အပိုင်း ၉၂
Viewers 18k

Chapter 92


ဖုယွမ်ချွမ်းသာ မှတ်ဉာဏ်ပြန်မရသေးပဲ ဖုယန်ဟုန်အားထိန်းချုပ်ရန်မပြင်ဆင်ထားခဲ့ပါက ငိုယိုအော်ဟစ်ကာ ဝမ်းနည်းစရာမြင်ကွင်းကို ဖန်တီးကြဦးမှာဖြစ်သည်။


ကျွင်းချင်ယွီ တွေး​ကြည့်ရုံနှင့်ပင်စိတ်လေသွား၏။


သူများရဲ့မှတ်ဉာဏ်ကို ရှုပ်ထွေးအောင်လုပ်ရတာ ဘာများပျော်စရာကောင်းလို့လဲ...


ကျွင်းချင်ယွီက မျက်လွှာအသာချကာ သူ၏မျက်ဝန်းအနက်ရှိုင်းဆုံးမှ ခံစားချက်များကို မျက်တောင်ရှည်များဖြင့်ဖုံးကွယ်လိုက်သည်။ စိတ်ထဲတွင် ထိုသူတို့အတွက်အစီအစဥ်များစွာဖြင့် ပြည့်နှက်၍နေလေသည်။


ရေသူလေးအငိုရပ်သွားသည့်အတွက် ဖုယွမ်ချွမ်း သက်ပြင်းအသာချလိုက်သည်။ သို့သော် သူက တိတ်ဆိတ်နေမြဲဖြစ်၏။ ဖုယွမ်ချွမ်းက ရေသူလေး ခေါင်းလေးကိုပွတ်သပ်ပေးရင်း “စားရအောင်လေ...ခဏကြာရင် အေးကုန်တော့မယ်...”


ကျွင်းချင်ယွီ မျက်တောင်တစ်ချက်ခတ်လျက် မျက်ဝန်းထဲရှိအေးစက်မှုများကို ပျောက်ကွယ်စေလိုက်သည်။ သူက ဖုယွမ်ချွမ်းကို အ​ပြစ်ကင်းစွာ​မော့ကြည့်လိုက်ကာ “ကျွန်တော် လမ်းမလျှောက်ချင်ဘူး…”


“ဒါဆို ကိုယ်မင်းကိုပွေ့သွားပေးရမလား...ဒါမှမဟုတ် ကင်းမွန်ဗန်းကိုသယ်လာပေးရမလား...”


“ကျွန်တော့်ကိုချီ...”


ကင်းမွန်ကင်ထားသည့်နေရာဘေးတွင်လည်း ထိုင်ခုံများရှိလေသည်။ သို့သော် သူတို့ထိုင်နေသည့် ကူရှင်လောက်တော့မကြီးချေ။


ကင်းမွန်ကင်က အနည်းငယ်အေးနေပြီဖြစ်ရာ ဆော့စ်အရသာပို၍ပြင်းသွား၏။


ကျွင်းချင်ယွီ အရသာအပေါ်အာရုံမရောက်ချေ။ သူက အကင်တံတစ်ချောင်းကိုယူကာ စားလိုက်သည်။ ခဏတွေးနေပြီးနောက် ဖုယွမ်ချွမ်းကိုမေးလိုက်၏။


 “ဖုချန်းယွီ မွေးနေ့အခမ်းအနားမှာပြဖို့ပြင်ခဲ့တဲ့ဗီဒီယိုကဘာလဲ...”


