အပိုင်း ၉၀
Viewers 16k

Chapter 90


ကျွင်းချင်ယွီက ထိုအကြောင်းအရာများအား အခြားလူတစ်ဦး၏ဇာတ်လမ်းကဲ့သို့ ပြောပြနေသည့် ဖုယွမ်ချွမ်း အသံကို ဂရုတစိုက်နားစွင့်နေခဲ့သည်။


မည်သို့ပင်ဆိုစေ ဖုယွမ်ချွမ်း ထိုကိစ္စများနှင့်ပတ်သတ်၍ ဘာကိုမှမခံစားရခြင်းမဟုတ်ကြောင်း သူခံစား၍ရသည်။ 


“ဖုချန်းယွီပြန်လာတဲ့အခါ သူ့ပုံစံက ကိုယ့်အဖေနဲ့တစ်ထေရာတည်းတူနေခဲ့တယ်....”


ကျွင်းချင်ယွီ အံ့သြမှုကြောင့်တုန်လှုပ်သွားသည်။ ဖုချန်းယွီ၏ပင်ကိုယ်စရိုက်က မူမှန်ခြင်းအလျဥ်းမရှိချေ။ အစတွင်အတုခိုးရာမှ ပလတ်စတစ်ဆာဂျရီလုပ်ရသည်အထိပင် ရောက်သွားခြင်းဖြစ်သည်။ ဖုယွမ်ချွမ်းအဖိုး၏ ချီးကျူးမှုကိုရယူလိုသည့်အတွက် ဤသို့သောလုပ်ရပ်ကိုလုပ်ရသည်အထိ အစွန်းရောက်ခဲ့ဟန်တူ၏။


“မကြာခင်မှာပဲ အင်ပါယာနဲ့ တော်လှန်ရေးတပ်သားတွေအကြား စစ်မက်ဖြစ်ပွားခဲ့တယ်...ဖုချန်းယွီက တော်လှန်ရေးစစ်တပ်ကို ပင်မ​ကြယ်အထိဦးဆောင်လာခဲ့ပြီးတော့ လူအမြောက်အများကိုသတ်ဖြတ်ခဲ့တယ်လေ...သူက စစ်ပွဲတစ်လျှောက်လုံးပေါ်မလာပေမယ့် စစ်ပွဲအဆုံးသတ်တဲ့အခါကျမှ အင်ပါယာဇီဝဗေဒသုတေသနအဖွဲ့အစည်းကို ချုပ်ကိုင်ရင်း ကိုယ့်အဖေအယောင်ဆောင်လိုက်ပြီးတော့ အင်ပါယာခေါင်းဆောင်တစ်ဦးဖြစ်လာခဲ့တာ...” 


“ကိုယ့်အဖေကိုသိတဲ့လူအားလုံး စစ်ပွဲထဲမှာကျဆုံးခဲ့ရတယ်...”


“ကိုယ့်ခန့်မှန်းချက်အရ ဖုချန်းယွီက တော်လှန်ရေးတပ်ဖွဲ့ကရာထူးကြီးကြီးပုဂ္ဂိုလ်တစ်ယောက်ရဲ့ သွေးသားရင်းချာဖြစ်ပုံပဲ...မဟုတ်ရင် တော်လှန်ရေးတပ်ဖွဲ့အနေနဲ့ အင်ပါယာကိုသိမ်းယူနိုင်တဲ့အခြေအနေကိုရောက်ကာမှ ဖုချန်းယွီကို အင်ပါယာခေါင်းဆောင်အဖြစ် တင်မြှောက်ဖို့သက်သက်နဲ့ လက်နက်ချဖို့ရွေးချယ်မှာမဟုတ်လောက်ဘူး...”  


“အရင်ကတော့ အင်ပါယာခေါင်းဆောင်ကသာ ဧကရာဇ်ဖြစ်ပေမယ့် တော်လှန်ရေးတပ်ဖွဲ့ရဲ့သဘောထားကြောင့် စည်းမျဥ်းကိုပြောင်းလဲခဲ့တယ်...” 


