အပိုင်း ၉၃
Viewers 18k

Chapter 93


အိပ်ခန်းက တဖန်တိတ်ဆိတ်သွားသော်လည်း ကျွင်းချင်ယွီ ဆက်၍အိပ်မရတော့ချေ။ သူက အိပ်ယာထကာ ကိုယ်လက်မျက်နှာ​ဆေးကြောလိုက်သည်။


ထို့​နောက် ​လှေကားပေါ်သို့ခြေချမိချိန်တွင် မီးဖိုခန်းထဲတွင်အလုပ်ရှုပ်နေသော ဖုယွမ်ချွမ်းကိုတွေ့လိုက်ရသည်။ ကျွင်းချင်ယွီက သူ့ထံလျှောက်သွားကာ အ​နောက်မှသိုင်းဖက်လိုက်၏။ 


“ဒီနေ့ဘာစားကြမလဲ...”


“ငါးကင်နဲ့ အမဲသား...”


ဖုယွမ်ချွမ်းက မီးဖိုကိုပိတ်ကာ သူ့ခါးတစ်ဝိုက်ရှိကျွင်းချင်ယွီ၏လက်ကိုကိုင်၍ အေပရွန်အစွန်းနား၌ထားလိုက်သည်။


“ဟင်...” ကျွင်းချင်ယွီ ခေါင်းလေးစောင်း၍ သူ့ကိုကြည့်လိုက်၏။


“ဒီလိုဆို အပူမဟပ်တော့ဘူး...” ဖုယွမ်ချွမ်းက ငါးအတုံးသေးသေးလေးတုံးကာ အေးအောင်မှုတ်လိုက်ပြီး ရေသူလေးကိုခွံ့ကျွေးလိုက်သည်။ 


“စားကြည့်...”


ကျွင်းချင်ယွီ တစ်ကိုက်ကိုက်လိုက်သည်။ “အရသာရှိတယ်...”


ကြယ်တာရာခေတ်ရှိငါးက အလွန်တရာနူးညံ့လှကာ ကြော်နေချိန်အတွင်း ဆားအနည်းငယ်ထပ်ဖြူးလိုက်ရုံဖြင့် အရသာထူးကဲလှသည်။


ဖုယွမ်ချွမ်းက မီးဖိုကိုမီးပိတ်လိုက်ပြီး ငါးနှင့်အမဲသားကိုယူလိုက်၏။ “စားဖို့အဆင်သင့်ပဲ...”


“ကောင်းပြီလေ...” ကျွင်းချင်ယွီက ပန်းကန်ခွက်ယောက်များကို အသင့်ပြင်ဆင်လိုက်သည်။


လုပ်စရာအများကြီးရှိသော်လည်း ကိုင်တွယ်နိုင်သည့်ကိစ္စရပ်များသာဖြစ်သဖြင့် သူတို့က မနက်စာကို အေးအေးဆေးဆေးသာ စားကြလေသည်။


အထက်တန်းလွှာများက အင်ပါယာနန်းတော်ရှိဖြစ်ရပ်အား လျှောက်ပြောရဲမှာမဟုတ်ချေ။ ဖုချန်းယွီ၏လက်အောက်ငယ်သားများသည်လည်း လှုပ်ပင်လှုပ်ရဲမှာမဟုတ်။


လူအများအပြားရှေ့တွင် သူတို့၏ခေါင်းဆောင်က ဇာ့ဂ်တစ်ကောင်အဖြစ်ပြောင်းလဲသွားသည်မှာ စောဒကတက်၍မရသောအချက်ဖြစ်ပြီး သူတို့လုပ်နိုင်သည့်နောက်ဆုံးအရာမှာ သူတို့၏ကံကြမ္မာကိုပြောင်းလဲမည့် သက်​သေတစ်ခုခုပေါ်မလာရန် ဆုတောင်းနေရုံသာဖြစ်သည်။


