အပိုင်း ၈၈
Viewers 16k

Chapter 88


စုးရှသောအသံနှင့် အော်ဟစ်သံများရောနှောသွားလေသည်။ ထို့အတူ အဝတ်များစုတ်ပြဲသံလည်း ထွက်ပေါ်လာ၏။


ဖုယွမ်ချွမ်းက ပြောင်းလဲသွားသည့်လူအား ​အေးစက်စက်ကြည့်နေသော်လည်း မျက်နှာအမူအယာမှာ အနည်းငယ်ပင်မပြောင်းလဲသွားခဲ့ချေ။ သူ၏မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုရိပ်များ အထင်းသားထွက်ပေါ်​နေသည်။


ထိုစဥ် နားရွက်များထံမှနွေးထွေးမှုကြောင့် ဖုယွမ်ချွမ်းကြောင်အသွားသည်။ သူငုံ့ကြည့်လိုက်သည့်အခါ ရေသူလေး၏ရွှေအိုရောင်ဖျော့ဖျော့ဆံနွယ်များကို တွေ့လိုက်ရလေသည်။ ဖုယွမ်ချွမ်း၏မျက်နှာအမူအယာက ပြန်လည်နူးညံ့လာ၏။


စူးရှသောအသံများက မပျောက်ကွယ်သေးသော်လည်း တဖြည်းဖြည်းလျော့နည်းလာသည်။


မူလအခြေအနေသို့ ပြန်လည်ရောက်ရှိလာသော်လည်း အားလုံးက ထိတ်လန့်မှုမပြယ်သေးပဲ ရှိ​နေကြ၏။


ထိုစဥ် တစ်စုံတစ်ဦးက အသက်ပြင်းပြင်းရှူလိုက်ကာ အရှေ့ဘက်သို့ညွှန်ပြရင်း အော်ဟစ်လိုက်သည်။


 "ကြည့်စမ်း..."


"ဒါက..."


"ဘာဖြစ်နေတာလဲ...အဲ့ဒီ့ဇာ့ဂ်ကဘယ်ကနေရောက်လာတာလဲ..."


ကျွင်းချင်ယွီ ထိုအသံများကြောင့် ဖုယွမ်ချွမ်း၏ပွေ့ဖက်မှုကြားမှ တစ်ချက်ခိုးကြည့်လိုက်သည်။


မူလက အင်ပါယာခေါင်းဆောင်ရပ်နေခဲ့သောနေရာတွင် စုတ်ပြဲနေသောပိုးသားစများရှိနေကာ အနက်ရောင်ဇာ့ဂ်တစ်ကောင်သာ လဲလျောင်းနေ၏။


ဇာ့ဂ်ကအလွန်အားနည်းနေပုံရကာ စောစောကစူးရှသောအော်သံကြောင့် ထိခိုက်သွားခဲ့ပုံပေါ်သည်။ မြေပြင်တွင် လှုပ်ရှားမှုစိုးစဥ်းမျှမရှိပဲလဲလျောင်းလျက်ရှိပြီး အသက်ရှင်နေကြောင်းပြယုဂ်အဖြစ် ညည်းညူသံအနည်းငယ်ထွက်ပေါ်နေသည်။


အင်ပါယာခေါင်းဆောင်က လူမြင်ကွင်းတွင် ဇာ့ဂ်တစ်ကောင်အဖြစ်ပြောင်းလဲသွားခဲ့သည်။


ကျွင်းချင်ယွီ၏နှလုံးသားက အခုမှစိတ်သက်သာရာရသွား၏။ ဖုယွမ်ချွမ်းအနေဖြင့် ဗီဒီယိုတစ်ခုထဲကိုအားကိုး၍ အင်ပါယာခေါင်းဆောင်အားဆွဲချရန် မဖြစ်နိုင်ချေ။


ဒီလူက လူသားစင်စစ်တောင်မဟုတ်ဖူးပဲ...


