Chapter 89
သူ့ဘေးရှိလူက အထိတ်တလန့်ဖြင့် “ဒါ...ဒါ...ဒါ...သူ့လက်မောင်းကဘာလို့...”
“ရွှီခဲ့လင် အရင်ကဒဏ်ရာရဖူးတာလား...အဲ့ဒါကြောင့် လက်အတုတပ်ထားတာလား...”
“ကြည့်စမ်း...အဲ့ဒါက ကောင်းကောင်းလုပ်ထားတာပဲ...တော်တော်လေးစိတ်ဝင်စားစရာကောင်းတယ်...”
လက်ပြတ်ကမြေပေါ်ကျသွားသည်နှင့် ထိုလက်အတွင်း၌ရှိသော ညဏ်ရည်တုစက်သည်လည်း ဖုယွမ်ချွမ်းအရှေ့အရောက် လွှဲပစ်ခြင်းခံလိုက်ရသည်။
ရှီခိုင်ရှင်း၏မျက်ဝန်းများ ပြူးကျယ်သွား၏။
ဖုယွမ်ချွမ်းက ၎င်းကိုကန်ထုတ်ရန်ပြင်လိုက်သော်လည်း ကျွင်းချင်ယွီက သူ၏ဘောင်းဘီအနားစကို ခပ်ဖွဖွဆွဲလာ၏။
ရွှီခဲ့လင် ပြုံးလိုက်သည်။
“ထိန်းချုပ်တဲ့ပစ္စည်း အနီးအနားမှာရှိနေသရွေ့ အလင်းတုကအနီရောင်လင်းလာလိမ့်မယ်...”
သို့သော် အချိန်အတော်ကြာသည်အထိ ၎င်းကဘာမှမတုံ့ပြန်လေရာ ရွှီခဲ့လင်၏နှလုံးသားက နစ်မြုပ်သွားသလိုခံစားလိုက်လိုက်ရ၏။
သူ၏မျက်လုံးများက အထိတ်တလန့်ပြူးကျယ်သွားကာ “မဖြစ်နိုင်ဘူး...ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...”
ဖုယွမ်ချွမ်း ထိုအရာကိုသုံးခဲ့ကြောင်း သူ သေချာသိလေသည်။
“ခင်ဗျား ဖွက်ထားတာမလား...မဟုတ်သေးဘူး...ဖွက်ထားရင်တောင် သေချာပေါက်အနီရောင်လင်းလာရမှာ...မဟုတ်ဘူး...”
ဖုယွမ်ချွမ်းက ဥာဏ်ရည်တုကိုတစ်လှည့် သူ့လက်မောင်းများကြားထဲ၌ စတော်ဘယ်ရီချိုချဥ်စားနေသည့် ရေသူလေးကိုတစ်လှည့်ကြည့်လိုက်သည်။
ကျွင်းချင်ယွီက သကြားလုံးကိုဝါးနေရင်း မျက်ဝန်းလေးများ လခြမ်းကွေးသဏ္ဍာန်ကွေးညွှတ်သွားသည်အထိ ပြုံးလိုက်သည်။
“ရှက်စရာပဲ...ကိုယ့်လက်ကိုယ်မြန်မြန်ပြန်ကောက်စမ်းပါ...ခင်ဗျားဘယ်လောက်ပဲအရှက်မဲ့နေပါစေ၊ လူတွေကို စိတ်ထဲရှိတဲ့အတိုင်း ယိုးစွပ်လို့မရဘူးလေ...”
“ဟုတ်တယ်...ဟုတ်တယ်...ဒါပေမယ့် အကယ်၍ မာရှယ်ဖုက အခုချက်ချင်းဒါကိုမရှင်းဘူးဆိုရင် အနာဂတ်မှာပြသနာရှိလာနိုင်တယ်နော်...”
