Chapter 91
ထိုစဥ်က ဖုချန်းယွီ၏မျက်လုံးထဲတွင် ဖုယွမ်ချွမ်းမှာ သေလူတစ်ဦးသာဖြစ်သဖြင့် လက်ခံတွေ့ဆုံခြင်းမပြုတော့တာဖြစ်၏။
မှတ်တမ်းက ရက်အနည်းငယ်ကြာသည်အထိ ရပ်တန့်သွားကာ ရေသူမျိုးနွယ်သားဖောက်စခန်းသို့ သွားရောက်သည့်အကြောင်းကို ဆက်လက်ရေးသားထားသည်။
သူက ရေသူလေးတစ်ကောင်မှမဝယ်လာနိုင်သော်လည်း ဆက်၍သွားနေဆဲပင်။ အလွန်ဖျားနာနေသည့်ရက်များမှလွဲ၍ တစ်နေ့တစ်ခါ နေ့တိုင်းသွားရောက်လေသည်။
ဖုယွမ်ချွမ်းက ရေသူမျိုးနွယ်အား သူ၏စိတ်စွမ်းအားကိုပြန်လည်ကုသစေကာ လက်စားချေလိုခြင်းဖြစ်ရမည်ဟု ကျွင်းချင်ယွီတွေးလိုက်မိသည်။
နောက်တစ်မျက်နှာလှန်လိုက်ချိန်၌ ကျွင်းချင်ယွီ၏လက်ချောင်းများ အေးခဲသွားခဲ့သည်။
မဟုတ်ဖူး....
မဟုတ်ခဲ့ဘူးပဲ...
ထိုဖိုင်များက ဤနေရာတွင်ရှိနေခြင်းဖြစ်ရာ အားလုံးကိုဖုယွမ်ချွမ်း ဖတ်ပြီးပြီဖြစ်လိမ့်မည်။
သူ မှတ်ဉာဏ်ပြန်ရသည့်အခါ သူ၏စိတ်စွမ်းအားထိခိုက်မှုက ပုံမှန်လူများနှင့်ခြားနားကြောင်း သိရှိခဲ့မှာပင်။ ထို့ကြောင့် ၎င်းကို ရေသူမျိုးနွယ်များကုသရန်မဖြစ်နိုင်ကြောင်း သိပြီးသားဖြစ်သည်။ ဒါဆိုဘာလို့ ရေသူပျိုးထောင်ရေးစခန်းကိုသွားနေရတာလဲ...
ကျွင်းချင်ယွီက အရှေ့ပိုင်းစာမျက်နှာများကို ပြန်လည်လှန်လှောလိုက်ကာ စာကြောင်းတစ်ကြောင်းကို ရှာဖွေလိုက်၏။
(စိတ်စွမ်းအား ပမာဏတစ်ခုအထိ တိုးမြှင့်ခံလိုက်ရသည့်အခါ သယ်ဆောင်သူက ၎င်းကိုထိန်းမထားနိုင်တော့ပဲ အသက်ဆုံးသည်ကိုသာ စောင့်ဆိုင်းနေရတော့သည်)
ဖြစ်နိုင်တာက...