ကျွင်းချင်ယွီ မျက်တောင်ခတ်လိုက်၏။ “အသီးအနှံနဲ့ ရေသူမျိုးနွယ်တွေရှားပါးတာက တော်လှန်ရေးတပ်ဖွဲ့ဆီကို အရင်ဆုံးတင်ပို့ပေးရတာကြောင့်ဖြစ်နိုင်လား...” 


ဖုယွမ်ချွမ်းက ခေါင်းညိတ်လိုက်၏။ “အဲ့လိုဖြစ်ဖို့များတယ်...”


အသီးအနှံများထွက်ရှိမှုမှအစ ရေသူမျိုးနွယ်သားဖောက်စခန်းသည် မည်သည့်အဖွဲ့အစည်းနှင့်သက်ဆိုင်ကြောင်းကိစ္စရပ်များအထိ ဘာကိုမှ သူအတိအကျမပြောနိုင်ချေ။ မှန်းဆချက်သက်သက်သာရှိသည်။ 


ကျွင်းချင်ယွီက ဖုချန်းယွီကဲ့သို့သောလူများကို မည်သည့်နည်းနှင့်မျှနားလည်၍မရချေ။ တခြားလူတစ်ယောက်ရဲ့ကလေးကို လိုက်ပြီးပုံတူကူးရတယ်တဲ့လား.... 


ဖုယွမ်ချွမ်းတွင် သူ့အားထိန်ချန်ထားသောအရာများရှိသေးကြောင်း သူသတိထားမိသည်။ ဥပမာ အားလုံးသေဆုံးသွားခဲ့သည့်ကြားမှ ဖုယွမ်ချွမ်း အသက်ရှင်ကျန်ခဲ့သည့်အကြောင်းရင်းကို သူ မသိရသေးချေ။


သို့သော် တစ်ဖက်လူကဘာမှဆက်မပြောသည့်အတွက် သူက မမေးရန်ဆုံးဖြတ်လိုက်၏။ ထိုအစား အခြားမေးခွန်းကိုဆိုလိုက်သည်။


 “အခု ဖုချန်းယွီ ဒီလိုဖြစ်သွားတော့ တော်လှန်ရေးတပ်ဖွဲ့က ဘာမှဝင်မစွက်ဖက်ဖူးလား...”


“လက်ရှိအင်ပါယာက တော်လှန်ရေးတပ်ဖွဲ့ရဲ့ထိန်းချုပ်မှုအောက်မှာမှမဟုတ်ပဲလေ...”


ကျွင်းချင်ယွီ ခေါင်းညှိတ်လိုက်သည်။ ဖုယွမ်ချွမ်းက အားလုံးပြင်ဆင်ထားခဲ့ပုံရ၏။


သူတို့စကားဆုံးသည့်အချိန်တွင် ကားက အိမ်အနောက်ဘက်ဥယျာဥ်ဆီသို့ ဆင်းသက်လိုက်လေသည်။ 


ကင်းမွန်အကင်လုပ်ရန်လိုအပ်သည့် ပစ္စည်းများအားလုံး ထိုနေရာသို့ရောက်ရှိနေပြီဖြစ်၏။ လတ်ဆတ်သောကင်းမွန်များကို ပုံးတစ်ပုံးထဲထားကာ ကင်းမွန်ကင်မည့်သံပြားမှာလည်း မကြာသေးခင်ကဆေးကြောထားပုံရသည်။ ရေစက်အချို့က ၎င်းအပေါ်၌တွဲခိုနေ၏။ 


ကျွင်းချင်ယွီက ကင်းမွန်ထည့်ထားသည့်ပုံးကိုယူကာ အထဲကကင်းမွန်များကို ထုတ်ယူလိုက်သည်။


အလုပ်ရှုပ်နေသည့်ရေသူလေးကိုကြည့်ရင်း ဖုယွမ်ချွမ်းက ရုတ်တရက်မေးလိုက်၏။ 


“ကိုယ်ဘယ်လိုမှတ်ဉာဏ်ပြန်ရလာလဲ မသိချင်ဘူးလား...”