၎င်းက ယောင်ယောင်ပေးထားသည့်ဗီဒီယိုနှင့် အလဲခံလိုက်ရတာဖြစ်ပြီး ဖုယွမ်ချွမ်းကိုအကွက်ဆင်ရန် ဖုချန်းယွီပြင်ဆင်ထားသည့် ဗီဒီယိုသက်သက်ရှိသေးသည်။


မူလဗီဒီယိုက ဖုယွမ်ချွမ်းနှင့်ဆက်စပ်နေသည့်တစ်စုံတစ်ခုပင်။


“အဲ့ဒါက ကိုယ်စမ်းသပ်ခံတစ်ယောက်ဖြစ်ဖူးတယ် ဆိုတာနဲ့ပတ်သတ်တဲ့ သုတေသနမှတ်တမ်းအချို့ပါပဲ...”


“သုတေသနနဲ့ပတ်သတ်သမျှအရာအားလုံးကို ကိုယ့်ဆီအပြစ်ပုံချပြီး သူကရုန်းထွက်ချင်တာလေ...သားအဖဆက်ဆံရေးအကြောင်း ထုတ်ပြောတာကတော့ အနာဂတ်အတွက်ပြင်ဆင်ထားတာဖြစ်နိုင်တယ်...အချို့ပိုင်ဆိုင်မှုတွေက ကိုယ့်နာမည်အောက်မှာရှိမှန်း သူသိထားတဲ့အတွက် ဒီလိုသာအားလုံးသိအောင်ကြေငြာလိုက်ရင် နောက်ပိုင်း သူသိမ်းယူတဲ့အခါပြသနာမရှိတော့ဘူးပေါ့...ဒါ့ကြောင့် ကိုယ်ကဓာတ်ခွဲခန်းနဲ့ပတ်သတ်တာကို အကုန်ဖော်ထုတ်လိုက်တာပဲ...”


“ဖုချန်းယွီက အဖေတစ်ယောက်ရဲ့တာဝန်နဲ့ တိုင်းပြည်ကြားမှာလွန်ဆွဲရင်း မတတ်နိုင်တဲ့အဆုံးမှာ တိုင်းပြည်ကိုရွေးချယ်လိုက်ရတဲ့ပုံစံမျိုး သရုပ်ဆောင်ဖို့တွေးထားခဲ့ပုံပဲ...”


ဤနည်းအားဖြင့် သုတေသနအစအဆုံးကို ဖုယွမ်ချွမ်းလုပ်ဆောင်ခဲ့ရာကျသွားမှာဖြစ်ပြီး ဖုချန်းယွီက သားဖြစ်သူလမ်းမှားသို့​ရောက်သွားမည်ကို မကြည့်နိုင်သည့်အတွက် ဖော်ထုတ်လိုက်ရသလိုလုပ်မှာဖြစ်သည်။


ဖုယွမ်ချွမ်းကဲ့သို့ သုတေသနမှတ်တမ်းများစွာရှိသူနှင့်ယှဥ်လျှင် ဖုချန်းယွီက သုတေသနတစ်ခုလုံး မျက်နှာပြခြင်းမရှိလေရာ လွယ်လင့်တကူရုန်းထွက်နိုင်မှာဖြစ်သည်။


ဖုယွမ်ချွမ်း၏အချိုပွဲဆိုင်နှင့် သစ်သီးဝလံများကိုလည်း ပြည်သူပိုင်ဘဏ္ဍာအဖြစ်သိမ်းယူနိုင်မှာပင်။


အကယ်၍ သူတို့၌ ယောင်ယောင်ပေးသောဗီဒီယိုသာမရှိပါလျှင် ဖုချန်းယွီက သုတေသန၏ အာဏာပိုင်အဖြစ် ဖော်ထုတ်ခံရမှာမဟုတ်သည့်အပြင် သားဖြစ်သူ၏ပြစ်မှုကို ကိုယ်တိုင်ထုတ်ပြောရဲသော အမှန်တရားဘက်တော်သားဟူသည့်ပုံရိပ်ပင် ရနိုင်သေးသည်။


ဖုယွမ်ချွမ်းက ဒီလိုဖြစ်ခွင့်မပေးခဲ့ရုံပဲ...