မျက်ဝန်းများစွာက စောင့်ကြည့်နေခြင်းဖြစ်ရာ အကယ်၍ တစ်ဖက်လူက ယခုချက်ချင်း လူသားအသွင်သို့ပြန်ပြောင်းလျှင်ပင် ဇာ့ဂ်နှင့်ပေါင်းစပ်ထားခြင်းဟူသည့်အချက်ကို ဖုံးအုပ်၍မရနိုင်ချေ။


ဇာ့ဂ်ကိုသယ်ဆောင်ထားသည့် ရေသူဥက M ဂြိုဟ်ရှိဓာတ်ခွဲခန်းနှင့် ဆက်စပ်နေခဲ့သည်။ အကယ်၍ ဇာ့ဂ်များနှင့်ရေသူမျိုးနွယ်များကိုသာ သုတေသနလုပ်ခဲ့ပါက လူသားများနှင့်တွဲဖက်၍လည်း သုတေသနလုပ်ကြမှာပင်။


အကယ်၍ သု​တေသနအောင်မြင်လျှင် အင်ပါယာခေါင်းဆောင်သည်လည်း ကိုယ်တိုင်ပါဝင်နိုင်ချေရှိသည်။ အဆုံးသတ်တွင်တော့ ဇာ့ဂ်များ၏သက်တမ်းမှာ ကြယ်တာရာခေတ်သက်ရှိများထဲ၌ အရှည်ကြာဆုံးမဟုတ်ပါလော။


သူ့လက်ထဲရှိသောအာဏာမှာ အလွန်မက်မောဖွယ်ကောင်းသည့်အတွက်ကြောင့် သက်တမ်းကိုဆွဲဆန့်ရန် သုတေသန၌ပါဝင်ခဲ့ခြင်းဖြစ်ပုံရသည်။


ကျွင်းချင်ယွီ အကြမ်းဖျဥ်းခန့်မှန်းကြည့်ပြီးနောက် အကြည့်လွဲကာ ဖုယွမ်ချွမ်း၏ပွေ့ဖက်မှုကြား တိတ်တဆိတ်တိုးဝင်လိုက်သည်။


သို့သော် သူပြန်ပုန်းလိုက်သည်နှင့် သူ့​နားရွက်ပေါ်ရှိဖုယွမ်ချွမ်း၏လက်က နေရာတကျပြန်ရောက်လာ၏။


ကျွင်းချင်ယွီ လန့်သွားသည်။


သူခိုးကြည့်တာလူမိသွားတာလား...ဖုယွမ်ချွမ်းက သူရှင်းရှင်းလင်းလင်းမြင်ရအောင်လို့ လက်ကိုတောင်ဖယ်ပေးထားတာပေါ့...


ကျွင်းချင်ယွီ ထိုအချက်ကိုသတိပြုမိသွားသဖြင့် ခေါင်းမော့၍ကြည့်လိုက်သည့်အခါ သူ့ကိုငုံ့မိုးကြည့်နေသော ပြုံးယောင်သမ်းနေသည့် မျက်ဝန်းတစ်စုံနှင့် အကြည့်ချင်းဆုံသွားသည်။


စောစောကသူလုပ်ခဲ့သော ကလေးဆန်မှုကိုပြန်တွေးကာ ကျွင်းချင်ယွီ နှုတ်ခမ်းအသာကိုက်လိုက်မိ၏။ သူက မကျေမနပ်ဖြင့် တစ်ဖက်လူအားလျစ်လျူရှုလိုက်သည်။


ဖုယွမ်ချွမ်းက ရေသူလေး၏ကျောပြင်ကိုပွတ်သပ်ကာ ချော့မြူလိုက်သည်။ "ကြောက်လို့လား..."


ကျွင်းချင်ယွီ အပေါ်မော့မကြည့်ပဲ ခေါင်းခါပြလိုက်သည်။


အရွယ်ရောက်နေသောဇာ့ဂ်မှာ အရင်ကတွေ့ဖူးသော ဥထဲရှိဇာ့ဂ်နှင့် အရွယ်အစားသာကွဲပြားတာဖြစ်သည်။ သူ့အနေဖြင့် ဘာမှကြောက်စရာမရှိချေ။


အင်ပါယာခေါင်းဆောင် ဇာ့ဂ်အဖြစ်ပြောင်းလဲသွားသောမြင်ကွင်းကြောင့် အားလုံးထိတ်လန့်နေကြလေသည်။ 


ဖုယွမ်ချွမ်းက သူတို့ကိုတုံ့ပြန်ရန် အချိန်မပေးချေ။ “ရှီခိုင်ရှင်း...”