ကျွင်းချင်ယွီက ပြတ်သားစွာပြောသည်။ “ကျွန်တော် စိတ်မဝင်စားပါဘူးနော်...”


 


ဖုယွမ်ချွမ်းမပြောလိုသည့်အရာကို သူ မေးမှာမဟုတ်ချေ။


ဖုယွမ်ချွမ်းက ထိုစကားကိုကြားသည့်အခါ ကြောင်အသွားသည်။ သူက ခဏတွေးလိုက်ပြီး “ကိုယ့်ကိုဖိုင်တစ်ခုသွားယူပေးနိုင်မလား...အဲ့ဒါက အပေါ်ထပ်အိပ်ခန်းထဲက စားပွဲပေါ်မှာရှိတယ်...” 


“အခုလား...”


“အင်း...”


“ကောင်းပြီလေ...” ကျွင်းချင်ယွီက ဖုယွမ်ချွမ်းတစ်ခုခုဖြစ်နေမှန်း သတိပြုမိသည်။ သူက ခြေဖျားထောက်ကာ ဖုယွမ်ချွမ်းကိုနမ်းလိုက်၏။


 “ကျွန်တော် ချက်ချင်းပြန်ခဲ့မယ်...”


“အင်း...မပြေးနဲ့...ဂရုစိုက်ဦး...”


ကျွင်းချင်ယွီက ဖုယွမ်ချွမ်း ရုတ်တရက်ဖိုင်သွားယူခိုင်းသည့်အပေါ် သံသယဝင်လာမိသည်။ သူက အိပ်ခန်းဆီသို့လျှောက်ဝင်လိုက်ကာ ဖိုင်ကိုတစ်ချက်ကြည့်လိုက်၏။


အပြင်မသွားခင်က ဖုယွမ်ချွမ်း သူ့နောက်ကမှလိုက်ထွက်လာခဲ့တာဖြစ်၏။ သူတို့အပြင် မည်သူမှအိပ်ခန်းထဲမဝင်နိုင်လေရာ ဤဖိုင်မှာ ဖုယွမ်ချွမ်းကိုယ်တိုင် ပြင်ဆင်ထားခြင်းဖြစ်ရမည်။ 


ကျွင်းချင်ယွီက ဖိုင်ကိုဖွင့်ကြည့်ဖို့စိတ်ကူးမရှိချေ။ သူက ဒီအတိုင်းကောက်ယူလိုက်ကာ အောက်ထပ်သို့ဆင်းရန်ပြင်လိုက်၏။ 


ရလဒ်အနေဖြင့် ဖိုင်ကပွင့်သွားကာ အထဲရှိစာရွက်စာတမ်းများသည်လည်း ကြမ်းပြင်ပေါ်သို့ပျံ့ကျဲကုန်တော့သည်။ 


ကျွင်းချင်ယွီက ငုတ်တုတ်လေးထိုင်ချလိုက်ပြီး တစ်ခုချင်းစီလိုက်ကောက်လိုက်၏။


စာရွက်များအားလုံး စာအပြည့်ရိုက်နှိပ်ထားလေသည်။ ကြယ်တာရာခေတ်တွင် စာရွက်များကိုရဖို့ခဲယဥ်းလေရာ ဤမျှများပြားသောစာများအား မြင်ရသည်မှာလည်း အလွန်ရှားပါးလှသည်။ 


သူက တစ်ရွက်ချင်းလိုက်ကောက်ကာ စီစီရီရီပြန်ထပ်လိုက်၏။


ထို့​နောက် ကုလားထိုင်ခုံအောက်ရှိစာရွက်ထံ အကြည့်ရောက်သွားသဖြင့် ကျွင်းချင်ယွီ ၎င်းကိုကောက်ယူရန် လက်ဆန့်လိုက်သည်။ ထိုစာရွက်ပေါ်တွင် ဖုယွမ်ချွမ်း၏ဓာတ်ပုံပါရှိလေသည်။ 