ရွှီခဲ့လင်က အမှားဝန်ခံရန်ငြင်းဆန်လိုက်၏။ သူက ဤကိစ္စ၌ ဖုယွမ်ချွမ်းပါဝင်နေမည်ဟု သေချာပေါက်ယူဆထားခြင်းဖြစ်ရာ ရှီခိုင်ရှင်းဖိနှိပ်ထားသည့်ကြားက မရရအောင်အော်ဟစ်လိုက်သည်။
“ဖုယွမ်ချွမ်း...ခင်ဗျားအပြစ်ကင်းတယ်ဆိုရင် အိတ်ထဲကဟာကိုထုတ်လိုက်စမ်းပါ...ခင်ဗျားအိတ်ထဲမှာတစ်ခုခုရှိနေမှန်း ကျုပ်ပြောနိုင်တယ်...”
“မဖြစ်နိုင်တာ...ခင်ဗျားဘာ့ကြောင့်ခေါင်းမာနေရတာလဲ...”
ပတ်ဝန်းကျင်ရှိလူများက ဒါကိုဆက်ပြီးသည်းမခံနိုင်တော့ချေ။ ဘယ်လိုပြောရမလဲ...ဒါကအသားလွတ်စွပ်စွဲနေတာပဲမဟုတ်လား....
“မာရှယ်ဖု...အိတ်ကိုထုတ်ပြလိုက်စမ်းပါ...ဒီလူကလုံးဝရူးနေပြီ...”
“ခင်ဗျားတို့က ဘာလို့အိတ်ကပ်ကိုကြည့်ချင်ရတာလဲ...” ရှီခိုင်ရှင်းက ပက်ခနဲ့ပြန်ပြောသည်။
“ခင်ဗျားတို့အားလုံး ရူးနေကြတာလား...ဘာ့ကြောင့် အဓိပ္ပါယ်မရှိတဲ့စကားတွေကို ယုံနေကြတာလဲ...”
“အပြစ်ကင်းတယ်ဆိုရင် ထုတ်ပြလိုက်...ကျုပ်ရဲ့ဥာဏ်ရည်တုက ဘာမှမလင်းလာဘူးဆိုတာနဲ့ ခင်ဗျားဒီကိစ္စမှာမပါဝင်ဘူးလို့ အတပ်ပြောနိုင်တာမဟုတ်ဘူး...”
ရွှီခဲ့လင် နောင်တရလာ၏။ သူ၏ညဏ်ရည်တုစက်က ထိန်းချုပ်သောပစ္စည်းနှင့် ဆက်သွယ်ထားကာ သေချာပေါက် အနီရောင်လင်းလာရမှာပင်။
ဖုယွမ်ချွမ်းက ဘယ်လိုလုပ်ပြီးအဲ့ဒါကိုဖွက်ထားနိုင်တာလဲ...နည်းပညာမြင့်မားသည့် ဟန့်တားကိရိယာများပင် ၎င်းကိုဖုန်းကွယ်ထားခြင်းမပြုနိုင်ချေ။
ရှီခိုင်ရှင်းက သူ့ပါးစပ်ကို အဝတ်ဖြင့်ဆို့လိုက်၏။ “ပါးစပ်ပိတ်ထား...”
ထိုစဥ် ဖုယွမ်ချွမ်းက “ ရှောင်ယွီ...”
“ဟင်...”
“လက်ဖြန့်...”
ကျွင်းချင်ယွီ မဆိုင်းမတွ လက်ဖြန့်လိုက်သည်။
ဖုယွမ်ချွမ်းက သူ၏အိတ်ကပ်ထဲတွင်ရှိသမျှ သွားရည်စာအားလုံးကို ရေသူလေး၏လက်တွင်းသို့ထည့်လိုက်၏။ ထို့နောက် ကုတ်ကိုချွတ်လိုက်ကာ အပေါ်အောက်လှန်ပြလိုက်၏။
မည့်သည့်အရာမှ အိတ်ကပ်အတွင်းမှကျမလာခဲ့ချေ။
“ကျွန်တော့်အမျိုးသားက အခမ်းအနားမှာရှိတဲ့အစားအစာတွေကိုမကြိုက်ဖူးလေ...ဒါ့ကြောင့် သွားရည်စာအချို့ပြင်ဆင်ပြီး အိတ်ထဲထည့်လာခဲ့တာ...”
