အပိုင်း ၉၆
Viewers 16k

Chapter 96


မာရှယ် တော့ဒစ်စ် သက်ပြင်းချကာ “ငါတို့သူ့ကို ပြန်ပို့ရင်တောင် ဖြစ်လာမယ့်ရန်ပွဲကိုတော့ ရပ်လို့ရတော့မယ် မထင်ဘူး…” ဟုပြောလိုက်၏။ 


ထိုလူကြီး ဘာဖြစ်နေမှန်း မသိသော်လည်း ပြန်မကောင်းတော့ဘဲ ယခုအခြေအနေအတိုင်းဆက်သွားလျှင်တောင် ပိုကောင်းမည်ဟု ထင်မိ၏။ 


မဟုတ်လျှင် သူပြန်ကောင်းလာသောအခါ ဖုချန်းယွီမှာ အင်ပါယာခေါင်းဆောင် ဆက်ဖြစ်ချင်ဖြစ်နေပေမည်။


လက်ရှိတွင်…အဖွဲ့ချုပ်မှာ အင်ပါယာခေါင်းဆောင်ရွေးကောက်မှုနှင့်ပတ်သက်၍ နှောင့်ယှက်လိုလျှင် အားသုံးမှရပေမည်။ 


စည်းကမ်းနှင့်အညီပင် ရယူရန် ဆုံးဖြတ်ထားသည်။ အရေးကြီးသည်က တစ်ဖက်က မည်သို့တုန့်ပြန်မည်သည်သာ ဖြစ်၏။ အဖွဲ့ချုပ်မှာလည်း ကိစ္စအားလုံးကို လူတစ်ဦး၏ ဆန္ဒပေါ်မူတည်၍ ဆုံးဖြတ်မည်မဟုတ်ချေ။ အနည်းဆုံးတော့ အမိန့်အစစ်မကျလာခင် ပြင်ဆင်ချိန် အနည်းငယ်ရလိုက်သည်။ 


ငြိမ်းချမ်းရေးအဖွဲ့မှ မာရှယ်များမှာ မျက်နှာအမူအရာမသာမယာဖြစ်နေကြကာ တစ်ချိန်တည်းမှာပင် မာရှယ်အက်ဘ်ဘော့တ်နှင့် သူ့ညီ၏ မျက်လုံးများမှာလည်း ခံစားချက်များ ပြင်းထန်နေ၏။ 


ဖုယွမ်ချွမ်း ထိုအခြေအနေကို ယခင်ကတည်းက မျှော်လင့်ထားပြီးဖြစ်၏။ အမှန်မှာ အဖွဲ့ချုပ်၏ ရန်ပွဲအတွက် ဖုချန်းယွီမှာလောင်စာဖြစ်သွားခြင်းသာဖြစ်၏။ 


မာရှယ်များနှင့် သူ့ရည်ရွယ်ချက်မှာ ကွဲပြား၏။ ထို့ကြောင့် ထပ်၍ ဆွေးနွေးရန်ပင် မလိုအပ်ချေ။ 


ဖုယွမ်ချွမ်း အေးစက်မာကျော သောအသံဖြင့် “အားလုံး ဒီကိစ္စတွေကို ကိုယ့်ဘာသာ ဆွေးနွေးလိုက်ကြတော့… ကျွန်တော့်ကို မဆက်သွယ်ပါနဲ့တော့…” ဟုပြောလိုက်၏။ 


ထိုအခါ မာရှယ် တော့ဒစ်စ်ကလည်း “ကျွန်တော့်ကိုလည်း မရှာကြပါနဲ့တော့… သေချာပေါက် ပြောခဲ့တယ်နော်… ရှာရင်အချိန်ဖြုန်းတာပဲ…”


ယေဘုယျပြောရလျှင် ထိုသို့ကိစ္စများမှာ မြို့စားအထက် တော်ဝင်ရာထူးများနှင့် အင်ပါယာ မိသားစုများကြားဆွေးနွေးကြခြင်းဖြစ်၏။ သို့သော် ဖုချန်းယွီအတွေ့အကြုံအရ အင်ပါယာမိသားစုများမှာ မရှိတော့ဘဲ တော်ဝင်မျိုးနွယ်များမှာလည်း ရုပ်သေးများသာ ဖြစ်သောကြောင့် ဆွေးနွေးကြရန် အင်အားအစစ်အမှန်မရှိပေ။ 