လက်ရှိဖုယွမ်ချွမ်းနှင့်ယှဥ်ပါက ဓာတ်ပုံထဲရှိပုံရိပ်မှာ အနည်းငယ်ပို၍ ငယ်ရွယ်ပုံပေါ်နေလေသည်။


ပုံအောက်တွင် ကုဒ်အတွဲလိုက်ရှိနေသည်။ [DG0001]


ကျွင်းချင်ယွီက မွေးနေ့ပွဲအခမ်းအနား၌ပြသခဲ့သည့်ဗီဒီယိုတွင်ပါဝင်သော ဓာတ်ခွဲခန်းထဲရှိကုတင်များကို ရုတ်တရက်တွေးမိသွားသည်။ ထိုကုတင်များ၏ဘေးတွင်လည်း အဆိုပါကုဒ်နံပါတ်များပါရှိလေသည်။


ဒါတွေက...


ကျွင်းချင်ယွီ နှုတ်ခမ်းအသာကိုက်လျှက် စာရွက်အထပ်လိုက်ကို လက်ချောင်းများဖြင့် တင်းတင်းဆုပ်ကိုင်လိုက်မိသည်။ သူက ထိုစာတမ်းများအား ဖတ်သင့်မဖတ်သင့် ဝေခွဲမရဖြစ်သွားခဲ့၏။ သို့သော် ဖုယွမ်ချွမ်းက သူ့ကိုဖတ်စေချင်သဖြင့် ဖိုင်သွားယူခိုင်းခြင်းဖြစ်ရမည်ဟူ၍လည်း တွေးမိလိုက်သည်။


သူက ကိုယ့်စိတ်ကိုယ်တည်ငြိမ်အောင် ကြိုးစားလိုက်ကာ စာရွက်၏နောက်တစ်မျက်နှာကို လှန်လိုက်သည်။


တာဝန်ရှိသူ: ဖုယန်ဟုန်


၎င်းအပေါ်၌ စမ်းသပ်ချက်အားလုံးကို အချိန်နှင့်တစ်ပြေးညီ မှတ်တမ်းတင်ထားသည့်အပြင် မှတ်ဉာဏ်ဖျက်ခြင်းဆိုင်ရာ လုပ်ဆောင်ချက်များကိုလည်း သိမ်းဆည်းထားလေသည်။


ကြယ်တာရာခေတ်၏ မှတ်ဉာဏ်ဖျက်ခြင်းဆိုင်ရာခွဲစိတ်မှုက ကိုယ်ပိုင်ဆန္ဒမပါဝင်ပဲ ပြုလုပ်၍မရသလို လူနာက မှတ်ဉာဏ်ဖျက်လိုသည့်​ဆန္ဒရှိလျှင်ပင် တစ်ခါနှစ်ခါခွဲစိတ်ရုံမျှဖြင့် အားလုံးမေ့လျော့သွား​ခြင်းမရှိချေ။


ပို၍ထိန်းချုပ်ရလွယ်သော စမ်းသပ်ခံတစ်ဦးဖြစ်စေရန်အလို့ငှာ ဖုယွမ်ချွမ်း၏မှတ်ဉာဏ်ကို ပြောင်းလဲပစ်ခဲ့ကြခြင်းဖြစ်လေသည်။


သုတေသန၌တာဝန်ရှိသူကို သူ၏ဖခင်ဖုယန်ဟုန်အဖြစ် ဖုယွမ်ချွမ်း၏မှတ်ဉာဏ်အား ပြောင်းလဲပစ်လိုက်ကြသည်။


ကျွင်းချင်ယွီ၏ လက်ချောင်းထိပ်ကလေးများက အကြိမ်ကြိမ်ခွဲစိတ်ထားသော မှတ်တမ်းများပေါ်ဖြတ်သန်းသွားကာ သူ့နှလုံးသားမှာလည်း မသက်မသာခံစားလာခဲ့ရသည်။ မှတ်ဉာဏ်အားအတင်းအကျပ်ဖျက်ဆီးခံရသည်မှာ သေချာပေါက် အဆမတန်နာကျင်ရမှာပင်။