သူ့အသံဆုံးသည်နှင့် တံခါးပွင့်သွားကာ ရွှီခဲ့လင်ကိုဆွဲခေါ်လျက် ရှီခိုင်ရှင်းထွက်လာ၏။


ရှီခိုင်ရှင်းက အသံကိုမြှင့်၍ပြောသည်။


 “အင်ပါယာခေါင်းဆောင်က ဇာ့ဂ်တစ်ကောင်ရဲ့အစားခံရပြီးတော့ ဇာ့ဂ်နဲ့လူသားမျိုးစပ်တစ်ယောက်ဖြစ်လာခဲ့တယ်...မာရှယ်က ဒီသတင်းကိုအားလုံး​သိအောင်ပြောချင်ပေမယ့် ဒီကိစ္စမျိုးက စာရွက်ပေါ်မှာတင်ပြီးနိုင်တာမဟုတ်ဖူးလေ...ဒါ့ကြောင့် အားလုံးမျက်စိရှေ့မှာ အင်ပါယာခေါင်းဆောင်ရဲ့ ဇာ့ဂ်ပုံစံကိုပြသဖို့ စီစဥ်ခဲ့တာပါ...”


“အခုတော့ အားလုံးမြင်တဲ့အတိုင်းပါပဲ...မေးစရာရှိရင် တစ်ယောက်ချင်းအလှည့်ကျမေးနိုင်ပါတယ်...”


ရွှီခဲ့လင်ကို လွှတ်ချထားခဲ့ကာ ရှီခိုင်ရှင်းက အားလုံး၏သံသယအကြည့်များနှင့် ရင်ဆိုင်လိုက်သည်။


အားလုံး သိချင်နေကြသော်လည်း သူတို့မှာ အရူးများမဟုတ်ကြချေ။


ယခုအချိန်၌ တစ်စုံတစ်ခုမေးလိုက်ပါက ဖုယွမ်ချွမ်း၏လုပ်ရပ်များအပေါ် မေးခွန်းထုတ်ရာကျသွားလိမ့်မည်။


ထို့ပြင်အင်ပါယာခေါင်းဆောင်က အားလုံးရှေ့တွင် ဇာ့ဂ်အဖြစ်အသွင်ပြောင်းသွားခြင်းဖြစ်ရာ မေးစရာအကြောင်းဘာမှမရှိတော့ချေ။


အဆုံးသတ်၌ ဇာ့ဂ်များနှင့်စစ်မြေပြင်၌ တိုက်ခိုက်ခဲ့ကြသောမာရှယ်များ စကားတစ်ခွန်းမှမဆိုနိုင်ကြတော့ချေ။ သူတို့၏ညီအကိုများက မျက်ရည်များသွေးများကိုရင်း၍ ဇာ့ဂ်များကိုတိုက်ခိုက်ရင်း သေပွဲဝင်ခဲ့ရသည်။ သူတို့က ဇာ့ဂ်များကို ရွံမုန်းခဲ့ကြသည်။


ယခုမူ သူ​တို့ကာကွယ်ခဲ့ရ​သောအင်ပါယာ၏ ခေါင်းဆောင်က ဇာ့ဂ်အဖြစ်အသွင်ပြောင်းသွားခြင်းကို သူတို့မျက်လုံးများဖြင့် အတည်ပြုခဲ့ရလေသည်။


အလွန်ပုတ်ပွနေကာ ပျက်စီးယိုယွင်းနေသောသူကို အသက်​ပေးကာကွယ်ခဲ့ကြရခြင်းပင်။


အင်ပါယာခေါင်းဆောင်မှာ ဇာ့ဂ်တစ်ဦးကပ်တွယ်ခြင်းခံနေရကြောင်းကိုပင် သူတို့သတိမပြုမိခဲ့ကြ။