ထို့အပြင် သူတို့၏​တပ်သားများကိုလည်းခိုင်းစေလို့မရချေ။ ဖုယွမ်ချွမ်းက ဇာ့ဂ်တစ်ကောင်အားထောင်ချောက်ဆင်ဖမ်းရန်ဟူသော အကြောင်းပြချက်ဖြင့် သူ့စစ်တပ်အား အင်ပါယာနန်းတော်တစ်ခုလုံးကို ဝိုင်းထားစေခဲ့​ပြီး​ပြီ​ဖြစ်သည်။ အကယ်၍သူတို့သာ စစ်တပ်ကိုထပ်၍အသုံးပြုပါက ရယ်စရာဖြစ်သွားမှာပင်။


မနက်စာစားပြီးနောက် ကျွင်းချင်ယွီနှင့်ဖုယွမ်ချွမ်းက အင်ပါယာနန်းတော်ဆီသို့ ပျံသန်းယာဥ်နှင့်သွားရောက်ကြသည်။


ရှီခိုင်ရှင်းက ထိုနေရာ၌တစ်ညလုံးနေခဲ့ပြီး မည်သည့်သတင်းအစအနမှမထွက်စေရန် ဂရုစိုက်ထား၏။


ယွီကျစ်နှင့်ရှီခိုင်ရှင်းတို့နှစ်ဦးလုံး ကားကိုစောင့်နေကြဟန်တူသည်။


ဖုယွမ်ချွမ်း ကားပေါ်မှဆင်းလာသည့်အခါ ယွီကျစ် က ရှေ့သို့တိုးလာပြီးပြောသည်။


 “မာရှယ်...အားလုံးအဆင်သင့်ပါပဲ...မာရှယ်တော့ဒစ်စ်နဲ့ကျန်တဲ့လူတွေ အစည်းအဝေးခန်းထဲမှာစောင့်နေကြပါတယ်...”,


“အင်း...” ဖုယွမ်ချွမ်းက ကျွင်းချင်ယွီ ကားပေါ်မှဆင်းနိုင်ရန်ကူညီပေးလိုက်၏။ “သွားရအောင်...”


“ခဏလေး...” ကျွင်းချင်ယွီ ခဏတွေးလိုက်ကာ “အထဲမှာပျင်းဖို့ကောင်းမယ်ထင်တယ်...ကျွန်တော် အပြင်ကပဲစောင့်မယ်လေ...”


“မင်း အထဲမဝင်တော့ဘူးလား...”


သူက ချောင်းအသာဟန့်ရင်းပြောလိုက်သည်။ “ကျွန်တော် အပြင်မှာလျှောက်ကြည့်ရင်းကျန်ခဲ့မယ်...”


ဖုယွမ်ချွမ်းက ထပ်မမေးတော့ပဲ ရေသူလေး၏ဆံနွယ်များကို အသာအယာပွတ်သပ်လိုက်၏။


 “ရှီခိုင်ရှင်း...သူ့ကိုကောင်းကောင်းကာကွယ်ထားပါ...”


“ဟုတ်ကဲ့ပါ...”


ထွက်မသွားခင် ဖုယွမ်ချွမ်းက ထပ်၍မှာလိုက်သည်။ “အားလုံးထက် မင်းရဲ့လုံခြုံရေးကိုသေချာဂရုစိုက်မယ်နော်...အန္တရာယ်ရှိတဲ့နေရာတွေကို မသွားရဘူး...”


ကျွင်းချင်ယွီ နာခံစွာခေါင်းညိတ်လိုက်၏။ “ဟုတ်ကဲ့ပါ...”


ကော်ရစ်တာအဆုံးတွင် ဖုယွမ်ချွမ်း ပျောက်ကွယ်သွားသည်နှင့် ကျွင်းချင်ယွီ မျက်နှာပေါ်ရှိအပြုံးပျောက်ကွယ်သွားသည်။


 “ဖုချန်းယွီဘယ်မှာလဲ...ကျွန်တော့်ကိုသူ့ဆီခေါ်သွားပေးပါ...”