ကျွင်းချင်ယွီ တမဟုတ်ချင်းထိတ်လန့်သွားခဲ့လေသည်။ ဖုယွမ်ချွမ်းကို ရေသူပျိုးထောင်ရေးအခြေစိုက်စခန်း၌ ပထမဆုံးအကြိမ်မြင်တွေ့ရစဥ်က သူထင်ထားသည်ထက် ပို၍တည်ငြိမ်နေခဲ့သည်။
ဖုယွမ်ချွမ်းက ဖျားနာမှုကို ကုသရန်မျှော်လင့်ချက်ဖြင့် ရေသူမျိုးနွယ်တစ်ဦး လာရောက်ရှာဖွေခြင်းမဟုတ်ခဲ့ချေ။ သူ့ကိုယ်သူ အသက်ရှင်လိမ့်မည်ဟု ဘယ်တုန်းကမှမတွေးခဲ့။
စိတ်စွမ်းအားမြှင့်တင်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် ခန္ဓာကိုယ်ထိခိုက်မှုများကို နှေးကွေးစေရန်သာ ရေသူမျိုးနွယ်၏အကူအညီကို ယူလိုခြင်းဖြစ်လေသည်။
အဆိုပါထိခိုက်မှုများ ခဏတာနှောင့်နှေးသွားပါက သူလက်စားချေ၍ရနိုင်သည်။ သူက အသက်ရှင်နိုင်ချေကို မမျှော်လင့်ထားခဲ့ပဲ အချိန်အနည်းငယ်ပို၍ရလိုခြင်းဖြစ်၏။
ကမ်းပေါ်၌စုပြုံနေသော ရေသူလေးများက သူအနားကပ်လိုက်သည်နှင့် အရပ်လေးမျက်နှာသို့ ကူးခတ်ပြေးကြသည့်မြင်ကွင်းက သူ့ကို နာကျင်စေခဲ့သည်။ သူ မကူးပြောင်းလာခင်က ဖုယွမ်ချွမ်း ထိုမြင်ကွင်းမျိုးအား အကြိမ်များစွာကြုံခဲ့ရမှာပင်။
ဒါက သူ့ကိုသေမင်းရဲ့ချောက်ကမ်းပါးထဲ အထပ်ထပ် တွန်းချနေတာပဲမဟုတ်လား...
သူ၏စိတ်စွမ်းအင်ကို ဖိနှိပ်၍မရသည့်အခါ ဖုယွမ်ချွမ်းက လက်စားချေရန်အတွက် နောက်ဆုံးရုန်းကန်မှုအနေဖြင့် ရေသူပျိုးထောင်ရေးစခန်းကို သွားရောက်လေ့ရှိသည်။
ဒါဆို...သူ့ကိုတွေ့တုန်းက...သူဘယ်လိုခံစားလိုက်ရမလဲ...
ကျွင်းချင်ယွီ၏မျက်ဝန်းများက ငွေ့ရည်ဖွဲ့လာကာ စာရွက်ပေါ်သို့ မျက်ရည်တစ်စက်အဖြစ် လိမ့်ဆင်းသွားခဲ့သည်။
ရုတ်တရက် ကျွင်းချင်ယွီ သတိပြန်ဝင်လာခဲ့၏။ သူက စာရွက်အားလုံးကို စားပွဲပေါ်ပြန်ချကာ လှေကားကိုပြေးဆင်းတော့သည်။
“ဖုယွမ်ချွမ်း...”
ဥယျာဥ်ထဲတွင် ဖုယွမ်ချွမ်းက သူ၏ရှောင်ယွီအတွက် ဟင်းခတ်အမွှေးအကြိုင်များပြင်ဆင်ပေးရင်း အလုပ်ရှုပ်နေ၏။ ထိုအသံကိုကြားသည့်အခါ သေခြင်းနှင့်ရင်ဆိုင်ရမည်ကိုပင် မကြောက်ရွံ့ခဲ့သည့်ဖုယွမ်ချွမ်းက နောက်သို့လှည့်မကြည့်ရဲပဲရှိနေလေသည်။
ကျွင်းချင်ယွီ၏မျက်ဝန်းက မျက်ရည်များဖြင့်ဝေဝါးသွားကာ ဖုယွမ်ချွမ်းထံသို့ တစ်လှမ်းခြင်းလျှောက်လှမ်းသွားခဲ့သည်။ “ယွမ်ချွမ်း…”
သူ့အသံက အနည်းငယ်ကွဲအက်နေသဖြင့် ဖုယွမ်ချွမ်း ထိတ်လန့်သွားခဲ့သည်။ သူက နောက်သို့အမြန်လှည့်ကြည့်လိုက်သောအခါ ရှောင်ယွီ၏မျက်ဝန်းထောင့်မှ မျက်ရည်များစီးကျနေသည်ကို တွေ့လိုက်ရ၏။ သူက သက်ပြင်းအသာချကာ အမြန်ဆီးကြိုပွေ့ဖက်လိုက်သည်။ ထို့နောက် နောက်ကျောကိုအသာပုတ်ပေးကာ ချော့မြူလိုက်၏။
“မငိုပါနဲ့...မငိုနဲ့နော်...”
