အပိုင်း ၉၇
Viewers 18k

Chapter 97


လူနှစ်ယောက်သာရှိသော်လည်း ပြင်ဆင်စရာက များလှ၏။ ဟင်းအမယ်သုံးမျိုးသာ အရသာနှပ်ရန်လိုပြီး အခြားအမယ်များကိုမနက်ဖြန်မှ ပြင်ဆင်မည်ဖြစ်သည်။ 


ပထမဆုံး ပြင်ဆင်ဖူးသော အတူတူဖြတ်သန်းရမည့် နှစ်ကူးပွဲတော်ဖြစ်သောကြောင့် အလျှံအပယ်ပြင်ဆင်နေကြသည်မှာ သဘာဝသာဖြစ်၏။ 


ဖုယွမ်ချွမ်း ဝက်သားပြားပန်းကန်တစ်ချပ်ကို ပြင်ဆင်ကာ ရေခဲသေတ္တာထဲသို့ ထည့်လိုက်၏။ 


ကျွင်းချင်ယွီ ခဏစဉ်းစားပြီးနောက် ပြောလိုက်သည်။


“မနက်ဖြန် ကိတ်မုန့်ဖုတ်ပြီးတော့ အသီးတွေဖြစ်ဖြစ်ပြင်ဆင်ရအောင်…” 


ဖုယွမ်ချွမ်းမှာ အဓိကဟင်းလျာများအတွက် တာဝန်ယူထားခြင်းဖြစ်သည်။ အချိုပွဲအချို့နှင့် ညစာစားအပြီးတွင်စားရန် အသီးအချို့နှင့်  အသီးဖျော်ရည်အချို့ကိုလည်း ပြင်ဆင်ထားသည်။ 


ဝက်သားပြားကို သိမ်းပြီးနောက် ဖုယွမ်ချွမ်း ကျန်သော ဟင်းအမယ်များကို ဆက်ပြင်နေ၏။ သူ့ကို ဆက်တိုက်ကြည့်နေသောငါးလေးကိုကြည့်ကာ ပြောလိုက်သည်။ 


“ ရေခဲသေတ္တာထဲမှာ ရေခဲမုန့်ရှိတယ်…” 


“ရေခဲမုန့်လား… မကုန်သေးဘူးလား…” 


ကျွင်းချင်ယွီ စိတ်ထဲတွင် နောက်ဆုံးကျန်နေသောတစ်ခုကို စားလိုက်ပြီးပြီဟု မှတ်မိနေ၏။


ကျွင်းချင်ယွီ ရေခဲသေတ္တာကို ဖွင့်လိုက်သောအခါ အကန့်များတွင် ရေခဲမုန့်များဖြင့်ပြည့်နေသည်ကို တွေ့လိုက်ရ၏။


အနောက်ဘက်မှ ဖုယွမ်ချွမ်း၏အသံထွက်လာ၏။ “ ကိုယ် အသစ်နည်းနည်း ဝယ်ထားတာ..”


ကျွင်းချင်ယွီမျက်ခုံးလေးများ ကွေးသွားသည်အထိ ပြုံးလိုက်၏။ 


နည်းနည်းတဲ့လား…


ရေခဲမုန့်အများစုမှာ စတော်ဘယ်ရီအရသာများဖြစ်ကာ ကျန်အနည်းငယ်မှာသာ အခြားအရသာများဖြစ်၏။ 


ကျွင်းချင်ယွီ တစ်ခစ်ခစ်ရယ်လိုက်မိသည်။ နောက်ဆုံးတစ်ခေါက် ဖုယွမ်ချွမ်းရေခဲမုန့် ဝယ်စဉ်က အရသာအားလုံးအတူတူဝယ်ခဲ့ခြင်းဖြစ်သည်။ 


စတော်ဘယ်ရီအရသာကို ရွေးကာ ပြန်သွားပြီး စားပွဲအစွန်းကိုမှီကာ ဖုယွမ်ချွမ်းကို ပြန်ကြည့်နေပြန်သည်။ 


ကျွင်းချင်ယွီ ဖုယွမ်ချွမ်းကို ရေခဲမုန့် ပါးစပ်အပြည့်တစ်ဇွန်းကျွေးကာ ဆိုလိုက်သည်။


 “မနက်ဖြန်ညကျရင် နောက်ကျတဲ့ထိနေပြီးတော့ နေ့ဘက်ကျရင်လည်းမှတ်တမ်းတင်ရဦးမှာဆိုတော့ ဒီနေ့ စောစော နားကြရအောင်လေ..” 