မာရှယ်တစ်ဦးစီ၏မျက်နှာများက လေးလံနေကာ အတိတ်ကိုပြန်လည်တွေးတောရင်း သူတို့၏ အပေါင်းအဖော်များဆုံးပါးသွားခြင်းကို ဝမ်းနည်းပူဆွေး​နေ​ကြသည်။


ထိုသူတို့၏စတေးမှုများမှာ ဟာသတစ်ခုသာဖြစ်ပြီး သူတို့တစ်ဦးချင်းစီက ထိုဟာသကိုဖန်တီးမိခဲ့ကြခြင်းဖြစ်လေသည်။


မာရှယ်တော့ဒစ်စ်က သူ၏ပွင့်ဟနေသောပါးစပ်ကို ပိတ်လိုက်၏။ အင်ပါယာခေါင်းဆောင် ဇာ့ဂ်ဖြစ်သွားခြင်းကြောင့် သူလည်းလန့်သွားခဲ့သော်ငြား ယခုအချိန်မှာ ပူဆွေးနေရမည့်အချိန်မဟုတ်ချေ။ သူက မေးလိုက်သည်။


“ခုနကပြသွားတဲ့ သုတေသနဗီဒီယိုကရော ဘာလဲ...”


ရှီခိုင်ရှင်းက ခေါင်းညှိတ်လိုက်ကာ ရှင်းပြသည်။


 “အားလုံး ဗီဒီယိုထဲကအမှုထမ်းတွေကို မှတ်မိကြမှာပါ...သုတေသနအောင်မြင်ပြီး အဲ့ဒီ့လူတွေ ဓာတ်ခွဲခန်းထဲကထွက်လာတဲ့အခါ မာရှယ်တွေရဲ့နေရာမှာ သူတို့နဲ့အစားထိုးဖို့ အင်ပါယာခေါင်းဆောင်ကစဥ်းစားနေတာပါ...”


“ကျွန်တော်ကတော့ သူလျှိုပျိုးထောင်တယ်လို့ယူဆပါတယ်...ဘာကြောင့်လဲဆိုတော့ စမ်းသပ်ခံလူတွေရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာ စွမ်းအင်တွေဟာ ထိပ်တန်းအဆင့်တွေ ဖြစ်နေတဲ့အတွက် လူတိုင်းက သူတို့ကိုထူးချွန်ထက်မြက်တဲ့မာရှယ်တွေအဖြစ် ယုံကြည်ကြလိမ့်မယ်မဟုတ်လား...”


“ဒီနည်းလမ်းက မာရှယ်တွေအားလုံးနဲ့ယှဥ်ပြိုင်ရတာထက် ပိုပြီးအဆင်ပြေတဲ့အပြင် အစားထိုးခံ မာရှယ်အားလုံးက ​သူ့အတွက်အလုပ်လုပ်ပေးကြမှာ အသေအချာပဲလေ...ဒါပေမယ့် သုတေသနမှာအမှားအယွင်း​ဖြစ်တဲ့အခါ ခန္ဓာကိုယ်လည်းပျက်စီးသွားနိုင်တယ်...သေဆုံးမှုနဲ့လူပျောက်မှုတွေက ဒီအတွက်ကြောင့် ဖြစ်ပေါ်လာရတာပဲ...”


မာရှယ်များက ၎င်းကိုကြားသည့်အခါ အပ်ကျသံပင်မကြားရလောက်အောင် တိတ်ကျသွားလေသည်။ တစ်ဦးအတွက်တစ်ဦးအမြဲရှိနေခဲ့သော သူတို့၏ညီအကိုများက သူတို့ကိုလုပ်ကြံရန်ချောင်းမြောင်းနေသော အင်ပါယာခေါင်းဆောင်၏သူလျှိုများ ဖြစ်သွားကြခြင်းဖြစ်သည်။ ရုတ်တရက်ပြောင်းလဲမှုကို မည်သူမှလက်မခံနိုင်ခဲ့ကြချေ။