ရေသူလေးငိုနေသည်ကိုကြည့်ရင်း ဖုယွမ်ချွမ်း ဘာလုပ်ရမှန်းမသိတော့ချေ။ “အဆင်ပြေသွားမှာပါ...ကြောက်လို့လား...”
သုတေသနစမ်းသပ်ချက်များမှ တစ်စုံတစ်ခုကြောင့် ရှောင်ယွီ ထိတ်လန့်သွားခြင်းဖြစ်ရမည်ဟု ဖုယွမ်ချွမ်းထင်လိုက်သည်။
“မင်းကြောက်သွားရင် ကိုယ်…”
ကျွင်းချင်ယွီ ခေါင်းယမ်းလိုက်ကာ တစ်ခုခုပြောဖို့ပြင်လိုက်သော်လည်း ခံစားချက်များပြည့်နှက်နေ၍ စကားတစ်ခွန်းမှထွက်ကျမလာချေ။ သူက ဖုယွမ်ချွမ်း တလွဲတွေးနေခြင်းကိုရပ်တန့်စေရန် တစ်ဖက်လူ၏နှုတ်ခမ်းများအား လက်ဖြင့်ကာလိုက်သည်။
စိတ်တည်ငြိမ်သွားသည့်နောက် အက်ကွသောအသံဖြင့် မေးလိုက်၏။
“ခင်ဗျား ကျွန်တော့်ကိုတွေ့တဲ့အချိန်တုန်းက ရေသူလေးတစ်ကောင်ကိုမှ ခေါ်သွားနိုင်မှာမဟုတ်ဘူးဆိုတာ ခင်ဗျားသိထားလား...”
ဖုယွမ်ချွမ်း ထိုမေးခွန်းကိုမမျှော်လင့်ထားခဲ့။ သူက ရှောင်ယွီ၏မျက်ဝန်းမှမျက်ရည်များကို ခပ်ဖွဖွသုတ်ပေးလိုက်ကာ ညင်သာစွာပြောလာ၏။
“အင်း...”
“ကိုယ် အဲ့ဒီ့ရက်ပိုင်းတုန်းက စိတ်စွမ်းအင်ကိုမဖိနှိပ်နိုင်ခဲ့ဘူး...”
သူက စိတ်စွမ်းအင်မြင့်မားလာမည့်အချိန်အား မခန့်မှန်းနိုင်သော်လည်း ခန္ဓာကိုယ်ရှိပြောင်းလဲမှုများကိုမူ ခံစား၍ရလေသည်။
“ဒါဆို ကျွန်တော့်ကိုတွေ့တော့ ဘယ်လိုခံစားခဲ့ရလဲ...” ကျွင်းချင်ယွီက အမြင်အာရုံဝေဝါးလာသည့်အတွက် မျက်တောင်ခတ်လိုက်သည်။
ဖုယွမ်ချွမ်းက ညှင်သာစွာပြော၏။
“မင်းက မှောင်မဲနေတဲ့ချောက်ကြီးထဲမှာ တောက်ပနေတဲ့အလင်းတန်းလေးလိုပဲ...”