ဖုချန်းယွီ၏ဓာတ်ခွဲခန်းကိစ္စများကို လှည့်ကွက်အနည်းငယ်ကစားလိုက်ရုံဖြင့် သူ့အရှုပ်ထုပ်ကို သူ့ဆီပြန်ပို့ပေးလိုက်ခြင်းဖြစ်သည်။


ဖုယွမ်ချွမ်း၏စကားများကိုနားထောင်ရင်း ကျွင်းချင်ယွီ ခပ်ဖြည်းဖြည်း ခေါင်းညိတ်လိုက်သည်။


တော်လှန်ရေးတပ်ဖွဲ့က သူတို့ကိုဖိအားပေးစေကာမူ အင်ပါယာဘက်ရှိလူများက တစ်စုံတစ်ခုမှားယွင်းနေကြောင်း သတိပြုမိစေကာမူ သုတေသနကိစ္စရပ်များနှင့် ပတ်သတ်မိမှာစိုးသောကြောင့် သူတို့ကိုဘာမှပြောဝံမှာမဟုတ်ချေ။


အားလုံးက အခြားအရှုပ်အထွေးတစ်ခုနှင့် အဆုံးသတ်သွားခဲ့သော်ငြား ကံကောင်းစွာဖြင့် မည်သည့်အမှားအယွင်းမှမဖြစ်ခဲ့ချေ။



အခန်းထဲပြန်ရောက်သည်နှင့် ကျွင်းချင်ယွီရေချိုးခန်းထဲဝင်ကာ ရေစိမ်နေလေသည်။


ဖုယွမ်ချွမ်းက အခန်းရှင်းရင်း စာဖိုင်များကိုစားပွဲပေါ်ပြန်တင်လိုက်သည်။ ထိုစဥ် စာဖိုင်၏အထူမှာ အနည်းငယ်မှားယွင်းနေကြောင်း သတိပြုမိသွားသည်။


သူက ဖိုင်ကိုဖွင့်လိုက်ပြီး စာရွက်များကိုအပြင်ထုတ်လိုက်၏။


၎င်းတွင် အကြောင်းအရာများစွာပါဝင်လေသည်။ ထိုဖိုင်များက သူကိုယ်တိုင်စုစည်းထားခြင်းဖြစ်သော်လည်း ပြန်လည်စစ်ဆေးခြင်းမလုပ်မိခဲ့ချေ။ ယခုကြည့်လိုက်သည့်အခါ၌ ဖိုင်ထဲတွင် သုတေသနမှတ်တမ်းများပဲရှိနေခြင်းမဟုတ်ကြောင်း တွေ့လိုက်ရ၏။


၎င်းတွင် သူနေမကောင်းဖြစ်ကတည်းက ပြင်ဆင်ထားခဲ့သော အစီအစဥ်များပါပါဝင်လေသည်။ (သေတမ်းစာလိုမျိုး)


ဖုယွမ်ချွမ်း အေးခဲသွား၏။


ရေသူလေးအရမ်းငိုသွားသည်မှာ အံသြစရာမရှိတော့ချေ။


​ရေချိုးခန်းထဲမှ ရေစိမ်​ပြီးထွက်လာသည့် ကျွင်းချင်ယွီက ဖုယွမ်ချွမ်းလက်ထဲရှိဖိုင်ကို ဖြတ်ကနဲအကြည့်ရောက်သွားသည်။ “ဘာလို့ရုတ်တရက်ကြီး သုတေသနအကြောင်းပြောပြချင်သွားတာလဲ...”


