက်ရသည်။
"ရှီခိုင်ရှင်း..."
ဖုယွမ်ချွမ်းက ကျွင်းချင်ယွီအားတင်းတင်းဖက်ကာ နားနှစ်ဖက်ကိုလက်ဖြင့်အုပ်ထားပေး၏။
စူးရှပြီးကျယ်လောင်သော အသံကြီးထွက်ပေါ်လာသည်။
အခြားလူများက ရုတ်တရက်မို့ကြောက်လန့်သွားကာ သတိပြန်ဝင်လာချိန်၌ သူတို့၏နားများကို ဖုံးအုပ်ကာဆီးလိုက်ကြသည်။
"မင်းဘာတွေလုပ်နေတာလဲ..."
"မြန်မြန်...တားကြစမ်း...တားကြစမ်း..."
"ဘုရားသခင်...ဒီအသံက..."
Xxxxxx