အပိုင်း ၉၅
Viewers 18k

Chapter 95


ကျွင်းချင်ယွီ လိုရမယ်ရပြင်ဆင်လာသော ကြိုးကိုထုတ်ပြီး ဖုချန်းယွီ ရှေ့တွင်ထိုင်ချလိုက်ကာ ယဉ်ကျေးသိမ်မွေ့စွာပင်မေးလိုက်၏။  "အခုတလော အဖွဲ့ချုပ်နဲ့ အင်ပါယာက ခင်ဗျားနဲ့ပတ်သက်ပြီး သိပ်သဘောမတူကြ(သဘောကွဲလွဲ)တာ သိလား…” 


ဇာ့ဂ်၏ မည်းနက်နေသော သူငယ်အိမ်များမှာ ရုတ်တရက် သေးငယ်သောအက်ကွဲကြောင်းများသကဲ့သို့ ကျုံ့ဝင်သွားသည်။ 


ကျွင်းချင်ယွီ သူ၏ပြောင်းလဲသွားသောမျက်နှာအမူအရာကို လျစ်လျူရှူကာ သူ့လက်ပေါ်မှကြိုးများကိုရှင်းနေရင်း “ဆွေးနွေးတာတွေလုပ်ပြီးတော့ အင်ပါယာက အဖွဲ့ချုပ်ရဲ့ ခင်ဗျားကိုပေးဖို့ တောင်းဆိုချက်ကို လက်ခံလိုက်ပြီးပြီ… မနက်ဖြန်နောက်ဆုံးထားပြီးတော့ အဖွဲ့ချုပ်က တစ်ယောက်ယောက်က ပြန်လာခေါ်လိမ့်မယ်…” 


“အဲ့ဒါမတိုင်ခင် တစ်ယောက်အကြောင်း တစ်ယောက်ပိုသိအောင် လုပ်ကြရအောင်…”



ကျွင်းချင်ယွီ ပြန်လာသောအခါ မိုးသောက်လုနီးပါးအချိန် ဖြစ်နေပေပြီ။ 


အင်ပါယာနန်းတော်တွင် ရပ်နားချိန်မှ သိပ်မကြာလိုက်သော်လည်း ထိုနေရာမှာ အလွန်ပျင်းစရာကောင်းသည်ကိုတော့ သူမငြင်းနိုင်။ သူသွားစဉ်ကလည်း စစ်ဆေးမှုကို ရှောင်တိမ်းနေခဲ့ရသည်။ မဟုတ်လျှင် ထိုထက်စောစော ကျွင်းချင်ယွီ ပြန်ရောက်လာနိုင်သည်။ 


အိပ်ခန်းတွင် လှုပ်ရှားမှု တစ်စုံတစ်ရာမရှိသောကြောင့် ဖုယွမ်ချွမ်းအိပ်နေတုန်းဖြစ်မည်ဟု မှတ်ယူလိုက်သည်။ 


ကျွင်းချင်ယွီ အခြားအခန်းတွင် ရေအမြန်သွားချိုးရန် တွေးလိုက်ကာ ပြန်မလာခင် ဆံပင်ကို ခြောက်အောင် လေမှုတ်ရန်လည်းအမှတ်ရလိုက်သည်။ 


အခန်းထဲသို့ပြန်ရောက်သောအခါ ကျွင်းချင်ယွီ တိတ်တိတ်လေး ဖုယွမ်ချွမ်းရင်ခွင်ထဲ တိုးဝင်ကာ လက်မောင်းပေါ်တွင်မှီလျက်မျက်လုံးများကို မှိတ်ထားလိုက်သည်။ ထို့နောက် ဖုယွမ်ချွမ်း၏တည်ငြိမ်နေသော နှလုံးခုန်သံကို နားထောင်ကာ အိပ်မောကျသွားတော့သည်။ 