ဖုယွမ်ချွမ်းကို စမ်းသပ်ခံတစ်ဦးဖြစ်နေလိမ့်မည်ဟု သူတစ်ခါမှမတွေးမိခဲ့ချေ။ ကူးပြောင်းလာသူတစ်ဦးအနေဖြင့် ဖုယွမ်ချွမ်းနှင့်ပတ်သတ်သော သူသိသမျှအရာအားလုံးမှာ မူလဝတ္ထုသာဖြစ်သည်။


သုတေသနအကြောင်းကိုရော၊ ဖုချန်းယွီနှင့်ဖုယွမ်ချွမ်း၏တော်စပ်ပုံကိုပါ မူလဇာတ်ကြောင်း၌ဖော်ပြထားခြင်းမရှိချေ။


ဖုယွမ်ချွမ်းသာမပြောခဲ့ပါက သူဘာကိုမှနားလည်လိုက်မှာပင်မဟုတ်...။


ဖုယွမ်ချွမ်းက ကျွင်းချင်ယွီ၏ထုတ်ပြောခြင်းမရှိသော အတွေးများကို ပုံဖော်နိုင်လေသည်။ သူက ခဏတွေးလျှက် ပြောသည်။ “ဘာလို့ဆို နှစ်သစ်ရောက်တော့မှာလေ...”


“နှစ်သစ်လား...”


“ဒီနိုင်ငံမှာ လက်ထပ်ဖို့ကြိုပြီးချိန်းဆိုမှုယူရတယ်လေ...နှစ်သစ်ကိုရောက်ဖို့ ရက်အနည်းငယ်အလိုမှာ လက်ထပ်မှတ်ပုံတင်လုပ်ဖို့ ကိုယ်ရက်ချိန်းယူထားတယ်...”


လက်ထပ်မှတ်ပုံတင်အကြောင်းကို ကြားချိန်၌ ကျွင်းချင်ယွီ အံ့အားသင့်သွားခဲ့သည်။ လိင်တူလက်ထပ်ခြင်းက သူလာခဲ့သောကမ္ဘာ၌မရှိသဖြင့် ၎င်းအပေါ်သိပ်ပြီးအာရုံမစိုက်ခဲ့တာဖြစ်သည်။


မမျှော်လင့်ထားစွာပင် ဖုယွမ်ချွမ်းက မှတ်ပုံတင်ဖို့အတွက် ရက်ချိန်းပင်ယူခဲ့ပြီးပြီဖြစ်၏။ ဘယ်တုန်းကစီစဥ်လိုက်မှန်းပင် သူ မသိခဲ့ချေ။


ကျွင်းချင်ယွီ၏နှုတ်ခမ်းထောင့်လေးများက အနည်းငယ်မြင့်တက်သွားကာ ရင်ခုန်သံမြန်လာခဲ့ရသည်။ ထို့နောက် သူ အနည်းငယ်ရယ်ချင်သွားခဲ့၏။ ဖုယွမ်ချွမ်း၏အာဏာအရ လက်ထပ်မှတ်ပုံတင်ရန် ရက်ချိန်းယူဖို့မလိုအပ်ချေ။


ကျွင်းချင်ယွီ ရွှတ်နောက်နောက်လေးမေးလိုက်သည်။


 “ခင်ဗျားက လက်ထပ်မှတ်ပုံတင်အတွက် ရက်ချိန်းယူဖို့လိုလို့လား...”


ဖုယွမ်ချွမ်း ခေါင်းယမ်းလိုက်၏။


 “ဒီလိုဆိုပိုကောင်းမယ်ထင်လို့ပါ...”


ရက်ချိန်းယူရန်မလိုသော်လည်း သဘာဝကျကျ တစ်ဆင့်ခြင်းသွားခြင်းက ပို၍ကောင်းမွန်မည်ဟု သူတွေးခဲ့တာဖြစ်သည်။


ဖုယွမ်ချွမ်း၏ ဂရုတစိုက်ဖြေကြားပုံကိုကြည့်ကာ ကျွင်းချင်ယွီ၏ မျက်ဝန်းလေးများက လခြမ်းကွေးလေးကဲ့သို့ ကွေးညွှတ်သွားသည်။ 


“ဒါပေမယ့် အဲ့ဒါက သုတေသနအကြောင်းပြောပြတာနဲ့ ဘာဆိုင်လို့လဲ...”


