Chapter 94
ယခုဆွေးနွေးမှုကိုတော့ ရေသူလေးကိုပြောမပြတော့ချေ။ သူသိလျှင် ပို၍စိတ်ဆိုးပေလိမ့်မည်။
“ကောင်းပြီလေ...”
—
အစည်းအဝေးက ရက်အနည်းငယ်ကြာမြင့်သွားသည်။ မာရှယ်များက အခြေအနေအရပ်ရပ်ကိုမျှတွေးကြည့်ပြီးနောက် ဖုချန်းယွီအား အဖွဲ့ချုပ်ထံပြန်ပို့ရန် ရွေးချယ်လိုက်လေသည်။
အဖွဲ့ချုပ်က ကိုယ်တိုင်လာခေါ်မည်ဖြစ်ကြောင်း အကြောင်းကြားထားသည်။ ဖုချန်းယွီအား လမ်းတွင်တစ်ခုခုလုပ်လိုက်မည်ကို စိုးရိမ်ကြပုံပေါ်၏။
အင်ပါယာနယ်မြေအတွင်း ဖုချန်းယွီတစ်စုံတစ်ခုဖြစ်သွားပါလျှင် သူတို့အား စစ်ဆေးခွင့်ရှိသေးသည်။ သို့သော် အာကာသထဲ၌ ကြယ်သင်္ဘောတစ်ခုခုဖြစ်သွားပြီး ဖုချန်းယွီသည်လည်း အစရှာမရအောင်ပျောက်ဆုံးသွားသည်ဆိုပါက ဘာမှလုပ်၍မရတော့ချေ။
ရက်အနည်းငယ်ကြာသည်အထိ ကျွင်းချင်ယွီ အင်ပါယာနန်းတော်ထံမသွားဖြစ်ခဲ့။ အဆိုပါသတင်းကို သူ့အားကာကွယ်ရန်အမိန့်ဖြင့်လာရောက်သော ရှီခိုင်ရှင်းထံမှ ကြားသိရခြင်းဖြစ်သည်။
ကျွင်းချင်ယွီက ထိုသတင်းကိုကြားသည့်အခိုက် မျက်ခုံးများပင့်လိုက်မိ၏။ “အသနားခံတာလား...”
ဆွေးနွေးတာဆိုရင် သဘောထားကွဲလွဲမှုတွေရှိရမယ်မဟုတ်လား...
ရှီခိုင်ရှင်းက အကူအညီမဲ့ဟန်ပုခုံးတွန့်လိုက်သည်။ “မာရှယ့်ရဲ့ညီဖြစ်သူ မာရှယ်အက်ဘော့က မာရှယ်တွေကို သီးသန့်တွေ့ပြီး တစ်ခုခုနဲ့သွေးဆောင်ရင်း ညှိနှိုင်းခဲ့ပုံပဲ...”
ရှီခိုင်ရှင်းသည်လည်း ထိုသတင်းကိုကြားစဥ်က ပြောစရာစကားမရှိဖြစ်သွားခဲ့သည်။ သူတို့သာအခြားမာရှယ်များကို သွေးမဆောင်နိုင်ပါက ၎င်းကိစ္စရပ်ကိုအတည်ဖြစ်သွားတော့မှာဖြစ်သည်။
စစ်မက်မဖြစ်ပွားသည်မှာ အချိန်အတော်ကြာပြီဖြစ်သဖြင့် စစ်ကိုရှောင်လွှဲရန် ဖုချန်းယွီနှင့်အလဲအလှယ်လုပ်ခြင်းမှာ ဆိုးဝါးသည့်အကြံမဟုတ်ချေ။
ကျွင်းချင်ယွီက ရုတ်တရက်မည်သို့လက်ခံရမှန်းမသိတော့ချေ။
စာနာမှုတောင်းဆိုတယ်တဲ့လား...ဒီလိုကိစ္စမျိုးကိုလေ...