ရှီခိုင်ရှင်း : “……”


ခုနကပြောတော့ အန္တရာယ်ရှိတဲ့နေရာတွေကို မသွားဘူးဆို...


ရှီခိုင်ရှင်းက အကူအညီမဲ့ဟန်ဖြင့် “မဒမ်...ဖုချန်းယွီက ဇာ့ဂ်အသွင်ကနေပြန်မပြောင်းသေးပါဘူး...အဲ့ဒီ့နေရာက အန္တရာယ်ရှိပါတယ်...”


ဇာ့ဂ်တစ်ကောင်ကိုထိခိုက်စေသည့် အသံလှိုင်းများထုတ်လွှင့်ထားသော်လည်း ကျွင်းချင်ယွီ ၎င်းကိုလှောင်အိမ်အပြင်မှ ရပ်၍ကြည့်နိုင်လိမ့်မည်ဟု ရှီခိုင်ရှင်းမထင်ချေ။


“ဇာ့ဂ်ရဲ့ တိုက်ခိုက်အားက အရမ်းကိုမြင့်မားတာပါ...အထူးပြုလုပ်ထားတဲ့အသံလှိုင်းတွေ ထုတ်လွှင့်ထားတယ်ဆိုရင်တောင် အနားကိုသွားဖို့အန္တရာယ်ရှိပါသေးတယ်...ဒါ့အပြင် ဇာ့ဂ်ရဲ့အင်အားက ဘယ်လောက်ရှိမလဲမသိရသေးပါဘူး...တစ်ခါတစ်လေ မက်ခါနဲ့တိုက်ခိုက်ရင်တောင် ဇာ့ဂ်အပေါ်မှာခြစ်ရာအနည်းငယ်ပဲထင်ကျန်ခဲ့တာမျိုးတောင်ရှိတယ်....”


“ဖုချန်းယွီက လုံးဝစိတ်ရူးပေါက်နေတာပါ...မနေ့ကကိစ္စတွေဖြစ်ပြီးတဲ့နောက် သူအရမ်းဒေါသတကြီးဖြစ်နေတယ်...”


ကျွင်းချင်ယွီ သဘောတူဟန်ဖြင့်ခေါင်းညိတ်လိုက်၏။


ရှီခိုင်ရှင်းအပျော်လွန်သွားကာ နန်းတော်အတွင်းရှိ လမ်းလျှောက်ရန်သင့်တော်သောနေရာများကို ညွှန်ပြရန်ပြင်လိုက်စဥ် ကျွင်းချင်ယွီ၏အေးစက်စက်အသံကို ကြားလိုက်ရသည်။


 “လမ်းပြပါ...”


“……”


“ဟမ်...”


“နားလည်ပါပြီ...”


ဖုချန်းယွီ၏ဘဝသာ ဇာ့ဂ်အဖြစ်အဆုံးသတ်သွားပါက အလွန်ညှာတာရာကျနေမည်ဟု ကျွင်းချင်ယွီခံစားရသည်။


တော်လှန်ရေးတပ်ဖွဲ့ဘက်က မည်သည့်လှုပ်ရှားမှုမှမရှိသေးသော်လည်း သတင်းပျံ့သွားဖို့ သိပ်ကြာမှာမဟုတ်ချေ။


ဖုချန်းယွီအယုံကြည်ရဆုံး အကူအညီများက သူ၏မတော်တဆမှုအကြောင်း သေချာပေါက်သတင်းပို့ကြမှာဖြစ်သည်။


ထိုအချိန်ရောက်ပါက စစ်မက်အားရှောင်ကြဥ်ရန် ဇာ့ဂ်အဖြစ်ပြောင်းခြင်း၊ မပြောင်းခြင်းကအရေးမပါတော့ချေ။ ဖုချန်းယွီအား ပြည်ထောင်စုတပ်ဖွဲ့ထံ ပြန်ပို့ရမှာဖြစ်၏။