နောက်ဆုံးတွင် လက်နက်ကိုင်အဖွဲ့များ ပိုင်ဆိုင်ထားသော မာရှယ်များနှင့်သာ ဆွေးနွေးကြရ၏။ 


ဖုယွမ်ချွမ်း ထွက်သွားတော့မည်ကို မြင်သောအခါ မာရှယ်အက်ဘ်ဘော့တ် အလျင်စလိုပြောလိုက်သည်။ 


“ဖုချန်းယွီရဲ့ အဖွဲ့ချုပ်နဲ့ ဆက်ဆံရေးကို မသိကြတော့ အများအမြင်မှာ အင်ပါယာခေါင်းဆောင်အနေနဲ့ပဲရှိနေတာလေ… သူ့ကို မှတ်မိသွားကြရင် နောက်အင်ပါယာခေါင်းဆောင်က သေချာပေါက် သူဖြစ်လာတော့မှာ… ဒီလိုထွက်သွားလို့ ရရောလား …”  


“ရတာပေါ့…” ကျွင်းချင်ယွီ အဖြေပေးလိုက်၏။ 


ဘာလို့မရရမှာလဲ။ အသုံးဝင်စဉ်က အင်ပါယာခေါင်းဆောင် တာဝန်ရှိသူဖြစ်ကာ အဆင်မပြေတော့လျှင်တော့ အခြအနေမှာကွာခြားသွားမည် ဖြစ်သည်။ 


နားဝင်သက်သာစေရန် ခေါင်းဆောင်မည့်အမည်ခံတစ်ဦးသာ လိုနေခဲ့ခြင်းဖြစ်၏။ 


ထိုသို့ပြောပြီး ဖုယွမ်ချွမ်း ကျွင်းချင်ယွီနှင့် ထွက်သွားလေသည်။ 


မာရှယ်တော့ဒစ်စ်က မာရှယ်အက်ဘ်ဘော့တ်ကို တစ်ချက်ကြည့်ကာ သူတို့နောက် လိုက်သွား၏။ 


ထိုသူများဆီမှ အဝေးသို့ရောက်လာပြီးနောက် တော့ဒစ်စ် မေးလိုက်၏။ “အဲ့လိုပြောပြီးတော့ တကယ်ဒီကိစ္စကို ဝင်မပါတော့ဘူးလား…” 


“နှစ်သစ်ကူးတော့မှာပဲ… နှစ်သစ်ကူးပြီးမှ ပြောကြတာပေါ့”


ရက်အနည်းငယ်ကြာသည်အထိ အဖွဲ့ချုပ်မှာ ဆုံးဖြတ်ချက်မချနိုင် ဖြစ်နေမှာဖြစ်ကြောင့် သူတို့လည်း အလောတကြီး လုပ်စရာမလိုပေ။ 


“တကယ်ကြီး ပြောနေတာလား…” တော့ဒ်စစ်လန့်သွားသည်။ သူ့တွင် သွေးသားတော်စပ်သော မိသားစုအနည်းငယ်သာရှိပြီးလူစုံတက်စုံပွဲတော်များကို စိတ်မဝင်စားချေ။ ဖုယွမ်ချွမ်းမှာလည်း သူ့လိုပင်ဖြစ်ခဲ့သည်ကို သိနေသောကြောင့် မေးလိုက်၏။ 


“နှစ်သစ်ကူးကဘာအရေးကြီးလို့လဲ… ” 


ယခုအခွင့်အရေးတွင် လက်နက်ကိုင်အဖွဲ့များထံသွားကာ ညီအစ်ကိုများနှင့် ရင်းနှီးအောင်လုပ်ချင်သည်များလား။ 


ဖုယွမ်ချွမ်း ကျွင်းချင်ယွီကို ဖက်ကာ နှစ်ယောက်သား တော့ဒစ်စ်ကို တစ်ပြိုင်နက်လှည့်ကြည့်လိုက်ကြသည်။


တော့ဒစ်စ် : “……”