အခန်းမှာ အသက်ရှုသံများမှလွဲ၍ တိတ်ဆိတ်ငြိမ်သက်နေသည်။ 


ခဏအကြာတွင် ဖုယွမ်ချွမ်း ငါးလေး၏ပခုံးပေါ်သို့ စောင်ပါးလေးကိုခြုံပေးရန် လက်ကိုမြှောက်လိုက်ရင်း ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။ 


နောက်တစ်ရက်တွင် အရေးကြီးစာတစ်စောင်၏ အချက်ပေးသံကြောင့် ကျွင်းချင်ယွီ နိုးလာခဲ့သည်။ 


မနေ့ညက အလွန်နောက်ကျမှ အိပ်ရာဝင်ခဲ့သောကြောင့် ကျွင်းချင်ယွီ၏ ပထမဆုံးတုံ့ပြန်မှုမှာ အသံကိုကြားသော်လည်းမျက်မှောင်ကြီးကြုတ်လျက် စောင်ကိုပြန်ခြုံကာ ဆက်အိပ်နေခြင်းဖြစ်၏။ 


ဖုယွမ်ချွမ်း ဉာဏ်ရည်တုစက်၏အသံကို ပိတ်လိုက်ကာ ငါးလေးကို လက်ထဲပွေ့လျက် ဉာဏ်ရည်တုစက်မှစာကို ဖတ်ကြည့်လိုက်သည်။ 


ရှီခိုင်ရှင်း: [မာရှယ်၊ အဖွဲ့ချုပ်ကလူတွေ ရောက်လာပြီ ဖုချန်းယွီက အခြေအနေသိပ်မကောင်းသေးဘူး…ခင်ဗျားကို လာကြည့်စေချင်နေတဲ့ မာရှယ်တွေကလည်း အများကြီးပဲ…”]


ဖုချန်းယွီကို အဖွဲ့ချုပ်သို့လွှဲပြောင်းရန် ဆုံးဖြတ်ချက်မှာ အတည်ပြုပြီးဖြစ်၏။ ထိုဆုံးဖြတ်ချက်ကို သဘောမတူသော ဖုယွမ်ချွမ်းမှာ ပုံမှန်အားဖြင့်ဆိုလျှင် ပေါ်လာမည် မဟုတ်ချေ။ 


သို့သော်ဖုချန်းယွီမှာ အခြေအနေမကောင်းလျှင် ပြဿနာတစ်စုံတစ်ခု ပေါ်လာနိုင်သောကြောင့် အခြေအနေတည်ငြိမ်စေရန်  ဖုယွမ်ချွမ်းပေါ်လာမှကို ဖြစ်မည်။ 


မည်သို့ပင်ဆိုစေကာမူ  ဖုချန်းယွီ အမှန်အကန်အဝေးသို့အပို့ခံရလျှင် အင်ပါယာပုလ္လင်ပေါ်သို့ တက်နိုင်ချေရှိသူမှာ  ဖုယွမ်ချွမ်းတစ်ဦးတည်းသာ ဖြစ်၏။ 


ဖုယွမ်ချွမ်း: [စောင့်ခိုင်းထားလိုက်ပါဦး…]


ထိုသို့စာပြန်ပြီးနောက် ချက်ချင်းပင် ဉာဏ်ရည်တုစက်ကို ဘေးတွင်ချထားလိုက်ကာ အိပ်ပျော်နေသော ကျွင်းချင်ယွီကို ဖက်ထားလိုက်သည်။ 


နေ့လယ်ရောက်မှ ကိုယ်လက်သန့်စင်ကာ အပြင်ထွက်သွားကြသည်။ 


နန်းတော်တွင် အဖွဲ့ချုပ်မှလူများနှင့် မာရှယ်များ စောင့်ဆိုင်းလျက်ရှိကြသည်။ 


ကျွင်းချင်ယွီ သူတို့ကိုကြည့်လိုက်သောအခါ ကောင်းမွန်သောမျက်နှာအမူအရာများ မဟုတ်သည်ကို တွေ့လိုက်ရသည်။ အကြာကြီးစောင့်ဆိုင်းနေရသောကြောင့် ဖြစ်နိုင်သလို ဖုချန်းယွီ…ကြောင့်လည်းဖြစ်နိုင်သည်။ 