ဖုယွမ်ချွမ်းက အေးအေးဆေးဆေးပြောလာ၏။ “မာရှယ်...အခုကျေနပ်သွားပြီလား...”
ရွှီခဲ့လင် အလွန်စိတ်ဆိုးသွားကာ သူ၏မျက်ဝန်းများက အပြင်သို့ထွက်ကျလာမတတ်ပြူးကျယ်သွား၏။ သို့သော် ပါးစပ်တွင်အဝတ်ဆို့ခံထားရသလိုမျိုး ဝူးဝူးဝါးဝါးအသံများသာ ထွက်နိုင်လေသည်။
ကျွင်းချင်ယွီက စတော်ဘယ်ရီသကြားလုံးတစ်လုံးကိုခွာကာ ဖုယွမ်ချွမ်းကိုခွံ့ကျွေးလိုက်သည်။
အခြေအနေပြင်းထန်နေသော ပတ်ဝန်းကျင်က ခွေးစာများဖြင့်ပြောင်းလဲခံလိုက်ရသည်။
ရွှီခဲ့လင်အပေါ် အကောင်းမြင်သူတချို့က သူ့အတွက်သက်ပြင်းချလိုက်ကြ၏။
“ဘာပဲဖြစ်ဖြစ် မာရှယ်ဖုက ဗိုလ်ချုပ်ကြီးလေ...ကိုယ့်နေရာကိုယ်သိပြီး ပြဿနာမရှာပဲနေခဲ့ရမှာ...”
“ကိုယ့်ကိုယ်ကိုယ် ရှက်သင့်တယ်...”
ရှီခိုင်ရှင်းက ရွှီခဲ့လင်၏ကျောပေါ်ထိုင်ချလိုက်၏။ “သူ့ကိုအဝေးခေါ်ထုတ်ဖို့ တစ်ယောက်ယောက်လာပြီးကူညီစမ်းပါ...လက်မောင်းကိုလည်းမမေ့နဲ့ဦး...ကျွန်တော်တို့ ဗိုလ်ချုပ်ရွှီကိုလက်ပြန်တပ်ပေးရမယ်...”
ယွီကျစ်နှင့်အခြားလူများက လူအုပ်ကြားကထွက်လာကာ ရွှီခဲ့လင်အားခေါ်ဆောင်သွားကြ၏။
သူတို့အား မည်သူကမှ ကန့်ကွက်ခြင်းမရှိသလို၊ တစ်စုံတရာအကြံပြုဝံ့ခြင်းလည်းမရှိချေ။
မွေးနေ့အခမ်းအနားသို့ လာရောက်သူအားလုံးက ရည်ရွယ်ချက်ကိုယ်စီရှိကြသည်။ အထက်တန်းလွှာမိသားစုများ၏ မျိုးဆက်သစ်များသာမက ကိုယ်ပိုင်အဆင့်အတန်းကိုလက်ထပ်ခြင်းဖြင့် မြှင့်တင်ကြသော ထိပ်တန်းတော်ဝင်မျိုးနွယ်မဟုတ်သည့် အထက်တန်းလွှာများလည်း တက်ရောက်ကြ၏။
ယခုမူ အခြေအနေကလှည့်ပြောင်းသွားပြီဖြစ်ရာ သေချာမတွေးတောတတ်သူတစ်ဦးပင် ရှေ့ဆက်ဖြစ်လာမည့်ကိစ္စရပ်များ၌ မည်သူ့ဘက်ကအလေးသာမည်ကို လွယ်လင့်တကူခန့်မှန်း၍ရလေသည်။
စိတ်ထဲရှိသည့်အတိုင်း ပြောတတ်သောမာရှယ်များပင် ရှေ့ထွက်မလာကြချေ။ မကြာသေးခင်က ရှီခိုင်ရှင်းတင်ပြသွားသောကိစ္စမှ မည်သူမှရုန်းမထွက်နိုင်ဖြစ်နေကြလေသည်။
အယုံကြည်ရဆုံးညီအကိုများကို သူ့လူကိုယ့်ဘက်သားများအဖြစ်တွေ့လိုက်ရသည်။ အကယ်၍ ထိုအကြောင်းအရာကို ယနေ့၌မသိလိုက်ရပါက...