ငါ သဘောပေါက်ပါပြီ။ 


သူတို့နှစ်ယောက် ယာဉ်ပျံပေါ်တက်သွားသည်ကို မာရှယ် တော့ဒစ်စ်ခေါင်းကုတ်လျက်ကြည့်ကာ သူလည်း လက်တွဲဖော်ရှာသင့်ပြီဟု တွေးမိသွားသည်။ 


ပွဲတော်ကျင်းပသည်ဆိုသည်မှာ ဘာမှန်းပင် မသိခဲ့သော ဖုယွမ်ချွမ်းက နှစ်သစ်ကူးပွဲတော်အကြောင်းကို စပြောနေလေပြီ။ အရေးမကြီးသော ကိစ္စဖြစ်သော်လည်း သူ့ဘဝ၏ သေးငယ်သောအရာလေးများမှ စတင်ပြောင်းလဲလာမှန်း သိသာလာပြီဖြစ်သည်။ 


မာရှယ် တော့ဒစ်စ် သူ့ဘေးမှ လက်ထောက်ကိုကြည့်ကာ  “သွမ့်ဟမ်ကျင်း…”


“ဟုတ်…” သွမ့်ဟမ်ကျင်း ထိုအကြည့်ကိုမြင်လိုက်သောအခါ တစ်ခုခုလွဲနေပြီမှန်း ခံစားလိုက်ရသည်။ 


“မာရှယ်, ကျွန်တော် ဒီနှစ်ပွဲတော်အတွက် အတူတူသွားရမယ့်သူ ရှိပါတယ်…”


ခဏအကြာ တိတ်သွားပြီးနောက်မှ သွမ့်ဟမ်ကျင်းဆက်ပြောလိုက်၏။ , “လက်ထောက်တွေအတွက် အချိန်ဇယားတွေပြင်ဆင်ပြီးပါပြီ…” 


မာရှယ် တော့ဒစ်စ်: “???”


အဲ့ဒီတော့ ရည်းစားမရှိတာ ငါပဲကျန်တော့တာလား။ 


မာရှယ် တော့ဒစ်စ် မျက်မှောင်ကြုတ်ကာ တစ်ခုခုလွဲနေသည်ကို သတိပြုမိသွားသည်။ “နေပါဦး ငါမှတ်မိသလောက် မင်းရဲ့နှစ်စဉ်နားခွင့်က နှစ်စမှာပဲ ယူလို့ရတာမလား…” 


သွမ့်ဟမ်ကျင်း ခေါင်းညိတ်လျက် “ဟုတ်ပါတယ်… နှစ်ကူးကျရင် နားရက်ယူခွင့်တောင်းဖို့ စီစဉ်ထားတာပါ…” 


“မပေးနိုင်ဘူး…”


“…”


မာရှယ် တော့ဒစ်စ်က ရင်ဘက်ကို ပုတ်လျက် “ခုမှပဲ နေသာထိုင်သာ ရှိတော့တယ်…” ဟုပြောလိုက်၏။ 



ဖုယွမ်ချွမ်း ကားပြတင်းပေါက်အပြင်မှ တော့ဒစ်စ် ကို တစ်ချက်လှမ်းကြည့်ပြီးနောက် လိုက်ကာလေးကိုဆွဲပိတ်လိုက်သည်။


ကျွင်းချင်ယွီက ဖုယွမ်ချွမ်းပေါင်ပေါ်တွင် လှဲနေ၏။ ထိုင်ခုံမှာ ရှည်လျားသောကြောင့် လှဲချလိုက်လို့ပင်ရသည်။ 


 သူက ဖုယွမ်ချွမ်း၏ အင်္ကျီအစလေးကို ဆွဲကာ မေးလိုက်၏။


 “အဖွဲ့ချုပ်ဘက်က ပြဿနာတွေက အရမ်းရှုပ်နေတာလား…” 


“ဒါတွေ မင်းစိတ်မပူလည်း ရပါတယ်….” ဖုယွမ်ချွမ်း ငါးလေးကို ဆံပင်ကူသပ်ပေးကာ သက်တောင့်သက်သာပိုဖြစ်စေရန်မျက်နှာဖုံးကိုပါ ချွတ်ပေးလိုက်သည်။