ဖုယွမ်ချွမ်း ခေါင်းညိတ်ပြလိုက်ကာဖြင့် “ဟုတ်ပါပြီ…ကျန်နေတာလေးတွေ ခဏလောက်ပြင်မလို့ စောင့်ဦးနော်…” 


“အင်း…” ကျွင်းချင်ယွီလည်းပြန်ရန် မလောချေ။ ရေခဲမုန့်စားပြီးနောက် ဖုယွမ်ချွမ်း လုပ်စရာများပြီးသောအခါ အတူတူအိပ်ခန်းသို့ပြန်သွားကြ၏။ 


နောက်ဆုံးအကြိမ် အသုံးပြုထားသောအခါမှ ယခုအချိန်အထိ အိပ်ပျော်စေသော ရနံ့လေးကို အံဆွဲထဲတွင် သိမ်းထား၏။ 


အိပ်ပျော်စေသောရနံ့၏ ရွေ့လျားမှုကို အားပေးရန် အသုံးပြုရသော လောကအသက်စွမ်းအင်နှင့် အသားမကျခင် ယခင်တစ်ခေါက်ကနှင့် ယှဉ်ကြည့်လျှင် ယခုတစ်ခေါက်မှာ ပိုမိုချောမွေ့နေသည်။ 


ပြီးခဲ့သော ရက်ပိုင်းက အဖွဲ့ချုပ်မှ သတင်းထူးမရှိခဲ့ပေ။ ဖုယွမ်ချွမ်းကို အင်ပါယာမှ မာရှယ်အများစုက ရှာဖွေခဲ့ကြသော်လည်းအားလုံးကို တွေ့ခွင့်ပင် မပေးဘဲ ငြင်းပယ်လိုက်သည်။ 


ဖုယန်ဟုန်ကို ဒုက္ခပေးရန် ကျွင်းချင်ယွီ စိတ်ကျန်းမာရေးဆေးရုံကိုပင် မသွားနိုင်သေး။ နောက်ဆုံးနေ့ဖြစ်သည့်အလျောက်ဒုတိယအကြိမ် အိပ်ပျော်စေသော ရနံ့ကိုသုံးလိုက်သည်။ 


ဖုယွမ်ချွမ်း အိပ်ပျော်သွားပြီး ခဏအကြာ ကျွင်းချင်ယွီ အခန်းထဲမှ တိတ်တဆိတ်ထွက်လာသည်။ 


စိတ်ကျန်းမာရေး ဆေးရုံမှ လုံခြုံရေးမှာ အင်ပါယာနန်းတော်နှင့်ယှဉ်လျှင် အတော်လေးလျော့ရဲသည်။ ကျွင်းချင်ယွီဝင်လာသောအခါ ဖုယန်ဟုန် အိပ်ပျော်နေဆဲဖြစ်၏။ 


ဖုယွမ်ချွမ်း  ဖုယန်ဟုန်အတွက်ပြင်ဆင်ထားသော အဆုံးသတ်မှာ သူ့အကြံသာဖြစ်၏။ ကျွင်းချင်ယွီမှာ ထိုအဆုံးသတ်ကို သူ့နာမည်ဖြည့်ရန်သာ ရောက်လာခြင်းဖြစ်၏။ 


ထို့အပြင် စိတ်ကျန်းမာရေးဆေးရုံတွင် ပိတ်လှောင်ခံထားရခြင်းမှာ ဖုယန်ဟုန်လုပ်ခဲ့သော အရာများနှင့်ယှဉ်လျှင်ပြောပြလောက်သောအရာ မဟုတ်ပေ။ 


ဖုယန်ဟုန်သာမက အခြားစမ်းသပ်ခန်းများကိုလည်း တစ်ခုပြီးတစ်ခု ဖြေရှင်းရန် နည်းလမ်းရှာမည်ဖြစ်သည်။ 


Mကြယ်မှာ လက်တလောတွင် ပြဿနာများပိုများနေကာ အချိန်တစ်ခုအထိ စတင်ရန်အခြေအနေမပေးခြင်းသာဖြစ်၏။  Mကြယ်မှ စမ်းသပ်မှုတွင် အဖွဲ့ချုပ်လည်း ပါဝင်ခဲ့ကာ စမ်းသပ်မှုစတင်ခဲ့သောအချိန်မှ ယခုအချိန်ထိ မည်မျှသော ထုတ်ကုန်များထွက်ခဲ့မှန်း သူမသိချေ။