“ကိုယ်တစ်သက်လုံး ဒါကိုဖုန်းကွယ်သွားလို့မရဘူးလေ...” ဖုယွမ်ချွမ်းက ရေငွေ့လေးများယှက်သမ်းနေသည့် ရေသူလေးအားပွေ့ဖက်ရင်း သူ၏ဦးခေါင်းကို ရှောင်ယွီ၏လည်တိုင်တွင် တိုးဝှေ့လိုက်သည်။


“ကိုယ် သုတေသနအကြောင်း မင်းကိုဘယ်လိုပြောရမလဲ တစ်ချိန်လုံးစဥ်းစားနေခဲ့တာ...ကိုယ်က မကောင်းဆိုးဝါးပါလို့ မင်းကိုပြောခဲ့တယ်မဟုတ်လား...ဒါပေမယ့် ကိုယ်ဒီတိုင်းမင်းကိုနှစ်သိမ့်ဖို့ပြောခဲ့တယ်လို့ မင်းကထင်နေခဲ့တဲ့ပုံပဲ...”


“ကိုယ်တို့ လက်ထပ်မှတ်ပုံတင်ပြီးမှ ဒီအကြောင်းတွေမင်းသိသွားခဲ့ရင် ကိုယ်စိုးရိမ်တာမင်း....”


ဖုယွမ်ချွမ်းက ကျွင်းချင်ယွီ၏ခါးကိုတင်းတင်းပွေ့ဖက်လိုက်ကာ ဘာမှဆက်မပြောတော့ချေ။


ကျွင်းချင်ယွီ မမျှော်လင့်ထားခဲ့သ​ဖြင့် ထိတ်လန့်သွားခဲ့ရ၏။


သူ ဒါတွေသိသွားတဲ့အခါ သူ့ကိုဆုံးရှုံးရမှာစိုးတာကြောင့် အခုထဲကအားလုံးကိုပြောပြဖို့ ရွေးချယ်လိုက်တာလား...


ဖုယွမ်ချွမ်းက သူသည် စမ်းသပ်ခံမကောင်းဆိုးဝါးတစ်ကောင်ဖြစ်သောကြောင့် ရှောင်ယွီထားသွားခြင်းခံရလိမ့်မည်ဟု ခံစားခဲ့ရခြင်းဖြစ်သည်။ ထို့ကြောင့် လက်ထပ်မှတ်ပုံမတင်ခင် အားလုံးကို ရှင်းရှင်းလင်းလင်းဖြစ်လိုခဲ့ခြင်းပင်။


ကျွင်းချင်ယွီ၏မျက်နှာပေါ်တွင် အကူအညီမဲ့ဟန်အပြုံးကလေးဖြစ်ပေါ်လာ၏။ သူက ဖုယွမ်ချွမ်း၏လည်တိုင်ကိုဖက်တွယ်ရင်း ခပ်ဖွဖွတစ်ချက်ကိုက်လိုက်သည်။


“ခင်ဗျားက အရူးလား...ခင်ဗျား ကျွန်​တော့်ကိုမသိ​စေချင်သရွေ့ ကျွန်တော့်လက်ကျန်ဘဝတစ်လျှောက်လုံး အဲ့ဒီ့အကြောင်းအရာကိုဖုံးကွယ်ထားလို့ရတယ်လေ...”


ဖုယွမ်ချွမ်းအလိုရှိသရွေ့ မည်သည့်အရာမဆို သူကအဆုံးထိပူးပေါင်းပေးမှာဖြစ်သည်။ 


ကျွင်းချင်ယွီ၏စကားအတွင်းမှ အဓိပ္ပါယ်ကိုနားလည်စွာဖြင့် ဖုယွမ်ချွမ်းပြုံးလိုက်မိသည်။ 


“မင်းဒီလောက်တုံးလွန်းနေရင် အပြင်ရောက်တဲ့အခါ သူများလှည့်စားတာခံရလိမ့်မယ်...”