ရေသူပျိုးထောင်ရေးအခြေစိုက်စခန်းတွင် ရေကန်နေရာကသီးသန့်ဖြစ်သည်။ ရေသူမျိုးနွယ်များ ရေမျက်နှာပြင်ပေါ်ထွက်မလာသရွေ့ ပုံမှန်ရေကန်ကိုသာမြင်ရမှာဖြစ်၏။
ရွှေရောင်ဖျော့ဖျော့အမြှီးလေးက ရေပေါ်တွင်ငုပ်လျှိုးပေါ်လျှိုးဖြင့် သူ့ထံတန်းတန်းမတ်မတ်ကူးခတ်လာခဲ့သော မြင်ကွင်းအား ဖုယွမ်ချွမ်း ပြန်လည်မြင်ယောင်မိလိုက်သည်။
ထိုစကားများကိုကြားချိန်ဝယ် ကျွင်းချင်ယွီမျက်ရည်မဆည်နိုင်တော့ချေ။
ကျွင်းချင်ယွီက အော်ဟစ်ငိုယိုမနေခဲ့။ ဖုယွမ်ချွမ်း၏ပုခုံးကိုမီကာ ရှိုက်၍သာနေသည်။ ရံဖန်ရံခါ တိုးညှင်းသောအသံလေးများထွက်ပေါ်လာခဲ့၏။
ဖုယွမ်ချွမ်း စိတ်ဓာတ်ကျလာသလို ခံစားလိုက်ရသည်။ “မငိုနဲ့တော့နော်...”
ရေသူလေး အဘယ့်ကြောင့်ရုတ်တရက် သူတို့နှစ်ဦးတွေ့ကာစအချိန်ကိုသတိရသွားမှန်း သူ မသိချေ။ သုတေသနနှင့်ဆက်စပ်၍ တွေးမိစရာလည်းအကြောင်းမရှိ။
ကျွင်းချင်ယွီက နှုတ်ခမ်းအသာကိုက်ကာ ညင်သာစွာမေးလိုက်သည်။
“ခင်ဗျားမကြာခင် တစ်ခုခု...ဖြစ်တော့မယ်မှန်းကြိုသိနေရက်နဲ့ ကျွန်တော့်ကိုဘာလို့ဝယ်ခဲ့တာလဲ...”
ဖုယွမ်ချွမ်းက သူအခက်တွေ့ခဲ့ရသည်အား ပြန်လည်အမှတ်ရသွားခဲ့သည်။
“တကယ်တော့ မင်းကိုဝယ်ဖို့မဆုံးဖြတ်ခင် အချိန်အတော်ကြာစဥ်းစားလိုက်ရတယ်...ဒါကဘာမှမထူးလာဘူးဆိုရင်တောင် ကိုယ်လက်မလျှော့ချင်ခဲ့ဘူး...”
ရေသူလေး၏မျက်ဝန်းများက သူတစ်ယောက်ထဲအပေါ်တွင် မြဲမြံစွာကျရောက်နေခဲ့ရာ သူဘယ်လိုလုပ်ဒီအတိုင်းလက်လွှတ်နိုင်ပါမည်နည်း...
သူ့လက်မောင်းကြားရှိ ရေသူလေးကိုကြည့်ကာ ဖုယွမ်ချွမ်းအမူအရာက ပို၍နူးညံ့လာသည်။
“မင်းက ကိုယ့်ကိုမျက်နှာသာပေးခဲ့တဲ့အတွက် ကိုယ်မင်းကိုအဲဒီ့မှာထားခဲ့ရင် မင်းအနိုင်ကျင့်ခံရမှာကိုလည်း ကိုယ်စိုးရိမ်မိတယ်...”
ရေသူပျိုးထောင်ရေးအခြေစိုက်စခန်းရှိ ရေသူမျိုးနွယ်များမှာ အချင်းချင်းစည်းလုံးကြသော်လည်း သူက အခြေအနေအရပ်ရပ်ကို ထည့်တွက်ဖြစ်၏။
အကယ်၍ သူ့ မမြင်ကွယ်ရာမှာ ရေသူလေးကို တခြားရေသူမျိုးနွယ်တွေက အနိုင်ကျင့်ကြရင်ရော...