ရွှီခဲ့လင်က အမူအရာကင်းမဲ့စွာထိုင်နေသည်။ သူသည်လည်း သုတေသနကြောင့် အံ့သြသွားခဲ့ရ၏။ သို့သော် အင်ပါယာခေါင်းဆောင်အပေါ် သစ္စာမပျက်ချင်သောကြောင့် ရှင်းပြရန်ကြိုးစားလိုက်သည်။


“မဟုတ်ဘူး...မဟုတ်ဘူး...သူလိမ်နေတာ...မစ္စတာဖုက ဇာ့ဂ်တွေနဲ့ဘာသဘောတူညီချက်မှမရှိပါဘူး...သူအကွက်ချခံရတာပါ...”


“သူက လူအများကြီးရှေ့မှာ ဇာ့ဂ်အဖြစ်ပြောင်းသွားလေ...”


“အမှန်ပဲ...ငါ့မှာတကယ့်ကိုပြောစရာမရှိတော့ဘူး...အင်ပါယာခေါင်းဆောင်က ဇာ့ဂ်ဖြစ်နေမယ်လို့ လုံးဝမထင်ထားတာ...သူကငါတို့ရဲ့ကျဆုံးသွားတဲ့စစ်သည်တွေအတွက် လက်စားချေရမယ်ဆိုပြီးတောင် လှုံ့ဆော်ခဲ့တယ်မဟုတ်လား...”


ရွှီခဲ့လင်က ခေါင်းခါကာ အကျိုးအကြောင်းကိုရှင်းပြသည်။ 


“ဒါကအမှန်မဟုတ်ဘူး...အဲ့ဒီ့မှာ လူတစ်ယောက်ကိုယ်ပေါ်ကို ၅မိနစ်ကြာတင်လိုက်ရုံနဲ့ အသက်ဝင်နိုင်တဲ့ ဇာ့ဂ်ကပ်ပါးကောင်ရှိနေတာပဲဖြစ်ရမယ်...ပြင်းထန်တဲ့အသံလှိုင်းတွေက အဲ့ဒီ့ကပ်ပါးကောင်ကိုလှုံ့​ဆော်လိုက်အတွက် နိုရယ်က ဇာ့ဂ်တစ်ကောင်အဖြစ် အသွင်ပြောင်းသွားခဲ့တာ...”


“တကယ်ပြောနေတာလား...အဲ့ဒီ့လိုအရာမျိုးရှိမှန်း ငါဘာလို့မသိရတာပါလိမ့်...”


“ကျုပ်ဖြင့် တစ်ခါမှမကြားဖူးပါဘူး…”


ဖုယွမ်ချွမ်းက ဘာမှမပြောသော်လည်း အခြားလူများက စတင်ငြင်းပယ်လာကြသည်။


အမျိုးမျိုးသော ချေပချက်များကိုနားထောင်ရင်း ရွှီခဲ့လင်အံကြိတ်လိုက်၏။


 “အဲ့ဒါက...ဓာတ်ခွဲခန်းမှာသုတေသနလုပ်ထားတဲ့ ထုတ်ကုန်ပဲ...”


ဆူညံမှုများက ရုတ်တရက်တိတ်ဆိတ်သွားသည်။ ဓာတ်ခွဲခန်း၏သုတေသန၌ လူသားများပင်ပါဝင်နေသည်ကို အားလုံးမြင်ခဲ့ရပြီးပြီဖြစ်၏။ ရွှီခဲ့လင်ပြောသော ဇာ့ဂ်ကပ်ပါးကောင်ကိစ္စမှာ မဖြစ်နိုင်တာမဟုတ်ချေ။


“ဒါ့အပြင် တစ်စုံတစ်ယောက်မှာ အဲ့ဒီ့လိုလုပ်နိုင်စွမ်း ရှိနေတယ်မဟုတ်လား...ကျုပ်အပါအဝင် အနားကလူတွေကိုဖယ်ခိုင်းထားပြီးတော့ မာရှယ်ဖုက မစ္စတာဖုနဲ့စကားပြောနေခဲ့တာလေ...တစ်ခုရှိတာက ကပ်ပါးကောင်ကို အဝေးကနေထိန်းချုပ်လို့မရဘူး...မာရှယ်ဖုက ဒီမှာပဲတစ်လျှောက်လုံးရှိနေတာဆိုတော့ သူ့ကိုယ်ပေါ်မှာသဲလွန်စကျန်နေခဲ့လောက်တယ်...”