ရန်ပွဲသာ အမှန်တကယ်ဖြစ်လာလျှင် စမ်းသပ်မှုထုတ်ကုန်များမှာ အဖွဲ့ချုပ်အတွက်များစွာ အထောက်အကူပြုမည်ဖြစ်သည်။ 


လက်တလောတွင် ကျွင်းချင်ယွီ အများကြီးမတွေးချင်။ သူ့ရှေ့တွင် နှစ်ခြိုက်စွာအိပ်နေသော ဖုယန်ဟုန်ကိုကြည့်နေမိသည်။ ဖုချန်းယွီကို အသုံးပြုခဲ့သော လက်ကျန်ကြိုးတစ်ဝက်ကိုပင် လုံလုံလောက်လောက်မသုံးရသေးဘဲ အမှောင်ထုထဲသို့ တိတ်တဆိတ်ကွယ်ပျောက်သွားလေသည်။ 


အိမ်ရာတွင် နေရာအနှံ့ စောင့်ကြပ်ထားကာ ပြတင်းပေါက်ကဲ့သို့သော နေရာများမှာအရေးအကြီးဆုံး ဖြစ်၏။ ရိုးရိုးရှင်းရှင်းပြောရလျှင် တစ်စုံတစ်ယောက်က အိမ်ရာကိုချဉ်းကပ်လာလျှင် အကာအကွယ်များကျလာမည်ဖြစ်သည်။ ဖုယွမ်ချွမ်း အိပ်ပျော်ပြီးနောက် ကျွင်းချင်ယွီအမြဲတမ်း တံခါးမကြီးမှ ဝင်လေ့ရှိသည်။ 


နောက်ဆုံးတစ်ခေါက်ကလိုပင် ရေချိုးကာ အိပ်ခန်းထဲသို့ပြန်ဝင်ရန် စီစဉ်ထားသော်လည်း တံခါးမှ ဝင်ဝင်လိုက်ချင်းပင် လှေကားပေါ်မှ မီးလင်းနေသည်ကို သတိထားမိသွားသည်။ 


ကော်ဇောကို ဖြတ်နေသော ဖုယွမ်ချွမ်းမှာ အသံကိုကြားကာ လှည့်ကြည့်လိုက်သည်။ သူ့အကြည့်များထဲတွင် အံ့ဩမှုများ ပါနေသည်။ ကျွင်းချင်ယွီ နောက်ဆုံးတစ်ခေါက်ကထက် စောစော ပြန်လာခဲ့သော်လည်း မျက်နှာချင်းဆိုင်တွေ့ရသောအခါ ဘာမှထပ်မမေးတော့ဘဲ “ပြန်လာပြီလား…” ဟုသာ မေးလိုက်၏။ 


ကျွင်းချင်ယွီ: “…”


ဘာ…ဘာကြောင့်များ ဖုယွမ်ချွမ်းက သူ့ကို လမ်းလျှောက်ထွက်ပြီး ပြန်လာသကဲ့သို့ပင် သူ့ကို နှုတ်ဆက်နေရသည်လဲ။ 


ဖုယွမ်ချွမ်း ကော်ဇောကို တိတိကျကျလေး အရွယ်အစားမှန်မှန်ဖြတ်ကာ ပြောလိုက်၏။ ”ရေအရင်သွားချိုးလေ… ကော်ဇော်ခင်းပြီးရင် ကိုယ်လာခဲ့မယ်…” 


“ဟုတ်…ဟုတ်ကဲ့ပါ”


ကျွင်းချင်ယွီ ကြောင်တောင်တောင်ဖြစ်သွားသည်။ ဖုယွမ်ချွမ်းတစ်ခုခု ဖြစ်နေသည်လား။ သူပဲ တစ်ခုခုဖြစ်နေသည်လား။ 


ဖုယွမ်ချွမ်းက ငါးလေး တံခါးဝတွင် တုတ်တုတ်မျှမလှုပ်ဘဲ ရပ်နေသည်ကိုမြင်လိုက်သည်။ ခဏစဉ်းစားပြီးနောက် ထပြီးလျှောက်သွားကာ တစ်ဝက်တစ်ပျက် ဖြတ်ထားသော ကော်ဇောကို ပြင်လိုက်၏။