“တောင်းဆိုတဲ့မဲက ပိုများနေတယ်...”
“မာရှယ့်ရဲ့ညီက အင်အားဘယ်လောက်ရှိလဲ...”
ရှီခိုင်ရှင်းက ဖုယွမ်ချွမ်းနောက်ကိုအမြဲလိုက်ရသည့်အတွက် ဖုယွမ်ချွမ်း၏အင်အားကို သဘာဝကျစွာသိရှိထား၏။
ရှီခိုင်ရှင်းက အခြားကိစ္စတစ်ခုကိုထပ်ပြောလာ၏။ “မာရှယ်က သူ့မှာညီတစ်ယောက်ရှိတယ်လို့ အရင်ကပြောဖူးတယ်...ဒါပေမယ့် အဖွဲ့ချုပ်နဲ့တိုက်တဲ့စစ်ပွဲထဲမှာ သေသလားရှင်သလားမသိရပဲ အဆက်အသွယ်ပြတ်သွားခဲ့တာ...”
“အင်း...” ကျွင်းချင်ယွီက မေးခွန်းဆက်မမေးတော့ချေ။ “သူတို့ကပို့ပေးဖို့တောင်းဆိုနေမှတော့ ပို့ပေးလိုက်ရုံပေါ့...ပြသနာကြီးမှမဟုတ်တာ....”
“ဘာလို့ပြသနာကြီးမဟုတ်ရမှာလဲ...” ရှီခိုင်ရှင်း နိုးနိုးကြားကြားဖြစ်သွား၏။
"လူတစ်ယောက်အတွက်နဲ့ အဖွဲ့ချုပ်က မာရှယ်တွေကိုချုပ်ကိုင်ထားတာ...အနာဂတ်မှာပိုပြီး ချုပ်ကိုင်မလာနိုင်ဘူးလား...”
ဖုယွမ်ချွမ်းသာ ထီးနန်းဆက်ခံပါက ဖုချန်းယွီအရင်ကလုပ်ပေးရသကဲ့သို့ အရင်းအမြစ်များကို အဖွဲ့ချုပ်ထံ ဆက်လက်ပို့ပေးနေရမှာဖြစ်သည်။
အချို့မာရှယ်များက သူတို့၏လက်တလောအကျိုးအတွက်သာစဥ်းစားကြပြီး ရေရှည်ကိုမူထည့်မတွက်ကြချေ။
“အခုမှပြောနေရုံနဲ့လည်း ဘာမှမထူးဘူးမဟုတ်လား...ဒါကဆုံးဖြတ်ပြီးသွားပြီပဲ...” ကျွင်းချင်ယွီ လက်ဖက်ရည်ငှဲ့ပေးလိုက်သည်။
“သောက်လိုက်ဦး...”
ရှီခိုင်ရှင်းက တစ်ငုံယူသောက်ရင်း “ကျွန်တော့်ကိုသာမေးရင်တော့ သူတို့ကိုတိုက်ထုတ်ပြီး အားလုံးအဆုံးသတ်ပစ်လိုက်မှာပဲ...ဒါ့အပြင် ကျွန်တော်မနေ့က ဖုချန်းယွီ အဖွဲ့ချုပ်ကိုဘယ်လောက်ပမာဏအထိ ပေးနေရသလဲဆိုတာ စစ်ဆေးကြည့်ခဲ့တယ်...”
“အင်ပါယာကမာရှယ်တွေအတွက် သစ်သီးနဲ့ဟင်းသီးဟင်းရွက်တွေကို အရေအတွက်နည်းနည်းပဲခွဲဝေပေးတာလေ...ပြောရရင် အဲ့ဒါတွေက အရသာရှိတဲ့အသီးတွေကို အဖွဲ့ချုပ်အတွက်ဖယ်ထားပြီး ကျန်တဲ့အကျန်တွေပဲ...”