ဖုချန်းယွီမှာ  ဇာ့ဂ်တစ်ကောင်ပုံစံဖြစ်နေသေးကာ သူ့အရွယ်အစားလောက်ရှိသော သေတ္တာထဲတွင် ထည့်ထားခံရ၏။ မျက်လုံးနှစ်လုံးစလုံးမှာ ပွင့်နေသော်လည်း ရှေ့တွင်ရှိနေသော နေရာကိုစိုက်ကြည့်ကာ အသက်မရှိသကဲ့သို့ပင်ဖြစ်နေသည်။ 


 ဖုယွမ်ချွမ်း ရောက်လာသည်ကိုမြင်သောအခါ အဖွဲ့ချုပ်မှသူများ ထိုင်၍ပင်မနေနိုင်ကြတော့ချေ။ ထိုသူများထဲမှ တစ်ယောက်ကအနီးအနားမှသူများ၏ လှုပ်ရှားမှုများကို ထိန်းချုပ်လိုက်ကာ မတ်တပ်ရပ် အလေးပြုပြီးနောက်  ယဉ်ကျေးစွာဖြင့် “မာရှယ်ဖု ဖုချန်းယွီ ဘာလို့ ဒီလိုဖြစ်သွားရလဲဆိုတာကို ရှင်းပြပေးနိုင်မလား…” ဟုမေးလိုက်၏။ 


ယဉ်ကျေးသည့်ပုံစံဖြစ်သော်လည်း သူ့စကားလုံးများမှာ မာကျောကာ လေသံမှာလည်း ဖုံးကွယ်၍မရနိုင်ပေ။


ဖုယွမ်ချွမ်း တစ်ခုခုပြန်ပြောသည်ကိုပင် မစောင့်ဘဲ ဆက်ပြောပြန်သည်။ 


“အင်ပါယာမှာဖြစ်ခဲ့တာကို ကျွန်တော်လည်း ကြားပေမယ့် ကျွန်တော်သိသလောက်ဆိုရင် လူတစ်ယောက်ရဲ့ အသိရှိမှုကို ဇာ့ဂ်တစ်ကောင်အကပ်ခံရတာနဲ့ သက်ရောက်မှု မရှိနိုင်ဘူးလို့သိထားပါတယ်…ဒါပေမယ့်အခု ဖုချန်းယွီ အခြေအနေက ပုံမှန်ဟုတ်မနေတာက သိသိသာသာပါပဲ… အရှင်ကတော့ သင့်တော်တဲ့ဖြေရှင်းချက်ပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်…” 


ဖုယွမ်ချွမ်း ပြန်ဖြေရမည့်အစား မေးခွန်းထုတ်လိုက်၏။


 “မနေ့က ဖုချန်းယွီကို စောင့်ကြည့်ဖို့ တာဝန်ကျတာ ဘယ်သူလဲ…” 


မေးခွန်းမေးသူမှာ အံ့ဩသွားသည်။ ခဏကြာသောအခါ ရှီခိုင်ရှင်းရှေ့ထွက်လာပြီးနောက်မှသာ သူ့ကိုစကားပြောနေခြင်း မဟုတ်မှန်း သဘောပေါက်သွားသည်။ 


ရှီခိုင်ရှင်း ကြိုတင်ကူးယူထားသော စာရွက်စာတမ်းများကိုထုတ်ကာ “မနေ့က မာရှယ်အက်ဘ်ဘော့တ်ပါ… တစ်နေ့ကတော့ မာရှယ် တော့ဒစ်စ်ပါ…” 


“တာဝန်ယူတဲ့သူ ပြောင်းတိုင်း ဇာ့ဂ်ကို ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုတွေလုပ်တယ်… မာရှယ်တော့ဒစ်စ်ထွက်သွားတုန်းက အားလုံးပုံမှန်ပဲဆိုတော့… မာရှယ် အက်ဘ်ဘော့တ် … ရှင်းပါဦး…” 