ကျွင်းချင်းယွီ မျက်တောင်လေးခတ်ကာ မသိစိတ်က လက်ကလေးကို အနောက်ပစ်လိုက်သည်။ အပြင်မှ မြန်မြန်ပြန်လာရန်သာစိတ်ရှိသောကြောင့် ဆေးကြောချိန်မရှိဘဲ လက်တွင် သွေးများ ပေလျက်ရှိနေသည်။


ဖုယွမ်ချွမ်း ငါးလေး၏ လှုပ်ရှားမှုများကို မြင်နေရသည့်တိုင် တိတ်တိတ်လေးနေနေလိုက်သည်။ ကျွင်းချင်းယွီကို စိတ်သက်သာရာ ရစေရန် လက်ကမ်းလိုက်ကာ လှမ်းဖက်လိုက်ပြီး ပြောလိုက်သည်။


 “ဟုတ်ပြီ… ကြောက်မနေပါနဲ့…” 


ကျွင်းချင်းယွီ ပါးစပ်လေးဟပြီးမှ ပြန်ပိတ်လိုက်ကာ သူ့ရှေ့တွင် အမြဲတမ်း တည်ငြိမ်နေသော  ဖုယွမ်ချွမ်းကို အံ့ဩနေမိသည်။ဘာပဲဖြစ်နေဖြစ်နေ သူ့အအတွက် အသေးစိတ် အကြောင်းအရာလေးကအစ အလေးထားပေးသည်။ 


“ဒဏ်ရာရထားတာလား…”


ကျွင်းချင်းယွီ၏ လက်များမှာ တုန်ရီနေကာ “မဟုတ်ပါဘူး… ဒါက သူများရဲ့သွေးပါ…” 


ဖုယွမ်ချွမ်း ခေါင်းညိတ်ပြကာ ခါးလေးကိုဖက်ကာ ရေချိုးခန်းထဲသို့လျှောက်သွားပြီး “ထပြီး သန့်ရှင်းရေး လုပ်ကြရအောင်…” 


ကျွင်းချင်းယွီ အားနှင့်ဆွဲခေါ်သည့်အတိုင်း ပါသွားရင်း ဖုယွမ်ချွမ်း မေးသည်ကိုကြားလိုက်၏။


 “လက်ပဲလား… တစ်ခြားနေရာရော ထိခိုက်သွားသေးလား…”


“ဟင့်အင်း…” ထိုသို့ရိုးရှင်းသော အရာလေးက သူ့ကို ဘယ်လိုလုပ် ထိခိုက်စေမည်နည်း။ သူ့ရှေ့တွင် ဖုယန်ဟုန်မှာ ကြက်ပေါက်လေးသာဖြစ်သည်မဟုတ်ပါလား။ သူ ရေသူလေးဖြစ်မလာခင် တိုက်ခိုက်စွမ်းရည် သိပ်မရှိခဲ့သည်သာ မဟုတ်လျှင် ဖုယန်ဟုန်မှာထိန်းချုပ်မရဖြစ်နေမည် ဖြစ်သည်။ 


“အင်း…” 


ကျွင်းချင်းယွီ သူ့လက်ကို ရေထဲတွင် စိမ်ထားလိုက်သည်။ 


ထိုသို့လုပ်နေသည်ကို မြင်သော ဖုယွမ်ချွမ်းမှာ အနောက်က သူ့ကိုလှမ်းဖက်ကာ လက်သန့်ဆေးရည်ကို ထည့်ပေးရင်း လက်မှသွေးများကို ဆေးကြောရန် ကူညီပေးသည်။ 


ကျွင်းချင်းယွီ မျက်လုံးလေးများကို ဘယ်ညာကြည့်လိုက်သောအခါ ဖုယွမ်ချွမ်း၏ နူးညံ့သော ဘေးဘက်မျက်နှာလေးကို မြင်လိုက်ရသည်။သူက နှုတ်ခမ်းကိုဖိထားလိုက်ပြီးနောက်  နမ်းလိုက်ကာ မေး၏။ 


“ ကျွန်တော် ဒီမှာမရှိတာ ဘယ်တုန်းက သိသွားတာလဲ…” 