ရှီခိုင်ရှင်းက တွေးလေလေစိတ်ဆိုးလာလေပင်။ ထိုသစ်သီးများမှာ သံတမန်အရေးအရပေးအပ်ခြင်းမဟုတ်ပဲ တိတ်တဆိတ်လာဘ်ထိုးခြင်းဖြစ်ရာ သူတို့အနေဖြင့် ဘာမှပြန်မရချေ။
ကျွင်းချင်ယွီသည်လည်း ပြောစရာစကားမရှိဖြစ်သွားခဲ့၏။ အရသာဆိုးဝါးနေခြင်းမှာ ဘာမှမထူးဆန်းတော့ချေ။ သူတို့မည်မျှစိုက်ပျိုးစေကာမူ ထိပ်တန်းအသီးအနှံများက ဖယ်ထုတ်ခံရပြီးပြီဖြစ်လေသည်။
“ရှားပါးတဲ့ရင်းမြစ်တွေတင်မဟုတ်ဖူး...ဂြိုဟ်တော်တော်များများကလည်း ကျွန်တော်တို့မသိပဲ အဖွဲ့ချုပ်ရဲ့ပိုင်နက်တွေဖြစ်ကုန်ပြီ...အဲ့ဒီ့ဂြိုဟ်တွေမှာ နေထိုင်တဲ့လူမရှိဘူးဆိုပေမယ့် အင်ပါယာပိုင်တဲ့ဂြိုဟ်တွေလေ...အိုက်ယား...ကျွန်တော် ဘာပြောရမှန်းကိုမသိတော့ဘူး...”
ခဏအကြာ၌ ကျွင်းချင်ယွီမေးလိုက်၏။ “မာရှယ် အက်ဘော့ကဘယ်လိုလူမျိုးလဲ...”
“သူက တစ်စက်မှမကောင်းတဲ့လူပဲ...သူလုပ်သမျှ ကောင်းတာတစ်ခုမှမရှိဘူး...သူ့ဖခင်ရဲ့အရိုက်အရာကိုဆက်ခံပြီး မာရှယ်ဖြစ်လာတာ...”
ရှီခိုင်ရှင်း အရင်ကတည်းကထိုလူ့အပေါ် အမြင်ကောင်းမရှိလေရာ ယခုမူ ဘာမှမပြောချင်တော့ချေ။ “မေ့လိုက်တော့...ကျွန်တော် အဲ့လူအကြောင်းပြောကိုမပြောချင်တော့ဘူး...မာရှယ် ပြန်လာပြီထင်တယ်...မဒမ်...ကျွန်တော့်ကိုခွင့်ပြုပါဦး...”
“ကောင်းပြီလေ...”
ကျွင်းချင်ယွီက ဥာဏ်ရည်တုကိုကောက်ကိုင်လိုက်ရင်း ရှီခိုင်ရှင်း ခုနကပို့ပေးထားသည့် ဖုချန်းယွီအား အလှည့်ကျစောင့်ကြည့်ရသော အချိန်စာရင်းကိုဖွင့်ကြည့်လိုက်သည်။
အချိန်ကိုအတည်ပြုပြီးချိန်တွင် ဖုယွမ်ချွမ်း အိမ်ထဲဝင်လာသည်ကို တွေ့လိုက်ရ၏။ သူက လက်ဖက်ရည်ခွက်နွေးနွေးလေးကိုကိုင်လျက် မတ်တပ်ထလိုက်ကာ “ဒီရက်ပိုင်း ခင်ဗျားပင်ပန်းနေတာနဲ့ ပျားရည်နည်းနည်းထည့်ထားတယ်...သောက်လိုက်ပါဦး...”
ဖုယွမ်ချွမ်းက လက်ဖက်ရည်ခွက်ကိုကိုင်လျှက် ရေသူလေး၏နဖူးကိုနမ်းလိုက်သည်။ “ဒီနေ့အပြင်မသွားဘူးလား...”