ထို့နောက်တွင် စိတ်စွမ်းအားသန်မာခြင်းအပေါ် အမျိုးမျိုးသုတေသနပြုလုပ်ထားသော စစ်ဆေးချက်များပါဝင်လေသည်။


စိတ်စွမ်းအားပမာဏတစ်ခုအထိ တိုးမြှင့်ခံလိုက်ရသည့်အခါ သယ်ဆောင်သူက ၎င်းကိုထိန်းမထားနိုင်တော့ပဲ အသက်ဆုံးသည်ကိုသာ စောင့်ဆိုင်းနေရ​တော့သည်ဟူသော ခန့်မှန်းချက်များပင်ရှိ၏။ ထိုပမာဏကိုလည်း ရေးမှတ်ထားလေသည်။


မည်သို့ပင်ဖြစ်စေ၊ သူတို့ဘာကိုမှမရလိုက်ကြချေ။ သုတေသနအစပျိုးကာစဖြစ်သဖြင့် ရှုထောင့်မျိုးစုံမှစစ်ဆေးချက်များက မပြည့်စုံခဲ့ခြင်းဖြစ်ဟန်တူသည်။ နောက်ဆုံးအဆင့်ကိုလည်း မှတ်တမ်းတင်ထားခြင်းမရှိချေ။


၎င်းကို မအောင်မြင်သောသုတေသနအဖြစ် သတ်မှတ်လိုက်သည့်အတွက် မည်သူကမှအရေးတယူသိမ်းဆည်းမထားခြင်း ဖြစ်လောက်မည်ဟု ကျွင်းချင်ယွီ ယူဆလိုက်၏။


အင်ပါယာခေါင်းဆောင်က အခြားသုတေသနများလုပ်နေစဥ် ဖုယွမ်ချွမ်းကို တပ်မတော်အတွင်းစေလွှတ်ခဲ့သည်။ သူ့အား စစ်မြေပြင်၌သေစေလိုခြင်း ဖြစ်ကောင်းဖြစ်နိုင်၏။


သူ မမျှော်လင့်ထားခဲ့သည်က ဖုယွမ်ချွမ်း မသေဆုံးသည့်အပြင် စစ်တပ်တစ်တပ်ကိုပါ ဦးဆောင်၍ပြန်ရောက်လာလိမ့်မည်ဟု။


ဖုချန်းယွီ ဖုယွမ်ချွမ်း၏အင်အားကို သတိပြုမိသွားကာ သုတေသနက အလုံးစုံမအောင်မြင်ခြင်းမဟုတ်ကြောင်း နားလည်သွားသည်။ စိတ်စွမ်းအားကို ကိရိယာဖြင့်မတိုင်းတာနိုင်သဖြင့် မှားယွင်းစစ်​ဆေးမိခြင်းဖြစ်လိမ့်မည်ဟု သူစတင်တွေးလာသည်။


အတိတ်မေ့ရောဂါခံစားနေရသော ဖုယွမ်ချွမ်းက ဖုချန်းယွီလက်အောက်ရှိ အသန်မာဆုံးအင်အားတစ်ခုအနေဖြင့် သဘာဝကျစွာဖြစ်တည်လာခဲ့ရသည်။


ဖုယန်ဟုန်ဟူ​သော​ဖြစ်တည်မှုကြောင့် ထိုအင်အားစုအား မထိန်းချုပ်နိုင်မည်ကို ဖုချန်းယွီ မစိုးရိမ်ခဲ့ချေ။


​နောက်ပိုင်းတွင် ဖုယွမ်ချွမ်းက သုတေသနလုပ်ငန်းများကို ဖျက်ဆီးခဲ့လေသည်။ သူသည်လည်း အဆိုပါသုတေသနများထဲမှတစ်ခုဖြစ်ကြောင်း ထိုအချိန်က မသိသေးပုံရသည်။