ရွှီခဲ့လင်က စကားခဏရပ်ကာ မတ်တပ်ထလိုက်၏။


 “အကယ်၍ မာရှယ်ဖုရဲ့ကိုယ်ပေါ်မှာ ထိန်းချုပ်တဲ့ပစ္စည်းကိုရှာတွေ့မယ်ဆိုရင် မာရှယ်ဖု(နိုရယ်)ကတကယ်ပဲဇာ့ဂ်တစ်ကောင်ကပ်တွယ်ခံနေရသလား၊ ဒါမှမဟုတ်အရင်ထဲက အသတ်ခံလိုက်ရတာလားဆိုတာကို ကျုပ်တို့ရှင်းရှင်းလင်းလင်းသိနိုင်မှာပဲ...”


ကျွင်းချင်ယွီ ထိုစကားများကိုကြားသည့်အခိုက် အေးခဲသွား၏။ သူ၏အမူအယာကပြောင်းလဲသွားကာ ဘာလုပ်ရမှန်းမသိတော့ချေ။ သူက ဖုယွမ်ချွမ်း၏အိတ်ကပ်ကို လက်နှိုက်လိုက်ကာ ဟိုစမ်းဒီစမ်းလုပ်လိုက်သည်။


ရှီခိုင်ရှင်းက အေးစက်စက်ဖြင့် နှာခေါင်းရှုံ့လိုက်၏။


 “မာရှယ်က ဒီလိုပြောလိုက်ရုံနဲ့ စိတ်တိုင်းကျစစ်ဆေးနိုင်မယ်လို့ ထင်တာလား...”,


သူ့နံဘေးရှိတစ်ယောက်က တီးတိုးဆိုလိုက်၏။ “အဲ့ဒီ့လိုအရာမျိုး တကယ်ရှိတာလား...ဒါကိုသုတေသနလုပ်ရတဲ့ သူတို့ရဲ့ရည်ရွယ်ချက်က ဘာများပါလိမ့်...”


“ဘယ်သူသိမှာလဲ...အဲ့ဒါက အသက်ရှင်နေတဲ့လူတစ်ယောက်ကို ပိုပြီးသန်မာစေတယ်လေ...ငါဖြင့်တွေးကြည့်လို့တောင်မရဘူး...”


ရွှီခဲ့လင် မျက်နှာပျက်သွား၏။ ထိုအရာကို ဖုယွမ်ချွမ်းအားချောက်ချရန်အတွက် သုတေသနလုပ်ခဲ့ခြင်းဖြစ်သော်လည်း M ကြယ်ပေါ်၌ မတော်တဆပျောက်ဆုံးသွားခဲ့သည်။ ပထမက ကြယ်တာရာဓားပြများ၏လက်တွင်းသို့ ထိုအရာရောက်ရှိသွားသည်ဟု သူ ထင်ခဲ့မိခြင်းဖြစ်၏။ ဖုယွမ်ချွမ်းထံ၌ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။


ရွှီခဲ့လင်ကပြောသည်။


 “ကျုပ်ရဲ့ဥာဏ်ရည်တုက ထိန်းချုပ်ပစ္စည်းနဲ့ အချင်းချင်းဆက်သွယ်နိုင်တယ်...ထိန်းချုပ်ပစ္စည်းကိုရှာတွေ့တာနဲ့ အနီရောင်လင်းလာလိမ့်မယ်...ခင်ဗျားက ဒီကိစ္စနဲ့ဘာမှမပတ်သတ်ဘူးဆိုမှတော့ ဘာ့ကြောင့်ရှာခွင့်မပေးနိုင်ရမှာလဲ...ဟုတ်တယ်မလား...”