တွေးရုံနှင့်ပင် လန့်စရာကောင်းလှ၏။
ဘာ့ကြောင့် အခုလိုဖြစ်ရတာလဲ...ဒါတွေအားလုံးကဘယ်သူ့ကြောင့်လဲ...
မာရှယ်များထဲမှတစ်ဦးက အသက်မျှင်းမျှင်းရှူနေသည့်ဇာ့ဂ့်ကိုကြည့်ကာပြောသည်။
“ကျုပ် နေရတာသိပ်ပြီးအဆင်မပြေလှဘူး...ခွင့်ပြုပါဦး...”
“ကျုပ်လည်း လုပ်စရာလေးတွေရှိသေးလို့...”
“ကျုပ်ရောပဲ…”
မာရှယ်များက အခမ်းအနား၌ ကြာကြာမနေနိုင်တော့ချေ။ သုတေသနစမ်းသပ်ချက်များမှာ အရှုပ်တော်ပုံတစ်ခုလုံး၏ အစသာရှိသေးသည်။ စစ်တပ်ထဲတွင် အဆိုပါစမ်းသပ်ချက်၏အကြွင်းအကျန်များ စိမ့်ဝင်ခြင်းရှိမရှိကို ဂရုတစိုက် စုံစမ်းဖော်ထုတ်ရဦးမှာဖြစ်သည်။
တော်ဝင်မျိုးနွယ်အချို့က ၎င်းအခြေအနေကိုကြည့်ရင်း နှုတ်ဆက်ပွဲဟူသည့်စကားလုံးကို ကိုယ်စီတွေးမိလိုက်ကြ၏။ မာရှယ်များပြန်တော့မည်ဟုဆိုချိန်တွင် ဖုယွမ်ချွမ်းက တားမြစ်ခြင်းမရှိလေရာ အခမ်းအနားရှိလူအားလုံး စိတ်သက်သာရာရသွားကြသည်။
ရှီခိုင်ရှင်းက စတင်၍ထွက်ခွာစပြုနေပြီဖြစ်သော လူအုပ်ကြားမှထွက်လာသည်။
“မာရှယ်...အားလုံး စီစဥ်ပြီးပါပြီ...”
ရွှီခဲ့လင်သည်လည်း သုတေသနများထဲမှတစ်ခုဖြစ်နေလိမ့်မည်ဟု သူတို့မမျှော်လင့်ထားခဲ့ချေ။ ကံကောင်းစွာဖြင့် မည်သည့်အမှားအယွင်းမှဖြစ်မသွားခဲ့။
ဖုယွမ်ချွမ်းက စိတ်မဝင်စားဟန်ဖြင့် “အင်ပါယာခေါင်းဆောင်က တရားမဝင်သုတေသနတွေမှာ ပါဝင်ပတ်သတ်နေကြောင်းနဲ့ မတော်တဆဇာ့ဂ်တစ်ကောင်ကပ်တွယ်ခံခဲ့ရကြောင်း သတင်းထုတ်ပြန်လိုက်ပါ...ပြီးတော့ ရက်နည်းနည်းကြာရင် စောင့်ကြည့်ကင်မရာကမှတ်တမ်းတွေကိုပါ ထုတ်ပြန်လိုက်...”
ရှီခိုင်ရှင်းက ခဏတွေးလိုက်ပြီးနောက် “အဖေနဲ့သားတော်စပ်မှုကိုရော...ကျွန်တော်အဲ့ဒါကိုဖျက်ပစ်လိုက်ရမလား...”