ရလဒ်အနေဖြင့် သူ၏လုပ်ရပ်ကဖုချန်းယွီအား စိတ်ဆိုးသွားစေကာ ဖုယွမ်ချွမ်း၏ တစ်စတစ်စပိုမိုဆိုးရွားလာသောအခြေအနေကိုအသုံးချရင်း အဆက်မပြတ်ဖိနှိပ်မှုများ စတင်လုပ်ဆောင်လာတော့သည်။


နောက်ပိုင်းတွင် ပို၍နာခံမှုရှိသော စမ်းသပ်ခံတစ်ယောက်ကို ဖုချန်းယွီရရှိသွားသဖြင့် အားလုံးရှေ့မှောက်၌ ဖုယွမ်ချွမ်းအားဖယ်ရှားပစ်ရန် ယခုကဲ့သို့စီစဥ်ခဲ့ပုံပေါ်သည်။


အခြေအနေများကို ခြုံငုံသုံးသပ်မိသည့်အခါ ကျွင်းချင်ယွီက ဇာ့ဂ်တစ်ကောင်ကပ်တွယ်ခြင်းခံနေရသောဖုချန်းယွီအပေါ် အငြိုးကြီးကြီးတေးမှတ်ထားလိုက်မိသည်။


သူနဲ့တန်တာ သူရသွားတာပဲ...


အဲဒီ့လူက တကယ့်ကိုတိရစ္ဆာန်ပဲ...


ပထမစာမျက်နှာအနည်းငယ်တွင် သုတေသနအချက်အလက်များပါဝင်နေပြီး နောက်ပိုင်းစာမျက်နှာများက အခါခါလှန်လှောခံထားရပုံဖြင့် ဟောင်းနွမ်းလျှက်ရှိသည်။


ကျွင်းချင်ယွီက သုတေသနစစ်ဆေးချက်များကို ဘေးအသာချလိုက်ကာ ဆက်လက်ဖတ်ရှုကြည့်လေသည်။


ဖုယွမ်ချွမ်းနေမကောင်းစဖြစ်စဥ်က ၎င်းတို့အား စီစဥ်ခဲ့ခြင်းဖြစ်ဟန်တူသည်။


ကျွင်းချင်ယွီက ဖုယန်ဟုန်၏အမည်ကို တွေ့လိုက်ရသည်။


ဖုယွမ်ချွမ်းက ဖုယန်ဟုန်အားကာကွယ်ရန် စာရွက်စာတမ်းထဲ၌ ဖော်ပြ၍ထားလေသည်။ ထိုအချိန်က ဖုယွမ်ချွမ်း၏မှတ်ဉာဏ်မှာ အလုံးစုံပြန်လည်မကောင်းမွန်သေးကြောင်း ကျွင်းချင်ယွီခန့်မှန်းမိလိုက်သည်။


၎င်းက သူဖျားနာနေကြောင်းသိရှိပြီးနောက် ပြင်ဆင်စရာရှိသည်များကို ကြိုတင်ပြင်ဆင်နေခြင်းနှင့် ပို၍တူလေသည်။


စာမျက်နှာအချို့ လှန်လှောပြီးသည့်နောက်တွင် ဖုယန်ဟုန်အားကာကွယ်ခြင်းက စောင့်ကြည့်ခြင်းအနေဖြင့်ပြောင်းလဲသွားခဲ့သည်။ ထိုအချိန်၌ ဖုယွမ်ချွမ်း မှတ်ဉာဏ်ပြန်ရလာခြင်းဖြစ်ပေလိမ့်မည်။


ထိုအချိန်က ဖုယွမ်ချွမ်းများစွာနာမကျန်းဖြစ်နေလေရာ မှတ်ဉာဏ်ပြန်ရသော်လည်း ဘာကိုမှမလုပ်နိုင်ခဲ့ချေ။