ကျွင်းချင်ယွီ မျက်တောင်လေးခက်ကာ စဉ်းစားနေပြီးနောက် “အဲ့ဒီ မာရှယ်အက်ဘ်ဘော့တ်က… နည်းနည်း ထူးဆန်းတယ်လို့ထင်တယ်…” 


ထို့အပြင် အဖွဲ့ချုပ်မှလူများ၏ အပြုအမူမှာလည်း အလွန် ထူးဆန်းသည်။ 


မာရှယ် အက်ဘ်ဘော့တ်ကို ဒေါသသိပ်မထွက်ကြချေ။ 


အကြောင်းစုံကို မသိဘဲနှင့်တောင် မာရှယ် အက်ဘော့တ်၏ ပေါ့လျော့မှုကြောင့် ဖုချန်းယွီမတော်တဆမှုဖြစ်သွားသည်ဟု ပြောနိုင်ပေသည်။ 


အဖွဲ့ချုပ်မှ လူများမှာလည်း ဖုချန်းယွီကို အလွန်ဂရုစိုက်ကြသောကြောင့် ပုံမှန်ဆိုလျှင် မာရှယ်အက်ဘ်ဘော့တ်ကို မျက်နှာထားတင်းတင်းဖြင့် ရင့်ရင့်သီးသီး ပြောလိုက်ကြမည်ဖြစ်၏။ သို့သော် သူတို့ပုံစံမှာ အက်ဘော့တ်ကို ပစ်မှတ်ထားချင်ပုံမရ။ သူတို့၏မူလရည်ရွယ်ချက်နှင့် မကိုက်ညီသောကြောင့်ပေလား။ 


ဖုယွမ်ချွမ်း သူ့လက်ချောင်းလေးများဖြင့် ဆံဖျားလေးကို ရစ်ပတ်ရင်း “သူက အင်ပါယာကလူ မဟုတ်တာဖြစ်နိုင်တယ်…” 


ကျွင်းချင်ယွီ တအံ့တဩ မော့ကြည့်ကာ “မာရှယ်….” 


“ဟင်…”


“……” သူ့ခံစားချက်များကိုဖော်ပြရန် စကားလုံးများကို ရှာဖွေရန် ကြိုးစားရင်း ကျွင်းချင်ယွီ၏ နှုတ်ခမ်းလေးများ တွန့်သွားသည်။ 


ထို့ကြောင့်လည်း အဖွဲ့ချုပ်မှာ မထိန်းချုပ်နိုင်ဖြစ်နေရခြင်းဖြစ်မည်။ အဖွဲ့ချုပ်၏ ရဲတင်းနေမှုမှာ  ဖုချန်းယွီကြောင့်ရလာခြင်းမဟုတ်ဘဲ ဖုချန်းယွီကသာ အဖွဲ့ချုပ်မှအားအင်များ ရနေခြင်းဖြစ်နေသည်။ 


ထို့ကြောင့် အဖွဲ့ချုပ်၏အင်အားမှာတည်တံ့နေသ၍ ဖုချန်းယွီမှာ အင်ပါယာခေါင်းဆောင်အဖြစ် လုံခြုံစွာ ရှိနေမည် ဖြစ်သည်။ 


မာရှယ်များပင်… ထိုသို့ဖြစ်နေသောကြောင့် ကျန်သောသူများ၏ ကိုယ်ရေးရာဇဝင်များကို သေချာကြည့်ရတော့မည် ဖြစ်သည်။ 


ဖုချန်းယွီမှာ အခြေခံတွင်ပင် ပျက်စီးနေကာ ကျွင်းချင်ယွီလည်း သူ့စိတ်ပိုင်းဆိုင်ရာများ ပြန်ကောင်းမကောင်းကို မသိပေ။သို့သော် သူ့ခန္ဓာကိုယ်မှာ သေချာပေါက်ပြန်မကောင်းနိုင်သည့်အပြင် လူဖြစ်စေ ဇာ့ဂ်ဖြစ်စေ နောက်တစ်ကြိမ် မတ်တပ်ရပ်နိုင်တော့မည် မဟုတ်ပေ။ 