ကျွင်းချင်ယွီ ခေါင်းခါလိုက်သည်။ “ဖုချန်းယွီအကြောင်း ရှီခိုင်ရှင်း ကျွန်တော့်ကိုပြောပြတယ်...”
ညှိနှိုင်းမှု၏ရလဒ်က မည်သို့ပင်ဖြစ်စေကာမူ ဖုချန်းယွီကိုပြန်ပို့ပေးရန် ဖုယွမ်ချွမ်းသဘောမတူနိုင်ချေ။ “မစိုးရိမ်ပါနဲ့...ကိုယ်ဂရုစိုက်လိုက်ပါ့မယ်...”
“အင်း...”
ဖုယွမ်ချွမ်းက ဆိုဖာပေါ်တွင်ထိုင်ရင်း လက်ဖက်ရည်သောက်၍နေသည်။ ကျွင်းချင်ယွီ ခဏတွေးလိုက်ကာ သူ၏ပုခုံးကြောများကို နှိပ်နယ်ပေးလိုက်၏။
“ခင်ဗျား ဒီညအစည်းအဝေးရှိသေးတာလား...”
“မရှိတော့ဘူး...ဒီကိစ္စအတွက် ကိုယ့်မှာအချိန်ဖြုန်းဖို့အကြောင်းမရှိဘူးလေ...” ဖုယွမ်ချွမ်းက ထိုမာရှယ်များနှင့်အချိန်ကုန်ခံဆွေးနွေးမည့်အစား သူကိုယ်တိုင်သာဖြေရှင်းရန် စဥ်းစားထားလေသည်။
“ထီးနန်းကိစ္စကရော...” ကျွင်းချင်ယွီက ၎င်းကိုမတွေးမိပဲမနေနိုင်ချေ။ ဤကဲ့သို့ထိန်းချုပ်ခံနေရပါက ဖုယွမ်ချွမ်း၏အခြေအနေသည် ထီးနန်းမဆက်ခံခင်ကထက် အနည်းငယ်သာပိုအဆင်ပြေမှာဖြစ်သည်။
“ကိုယ်တို့ အဲဒီ့ကိစ္စအတွက်လည်းဆုံးဖြတ်ချက်မချရသေးဘူး...”
ပထမတန်းမာရှယ်များက သူတို့အားဆွဲချနေသည်ဟု ကျွင်းချင်ယွီခံစားလိုက်မိ၏။ ၎င်းမာရှယ်များကို ဖုယွမ်ချွမ်းကိုယ်တိုင်ဖြေရှင်းသည်က သူတို့နှင့်ဆွေးနွေးသည်ထက် ပိုမိုအဆင်ပြေလိမ့်မည်။
“မတွေးနဲ့တော့...အနားယူရအောင်...” ကျွင်းချင်ယွီက ဖုယွမ်ချွမ်း၏လည်တိုင်ကို နောက်ကနေသိုင်းဖက်လိုက်ကာ ချွဲနွဲ့လိုက်၏။
“ရေချိုးရအောင်...”
“စောသေးတယ်မဟုတ်လား...မှောင်တောင်မမှောင်သေးဘူး...”
“ရေချိုးပြီးရင်မှောင်သွားလိမ့်မယ်...”
“……”
ဖုယွမ်ချွမ်းက ဆိုဖာပေါ်မှရုတ်တရက်ထလိုက်ကာ သူ့အားအလွန်ချွဲနေသည့်ရေသူလေးကို ပွေ့ချီလိုက်သည်။
“ဟာ...ဖိနပ်ကျန်ခဲ့ပြီ...”
“မင်းအဲ့ဒါတွေကို နောက်ထပ်မလိုတော့ပါဘူး...”