အပိုတစ်စုံတစ်ရာ မပြောဘဲ မာရှယ် တော့ဒစ်စ်မှာ အချိန်ကြောင့် သံသယဝင်ခံရခြင်းမှလွတ်မြောက်သွားပြီရ မာရှယ် အက်ဘ်ဘော့တ်ကို စကားပြောခွင့်ပေးလိုက်သည်။ 


မာရှယ် အက်ဘော့တ်မှာ  အစကတည်းက မှောင်မိုက်သော မျက်နှာအမူအရာဖြင့် ဘေးတွင်ထိုင်နေပြီး ရှီခိုင်ရှင်း သူ့နာမည်ကိုထုတ်ပြောလိုက်သောအခါ အားလုံး၏ အကြည့်များမှာ သူ့ဆီရောက်သွား၏။


“ကျွန်တော်လား… ဘာပြောရမှာလဲ…” မာရှယ် အက်ဘ်ဘော့တ်မှာ ပြောရင်း ရှုပ်ထွေးနေပုံရသည်။


 “မနေ့ကညက လုပ်စရာလေးရှိလို့ တစ်ခြားသူတွေကို စောင့်ကြည့်ဖို့ စီစဉ်ပေးထားခဲ့တာပါ…ကျွန်တော်လည်းသူ့ကို အဖွဲ့ချုပ်ကို ပြန်ပို့ဖို့လိုလားတဲ့သူပါ…ပြန်မပို့ခင် တစ်ခုခု မဟုတ်တာလုပ်မယ့်သူမှ မဟုတ်တာ… ဟုတ်တယ်မလား…” 


“မဟုတ်တာ တစ်ခုခုလုပ်ချင်ရင် သူ့ကိုပြန်ပို့ဖို့ ဘာလို့ သဘောတူခဲ့မှာလဲ…” 


မာရှယ် အက်က်ဘော့တ်မှာ သူ့အမှားရှိသည်ဟုမမြင်။ ထို့အပြင် သူ့ဘက်မှကြည့်လျှင်လည်း ဖုချန်းယွီကို တစ်ခုခုလုပ်စရာအကြောင်းအရင်းမရှိချေ။ သူ့အတွက်ကောင်းကျိုးလည်း မရှိဖြစ်သောကြောင့် သူထင်တာ လွဲသွားခဲ့သည်။ 


ထိုကိစ္စမှာ သူ့ကြောင့်ဖြစ်စရာ အကြောင်းမရှိချေ။ 


မာရှယ် အက်ဘ်ဘော့တ် မကျေမနပ်ဖြင့် ထပ်ပြောလေသည်။


 “ကျွန်တော့်ကို မေးဖို့ အချိန်ရှိရင် သူ့ကိုပြန်ပို့ဖို့ သဘောမတူခဲ့တဲ့သူတွေကိုပါ မေးလေ…” 


အဖွဲ့ချုပ်မှလူများ အံ့ဩစွာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကုန်ကြသည်။ ဖုယွမ်ချွမ်း ရောက်မလာခင်က ထိုသူများမှာ ယခုကိစ္စကို ဆွေးနွေးထားပြီးဖြစ်ပုံရကာ တိတ်နေကြ၏။ ယခု ဖုယွမ်ချွမ်းရောက်လာသောအခါ စတင်၍ တာဝန်ယူရမည့်အရာများကို ခေါင်းရှောင်လာကြသည်။ 


ကျွင်းချင်ယွီ မျက်လုံးများပင့်လျက် မာရှယ်အက်ဘ်ဘော့တ်ကို ကြည့်ကာ သူ့ကိုသံသယဝင်နေခြင်းကိုရှောင်ထွက်နိုင်ရန်ကြိုးပမ်းနေပုံကို နားလည်နိုင်သော်လည်း ယခုအခါ အင်ပါယာနှင့် အဖွဲ့ချုပ်ကြားမှ ပြဿနာဖြစ်အောင် တွန်းပို့လိုက်နိုင်သည်။ 