ကျွင်းချင်ယွီမျက်ခုံးပင့်လိုက်ကာ အတည်တကျပြောလာ၏။


 “ဒါဆို ကျွန်တော်ဘယ်မှမသွားတော့ဘူးလေ...ခင်များဘေးမှာပဲအချိန်တိုင်းရှိနေတော့မယ်...ခင်များကျွန်တော့်ကို ကာကွယ်ပေးမယ်မဟုတ်လား...”


ဖုယွမ်ချွမ်း၏လည်ချောင်းက ခြောက်ကပ်သွားခဲ့သည်။ သူက ရေသူလေးကိုအလေးအနက်ကြည့်ကာ တိုးဖွဖွပြောလေသည်။ “ဒါပေါ့...”


ကျွင်းချင်ယွီက ဖုယွမ်ချွမ်း၏လှုပ်ရှားမှုများကို ဂရုတစိုက်စောင့်ကြည့်နေခဲ့တာဖြစ်သည်။ သူက တစ်ဖက်လူ၏ဆံစများကို လက်ချောင်းကလေးများဖြင့်ဆော့ကစားလိုက်ကာ “နောက်ကျနေပြီ...အိပ်ယာဝင်ရအောင်...”


ယနေ့ဖြစ်ရပ်များက အဆုံးမသတ်သေးသည့်အတွက် မနက်ဖြန်တွင် အားလုံးအလုပ်ရှုပ်တော့မှာဖြစ်သည်။ ဒါတင်မကသေးပဲ သူတို့ကထိုကိစ္စရပ်များတွင် ပါဝင်ပတ်သတ်နေလေရာ စောစောအနားယူမှ တော်ကာကျပေလိမ့်မည်။


ဖုယွမ်ချွမ်းက ရေသူလေးကိုပွေ့ချီရင်း အိပ်ယာပေါ်တင်ပေးလိုက်ကာ မီးများပိတ်လိုက်၏။



ကျွင်းချင်ယွီ တစ်စုံတစ်ခုကို ဝိုးတဝါးကြားလိုက်မိသဖြင့် မသိစိတ်ကမျက်မှောင်ကြုတ်လိုက်မိသည်။ သူက အိပ်ချင်မူးတူးဖြစ်နေလေရာ မျက်လုံးမဖွင့်ချင်သေးချေ။ ထို့နောက် ဖုယွမ်ချွမ်းကိုဖက်အိပ်ရန် လျှောက်စမ်းလိုက်၏။ သို့သော် သူ၏လက်များက နေရာလွတ်ကိုသာစမ်းမိလေသည်။


“အင်…” ကျွင်းချင်ယွီမျက်မှောင်ကြုတ်လိုက်ကာ ထပ်မံ၍ဟိုသည်စမ်းကြည့်သော်လည်း ဘာကိုမှမစမ်းမိချေ။


သူက မျက်ဝန်းများကို ခက်ခက်ခဲခဲဖွင့်ကြည့်လိုက်သော်လည်း အိပ်ခန်း၏မည်သည့်နေရာတွင်မှ ဖုယွမ်ချွမ်းကို မတွေ့ရချေ။ ရေချိုးခန်းဆီမှ ရေကျသံသာလျှင် ထွက်ပေါ်နေလေသည်။


ဖုယွမ်ချွမ်းရေချိုးနေမှန်းသိသွားကာ မျက်လုံးပြန်မှိတ်ရင်း အော်ခေါ်လိုက်သည်။ “ယွမ်ချွမ်း…”