……
ယနေ့တွင် ကိစ္စရပ်များအားလုံးပြီးစီးသွားပြီဖြစ်ရာ ဖုယွမ်ချွမ်းအိမ်ပြန်နောက်မကျချေ။ သို့သော် သူ ရေချိုးခန်းမှထွက်လာချိန်၌ ည ၉နာရီပင်ကျော်နေပြီဖြစ်သည်။
ရေသူလေးက သူ၏ပွေ့ဖက်မှုကြားတွင် လဲလျောင်းလျက်ရှိကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေ၏။
ဖုယွမ်ချွမ်းမအိပ်ခင် အခန်း၏အပူချိန်ကိုထိန်းညှိပြီးနောက် လိမ်းဆေးအချို့ကိုယူ၍ ရေသူလေး၏ခြေထောက်များကိုလိမ်းပေးလိုက်သည်။
ရက်အတော်ကြာအလုပ်များနေခဲ့သည့်အတွက် သူအလွန်ပင်ပန်းနေပြီဖြစ်ရာ ကိုယ်တိုင်ပင်မသိလိုက်ပဲ အိပ်ပျော်သွားလေသည်။
တိတ်ဆိတ်သောညခင်း၌ အိပ်ဆေးရနံအချို့ပါဝင်သည့် ဝိဉာဥ်စွမ်းအင်အချို့က ဖြည်းညှင်းစွာပျံလွင့်လာခဲ့သည်။
ကျွင်းချင်ယွီက ဖုယွမ်ချွမ်းသတိမထားမိအောင် ရနံအားဖြည်းဖြည်းချင်း လွှမ်းခြုံစေလေသည်။ အဆိုပါရနံ့က လူများကို ပို၍နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျစေသည်မှလွဲ၍ မည်သည့်ဆိုးကျိုးမှမရှိချေ။
“ယွမ်ချွမ်း...ယွမ်ချွမ်း...” ကျွင်းချင်ယွီ၏မျက်ဝန်းများပွင့်လာကာ တစ်ဖက်လူကိုနှိုးလိုက်သည်။
သို့သော် ဖုယွမ်ချွမ်းက အိပ်စက်နေဆဲဖြစ်၏။ ကျွင်းချင်ယွီ အသံကိုမြှင့်လိုက်သော်လည်း မည်သည့်တုံ့ပြန်မှုမှမရှိပဲ ဆက်လက်အိပ်စက်မြဲပင်။
ထိုအချင်းအရာကိုအတည်ပြုပြီးသည့်အခါ ကျွင်းချင်ယွီက ဖုယွမ်ချွမ်း၏လက်မောင်းကြားမှ အသာတိုးထွက်ကာ ခေါင်းအုံးကိုအစားသွင်းလိုက်၏။ ထို့နောက် အိပ်ယာထကာအဝတ်များကိုလဲလှယ်လိုက်လေသည်။
ညခင်း၏အပူချိန်မှာကျဆင်းနေလေသည်။ သို့သော် ကျွင်းချင်ယွီ ၎င်းကိုစိတ်ထဲမထားပဲ အမှောင်ထုထဲသို့ တရွေ့ရွေ့တိုးဝင်သွားခဲ့သည်။
အစောင့်အကြပ်ထူထပ်သောနန်းတော်မှာ ညအမှောင်ထဲတွင် မီးများလင်းထိန်လျက်ရှိသည်။
မာရှယ်တစ်ဦးချင်းစီ၏ ပတ္တရောင်လှည့်ကင်းများက အတွင်းထဲတွင်ပိတ်လှောင်ထားသည့်ဇာ့ဂ် လွတ်မသွားစေရန် သေချာစောင့်ကြပ်နေကြလေသည်။ .
စောင့်ကြည့်ခန်းထဲ၌ ရဲသားတစ်ဦးကနှာချေလိုက်၏။ “နေ့တိုင်းပဲ...ဒီတိုင်းသူ့ခြေထောက်တွေကို ရိုက်ချိုးလိုက်ပါလား...ဘာလို့ငါတို့ကစောင့်ကြည့်နေရတာလဲ...”
