အပိုင်း ၉၈
Viewers 18k

Chapter 98


“အထူးလုပ်ဆောင်ချက်အဖွဲ့က အရမ်းအန္တရာယ်များတဲ့ ကိစ္စတွေကို သာမန်လူတွေမသိအောင်ဖြေရှင်းခဲ့ကြဖူးတယ်…” 


ဖုယွမ်ချွမ်း က အလေးအနက်စဉ်းစားရင်း “မင်းကရော ဘယ်အဖွဲ့ကလဲ…” ဟုမေးလိုက်၏။ 


ကျွင်းချင်းယွီ ခေါင်းခါပြကာ “အထူးလုပ်ဆောင်ချက်အဖွဲ့က စည်းကမ်းချက်တွေအရမ်းများတဲ့ နိုင်ငံတကာအဖွဲ့တစ်ခုလေ…ပြဿနာတွေကများပေမယ့် ရမယ့်အကျိုးအမြတ်ကတော့ နည်းတယ်…အရမ်း ဒုက္ခရောက်တာ… ကျွန်တော့်ရဲ့ နေရာလွတ်စွမ်းရည်ကြောင့် ဖိတ်ခေါ်ခံခဲ့ရပေမယ့် မပါလိုက်ခဲ့ဘူး…” 


“အင်း…” ဖုယွမ်ချွမ်း ငါးလေး၏ ခံစားချက်ပေါ်မူတည်၍ စိတ်ကျပ်တည်းနေရခြင်းထက် စိတ်သက်သာရာ ရစေချင်သည်။ 


သို့သော် ကျွင်းချင်းယွီအတွက်လည်း အထူးလုပ်ဆောင်ချက်အဖွဲ့အကြောင်း ထုတ်ပြောရန်မလွယ်မှန်း သိသောကြောင့် ထပ်ပြောမည့်စကားလုံးများကို တိတ်ဆိတ်စွာပင် စောင့်နေလိုက်သည်။ 


“အထူးလုပ်ဆောင်ချက်အဖွဲ့မှာ ပြိုင်ဘက်အဖွဲ့တစ်ခုရှိတယ်… လက်နက်ကိုင်တွေလို… ကြယ်တာရာ ဓားပြတွေလိုမျိုးအဖွဲ့တွေပေါ့… သူတို့ကြားက ပဋိပက္ခတွေကလည်း တကယ်ကို သိသာနေတာ…” 


ထူးခြားသော စွမ်းရည်ရှိသူများမှာ များပြားသော်လည်း ဂြိုဟ်ပေါ်မှ အရင်းအမြစ်များက အဆင့်မြင့်တင်ခြင်းကို ထိုအချိန်က ကန့်သတ်ထားခဲ့သည်။ 


ကောင်းစွာဖွံ့ဖြိုးနေသော အဖွဲ့အစည်းတစ်ခုတွင် ပြန်ရနိုင်မည့် အရင်းအမြစ်မှာ ပေးသလောက်ဖြစ်နိုင်သည်။ နှစ်အတော်ကြာအသုံးပြုရန် ပေးပြီးနောက် ကိုယ့်လက်ထဲတွင် အနည်းငယ်သာ ကျန်နိုင်တော့မည် ဖြစ်၏။ 


မမျှတသော ဆက်ဆံရေးတစ်ခုမှ သဘာဝကျကျပင် နာကျည်းနေကြသော လူတစ်စုကို မွေးထုတ်ပေးလိုက်သည်။ 


ကျွင်းချင်းယွီ ဖုယွမ်ချွမ်း၏ပုခုံးပေါ်တွင် မှီကာ သူ့ဆံပင်ပေါ်သို့ ကျလာသောလေပူများကို တိတ်တိတ်လေးရှောင်တိမ်းရင်း ဆက်ပြောလိုက်၏။ “အရင်းအမြစ်တွေ ခွဲခြမ်းပေးတာကလည်းမမျှတဘူးဆိုတော့ အချိန်ကြာလာတာနဲ့အမျှ လူတွေကလည်းမကျေမနပ်ဖြစ်လာကြရောပေါ့… နောက်ဆုံးကျတော့အကုန် အတူတူထွက်ခဲ့ကြပြီးတော့ အပြင်မှာအဖွဲ့အစည်းတစ်ခု တည်ထောင်လိုက်ကြတယ်…” 


“ပထမတော့ အဲ့ဒီအဖွဲ့က အဖွဲ့ဝင်တွေက အထူးလုပ်ဆောင်ချက်အဖွဲ့ရဲ့ အလုပ်တွေကို လုဖို့ပဲအားသန်နေခဲ့ကြတာ… နောက်ကျတော့ အရမ်းမြန်မြန်ဆန်ဆန် နာမည်ကြီးလာပြီးတော့ ဘယ်သူမှ မထိန်းနိုင်ကြတော့ဘူး… အဲ့လိုနဲ့ ကြယ်တာရာဓားပြနဲ့ ဆင်တူတဲ့အဖွဲ့အစည်းတစ်ခု ဖြစ်လာခဲ့တယ်…” 


တစ်ချို့ကိစ္စများကိုကြည့်လျှင် ထိုသူများမှာ ကြယ်တာရာဓားပြများနှင့် ဘာမှမထူးချေ။ အချို့နေရာများတွင် သူတို့ကပင် ပို၍ဆိုးရွားသေး၏။ 


သို့သော် ကျွင်းချင်းယွီကဆက်၍ပြောသည်။ “အဲ့ဒီအဖွဲ့အစည်း စကြေညာတုန်းက ကျွန်တော်မွေးတောင်မမွေးသေးဘူး… နောက်မှကျွန်တော်လည်း အဖွဲ့ထဲဝင်ပြီးမှ သိရတာ…”  