ကျွင်းချင်ယွီ ၎င်းကိုစဥ်းစားရုံဖြင့် စိတ်ပျက်သလိုခံစားလိုက်ရသည်။


ရှီခိုင်ရှင်းက သူ့အားဦးဆောင်သွားရင်း လမ်းတစ်လျှောက်သေချာကြည့်သွားခဲ့၏။ ကျွင်းချင်ယွီအား မည်သူမှမေးခွန်းမထုတ်ဝံ့ချေ။


သူတို့က ပတ္တရောင်လှည့်ကင်းသုံးဖွဲ့ကို ကော်ရစ်တာ၌ထားရှိထားပြီး လုံခြုံရေးအထူးတင်းကျပ်ထား၏။


ရှီခိုင်ရှင်းက သူ၏မှတ်ပုံတင်ကဒ်ကိုစကင်န်ဖတ်ကာ အထဲမဝင်ခင်မှာကြားလိုက်သည်။


 “မဒမ်...လှောင်အိမ်အပြင်ကပဲကြည့်ရအောင်ပါ...”


လှောင်အိမ်အပြင်ဘက်မှတဆင့် အတွင်းထဲတွင် ပျံသန်းယာဥ်အရွယ်ရှိ ဇာ့ဂ်တစ်ကောင်လဲလျောင်းနေသည်ကို သူတို့ ရှင်းရှင်းလင်းလင်းမြင်နေရ၏။


ကျွင်းချင်ယွီက အလျဥ်မလိုချေ။


 “စောင့်ကြည့်ကင်မရာရှိလား...”


ရှီခိုင်ရှင်း အမြန်ပြောလိုက်သည်။ “ဟုတ်ကဲ့ ပတ်ပတ်လည်မှာတပ်ဆင်ထားပါတယ်...ကွယ်တဲ့နေရာမရှိပါဘူး...”


ကျွင်းချင်ယွီ ခေါင်းညိတ်လိုက်သည်။


ထိုအခါမှ ရှီခိုင်ရှင်းစိတ်သက်သာရာရသွားခဲ့၏။ သူ့အား ကျွင်းချင်ယွီက ကင်မရာအားလုံးပိတ်ခိုင်းမည်ကို စိုးရိမ်နေခဲ့ခြင်းဖြစ်လေသည်။


ကျွင်းချင်ယွီက ဖုချန်းယွီထံလျှောက်သွားလိုက်၏။ 


“ဒီမှာပဲတစ်ချိန်လုံး သူ့ကိုပိတ်ထားတာလား...”


“ဟုတ်ပါတယ်...နောက်ဆုံးစီရင်ချက်မချခင်အထိပါ...” ရှီခိုင်ရှင်းကရှင်းပြသည်။


 “မာရှယ်တစ်ယောက်ချင်းစီက အလှည့်ကျကြီးကြပ်မှာပါ...”


ဤကိစ္စရပ်၌ သူတို့တော်တော်များများပါဝင်ပတ်သတ်နေလေရာ မာရှယ်တိုင်းကိုစောင့်ကြည့်ခိုင်းခြင်းက စိတ်အချရဆုံးဖြစ်လေသည်။


“အားလုံး…” ကျွင်းချင်ယွီ မျက်တောင်ခတ်လိုက်ရင်း လှောင်ချိုင့်အရှေ့တွင်ငုတ်တုတ်ထိုင်လိုက်ကာ သူ၏ဝိဉာဥ်စွမ်းအင်ကို လျှို့ဝှက်စွာထုတ်လွှတ်ကာ ဇာ့ဂ်ပေါ်၌အမှတ်အသားပြုလိုက်သည်။


ဇာ့ဂ်များက ဝိဉာဥ်စွမ်းအင်နှင့်ပတ်သတ်၍ အလွယ်တကူသိမြင်နိုင်သည်။ မလှုပ်မယှက်လဲလျောင်းနေသည့်ဇာ့ဂ်က ရုတ်ခြည်းမျက်ဝန်းများပွင့်လာကာ ကျွင်းချင်ယွီကိုမုန်းတီးဟန်စိုက်ကြည့်လိုက်သည်။