“ကျစ်...အဲ့ဒါကတကယ့်ချက်ကောင်းပါလို့ သူတို့မပြောဘူးလား...ရက်နည်းနည်းပဲလိုတော့တာပါ...သည်းခံ...သည်းခံ...”
“အထက်ကလူတွေဆုံးဖြတ်ချက်မချရသေးတာနဲ့ ငါတို့ကနေ့တိုင်းအချိန်ပိုဆင်းနေရတယ်...”
နောက်တစ်ဦးက ခေါင်းယမ်းလိုက်သည်။ “မင်း...ဟမ်...စခရင်ကရပ်သွားတာလား...ဟုတ်တယ်မလား...မာရှယ့်ဆီတင်ပြကြမလား...”
“ရောင်ပြန်ဟပ်တာများလား...ငါသေချာမတွေ့လိုက်ဖူး...” အခြားတစ်ဦးက ဆက်သွယ်ရေးကိရိယာထံလက်လှမ်းလိုက်သည်။
“စောင့်ကြည့်နေတဲ့အချိန်မှာ မူမမှန်မှုအချို့တွေ့ရပါတယ်....”
ကိရိယာ၏တစ်ဖက်မှ အချက်ပြစနစ်နှင့်ဆက်သွယ်သံထွက်ပေါ်လာ၏။ ခဏအကြာတွင် လေးတိလေးတွဲအသံတစ်ခု ထွက်ပေါ်လာလေသည်။ “လွတ်သွားလို့လား...လွတ်သွားတာမဟုတ်ရင် ငါ့ကိုလာမနှောင့်ယှက်နဲ့...”
“ဟုတ်ကဲ့...”
အစောင့်ကပုခုံးတွန့်လိုက်သည်။ “ကြည့်လေ...မာရှယ်က အဲ့ဒါကိုဂရုမှမစိုက်တာ...အဲ့အပြင် အသံလှိုင်းတွေဒီလောက်လွှင့်ထားတာ သူဘယ်ကိုပြေးလွတ်မှာတဲ့လဲ...အပြင်မှာအများကြီးလှည့်ကင်းချထားတာပဲကို...ငါတော့အိပ်တော့မယ်...”
“ဟေး...မင်း...”
စောင့်ကြည့်စစ်ဆေးခန်းမှအသံများက ကျွင်းချင်ယွီ၏နားထဲသို့ ဝင်ရောက်လာ၏။ သူက လက်ချောင်းထိပ်ကလေးများဖြင့် နားကြပ်ကိုပိတ်လိုက်သည်။
ထို့နောက် လှောင်ချိုင့်အားထိန်းချုပ်ထားသည့်ကိရိယာကို အနည်းငယ်ပြုပြင်လိုက်၏။ တံခါးကဆယ်မိနစ်သာပွင့်နေမှာဖြစ်သော်လည်း ကျွင်းချင်ယွီအတွက် ၎င်းအချိန်မှာလုံလောက်ပေသည်။
ဖုချန်းယွီက မျက်ဝန်းများစေ့ပိတ်လျက် အိပ်မောကျလျက်ရှိ၏။ ကျဥ်းမြောင်းသောအခန်းထဲတွင် ဇာ့ဂ်၏ဟောက်သံက ခပ်တိုးတိုးထွက်ပေါ်၍နေလေသည်။
သူတို့က သူ့အား ယခုထက်ထိဘာမှမလုပ်သေးသည်ကိုကြည့်ခြင်းအားဖြင့် ဖုချန်းယွီသည်လည်း အဖွဲ့ချုပ်၏လုပ်ရပ်ကို ခန့်မှန်းမိပြီးဖြစ်ပုံရသည်။ ထို့ကြောင့် သူဤမျှအကြောက်အလန့်ကင်းနေခြင်းပင်။