သူ ဘာလုပ်ဖို့ ကြိုးစားနေတာပါလိမ့်။ 


ရှေ့က မာရှယ်မှာ ဆက်ခံရန် လက်နက်ကိုင်အနည်းငယ်ရှိရုံမျှဖြင့် နေရာကိုဆက်ခံရန် “အသုံးမကျသောသူ” ဖြစ်လာမည်မဟုတ်ချေ။ 


ထိုအကြောင်း တွေးနေစဉ် ပါးပြင်များမှာရုတ်တရက်နွေးထွေးသွားသည်။ ကျွင်းချင်ယွီ မသိစိတ်ဖြင့်ပင် လက်လေးများကိုလှမ်းကိုင်လိုက်ပြီးမှ ဖုယွမ်ချွမ်းလက်များ ဖြစ်နေမှန်းသိကာ သူ့လက်များဖြင့် ပွတ်သပ်နေလိုက်၏။ 


ဖုယွမ်ချွမ်း ကျွင်းချင်ယွီဘေးတွင်ရပ်ကာ ထိုင်မနေသောကြောင့် ဖုယွမ်ချွမ်း ကျွင်းချင်ယွီ၏ ဆံပင်လေးများကို မျက်နှာဖုံးကြိုးနောက်မှ သပ်ထုတ်ပေးနိုင်လေသည်။ 


မာရှယ် အက်ဘ်ဘော့တ် စကားပြောပြီးသွားသောအခါ ပြန်ဖြေမည့်သူမရှိချေ။ တိတ်ဆိတ်မှုက ကျန်သောအရာများအားလုံးကိုဖုံးလွှမ်းသွား၏။ 


အဖွဲ့ချုပ်မှလူများ ထိုနေရာတွင်စောင့်နေကြသည်မှာ အလွန်ကြာပြီဲဖြစ်ကာ မေးခွန်းတွင်ပါသောသူ ရောက်လာလျှင် အဖြေရမည်ဟု မျှော်လင့်ထားသော်လည်း ယခုလို ညီညွတ်နေကြမည်ကို မမျှော်လင့်ထားခဲ့ကြပေ။ 


လူကြီးမှာ အံကိုကြိတ်ကာ စိတ်ထဲမှ မကျေနပ်ချက်များကို ဖုံးဖိလျက် အေးစက်စွာပြောလိုက်၏။ “အရေးမပါတာတွေကိုယဉ်ယဉ်ကျေးကျေး ပြောဖို့မလိုတော့ပါဘူး… သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာစွမ်းအင် ပျက်စီးသွားတာကိုရော ဘယ်လိုရှင်းပြကြမလဲ… ဒီမှာရှိတဲ့သူတွေထဲက ရှင်းပြနိုင်ကြလား…” 


ကျွင်းချင်ယွီ အံ့ဩသွားသည်။ စိတ်ပိုင်းဆိုင်ရာစွမ်းအင် ပျက်စီးသွားသည်တဲ့လား။ 


သူမထွက်သွားခင်က လှုံ့ဆော်ရန်လောကအသက်စွမ်းအင်ကို မဆိုသလောက်လေး အသုံးပြုခဲ့သည်။ ထိုအရာက သူ့စိတ်ပိုင်းဆိုင်ရာ စွမ်းအင်ကို ပျက်စီးသွားစေသည်လား။  ဖုချန်းယွီ၏မှတ်ဉာဏ်ထဲတွင်တော့ ကျန်နေခဲ့မည်ဟု ထင်သည်။ 


မဟုတ်လျှင်…အလွယ်တကူ ကြောက်တတ်သောကြောင့်များလား…။


အရိုးများ အနည်းငယ်ကျိုးသွားရုံတင်မဟုတ်ပါလား။ ပြန်ဆက်ရန် ကူညီပေးခဲ့သည် မဟုတ်ပါလား။ သူ့ကို ထိတ်လန့်သွားခဲ့စေသည်လား။ 