ကျွင်းချင်ယွီက ထိုအကြည့်ကို ရှောင်လွှဲခြင်းမရှိပဲ တိုက်ရိုက်ပြန်ကြည့်လိုက်ကာ နှုတ်ခမ်းထောင့်လေးများမြင့်တက်လျှက် ခပ်တိုးတိုးပြောလိုက်၏။


 “ငါတို့ထပ်တွေ့ဦးမှာပါ...”


ရှီခိုင်ရှင်းက သူ့အသံကိုကြားလိုက်သော်လည်း ဘာပြောမှန်းမသဲကွဲလိုက်ချေ။ ဤနေရာ၌ ဇာ့ဂ်အပြင် သူတို့နှစ်ဦးသာရှိသည့်အတွက် သူ့အားပြောသည်ဟုထင်ကာ ပြန်မေးလိုက်သည်။


 “မဒမ်...ဘာပြောလိုက်တာလဲ...”


“ဘာမှမဟုတ်ပါဘူး...” အမှတ်အသားလုပ်ပြီးနောက် ကျွင်းချင်ယွီ ဤ​နေရာ၌ဆက်နေရန် အစီအစဥ်မရှိတော့ချေ။ သူက လှည့်ထွက်လိုက်ရင်း “ပျင်းဖို့ကောင်းတယ်...သွားရအောင်...”


“ဟုတ်ကဲ့...” သဘာဝကျစွာပင် ရှီခိုင်ရှင်းပျော်ရွှင်သွားခဲ့၏။


အပြင်ဘက်တွင် နေရောင်ခြည်ဖြာကျလျှက်ရှိသည်။


ကျွင်းချင်ယွီက မျက်ဝန်းများမှေးကျဥ်းလျှက် “ကျွန်တော် ဒီကိုလာတဲ့အကြောင်း ယွမ်ချွမ်းကိုတစ်ခွန်းမှမပြောနဲ့...”


“ဟုတ်ကဲ့...”


“မာရှယ်တွေအလှည့်ကျတာဝန်ယူမယ့် အချိန်ဇယား ကျွန်တော့်ဆီပို့ပေးလိုက်ပါ...ယွမ်ချွမ်းက အလုပ်အရမ်းများတော့ သူကြီးကြပ်မယ့်အချိန်ကို ကျွန်တော်သူ့ကိုယ်စားဂရုစိုက်လိုက်ပါ့မယ်...”


“အာ…” ရှီခိုင်ရှင်း ကြောင်အသွားသည်။ အချိန်ဇယားမှာ လောလောဆယ်သူ့လက်ထဲမရောက်သေးသော်လည်း မာရှယ်များအားလုံးဆုံးဖြတ်ချက်ချပြီးသည်နှင့် လက်ထောက်များထံဝေပေးမှာဖြစ်သည်။


ကျွင်းချင်ယွီ မျက်ခုံးပင့်လိုက်သည်။ 


“ပြဿနာရှိလို့လား...”


ရှီခိုင်ရှင်းက ပြန်မဖြေခင်အရင်စဥ်းစားလိုက်ကာ “ကျွန်တော် မာရှယ့်ကိုအရင်ပြောရမယ်ထင်တယ်...”


“ယွမ်ချွမ်းကို ကျွန်တော်ပြောလိုက်မယ်...” သူကပြောရင်းရှေ့သို့ဆက်လက်လှမ်းလိုက်သည်။ လေနုအေးတစ်ချက်တိုက်ခတ်သွားကာ အပင်ထက်ရှိပန်းပွင့်တစ်ပွင့်သည် ကျွင်းချင်ယွီမျက်စိရှေ့သို့ကြွေကျလာ၏။


ကျွင်းချင်ယွီက ပန်းပွင့်ကိုမြေပေါ်မကျခင်ဖမ်းယူလိုက်သည်။ ထို့နောက် လက်ချောင်းများကြား လှည့်ပတ်ကစားရင်း “တစ်စုံတစ်ခုကိုအတည်ပြုဖို့အတွက် အထူးအမိန့်ပေးထားတာရှိတယ်...အသေးစိတ်ပြောပြရဦးမလား...”