ဆေးကုသမှုတွင် ကြယ်တာရာ၏ အဆင့်မြင့်ပညာဖြင့်တောင် ပြန်မကောင်းနိုင်ပေ။ 


ဖုယွမ်ချွမ်း သူ့ငါးလေး၏ ပါးကိုဖွဖွလေးညစ်ကာ နှစ်သိမ့်ပေးနေသည်။ 


“မပူပါနဲ့…ကိုယ်ဖြေရှင်းလိုက်ပါ့မယ်…” 


ကျွင်းချင်ယွီမျက်လုံးများမှာ လခြမ်းကွေးလေးကဲ့သို့ ကွေးတက်ကာ လက်ချောင်းလေးများကိုထိရင်း “ကျွန်တော်လည်းကူပါ့မယ်…အတူတူဖြေရှင်းကြတာပေါ့…”


“ကောင်းပါပြီ…”



အင်ပါယာကို အဖွဲဲ့ချုပ်၏ ဝင်ရောက်မှုက အချိန်ကာလတစ်ခု ကြာသွားခဲ့ပေပြီ။ အဖွဲ့ချုပ်နှင့် အင်ပါယာကြားမှ ပြဿနာက တစ်ရက်နှစ်ရက်နှင့် မပြီးသွားပေ။ အဖွဲ့ချုပ်မှာ အလွန်စိတ်သက်သာရာရနေပုံပေါ်ကာ အင်ပါယာထဲတွင် ရေသူပျိုးထောင်ရေးစခန်းကိုပင် ခွင့်ပြုပေးလိုက်သေးသည်။ 


အလိုရှိလျှင်တောင် အချိန်တိုအတွင်းဖြေရှင်းနိုင်သော ပြဿနာ မဟုတ်ပေ။ 


အဖွဲ့ချုပ်မှ ဖုချန်းယွီကို ပြန်ခေါ်သွားပြီးကတည်းက လှုပ်ရှားမှု တစ်စုံတစ်ရာမတွေ့ရသေးချေ။ နောက်ဆက်တွဲ ဖြေရှင်းစရာများကိုဆွေးနွေးသင့်နေပြီ ဖြစ်သည်။ 


အင်ပါယာမှာ အဖွဲ့ချုပ်၏ အဆုံးမရှိသော စွမ်းအားအရင်းမြစ်ကြီးသဖွယ် ဖြစ်နေသောကြောင့် လွယ်လွယ်အလျော့ပေးမည့်ပုံမပေါ်ချေ။ 


ဆန့်ကျင်ဘက်အနေဖြင့် အဖွဲ့ချုပ်မှလူများမှာလည်း ဉာဏ်များသူများဖြစ်သောကြောင့် သူတို့နှင့် ရင်ဆိုင်ရန်မှာ နည်းလမ်းအမှန်ဟူ၍ မရှိချေ။ 


အင်အားအလွန်အကျွံသုံးလျှင်လည်း သူတို့ဆီတန်ပြန်သက်ရောက်သွားနိုင်သည်။ ကျွင်းချင်ယွီ သူတို့တုန့်ပြန်ချက်ကို မြင်ရန်အလောတကြီးမဖြစ်ပေ။ သူတို့ နွေဦးနှစ်ကူးပွဲတော်အတွက် ပြင်ဆင်ရန် အချိန်ပိုရကာ ဖုချန်းယွီကို ကယ်တင်နိုင်မည် ဖြစ်သည်။ 


သို့သော် ထိုမတိုင်ခင်…ဖုယန်ဟုန်နှင့်အရင်ဆုံး ရင်ဆိုင်ရမည်ဟု ကျွင်းချင်ယွီခံစားမိနေ၏။ 


သူ့နောက်မှ ထိန်းချုပ်သူ ဖုချန်းယွီမှာ ကျဆုံးသွားပြီဖြစ်သောအခါ သူ့အမိန့်များကို အကောင်အထည်ဖော်ခဲ့သူ ဖုယန်ဟုန်မှာလည်း လွတ်လမ်းမရှိပေ။ 


ဖုယွမ်းချွမ်း အောက်ထပ်တွင် ချက်ပြုတ်နေသည်ကို အခွင့်ကောင်းယူကာ ကျွင်းချင်ယွီက ဉာဏ်ရည်တုစက်ကို ယူပြီး ရှီခိုင်ရှင်းထံစာပို့လိုက်သည်။ 