“ဇာ့ဂ်အကပ်ခံရတဲ့ လူတွေက နဂိုကတည်းက မသိနိုင်တာတွေနဲ့ ပြည့်နေတာ… ငါတို့တစ်ခုခုလုပ်ထားတာ သေချာနေတဲ့လေသံနဲ့ မမေးပါနဲ့…” 


မာရှယ် တော့ဒစ်စ် သက်ပြင်းချလိုက်ကာ “ဒီလောက်ဒုက္ခရောက်မယ်မှန်းသာ ကြိုသိရင် စောစောကတည်းကသဘောမတူခဲ့ပါဘူး…”


“ခင်ဗျား…” လူကြီးမှာ ဒေါသထွက်သွား၏။ 


“အင်ပါယာက တကယ်စည်းကျော်လာပြီ ”


မာရှယ် တော့ဒစ်စ်မှ ဆက်၍ ပုခုံးတွန့်ကာ “ဒီတိုင်းဖြစ်နေတာကို ပြောပြတာပါ…” ဟု ပြောလိုက်လေသည်။ 


“သူ့ကို ခေါ်သွားကြ…” ထိုလူကြီးမှာ ပြောလက်စကိစ္စနှင့်ပတ်သက်ပြီး ငြင်းခုံရန်စိတ်မဝင်စားတော့ချေ။


 “အဖွဲ့ချုပ်ကိုရောက်ရင်အင်ပါယာမှာဖြစ်ခဲ့တာတွေအကုန်ပြန်တင်ပြမယ်… မာရှယ်ဖုလည်း သင့်လျော်တဲ့အကြောင်းပြချက် အမြန်နိုင်ဆုံးပေးနိုင်ဖို့ မျှော်လင့်ပါတယ်… မဟုတ်ရင် ကျွန်တော့်အထက်ကသူတွေရဲ့ဒေါသကို ကျွန်တော်လည်း မထိန်းနိုင်ဘူး… အခြေအနေတွေကိုထိန်းချုပ်လို့မရတော့ရင် အဆိုးဆုံးကို ရင်ဆိုင်ရမှာက အင်ပါယာပဲ…” 


သူ့ဘေးမှလူမှာ တစ်ခုခု ပြောချင်နေပုံရသည်။ သို့သော် လူကြီး၏ “သွားကြမယ်..” ဟု အော်လိုက်သောအသံကြောင့် လူတစ်ချို့စကားပြောရပ်ကာ သူ့နောက်မှ လိုက်သွားကြသည်။ 


သေတ္တာကို စောင်းကာ မလိုက်သောကြောင့် ဇာ့ဂ်၏တစ်ပိုင်းတစ်စမှာ ထွက်ကျလာသည်။ ဇာ့ဂ်မှာ လေထဲတွင် တွဲလောင်းဖြစ်နေကာ ထွက်တော့မကျလာပေ။ နေရောင်ထဲသို့ရောက်သောအခါ တွဲလောင်းဖြစ်နေသော ကြိုးမျှင်မျှင်လေးကို အတိုင်းသားမြင်ရ၏။ 


ထို့နောက်တွင် သေတ္တာမှာ ပြန်တည့်သွားကာ ထွက်ကျနေသောဇာ့ဂ်၏ အပိုင်းမှာလည်း သေတ္တာထဲသို့ပြန်ရောက်သွား၏။ 


မာရှယ် အက်ဘ်ဘော့တ် လေသံမာမာဖြင့်, “သူ့ကို ကြာနေရင် တစ်ခုခုဖြစ်မှာစိုးလို့ မြန်မြန်ပြန်ပို့ဖို့ပြောတာ အခုတော့ ဖြစ်ပြီမလား…” 


ထို့အပြင် သူပါ သံသယဝင်ခံလိုက်ရသောကြောင့် မာရှယ် အက်ဘ်ဘော့တ် စိတ်တိုသွားသည်မှာ သာမန်သာဖြစ်၏။ 