ဖုယွမ်ချွမ်း ငါးလေး၏လက်များကို ဆုပ်ကိုင်ကာ နောက်တစ်ကြိမ် လက်သန့်ဆေးရည်ကို အသုံးပြုရင်း ဖြေလိုက်၏။ “ သိပ်မကြာသေးပါဘူး…” 


မကြာသေးဘူး။


ကျွင်းချင်းယွီ ခေါင်းလေးစောင်းလိုက်သည်။ အိပ်ပျော်စေသောရနံ့က ထိုမျှအချိန်တိုတိုလေး အလုပ်ဖြစ်သည်ဆိုသည်မှာ မဖြစ်နိုင်ပေ။ 


ထို့ကြောင့် ဖြစ်နိုင်သော တစ်ခုတည်းသော ဖြေရှင်းချက်မှာ…


“အိပ်ပျော်စေတဲ့ အနံ့က ခင်ဗျားဆီမှာအလုပ်မဖြစ်ဘူးလား…” ကျွင်းချင်းယွီ ထိုအရာများကို ဝယ်စဉ်က ရနံ့နှင့် သတိမေ့မျောစေနိုင်သော အနံ့များ အများအပြားကို တွေ့ခဲ့၏။ ပါးစပ်နှင့် အရသာခံရသည်များလည်း ရှိသည်။ သို့သော် ခန္ဓာကိုယ်ကိုတော့ တစ်နည်းနည်းဖြင့် ထိခိုက်စေနိုင်မည် ဖြစ်သည်။ အန္တရာယ်မဖြစ်စေနိုင်သော တစ်ခုကိုရှာတွေ့ရန် အချိန်တော်တော်ကြာလေး ရှာလိုက်ရ၏။ 


“အင်း…” ဖုယွမ်ချွမ်း က ဆက်၍ရှင်းပြ၏။


 “အရင်က တစ်ခါနှစ်ခါ သုံးဖူးပြီးတော့ အများကြီးဆက်သုံးဖြစ်သွားတာ… နောက်ဆုံးကျတော့ သက်ရောက်မှု မရှိတော့ဘူး…” 


ဖုယွမ်ချွမ်း ဘယ်လိုရနံ့မျိုး သုံးသည်ကိုတော့ အသေးစိတ်မပြောပြချေ။ သို့သော် ထိုစကားလုံးများကိုနားထောင်လိုက်ခြင်းအားဖြင့် ကျွင်းချင်းယွီ ကောက်ချက်ချနိုင်သည်။


ခဏ။ ခဏနပေါဦး။ 


ကျွင်းချင်းယွီ ခဏအကြာ ငြိမ်သက်သွားသည်။ အိပ်ပျော်စေသော ရနံ့က သက်ရောက်မှုမရှိဘူးဆိုလျှင် ပထမဆုံးအကြိမ်အသုံးပြုစဉ်ကလည်း သက်ရောက်မှုမရှိသည် မဟုတ်ပါလား။


အသုံးပြုစဉ်က ဖုယွမ်ချွမ်း၏ နာမည်ကို ပထမတစ်ခေါက် မသိမသာခေါ်လိုက်သော်လည်း ပြန်မဖြေသောကြောင့် ဒုတိယတစ်ခါထပ်ခေါ်သော်လည်း အဖြေမရခဲ့ချေ။ 


သေချာ စဉ်းစားပြီးနောက် သူထွက်သွားသောအခါ ဖုယွမ်ချွမ်းတစ်ခုခု လိုအပ်နေသည်ကို ရိပ်မိကာ နိုးသွားမည်စိုးသောကြောင့်ခေါင်းအုံးလေးတစ်လုံးကိုပါယူကာ ဖုယွမ်ချွမ်း ရင်ခွင်ထဲထည့်ပေးခဲ့သည်အထိ လုပ်ခဲ့သည်။ 


သို့သော်…သူပြန်ရောက်လာသောအခါ ဖုယွမ်ချွမ်းလက်ထဲမှ ခေါင်းအုံးမှ ပျောက်သွားလေပြီ။


ကျွင်းချင်းယွီ အခြေအနေကို နားလည်လာကာ “ဖုချန်းယွီ ဦးနှောက်သေသွားတာကရော ခင်ဗျားလုပ်တာလား…” 