ထိုမျှနှင့် ရှီခိုင်ရှင်းမှာ သူရေသူလေးဖြစ်ကြောင်း သတိမထားမိသေးသလို ရှီခိုင်ရှင်း၏ မှတ်ဉာဏ်အရ ဖုယန်ဟုန်၏ တည်ရှိမှုကိုမသိလောက်သေးပေ။ 


ခဏအကြာ စဉ်းစားပြီးနောက် ကျွင်းချင်ယွီ စာရိုက်လိုက်သည် : [ယွမ်ချွမ်း ငါ့ကို ဖုယန်ဟုန်အကြောင်းပြောတယ်… မင်းသူ့ကိုစိတ်ကျန်းမာရေးဆေးရုံကို ပို့လိုက်တယ်တဲ့…ဘယ်ဆေးရုံလဲ … လိပ်စာလေး ပို့ပေးပါ…] 


ရှီခိုင်ရှင်းထိုအချိန်တွင် အလုပ်သိပ်မရှုပ်နေသောကြောင့် မြန်မြန်ဆန်ဆန်ပင် စာပြန်လိုက်နိုင်သည် : [မဒမ်က အဲ့ဒီကို သွားချင်လို့လား…]


ကျွင်းချင်ယွီ: [ နှစ်သစ်ရောက်တော့မယ်လေ… ဘယ်လောက်ပဲ မွေးစားအဖေဆိုပေမယ့် သွားကြည့်တာကပိုကောင်းမယ်ထင်လို့ပါ…ယွမ်ချွမ်းနဲ့ ဆက်ဆံရေးမကောင်းရင်တောင် သူ့ဖြစ်တည်မှုကိုတော့ အသိအမှတ်ပြုပေးရမယ်လေ…] 


ရှီခိုင်ရှင်း: […]


တစ်ခုခုတော့ မသင်္ကာစရာကောင်းသည်။ အသံက တစ်ခုခုလွဲနေသည်။ 


ရှီခိုင်ရှင်း ပျာယာခတ်သွားသည်။ သွားလည်သည်နှင့်မတူဘဲ နောက်ဆုံးအကြိမ်လာတွေ့ပုံနှင့် တူနေသည်။ 


ကျွင်းချင်ယွီ: [လိပ်စာပို့ပေးပါ…]


ရှီခိုင်ရှင်းခဏအကြာတွေးပြီးနောက် , [မဒမ် မာရှယ်ရော အတူတူလိုက်မှာလား…]


ကျွင်းချင်ယွီ: [စကားပြောနေတာတွေ တော်လောက်ပြီ…]


ထိုအခါမှသာ ပြတ်သားပြီးတိကျသော စကားလုံးများကိုကြည့်ရင်း ရှီခိုင်ရှင်း ပုံမှန်လေသံဟု ခံစားလိုက်ရသည်။ မဒမ်က သူ့ကိုဘာ့ကြောင့် ဒီလောက်ရှင်းပြနေရသနည်း။


ပို့ရမည့် လိပ်စာကိုတော့ ပို့လိုက်သည်။ ရှီခိုင်ရှင်း ပုံမှန်အားဖြင့် အားလပ်ချိန်တွင် အလည်သွားနေကြဖြစ်သော်လည်း ပြုစုရန် သွားခြင်းတော့မဟုတ်ဘဲ အသက်ရှင်လျက် ရှိမရှိသာ သွားစစ်ဆေးခြင်းသာ ဖြစ်၏။ 


သူသေသွားလျှင် သတင်းပို့ရမည်ဖြစ်သောကြောင့်ပင်။ 


ကျွင်းချင်ယွီ လိပ်စာရပြီးနောက် ကွန်ပျူတာရှေ့တွင်ထိုင်ကာ စိတ်ကျန်းမာရေးဆေးရုံအကြောင်းကို မွှေနှောက် ရှာဖွေတော့၏။သူ့ပုံစံကို သိရရန် စောင့်ကြည့်နေသော နေရာကိုအတိအကျသိရရန် လိုအပ်ပေသည်။ 