ဖုယွမ်ချွမ်းက ရေသူလေးအတွက် အစစအရာရာစဥ်းစားပြီးမှ ဝယ်ခဲ့တာဖြစ်သည်။ သူသေဆုံးသွားလျှင်ပင် ဆယ်စုနှစ်များစွာအမိုက်အမှောင်ကြား ပထမဆုံးပေါ်လာခဲ့သည့် သူ၏အလင်းရောင်လေး ပျော်ရွှင်စွာဖြင့် ဘဝကိုဇိမ်ကျကျဖြတ်သန်းစေရန် အားလုံးစီစဥ်ခဲ့မှာဖြစ်သည်။
ကျွင်းချင်ယွီ၏မျက်ရည်များ ထပ်မံကျဆင်းလာ၏။
ထို့ကြောင့် သူပထမဆုံးလူပုံစံပြောင်းသွားစဥ်က ဖုယွမ်ချွမ်း ဘယ်လိုမှမနေခဲ့တာဖြစ်သည်။
ဖုယွမ်ချွမ်းက ခရမ်းချဥ်သီးများတွင် ကုဒ်နံပါတ်မပါသောကြောင့်ဟုဖြေခဲ့သဖြင့် သူလည်း ဘာကိုမှ ဆက်လက်၍မတွေးဖြစ်တော့ချေ။ ယခုမူ ၎င်းကအဓိကအကြောင်းရင်းမဟုတ်ပုံရသည်။
သာမန်ရေသူမျိုးနွယ်များ ကုသရန်မတတ်နိုင်သည့် သူ၏စိတ်စွမ်းအင်ထိခိုက်မှုကို ကျွင်းချင်ယွီ ကုသပေးနိုင်ကတည်းက ဖုယွမ်ချွမ်းသတိပြုမိခဲ့ခြင်းဖြစ်နိုင်၏။
ကျွင်းချင်ယွီက ဖုယွမ်ချွမ်း၏ကိုယ်ကို နဖူးလေးဖြင့်တိုးခွေ့လိုက်သည်။
သူပထမဆုံးလူအသွင်ပြောင်းစဥ်က ဖုယွမ်ချွမ်း၏တုံပြန်မှုမှာ ပြာယာခတ်နေသောသူ့အား နှစ်သိမ့်ရန်သာဖြစ်သည်။
ကျွင်းချင်ယွီက မျက်ဝန်းများကိုမှိတ်ချလိုက်ရင်း မတွေးမိပဲမနေနိုင်ချေ။ ဖုယွမ်ချွမ်းက ဘာလို့အရမ်းကောင်းရတာလဲ...
“ကောင်းပြီ...မငိုနဲ့တော့နော်...” ဖုယွမ်ချွမ်းက ရေသူလေး၏ကျောပြင်ကို အသာအယာပုတ်ပေးလေသည်။ ထို့နောက် အငိုသန်လေးကို စွေ့ကနဲပွေ့ချီလိုက်ကာ နူးညံ့သောကူရှင်ပေါ်တွင် အတူတကွထိုင်ချလိုက်သည်။
ဖုယွမ်ချွမ်းက ရေသူလေးကို သူ၏ပေါင်ပေါ်တင်လျက် ချော့မော့လေသည်။
“အခု အားလုံးအဆင်ပြေနေတာပဲမဟုတ်လား...”
ပုံမှန်လူသားတစ်ဦးထက် အလွန်များပြားနေသော ဖုယွမ်ချွမ်း၏စိတ်စွမ်းအားက ကျွင်းချင်ယွီ သူ့ကို ကုသပေးပြီးသည့်နောက်ပိုင်း မည်သည့်ပြသနာမှမရှိတော့ချေ။
သူ၏စိတ်စွမ်းအင်များ တဖြည်းဖြည်းအနည်ထိုင်သွားသည့်နောက် ဖုယွမ်ချွမ်းက ရေသူလေးသူ့အားကုသပေးခဲ့မှန်း သဘောပေါက်စပြုခဲ့ခြင်းဖြစ်သည်။
ဖုယွမ်ချွမ်းက ရေသူလေးကို ညင်သာစွာချော့မြှူလိုက်၏။
“တစ်ခုခုအရင်သွားစားရအောင်လေ...ကင်းမွန်က ခဏကြာရင်အေးသွားတော့မှာ...”