“အဲ့ဒီနေ့တုန်းက ကျွန်တော်နဲ့ အပြင်သွားခဲ့တာမလား…”ကျွင်းချင်းယွီ သူ့နောက်က လိုက်လာသူရှိမရှိ ဂရုမစိုက်တော့။ သူ့ဘက်ကကြည့်လျှင် လိုက်လာသည်ကို သတိမထားမိသည်များလား။ 


“အဲ့လိုမဟုတ်ဘူး…” ဖုယွမ်ချွမ်း ပေါ့ပေါ့ပါးပါးလေးပြောလိုက်၏။ 


“မင်းထက်နည်းနည်း နောက်ကျမှရောက်တယ်လေ။ တစ်ခြားနေရာကို သွားနေခဲ့တာ…”


“အင်း…” ကျွင်းချင်းယွီ ခေါင်းညိတ်ပြလိုက်သည်။ ထိုသို့ဆိုလျှင် ဖုယွမ်ချွမ်းကိုမမြင်လိုက်သည်မှာ ဖြစ်နိုင်၏။ 


သူ့လောကအသက်စွမ်းအင်မှာ ဖုချန်းယွီကို မှတ်ဉာဏ်ချို့ယွင်းစေခဲ့သည်မှာ အဆန်းမဟုတ်တော့။ သူ့ပုံစံမှာ အလုံးစုံ ဘာမှမသိလိုက်ဘဲနှင့် အိပ်ပျော်နေစဉ် အရာအားလုံးဖြစ်သွားသော ပုံစံမျိုးဖြစ်၏။ 


ကျွင်းချင်းယွီ မေးလိုက်၏။ “ဖုချန်းယွီရဲ့ စိတ်က ပြန်ကောင်းလာဖို့ ဖြစ်နိုင်သေးလား…” 


“မဖြစ်နိုင်ဘူး…” ဖုယွမ်ချွမ်း သူကိုယ်တိုင် လုပ်ခဲ့သည်ဖြစ်သောကြောင့် ဖုချန်းယွီ ဘယ်လောက်ပျက်စီးသွားသည်ကို သူသိသည်။ 


ကျွင်းချင်းယွီ ထိုစကားလုံးများကို ကြားရသောအခါ စိတ်သက်သာရာ ရသွားပြီး “တော်သေးတာပေါ့…” ဟု ပြောလိုက်၏။ 


ပြောနေရင်း ကျွင်းချင်းယွီ မေးခွန်းတစ်ခု ထပ်ထွက်လာသည်။ “ဘာလို့ ကျွန်တော်နဲ့တူတူ လိုက်မလာတာလဲ..”


ဖုယွမ်ချွမ်း သာသူနှင့်တူတူ လိုက်လာလျှင် လှေကားတွင် တွေ့စရာအကြောင်းမရှိချေ။ 


“အဖွဲ့ချုပ်နဲ့ မပတ်သက်ဖို့ဆို တခြားကိစ္စတွေကို ဖြေရှင်းနိုင်မှ ရမယ်…” ဖုယွမ်ချွမ်းသည် ငါးလေး အန္တရာယ်တွေ့နိုင်သည့် အခါမှ သူ့နောက်ကို လိုက်လာမည်ဖြစ်သည်။ 


ကျွင်းချင်းယွီ မျက်ခုံးများပင့်လိုက်သည်။ ဖုယွမ်ချွမ်းက သူ့ စွမ်းအားကို အသိအမှတ်ပြုလိုက်ခြင်းပေလား။ ခဏတွေးပြီးနောက်ထပ်ပြောလိုက်သည်။


 “ရေအရင်ချိုးလိုက်ဦးမယ်…ပြီးရင် တစ်ခုပြောစရာရှိတယ်…”


ကျွင်းချင်းယွီမှာ အပြင်မှပြန်ရောက်ရောက်ချင်း ဘာမှမလုပ်ခင် ရေချိုးရသည်ကို အကျင့်ဖြစ်နေသည်။ 


“ကောင်းပါပြီ…”



 ခဏအကြာ ရေချိုးပြီးနောက် သူထွက်လာသည့်တိုင် ဖုယွမ်ချွမ်း ရောက်မလာသေးပေ။ ဖုယွမ်ချွမ်း ကောဇောခင်းရန် ထွက်သွားပုံရသည်။ 