ထိုစကားလုံးများကိုကြားစဥ်က သူတကယ့်ကိုတုန်လှုပ်သွားခဲ့ရသည်။
“မလိုဘူး...” ဖုယွမ်ချွမ်းက ရေသူလေး၏ဆံစများကိုပွတ်သပ်ရင်း အေးစက်စက်ပြောသည်။
“သူက အဲ့ဒါကိုသုံးပြီး ငါ့ကိုဖယ်ရှားချင်နေခဲ့တာမဟုတ်လား...အဲ့ဒီ့စကားလုံးတွေကိုချနင်းပြီး သူထိုင်ခဲ့တဲ့နေရာအထိ ဘယ်လိုရောက်အောင်သွားမလဲဆိုတာ ငါသူ့ကိုကြည့်ခိုင်းမယ်...”
အင်ပါယာတွင် အမွေဆက်ခံသောစနစ်ရှိသည်။ ဖုယွမ်ချွမ်းက ထီးနန်းကိုရယူနိုင်မည့်နည်းလမ်းအား ကြံဆနေခဲ့တာဖြစ်၏။ တစ်စုံတစ်ဦးက သူအိပ်ရန်ခေါင်းအုံးပြင်ဆင်ပေးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
ထိုစကားတစ်ခွန်းကြောင့် လုပ်ပိုင်ခွင့်များစွာရှိသွားပြီဖြစ်သည်။
ရှီခိုင်ရှင်း ခေါင်းညိတ်လိုက်၏။
“ဟုတ်ကဲ့..”
ထိုစဥ် ယွီကျစ်ကသူတို့အနားရောက်လာသည်။ “မာရှယ်...ကားအဆင်သင့်ဖြစ်ပါပြီ...”
“အင်း...” ဖုယွမ်ချွမ်းက ရေသူလေး၏မျက်နှာဖုံးကို သေချာပြုပြင်ပေးလိုက်သည်။ ထို့နောက် ခန်းမအပြင်သို့မထွက်ခွာခင် သူတို့အားမှာကြားလိုက်၏။
“သူ့ကိုအသက်ရှင်အောင်ထားထား...”
ရှီခိုင်ရှင်းနှင့်ယွီကျစ်တို့ တစ်ဦးကိုတစ်ဦးကြည့်ရင်း အတူတကွပြန်ဖြေလိုက်သည်။ “ဟုတ်ကဲ့...”
—
မွေးနေ့အခမ်းအနားများမှာ နောက်ကျသည်အထိ ကျင်းပလေ့ရှိသော်လည်း ယခုအခါ၌မူ အရေးပေါ်ကိစ္စရပ်ကြောင့် မြန်မြန်အဆုံးသတ်သွားခြင်းဖြစ်သည်။
အဆက်အသွယ်ရှာချင်၍ ပွဲကိုလာရောက်သူများသည်လည်း တစ်ခွန်းပင်မဟလိုက်နိုင်ပဲ ပြန်သွားကြရ၏။ ဖုယွမ်ချွမ်းသာ ရက်စက်သူဖြစ်ပါက မကြားသင့်သည်များကို ကြားခဲ့ရသောသူတို့အဖို့ အဆုံးသတ်လှမှာမဟုတ်ချေ။
ကျွင်းချင်ယွီက နေ့အခါအတိုင်းလင်းထိန်နေသော ညမီးရောင်များကိုငေးကြည့်နေမိသည်။ အခမ်းအနားမှထွက်ခွာလာသူများ၏ အရိပ်များကိုပင် ထင်ထင်ရှားရှားမြင်နေရသည်။
“ဘာတွေကြည့်နေတာလဲ...”
ကျွင်းချင်ယွီ တွေးတွေးဆဆဖြင့် ခေါင်းယမ်းလိုက်၏။ “သူတို့ကိုကြည့်ရတာ အရမ်းလန့်နေကြသလိုပဲ...”