ကျွင်းချင်ယွီ၏ မျက်လုံးလေးများမှာ လခြမ်းကွေးလေးကဲ့သို့ ကွေးနေသောကြောင့် ပြုံးနေသည်ထင်ရသော်လည်း သူ့မျက်ဝန်းထဲမှအေးစက်မှုများကိုတော့ မဖုံးကွယ်ထားနိုင်ပေ။


 “မာရှယ် အက်ဘ်တော့ဘ် က အမြင်ကျယ်ပြီးတော့ အားလုံးမှာ စိတ်ဝင်စားမှုရှိတယ်…” 


မာရှယ် အက်ဘ်တော့ဘ် လန့်သွားသည်။ “ဘာလဲ…” 


အဖွဲ့ချုပ်မှ လူများမှာ ထွက်မသွားရသေးချေ။ မကြာသေးခင်က အမိန့်ပေးလိုက်သော လူကြီးမှာ မာရှယ် အက်ဘ်တော့ဘ်ကို ပြန်ကြည့်ကာ ထွက်သွားရန်ဆက်ပြင်နေသည်။ 


မာရှယ် အက်ဘော့တ် သတိပြန်ဝင်လာကာ “ဘာပြောလိုက်တာလဲ… မင်းပြောသလိုဆို ငါက…”


သူ သိသိသာသာပင် လူများကိုပြန်ပို့ရန် သဘောတူခဲ့သော်လည်း  ဖုချန်းယွီပုံမှန်အတိုင်း မပြန်နိုင်ရန် အကြံအဖန်များ လုပ်ခဲ့သောကြောင့် အတူတူအနူနူပင်ဖြစ်၏။ 


ဖုယွမ်ချွမ်း ကျွင်းချင်ယွီ၏ရှေ့တွင်ရပ်ကာ အေးစက်စွာပြောလိုက်၏။ “စကားကို ကြည့်ပြောပါ…” 


မာရှယ် အက်ဘ်ဘော့တ် ဒေါသဖြင့် ပါးစပ်ဖွင့်လိုက်ပြီးမှ သူ့ဘေးမှ သူ့ညီလေး လှမ်းဆွဲသောကြောင့် ပါးစပ်ကို ပြန်ပိတ်လိုက်သည်။ အံ့ကိုကြိတ်ကာ ဖုယွမ်ချွမ်းနောက်တွင် ခေါင်းလေးသာထွက်လျက် ပုန်းနေသော ကျွင်းချင်ယွီကို စိုက်ကြည့်နေသည်။ 


ကျွင်းချင်ယွီ မရှောင်ထွက်ဘဲ နှုတ်ခမ်းအစွန်းများကွေးတက်သည်အထိ ထေ့ငေါ့ကာ ပြုံးပြလိုက်သည်။ 


မာရှယ် အက်ဘ်ဘော့တ် ဒေါသပိုထွက်လာလေသည်။ 


ဒေါသထွက်သော်လည်း ဘာမှမလုပ်နိုင်သောကြောင့် ဒေါသကို ထိန်းထားခဲ့ရသည်။ 


ဒေါသကို သွားဆွနေစဉ် ကျွင်းချင်ယွီ တစ်ခုခုလွဲနေသည်ကို ရုတ်တရက်ခံစားလိုက်ရသည်။ ဖြည်းဖြည်းချင်းခေါင်းမော့ကြည့်လိုက်သောအခါ သူ့ကိုငုံ့ကြည့်နေသောဖုယွမ်ချွမ်းကိုမြင်လိုက်ရ၏။ ဘယ်အချိန်ကတည်းက ထိုသို့ကြည့်နေသည်မသိ။ 


ကျွင်းချင်ယွီ အကြည့်ချင်းဆုံသွားသောအခါ အပြစ်ကင်းသော အကြည့်လေးဖြင့် မျက်တောင်လေးခက်လျက် “ဟင်…” ဟုအသံပြုလိုက်၏။ 


ဖုယွမ်ချွမ်း ဘာမှဆက်မပြောတော့ဘဲ လက်ချောင်းလေးများကိုကွေးကာ ငါးလေး၏ပါးကို ပွတ်လိုက်၏။ 


Xxxxxxx