ကိစ္စများမှာ အနည်းငယ်ရှုပ်ထွေးနေသည်။ ကျွင်းချင်းယွီ ခုတင်အစွန်တွင် ထိုင်ကာ သူဘာပြောရမလဲကို စဉ်းစားနေသည်။ 


ဖုယွမ်ချွမ်း ပြန်လာသောအခါ ငေးငိုင်လျက် ထိုင်နေသော ကျွင်းချင်းယွီကို မြင်လိုက်ရသည်။ အခြေအနေမှာ အကောင်းတော့ မဟုတ်ချေ။


 “ ပင်ပန်းလို့လား…” 


“ဟင်…”


“သေချာ မစဉ်းစားရသေးရင် မပြောသေးလည်း ရပါတယ်…” ဖုယွမ်ချွမ်း သူ၏ ရေစိုနေသော ဆံပင်ကိုထိကာ အရင်ကလိုဆံပင်ခြောက်အောင်မှုတ်ပေး၏။ 


ကျွင်းချင်းယွီ ခေါင်းခါကာ “ကျွန်တော် ဘယ်လိုပြောရင် ကောင်းမလဲ စဉ်းစားနေတာပါ…” 


“မလောပါနဲ့…”


ငါးလေး၏ အခြေအနေမှာ တစ်ရက်နှစ်ရက်တည်းနှင့် ဖြစ်လာခြင်းမဟုတ်ကြောင်း သူသဘောပေါက်သည်။ အချိန်အကြာကြီး စောင့်ခဲ့ပြီးနောက် ခဏကြာထပ်စောင့်ရခြင်းမှာ အရေးမကြီးတော့ပေ။ 


“ကျွန်တော်က ကြယ်တာရာခေတ်ရဲ့ရေသူလေးတစ်ကောင်မဟုတ်ပါဘူး… တကယ်တော့ ရေသူတစ်ကောင်တောင် မဟုတ်ဘူး…” 


“အင်း…” ဖုယွမ်ချွမ်း ကျွင်းချင်းယွီ၏နေ့စဉ်လုပ်ဆောင်မှုများကို ကြည့်ပြီး ခန့်မှန်းထားပြီးသားဖြစ်သည်။ 


ကျွင်းချင်းယွီ လည်းဖုယွမ်ချွမ်း သိပြီးသားဖြစ်မည်ကို ခန့်မှန်းမိနေသည်။သူ ပြုံးလျက်ပင် ဆက်ပြောလိုက်သည်။


 “အာကာသကြီးမှာက တည်ရှိမှုတွေအများကြီးရှိပြီးတော့ ခုထိ ရှာမတွေ့ကြသေးတဲ့ ကမ္ဘာတွေအများကြီးရှိနေဦးမှာ… ကျွန်တော် အရင်နေခဲ့တဲ့ ကမ္ဘာကြီးက ၂၁ရာစုက ကမ္ဘာမြေကြီးပဲ…” 


“အဲ့ဒီ ကမ္ဘာမှာ အထူးလုပ်ဆောင်ချက်အဖွဲ့ဆိုတာရှိတယ်…အဲ့ဒီတုန်းက စကြဝဠာကြီးထဲမှာ သိပ္ပံနဲ့ နည်းပညာတွေ အများကြီးမရှိသေးဘူး ဒါပေမယ့် နိုင်ငံတွေကတော့ အများကြီးပဲ အဲ့ဒီအထူးလုပ်ဆောင်ချက်အဖွဲ့က ကမ္ဘာအနှံ့ကနေ အထူးစွမ်းရည်ရှိတဲ့သူတွေနဲ့ ဖွဲ့စည်းထားတာ…”


“တစ္ဆေတွေဖမ်းတာ သူတို့တွေနဲ့တွေ့ပြီးတော့ ပူဇော်ပသတာမျိုးတွေလိုလေမျိုး ပြီးတော့ လောကုတ္တရာနဲ့ဆိုင်တာတွေလည်းပါတယ်…” 


“အထူးလုပ်ဆောင်ချက်အဖွဲ့က အရမ်းအန္တရာယ်များတဲ့ ကိစ္စတွေကို သာမန်လူတွေမသိအောင်ဖြေရှင်းခဲ့ကြဖူးတယ်…” 


ဖုယွမ်ချွမ်း က အလေးအနက်စဉ်းစားရင်း “မင်းကရော ဘယ်အဖွဲ့ကလဲ…” ဟုမေးလိုက်၏။ 


Xxxxxxx