နိုးခါစဖြစ်သဖြင့် သူ၏အသံလေးမှာ ပျင်းရိပျင်းတွဲနိုင်နေလေသည်။ ဖုယွမ်ချွမ်းနားထဲတွင် ကြောင်ကလေးတစ်ကောင် ခပ်ဖွဖွလာကုတ်နေသကဲ့သို့ ခံစားလိုက်ရ၏။ ချစ်စရာကောင်းပြီး နူးညံ့လှသည်။


ဖုယွမ်ချွမ်းက ရေချိုးခန်းအတွင်းမှထွက်လာကာ အိပ်ယာဘေးတွင်ထိုင်၍ ရေသူလေး၏ဆံနွယ်များကို နားရွက်နောက်သို့သပ်တင်ပေးလိုက်၏။ 


“နိုးပြီလား...မျက်နှာသစ်တော့နော်...ကိုယ်တို့တစ်​နေရာသွားရအောင်...”


“မသွားချင်ဘူး...” ကျွင်းချင်ယွီက ဖုယွမ်ချွမ်း၏လက်ကိုဖက်လိုက်ကာ ပါးပြင်နှင့်ပွတ်သပ်လိုက်သည်။ “ကျွန်တော် ပင်ပန်းတယ်…”


ရေသူလေး၏ချွဲနွဲ့မှုကြောင့် ဖုယွမ်ချွမ်းအချိန်ကိုကြည့်လိုက်သည့်အခါ အနည်းငယ်စောနေသေးကြောင်း တွေ့လိုက်ရသည်။


မည်သို့ပင်ဖြစ်စေ ဒီနေ့လုပ်စရာအများကြီးရှိနေကာ သူက နှစ်သစ်ကူးမတိုင်ခင် အားလုံးလက်စသတ်ချင်သည်။ ထိုအခါမှ ရှောင်ယွီနှင့်အတူ အေးချမ်းသောနှစ်သစ်ကူးအချိန်အခါကို ဖြတ်သန်းရမှာဖြစ်၏။


ဖုယွမ်ချွမ်းက ခဏတွေးရင်းပြောလိုက်သည်။ 


“ဒါဆို ရေသူလေးအသွင်ပြန်ပြောင်းမလား...ကိုယ်မင်းကိုတူတူခေါ်သွားလို့ရတယ်လေ...”


ဤသို့ဆိုပါက ရေသူလေးအိပ်ရေးမပျက်တော့ချေ။


အိပ်မှုံစုံမွှားဖြစ်နေသောကျွင်းချင်ယွီက တွေးပင်မတွေးပဲကန့်ကွက်လိုက်သည်။ “အပြင်မသွားချင်ပါဘူးဆိုကွာ...”


ဖုယွမ်ချွမ်းက ဂျီကျနေသောရေသူလေးအား ညှင်သာစွာချော့မြူလိုက်သည်။


 “ဒါပေမယ့် ဒီနေ့လုပ်စရာတွေအများကြီးရယ်...”


ကျွင်းချင်ယွီ ထိုစကားများကိုကြားသည့်အခါ ဖုယွမ်ချွမ်း၏လက်မောင်းကို တင်းတင်းကျပ်ကျပ်ဖက်လိုက်သည်။ သူ၏ပိတ်နေသောမျက်ဝန်းများကမူ ပွင့်မလာခဲ့။ 


“ကျွန်တော် နောက်တစ်မိနစ်လောက်ထပ်အိပ်ဦးမယ်...”


“ဒါဆို ကိုယ်အောက်ထပ်ကိုဆင်းနှင့်ပြီး မနက်စာပြင်လိုက်မယ်...နိုးရင်ဆင်းလာခဲ့နော်...”


“အွန်း...”


ဖုယွမ်ချွမ်းက ရေသူလေး၏နဖူးကိုအနမ်းချွေလိုက်သည်။ သူ့လက်ကိုဖြည်းဖြည်းပြန်ဆွဲယူကာ စောင်သေချာပြန်ခြုံပေးလိုက်ပြီး အိပ်ခန်းထဲမှထွက်သွားလေသည်။


Xxxxxxx