ကျွင်းချင်ယွီ နှုတ်ခမ်းတင်းတင်းစေ့လိုက်၏။ ဖုယွမ်ချွမ်းနှင့် ဖုချန်းယွီကြားတွင် နက်ရှိုင်းသောသွေးကြွေးရှိခဲ့သော်လည်း ကမောက်ကမအခြေအနေမျိုးကျမှ မှတ်ဉာဏ်အားပြန်လည်ရရှိခဲ့လေသည်။


အကယ်၍ အနည်းငယ်သာပိုမိုစော​ပြီး သတိရပါလျှင် သူ့အကူအညီမပါပဲ ကလဲ့စားချေနိုင်ကောင်းချေနိုင်လိမ့်မည်။


ကျွင်းချင်ယွီက ရေသူမျိုးနွယ်များ ဖုယွမ်ချွမ်းအနားကပ်ရန် ငြင်းဆန်ရသည့်အကြောင်းရင်းကို နားလည်၍သွားလေသည်။ သူ၏စိတ်စွမ်းအားက တရားမဝင်နည်းလမ်းများဖြင့် မြှင့်တင်ခံထားရခြင်းဖြစ်ရာ အလွန်ရုန့်ရင်းကြမ်းတမ်းနေမှာဖြစ်သည်။


အခြားသတ္တဝါများပင် ကြောက်ရွံကြမှာဖြစ်ရာ ရေသူမျိုးနွယ်များဆိုလျှင်တော့ ဆိုနိုင်ဖွယ်မရှိလေပြီ။


ထို့အပြင် ရေသူမျိုးနွယ်များက စိတ်စွမ်းအင်ထိခိုက်မှုကို ကုသနိုင်သော်ငြား ဖုယွမ်ချွမ်း၏စိတ်စွမ်းအားထိခိုက်မှုကိုမူ သာမန်ရေသူမျိုးနွယ်များ ကုနိုင်မှာမဟုတ်ချေ။


သူကိုယ်တိုင်ပင်လျှင် ဖုယွမ်ချွမ်းအားကုသရန် အားအင်များစွာစိုက်ထုတ်ခဲ့ရ၏။ ကျွင်းချင်ယွီအမြင်တွင် သူ၏ဝိဉာဥ်စွမ်းအင်မှာ သာမန်ရေသူများထက် မြင့်မားသည်။ အကယ်၍ ဖုယွမ်ချွမ်းသာ ရေသူမျိုးနွယ်တစ်ကောင်အား ဝယ်ယူ၍ရစေကာမူ အကျိုးသက်ရောက်မှု ကြီးကြီးမားမားရှိမှာမဟုတ်ချေ။


နောက်ပိုင်းစာမျက်နှာများက ဖုယွမ်ချွမ်း၏ အသွားအလာအကြောင်း ရေးသားထားခြင်းဖြစ်သည်။ သူက မှတ်ဉာဏ်ပြန်ရချိန်တွင် အိမ်နှင့်အင်ပါယာနန်းတော်ကို ခေါက်တုံ့ခေါက်ပြန်သွားခဲ့ပုံရသည်။


သွားသည့်အကြိမ်တိုင်းတွင် သူ့အားငြင်းလိုက်သည့်စကားများကို ချရေးထား၏။ ဖုယွမ်ချွမ်းက ဖုချန်းယွီကို အကြိမ်ကြိမ်သွားရှာသော်လည်း အခေါက်တိုင်းတွေ့ခွင့်မရခဲ့ချေ။


Xxxxxxx

(T/N ရှုပ်သွားမှာစိုးလို့ နဲနဲလေးရှင်းပြပါရစေ  ဖုယွမ်ချွမ်းရဲ့အဖေရင်းက သေဆုံးသွားခဲ့ပါပြီ သူ့အဖေလို့ ပြောထားတဲ့ဖုယန်ဟုန်က မာရှယ်ရဲ့မှတ်ညဏ်ကိုပြောင်းထားပြီး လိမ်လည်ထားတာပါ ပိုရှုပ်သွားလားမသိဘူး 😁😁)