သူက ညစ်ကျယ်ကျယ်ပြုံးလိုက်၏။


 “...မာရှယ်ကဒီလိုအရှက်တကွဲဖြစ်ရပ်မျိုးကို လက်မခံနိုင်ဘူးထင်တယ်...”


ရွှီခဲ့လင်က ဖုယွမ်ချွမ်းကို ရန်စ​​သောအ​ကြည့်​ဖြင့်ကြည့်ရင်း ဥာဏ်ရည်တုကိုကိုင်ဆောင်လျှက် ရှေ့သို့တိုးရန်ပြင်လိုက်သည်။


“အတင့်ရဲလိုက်တာ...” ရှီခိုင်ရှင်းက သူ့ရှေ့၌ပိတ်ရပ်လိုက်၏။ 


“ခင်ဗျား သစ္စာစောင့်သိနေတဲ့လူက ဇာ့ဂ်တစ်ကောင်ပဲ...ကျွန်​တော့်အထင် ခင်ဗျားလည်း ဇာ့ဂ်ဟုတ်မဟုတ် စစ်ဆေးသင့်တယ်မဟုတ်လား...”


ရွှီခဲ့လင်အားစွပ်စွဲရန် သက်သေအလုံအလောက်မရှိသဖြင့် ရှီခိုင်ရှင်း သူ့ကိုဖမ်းဆီး၍မရချေ။ တစ်ဖက်လူမှာ အမှုထမ်းလည်းဖြစ်နေသေးသည်။


သို့သော် ရွှီခဲ့လင်က ဒီလောက်ထိအတင့်ရဲလာလေရာ ရှီခိုင်ရှင်းအနေဖြင့် သူ့ကိုဆွဲချရတော့မှာဖြစ်၏။


“လမ်းဖယ်စမ်း...ကျုပ်ကိုမထိနဲ့...” ရွှီခဲ့လင်က ရုန်းကန်ရင်းအော်လိုက်သည်။ 


“ကိုယ့်ကိုယ်ကိုယ်လိပ်ပြာလုံတယ်ဆိုရင် ဘာ့ကြောင့်အစစ်အဆေးမခံနိုင်ရတာလဲ...ခင်ဗျားတို့က အင်ပါယာခေါင်းဆောင်ကို သက်သက်အကွက်ဆင်ပြီးတော့ သူ့ရဲ့ဂုဏ်ကျက်သရေကိုညှိုးနွမ်းအောင်လုပ်တာပဲ...”


“တိတ်စမ်း...ခင်ဗျား...” ရှီခိုင်ရှင်းက သူ့ပါးစပ်ကိုပိတ်လိုက်၏။


သို့သော် ရွှီခဲ့လင်၏လက်မောင်းက ရုတ်တရက်ပြုတ်ထွက်သွားလေသည်။


ရှီခိုင်ရှင်းက မာရှယ်တော့ဒစ်စ်၏နေရာတွင် ဤအဖြစ်အပျက်ကို ကြုံဖူးပြီးသားဖြစ်သဖြင့် လက်မောင်းပြတ်ကို လုံးဝဂရုမစိုက်ပဲ ရွှီခဲ့လင်ကိုသာ မြေပေါ်လှဲချလိုက်ပြီးဖိနှိပ်ထားလိုက်သည်။


“ငါ့ကိုဒါမျိုးလာမလှည့်စားနဲ့...”


သူ့ဘေးရှိလူက အထိတ်တလန့်ဖြင့် “ဒါ...ဒါ...ဒါ...သူ့လက်မောင်းကဘာလို့...”


“ရွှီခဲ့လင် အရင်ကဒဏ်ရာရဖူးတာလား...အဲ့ဒါကြောင့် လက်အတုတပ်ထားတာလား...”


“ကြည့်စမ်း...အဲ့ဒါက ကောင်းကောင်းလုပ်ထားတာပဲ...တော်တော်လေးစိတ်ဝင်စားစရာကောင်းတယ်...”


……

Xxxxxxx