သူက ရေသူလေးအား သူ့ဘဝမှန်ကို ဖြစ်ကြောင်းကုန်စင်ပြောပြချင်ခဲ့တာဖြစ်သည်။ ဤကဲ့သို့ငိုသွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
ကျွင်းချင်ယွီက ဖုယွမ်ချွမ်းအကြောင်းတွေးနေဆဲဖြစ်၏။ အရင်က သူ သိပ်ဂရုမစိုက်သော်လည်း ယခုမူ သေချာစုံစမ်းဖို့လိုလာပြီဖြစ်၏။ “ဖုယန်ဟုန် အဲဒီ့နေ့က ယာယီအခြေစိုက်စခန်းကိုသွားခဲ့တာက ဖုချန်းယွီ သူ့ကိုခိုင်းတာကြောင့်လား...”
“ကိုယ်နောက်ပိုင်းစုံစမ်းရသလောက်တော့ ဖုချန်းယွီနဲ့ပတ်သတ်နေတာပဲ...” ဖုယွမ်ချွမ်းက ခပ်တိုးတိုးပြောသည်။
“ယာယီအခြေစိုက်စခန်းအကြောင်း လူနည်းနည်းပဲသိကြတာ...ပထမက ရှီခိုင်ရှင်းဆီ မင်းကိုဂရုစိုက်ဖို့အပ်ထားမလို့ပဲ...ဖုယန်ဟုန်လာခဲ့လိမ့်မယ်လို့ ကိုယ်ခန့်မှန်းနိုင်ခဲ့ရင်၊ ကိုယ်မှတ်ဉာဏ်ပြန်ရကြောင်း မြင်သာအောင်ပြနိုင်ခဲ့ရင်တောင်မှ ကိုယ်သူနဲ့စာရင်းရှင်းရဦးမှာလေ...”
ဖုယွမ်ချွမ်း မှတ်ဉာဏ်ပြန်ရကတည်းက ခြေလှမ်းတိုင်းကို ချောက်ကမ်းပါးအစွန်း၌လမ်းလျှောက်နေသကဲ့သို့ တစ်လှမ်းချင်းသတိကြီးစွာလှမ်းခဲ့ရသည်။ သူ သတိမထားမိသည်နှင့် ချောက်ထဲပြုတ်ကျသွားမှာပင်။
သူက သည်းခံရုံသာတတ်နိုင်ပြီး ဖုယန်ဟုန်နှင့် သားအဖလုပ်တမ်းကစားပေးခဲ့ရသည်။ အဆုံးသတ်၌ စိတ်ခံစားချက်များကို မထိန်းချုပ်နိုင်သည့်အခါမျိုးတွင် ယာယီနားနေစခန်းသို့သွားရောက်လေ့ရှိသည်။
ရေသူလေးကိုဝယ်ပြီးသည့်အခါ ဖုယွမ်ချွမ်းက ပို၍ဂရုတစိုက်လှုပ်ရှားခဲ့ရသည်။ အပြင်သွားနေစဥ် သူသာလုပ်ကြံခံရပါက ရေသူလေးကိုပါ ပါဝင်ပတ်သက်စေမိမှာစိုးသဖြင့် ဘယ်ကိုမှခေါ်မသွားရဲခဲ့ချေ။
ကျွင်းချင်ယွီခေါင်းညိတ်လိုက်၏။ သူကဖုယွမ်ချွမ်း၏ ထိုစဥ်ကအခြေအနေကို ကောင်းကောင်းနားလည်သွားကာ သူ၏အတွေးများသည်လည်း အနည်ထိုင်သွားခဲ့၏။ သို့သော် ဖုယန်ဟုန်က ရေသူလေးကို တကယ်တိုက်ခိုက်လာလိမ့်မည်ဟု ဖုယွမ်ချွမ်းမျှော်လင့်မထားခဲ့ချေ။