ကျွင်းချင်ယွီ အစက ဒေါသအပါအဝင်ခံစားချက်များ အမျိုးမျိုးနှင့်ရှုပ်ထွေးနေခဲ့သော်လည်း ယခုမူ အားလပ်ရက်အပန်းဖြေခရီးထွက်လာသကဲ့သို့ သူ့စိတ်အစဥ်က တည်ငြိမ်၍နေလေသည်။
ကျွင်းချင်ယွီက ခြေသံကိုဖိနှိပ်၍မထားတော့ချေ။
ဇာ့ဂ်များတွင် သာမန်ထက်သာလွန်သောအကြားအာရုံရှိလေရာ အိပ်မောကျနေသည့်ဖုချန်းယွီက ရုတ်တရက်မျက်လုံးဖွင့်လိုက်ပြီး အသံလာရာဘက်သို့စိုက်ကြည့်လိုက်သည်။
အမှောင်ထဲတွင် ပုံရိပ်တစ်ခုက သူ့ထံချဥ်းကပ်လာလေသည်။
ဖုချန်းယွီက မျက်လုံးများမှေးကျဥ်းလိုက်ရင်း တစ်ဖက်လူအား သတိကြီးစွာစိုက်ကြည့်လိုက်၏။
ကျွင်းချင်ယွီက လှောင်ချိုင့်အရှေ့တွင်ရပ်ကာ လှောင်ချိုင့်၏သံဘားတန်းတစ်ခုကို လက်ချောင်းထိပ်ကလေးဖြင့် ထိလိုက်သည်။
ထိုနေရာတွင် တစ်စုံတစ်ခုကျိုးပဲ့သွားသံထွက်ပေါ်လာ၏။
ဖုချန်းယွီ၏ကျဥ်းမြောင်းသောသူငယ်အိမ်များက စုကျုံ့သွားကာ တစ်ဖက်လူချဥ်းကပ်လာသည်ကို စိုက်ကြည့်လိုက်သည်။
ကျွင်းချင်ယွီက သူ့လက်ထဲရှိအမှိုက်ကိုလွှင့်ပစ်ရင်း အေးစက်စွာပြောလိုက်၏။ “ငါတို့ထပ်တွေ့ကြပြီ...”
ကျွင်းချင်ယွီ လှောင်အိမ်ထဲသို့ ဖြည်းဖြည်းချင်းလျှောက်သွားကာ ဖုချန်းယွီလည်း နောက်ဆုတ်ရုံကလွဲ၍ မတတ်နိုင်ခဲ့ပေ။
ဇာ့ဂ်တစ်ကောင်၏ အရိုးမှာ မလွဲမသွေပင် လွန်စွာမာကျော၏။ သူ့လို လက်ဗလာဖြင့် လူတစ်ဦးက ဘာမှမလုပ်နိုင်သလို သူ့ကို ထိခိုက်အောင် လုပ်နိုင်မည်လည်း မဟုတ်ပေ။
သို့သော်လည်း ထိုအခြေအနေမှာပင် ဖုချန်းယွီ စိတ်မလျှော့သွားပေ။ သူ ဤငရဲတွင်းကြီးမှ မကြာခင်ထွက်သွားနိုင်တော့မည် ဖြစ်သော်လည်းသတိကြီးကြီးထားမှ တော်ကာကျမည်ဟု မှတ်ယူထားပုံရ၏။
ကျွင်းချင်ယွီ လိုရမယ်ရပြင်ဆင်လာသော ကြိုးကိုထုတ်ပြီး ဖုချန်းယွီ ရှေ့တွင်ထိုင်ချလိုက်ကာ ယဉ်ကျေးသိမ်မွေ့စွာပင်မေးလိုက်၏။
"အခုတလော အဖွဲ့ချုပ်နဲ့ အင်ပါယာက ခင်ဗျားနဲ့ပတ်သက်ပြီး သိပ်သဘောမတူကြ(သဘောကွဲလွဲ)တာ သိလား…”
Xxxxxx