ဖုယွမ်ချွမ်း၏ကွန်ပျူတာမှာ အသုံးပြုခွင့်ရထားကာ စိတ်ကျန်းမာရေးဆေးရုံတွင် ဖုယန်ဟုန်လည်းရှိနေသောကြောင့် စောင့်ကြည့်နေသောနေရာများကို အတိအကျ မှတ်သားထားပေသည်။ 


ညဘက်တွင် အသုံးဝင်စေရန် ထိုနေရာများကို ချမှတ်ထားလိုက်သည်။ 


အားလုံးပြီးသွားသောအခါ ကျွင်းချင်ယွီ အကြောဆန့်ကာ ဖုယွမ်ချွမ်းကိုရှာရန် အောက်ထပ်သို့ဆင်းသွား၏။ 


ပြီးခဲ့သောရက်ပိုင်းအတွင်း အားလပ်သောအချိန်များ၌ အိမ်၏လွတ်နေသော နေရာများတွင် အလှဆင်ကာ နှစ်သစ်ပွဲတော်ခံစားချက်ရစေရန် ဖန်တီးထားသည်။ 


“ယွမ်ချွမ်း မနက်ဖြန် အပေါ်ထပ်လျှောက်လမ်းကို ကော်ဇာခင်းကြရအောင်…” ဟု အော်ဟစ်ရင်း ကျွင်းချင်ယွီ လှေကားပေါ်မှအနီရောင်မွှေးပွကောဇောပေါ်ကြီးပေါ်ဖြတ်ကာ ပြေးဆင်းသွား၏။ 


တစ်ခန်းလုံး ကော်ဇောခင်းထားသောကြောင့် ဖိနပ်စီးစရာပင် မလိုပေ။ 


ရေသူလေးအဖြစ် အချိန်အတော်ကြာဖြတ်သန်းပြီးနောက် ကျွင်းချင်ယွီ ဖိနပ်စီးထားရသည်ကို မနေတတ်တော့ဘဲ အိမ်တွင်ပင် ဖိနပ် မစီးချင်တော့ပေ။ 


“ဟုတ်ပါပြီ…” ဖုယွမ်ချွမ်း ဝက်သားပြားလေးကို အပိုင်းသေးသေးလေးဖြတ်ပြီး ငါးလေးကို ကျွေးလိုက်၏။ 


“စားကြည့်…” 


ကျွင်းချင်ယွီ လက်မပေချင်သောကြောင့် တစ်ကိုက်သာလှမ်းကိုက်လိုက်သည်။ အပေါ့အငန်မှာ အနေတော်ပင်ဖြစ်၏။ “စားကောင်းတယ်..” 


ညစာစားပြီးနောက် နောက်တစ်နေ့ နှစ်သစ်အကြို မိသားစု ညစာစားပွဲအတွက် လိုအပ်သည်များကို ဖုယွမ်ချွမ်းစတင်ပြင်ဆင်တော့၏။ 


ပြင်ဆင်စရာများအလွန်များသောကြောင့် မနက်ဖြန်မှပြင်လျှင် နောက်ကျသွားမည်ဖြစ်သည်။ 


ထို့အပြင် ကြိုတင်၍အရသာနှပ်ထားရန်လိုသော အမယ်များမှာ ယခုကတည်းက ပြင်ဆင်ထားရန်လိုပေသည်။ အကြော်အလှော်များကတော့ မနက်ဖြန်မှလုပ်လည်း ရသည်။ 


လူနှစ်ယောက်သာရှိသော်လည်း ပြင်ဆင်စရာက များလှ၏။ ဟင်းအမယ်သုံးမျိုးသာ အရသာနှပ်ရန်လိုပြီး အခြားအမယ်များကိုမနက်ဖြန်မှ ပြင်ဆင်မည်ဖြစ်သည်။ 


ပထမဆုံး ပြင်ဆင်ဖူးသော အတူတူဖြတ်သန်းရမည့် နှစ်ကူးပွဲတော်ဖြစ်သောကြောင့် အလျှံအပယ်ပြင်ဆင်နေကြသည်မှာ သဘာဝသာဖြစ်၏။ 


Xxxxxxx