ရှီခိုင်ရှင်းက အကြောင်းအရာကိုအကြမ်းဖျဥ်းနားလည်သွားဟန်ဖြင့် အမြန်ခေါင်းခါလိုက်သည်။


 “ကျွန်တော့်ဆီ အချိန်ဇယားရောက်လာတာနဲ့ ပို့ပေးလိုက်ပါ့မယ်...”


“အင်း...”


သူထွက်လာသည်မှာ အနည်းငယ်ကြာသွားပြီဖြစ်ပြီး အစည်းအဝေးခန်းမထံပြန်ရောက်သည့်အချိန်၌ မွန်းတည့်ချိန်ပင်ရောက်နေပြီဖြစ်သည်။


မာရှယ်များ၏အစည်းအဝေးက ပုံမှန်အတိုင်းပင် နားနေချိန်များထားရှိထား၏။


ကျွင်းချင်ယွီက ဘယ်မှမသွားပဲ နံရံကိုမှီလျှက် တံခါးနားတွင်စောင့်ဆိုင်းနေလေသည်။


အစည်းအဝေးခန်း၏အသံလုံစနစ်က အလွန်ပင်ကောင်းမွန်လှသဖြင့် အပြင်ဘက်မှဘာမှမကြားရချေ။


အစည်းအဝေးပြီးသွားသည့်အခါ ကလစ် ဟူသောတံခါးလော့ခ်ဖွင့်သံကြောင့် ကျွင်းချင်ယွီ အတွေးများ​နေရာမှ သတိပြန်ဝင်လာခဲ့သည်။ သူက ဖုယွမ်ချွမ်းထွက်လာသည်ကိုတွေ့သောအခါ အနားသို့လျှောက်လှမ်းသွားပြီးနောက် သူဆော့ကစားထား၍ ပွင့်ဖတ်များကြွေလုဆဲဆဲဖြစ်နေသည့်ပန်းပွင့်ကို တစ်ဖက်လူ၏အိတ်ကပ်ထဲထည့်ပေးလိုက်သည်။


ကျွင်းချင်ယွီ၏မျက်ဝန်းလေးများ လခြမ်းကွေးသဖွယ်ကွေးညွှတ်သွားကာ “ကြည့်လို့ကောင်းတယ်...”


ဖုယွမ်ချွမ်းက ဘာမှန်းမတွေ့လိုက်သော်လည်း ပန်းနံဖျော့ဖျော့ကိုရရှိလိုက်သည်။


 “ဥယျာဥ်ထဲကိုသွားခဲ့တာလား...”


ကျွင်းချင်ယွီ ပြန်ဖြေလိုက်သည်။ “ပျင်းတော့ ဟိုနားဒီနားလျှောက်ကြည့်ရုံပါ...”


ဖုယွမ်ချွမ်းက ခေါင်းညိတ်လိုက်ကာ ရေသူလေးနှင့်အတူယှဥ်၍ လမ်းလျှောက်လေသည်။


 “အစည်းအဝေးက ညနေမှပြန်စမှာ...”


“အရမ်းအလုပ်ရှုပ်တာပဲလား...” အစည်းအဝေးမှာ အတော်လေးကြာမြင့်မည်ဟု ကျွင်းချင်ယွီခန့်မှန်းထားခဲ့သော်လည်း ဤမျှကြာမည်မထင်ခဲ့ချေ။


 “အဖွဲ့ချုပ်ဘက်က တစ်ခုခုလှုပ်ရှားလို့လား...”