ထိုအချိန်မှစ၍ ပုန်းကွယ်ခြင်းမှာ အသုံးမဝင်ကြောင်း ဖုယွမ်ချွမ်းနားလည်သွားခဲ့သည်။ ရလဒ်အနေဖြင့် ဖုယန်ဟုန်အားရိုးရိုးရှင်းရှင်းကိုင်တွယ်လိုက်ကာ သူ့အားမာရှယ်အဆောက်အဦးသို့ ပြန်လည်ခေါ်ဆောင်လာခဲ့သည်။
ကျွင်းချင်ယွီက သံသယအချို့ဝင်လာသည်။ သူ ဖုယန်ဟုန်ကိုမတွေ့သည်မှာ အတော်ကြာပြီဖြစ်သည်။ အတိအကျဆိုပါက ယာယီနားနေစခန်းတွင်၌ နောက်ဆုံးတွေ့ခဲ့ရခြင်းဖြစ်သည်။
ကျွင်းချင်ယွီ မေးလိုက်သည်။ "အခု ဖုယန်ဟုန်ကဘယ်မှာလဲ...”
ဖုယွမ်ချွမ်းက ရေသူလေးမျက်နှာပေါ်ရှိ မျက်ရည်စများကို တစ်ရှူးဖြင့်သုတ်ပေးရင်း “သူ အဲ့ဒီ့နေ့ကအရမ်းလန့်သွားတဲ့အတွက် စိတ်အခြေအနေကမူမမှန်ပဲဖြစ်သွားခဲ့တယ်...ကိုယ်သူ့ကို စိတ်ကျန်းမာရေးဆေးရုံဆီပို့ပေးဖို့ ရှီခိုင်ရှင်းကိုပြောထားတယ်လေ...”
ကျွင်းချင်ယွီ ကြောင်အသွားခဲ့၏။ “တကယ်လား...”
သုတေသနပညာရှင်တွေရဲ့စိတ်စွမ်းအားက မြင့်တယ်မဟုတ်ဖူးလား...
တကယ်ပဲ မူမမှန်တာလား...ဒါမှမဟုတ်...
“ထားပါ...အဲဒါက အရေးမကြီးပါဘူး...”
ကူရှင်အောက်ဖက်တွင် အံဆွဲများပါရှိလေသည်။ ဖုယွမ်ချွမ်းက ၎င်းတို့ထဲမှတစ်ခုကိုဆွဲလိုက်ကာ ပလစ်စတစ်အိတ်ကိုဖောက်၍ ပုဝါနွေးနွေးကလေးများကို ထုတ်ယူလိုက်သည်။ ပုဝါများကို ရေသူလေးအတွက် သင့်တော်သောအပူချိန်နှင့် သိုလှောင်ထားခြင်းဖြစ်၏။
“ကိုယ် နည်းလမ်းတစ်ချို့သုံးထားတယ်...ဖုယန်ဟုန်ဘယ်မှာရှိမှန်း ဖုချန်းယွီမသိလောက်ဖူး...”
ကျွင်းချင်ယွီ မျက်ဝန်းမှိတ်ကာ မျက်နှာကိုရှေ့တိုးပေးလိုက်သည်။
ဖုချန်းယွီက မသိဘူးလား...
အခမ်းအနားတွင် ဖုယန်ဟုန်မှာ မွေးစားအဖေသာဖြစ်သည်ဟု ဖုချန်းယွီပြောခဲ့သည်မှာ အံ့သြစရာမရှိတော့ချေ။ ဖုချန်းယွီက ဖုယွမ်ချွမ်း၏မှတ်ဉာဏ်ကို စကားအနည်းငယ်နှင့်ရှုပ်ထွေးစေရန် ဖုယန်ဟုန်အားစေခိုင်းခဲ့ခြင်းဖြစ်ရမည်။
Xxxxxxx