ထိုသူများမှာ အသက်ဘေးမှ လက်မတင်လေးလွတ်မြောက်လာခဲ့သလို ကြောက်လန့်နေကြခြင်းဖြစ်သည်။
“မင်း ကြောက်သွားလား...”
ကျွင်းချင်ယွီ နှုတ်ခမ်းတင်းတင်းစေ့လိုက်မိသည်။ ထိုမေးခွန်းကို ဇာ့ဂ်ကိုတွေ့စဥ်ကလည်း ဖုယွမ်ချွမ်း သူ့အားမေးခဲ့သေးသည်။
ယခုအခါတွင်မူ ဖုယွမ်ချွမ်း၏အမူအရာက အနည်းငယ်စိုးရိမ်နေဟန်ရှိ၏။
ကျွင်းချင်ယွီက သူ့နေရာလွတ်ထဲရှိ ထိန်းချုပ်ပစ္စည်းအကြောင်းတွေးလိုက်ရင်း လက်ကောက်ဝတ်ကို ညှင်သာစွာထိတွေ့လိုက်မိသည်။ အမှန်စင်စစ်တွင် အင်ပါယာခေါင်းဆောင်က ဇာ့ဂ်တစ်ကောင်၏တွယ်ကပ်ခြင်းမခံခဲ့ရချေ။ ဖုယွမ်ချွမ်းကအဲ့ဒီ့ကိစ္စကြောင့် သူ သူ့ကိုကြောက်သွားမှာ စိုးရိမ်နေတာလား....
“ရှောင်ယွီ…”
နောက်တစ်စက္ကန့်တွင် ကျွင်းချင်ယွီက ဖုယွမ်ချွမ်း၏လက်ကောက်ဝတ်ကိုဖမ်းဆုပ်ရန် လက်ဆန့်ထုတ်လိုက်၏။ တစ်ဖက်လူအားနံရံဘက်သို့တွန်းပို့ကာ ညအချိန်၏အကာအကွယ်ကိုယူ၍ နူးညံ့သောအနမ်းကိုအစပျိုးရင်း နှစ်သိမ့်လိုက်သည်။
သူ၏ညာဘက်လက်က ဖုယွမ်ချွမ်း၏ရင်အုံပေါ်ကျရောက်သွားသည့်အခါတွင် ပြင်းထန်စွာခုန်လှုပ်နေသည့်နှလုံးခုန်သံကို လက်ဖဝါးမှတဆင့်ခံစားမိလိုက်သည်။
ဖြာကျနေသောလမ်းမီးရောင်များက သူတို့နှစ်ဦးကြားမထိုးဖောက်နိုင်တော့ချေ။ သူတို့ရှိနေသောအကွယ်လေးက ကမ္ဘာကြီးထံမှသီးခြားခွဲထွက်နေသကဲ့သို့...။
ကျွင်းချင်ယွီ အောက်ဆီဂျင်ပြတ်လပ်စပြုလာကာ သူ့ရင်တွင်းရှိလေများအားလုံး အနမ်း၏လုယူခြင်းခံလိုက်ရ၏။ သူ၏စိတ်ထဲတွင် ခဏတာဗလာဖြစ်သွားသည်။
ဖုယွမ်ချွမ်း အနမ်းကိုအဆုံးသတ်လိုက်သည်။ သူက နံရံကိုမှီလျှက် ရေသူလေးကိုဖက်ထားရင်း စကားတစ်ခွန်းမှမဆိုလာချေ။
တစ်ဖက်လူ၏တည်ငြိမ်သွားသောနှလုံးခုန်သံကြောင့် ကျွင်းချင်ယွီ တိတ်တဆိတ်သက်ပြင်းချလိုက်သည်။ ခဏအကြာ၌ မျက်ဝန်းများကွေးညွှတ်သွားသည်အထိပြုံးလိုက်ကာ “ကင်းမွန်ကင် စားချင်တယ်...”
ဖုယွမ်ချွမ်းက ရေသူလေး၏ပါးပြင်ကို လက်ချောင်းများဖြင့်ထိတွေ့လိုက်ကာ ညင်သာစွာပြောလာသည်။ “ကောင်းပြီလေ...”