အဖွဲ့ချုပ်ဘက်မှ ဘာမှမလှုပ်ရှားပါလျှင် မာရှယ်များအနေဖြင့် ပလ္လင်ကိုဆက်ခံရန်ကိစ္စကလွဲပြီး ဘာမှအထွေအထူးဆွေးနွေးစရာမရှိချေ။ 


“အင်း...” ဖုယွမ်ချွမ်းက ယခုကိစ္စအားသတင်းမထွက်​အောင်ဖိနှိပ်ထားသော်လည်း အင်ပါယာနှင့်အဖွဲ့ချုပ်၏ဆက်ဆံရေးက မြင်ရသလောက်မရိုးရှင်းချေ။ ဖုချန်းယွီ၏လူများ၏ သတင်းပေးမှုကြောင့် ယနေ့မနက်စောစောတွင် အဖွဲ့ချုပ်ထံမှ အကြောင်းကြားစာရောက်လာခဲ့လေသည်။ 


ကျွင်းချင်ယွီ နှုတ်ခမ်းတင်းတင်းစေ့လိုက်၏။ သူတို့ဒီလောက်မြန်မြန်လှုပ်ရှားတယ်ဆိုတော့ ဖုချန်းယွီက အဖွဲ့ချုပ်ကဆိုတာ သေချာသွားပြီမဟုတ်လား...


အကြောင်းကြားစာတွင် ဖုချန်းယွီအားလွှတ်ပေးရန် ၊ သို့မဟုတ် အဖွဲ့ချုပ်ထံပြန်ပို့ပေးရန် တောင်းဆိုထားလေသည်။ 


အခြားကိစ္စများလည်းပါဝင်သော်ငြား အရေးကြီးကိစ္စမျိုးမဟုတ်ချေ။


အရေးအကြီးဆုံးမှာ ဖုချန်းယွီဖြစ်၏။


ဖုချန်းယွီက ဇာ့ဂ်အသွင်ပြောင်းသွားသော်လည်း သတိမပျောက်သေးရာ သုတေသနကို အနည်းငယ်အားစိုက်လိုက်ပါက လူပြန်ပြောင်းနိုင်သေးသည်။


အဖွဲ့ချုပ်မှအကြောင်းကြားစာက မြန်ဆန်စွာရောက်လာသည့်အတွက် သူတို့ ဖုချန်းယွီအား ဘာမှလုပ်၍မရတော့ချေ။ 


အစက ကျွင်းချင်ယွီ အေးအေးဆေးဆေးကိုင်တွယ်ရန် စဥ်းစားထားခဲ့သော်လည်း ထိုသို့ဆိုပါက အချိန်လောက်တော့မှာမဟုတ်ပေ။ သူအရှိန်တင်ဖို့လိုအပ်လေသည်။


“ကြည့်ရတာ အဖွဲ့ချုပ်အတွက် ဖုချန်းယွီက တော်တော်အရာရောက်ပုံပဲ...”


ထိုကဲ့သို့ စိတ်မူမမှန်သော၊ လွန်ကဲသောစိတ်ထားရှိသူတစ်ဦးအား ဤမျှမြင့်မားသောအခြေအနေထိ မြှင့်တင်ပေးခြင်းသာမက ယခုအချိန်၌လည်း ကာကွယ်ရန်ကြိုးစားနေကြသေးသည်။ အဖွဲ့ချုပ်၏လှုပ်ရှားပုံမှာ ပဟေဠိဖြစ်ဖွယ်ပင်။ 


“စိတ်မဆိုးပါနဲ့...” ဖုယွမ်ချွမ်းက ချော့မော့လိုက်၏။


 “ညှိနှိုင်းမှုရလဒ်ထွက်လာတာနဲ့ ကိုယ်မင်းကိုပြောပြမယ်လေ...”


ယခုဆွေးနွေးမှုကိုတော့ ရေသူလေးကိုပြောမပြတော့ချေ။ သူသိလျှင် ပို၍စိတ်ဆိုးပေလိမ့်မည်။


“ကောင်းပြီလေ...”


Xxxxx