ခဏအကြာ၌ အပြင်ဘက်ရှိကားများ အကုန်ထွက်ခွာသွားပြီဖြစ်ပြီး ကားအနည်းငယ်သာကျန်ရှိတော့သည်။
ဖုယွမ်ချွမ်းက သူတို့နှစ်ဦးကားပေါ်တက်ပြီးသည်နှင့် ဆော့ဖ်ဝဲကိုသုံးကာ စတင်မောင်းလိုက်သည်။
ကျွင်းချင်ယွီ သူ၏လက်မောင်းပေါ်မှီချလိုက်ရင်း “အင်ပါယာခေါင်းဆောင်နဲ့ ခင်ဗျားရဲ့ဆက်နွယ်မှုအကြောင်း ကျွန်တော့်ကိုပြောပြလို့ရပြီလား...အရင်အင်ပါယာခေါင်းဆောင်ပေါ့...”
ဖုယွမ်ချွမ်းက ချက်ချင်းပြန်မဖြေချေ။ ကျွင်းချင်ယွီလည်း အတင်းမတိုက်တွန်းပဲ တိတ်ဆိတ်စွာစောင့်ဆိုင်း၍နေလေသည်။
ခဏအကြာ၌ ဖုယွမ်ချွမ်း၏အသံကို ကြားလိုက်ရ၏။ “သူ့နာမည်က ဖုချန်းယွီ...”
“သူက ကိုယ့်အဖိုးရဲ့တရားမဝင်ကလေးအနေနဲ့ အိမ်ကိုရောက်လာခဲ့တယ်...ကိုယ့်အဘွားကျန်းမာရေးမကောင်းတဲ့အချိန်မှာပေါ့...အဖိုးမှာတရားမဝင်ကလေးရှိမှန်းသိတဲ့အခါ အဘွားရဲ့ ကျန်းမာရေးကပိုပြီးဆိုးဝါးလာခဲ့တယ်...နောက်ဆုံး ဆုံးပါးသွားခဲ့တဲ့အထိပဲ...”
“ကိုယ့်ရဲ့အဖိုးက အဲ့ဒီ့ဖြစ်ရပ်အတွက် သူ့ကိုယ်သူအပြစ်တင်မဆုံးဖြစ်ခဲ့တယ်...ဒါပေမယ့် ဖုချန်းယွီအပေါ်ကိုတော့ ဒေါသပုံမချခဲ့ဘူး...ကိစ္စတွေအများကြီးဖြတ်သန်းပြီးတဲ့နောက် ဖုချန်းယွီရဲ့လုပ်ရပ်တွေက အဖိုးကိုစိတ်ပျက်စေခဲ့တယ်....အဖိုးကသူ့ကို ကိုယ့်အဖေနဲ့ အမြဲတမ်းယှဥ်ပြီးဆူပူခဲ့တယ်လေ...”
“အချိန်ကြာလာတော့ ဖုချန်းယွီ ကိုယ့်အဖေကို အတုခိုးတဲ့ကိစ္စက စွဲလမ်းမှုတစ်ခုလိုဖြစ်လာခဲ့တယ်...ဒါပေမယ့် ဒါကလက်ခံလို့ရပါသေးတယ်...နောက်တော့ ဖုချန်းယွီက အဖိုးရဲ့သွေးသားရင်းမဟုတ်ကြောင်း မတော်တဆတွေ့ရှိခဲ့ကြတယ်...”
“အဖိုးက အရမ်းစိတ်ဆိုးသွားပြီး ဖုချန်းယွီကို ကြယ်သိမ်ဆီပို့ပစ်ခဲ့တယ်...သိပ်မကြာခင်မှာပဲ အဖိုးကိုယ်တိုင်လည်း အပြင်းအထန်ဖျားနာပြီး ဆုံးပါးသွားခဲ့တယ်လေ...”
Xxxxxx