သူတို့ ယခင်ကလုပ်ခဲ့သည်များမှာ သူနှင့်ပတ်သက်မှုမရှိ။ 


သူ့စကားလုံးများမှတစ်ဆင့် ထုတ်မပြောသော ရည်ရွယ်ချက်များကို ကြားနေရသောကြောင့် ဖုယွမ်ချွမ်း အသာရယ်လိုက်မိသည်။ ထွက်ပြေးရန်ကြိုးစားနေသော ငါးလေးကို လှမ်းဖက်ကာ ရင်ခွင်ထဲဆွဲသိမ်းလျက် ဆံပင်ကိုဆက်၍အခြောက်မှုတ်ပေးနေ၏။


ကျွင်းချင်းယွီ “ဟွန့်” ဆိုပြီး အသံတိုးတိုးလေးပြုကာ ဆက်ပြော၏။ 


“ကျွန်တော်က နည်းစနစ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုတွေ မလုပ်ခဲ့ပေမယ့် အထူးလုပ်ဆောင်ချက်အဖွဲ့က ကမ်းလှမ်းချက်ကို ငြင်းလိုက်ပြီးတဲ့နောက်မှာ အဲ့ဒီအဖွဲ့က ကျွန်တော့်ကိုချဉ်းကပ်လာတာ…သူတို့ပုံစံတွေကလည်း အထူးလုပ်ဆောင်ချက်အဖွဲ့ကလူတွေနဲ့ အတူတူပါပဲ ပုံစံတွေက ကောင်းမနေခဲ့ပါဘူး…”


အထူးလုပ်ဆောင်ချက်အဖွဲ့၏ စိတ်အားထက်သန်သော ကမ်းလှမ်းချက်နှင့်ယှဉ်လျှင်တော့ ထိုအဖွဲ့က အတော်လေးလိုသေးသည်။ 


အပြုအမူများထဲတွင် ခြိမ်းခြောက်မှုများက ပါဝင်နေသည်။ ဖြစ်နိုင်သည်က ဓားပြပုံစံနှင့် နေသားကျနေကြသောကြောင့် လူသစ်များခေါ်ရာတွင်လည်း ထိုပုံစံဖြစ်နေခြင်းဖြစ်မည်။ 


ဖုယွမ်ချွမ်း မေးလိုက်၏။ “သူက မင်းကို အဖွဲ့ဝင်ဖို့လာခေါ်တာလား…” 


ကျွင်းချင်းယွီခေါင်းညိတ်ပြလိုက်၏။ 


“အဲ့ဒါနဲ့ သဘောတူလိုက်ရောလား….”


ကျွင်းချင်းယွီမျက်လုံးလေးများမှာ လခြမ်းကွေးလေးအသွင်ပြောင်းသွားကာ ယုံကြည်ချက်ရှိရှိဖြင့်ပြောလိုက်၏။


 “ဟင့်အင်းသူ့နေရာကိုယူလိုက်တာ…” 


ဖုယွမ်ချွမ်း မျက်ခုံးများပင့်လျက် မေးလာသည် “နေရာကို ယူလိုက်တာ?” 


အဖွဲ့ဝင်အသစ်ခေါ်သူများမှာ အသုံးမဝင်သည့် သာမန်လူတော့ဖြစ်နေ၍မရပေ။ 


ကျွင်းချင်းယွီ အဖွဲ့ထဲသို့ဝင်ခါစက ခေါင်းဆောင်နေရာဖြင့် စခဲ့သည်။ အဖွဲ့၏ပုံရိပ်မှာ မကောင်းသော်လည်း ပေးသင့်သော လေ့ကျင့်မှုကို ပေးကာ အဖွဲ့ကိုရပ်တည်ခဲ့၏။  


ကျွင်းချင်းယွီ ထပ်ပြောလိုက်၏။ “အဲ့ဒါနဲ့ နောက်နစ်နည်းနည်းကြာတော့ အဖွဲ့အစည်းက ကျွန့်တော်ဟာဖြစ်သွားတာ…” 


အဖွဲ့အစည်းမှာပိုင်ရှင်ပြောင်းသွားကာ ကျွင်းချင်းယွီလည်း အဖွဲ့အစည်း၏ ယခင်ကအလုပ်များနှင့် အသားမကျနိုင်သေးချေ။ အဖွဲ့၏ထုံးတမ်းများကို ပြင်ဆင်ရန် ကြိုးစားခဲ့သည်။ အထူးလုပ်ဆောင်ချက်အဖွဲ့၏ ပြိုင်ဘက်အနေနှင့်မဟုတ်တော့ဘဲ ကိုယ့်အလုပ်ကိုသာ ကိုယ်အာရုံစိုက်ခဲ့ကြသည်။ 


ဖုယွမ်ချွမ်း ဆံပင်ခြောက်အောင် လုပ်ပေးနေရင်း “မင်းက တကယ်တော်တာပဲ…” ဟု ချီးကျူးလိုက်၏။ 


ငါးလေးမှာ ရိုးရိုးရှင်းရှင်းလေး ရှင်းပြခဲ့သော်လည်း သူပြောသည့်အတိုင်းသာဆိုလျှင် အဖွဲ့အစည်းမှာ အလွန်ကြီးပုံရသည်။အချိန်တိုအတွင်း ပိုင်ရှင်ပြောင်းသည့်အတွက် ငါးလေးလည်း လေ့ကျင့်မှုများတော့ ကြုံတွေ့ခဲ့ရမည် ထင်သည်။ 


ကျွင်းချင်းယွီ ကိုက်လိုက်ကာ သံသယလေသံဖြင့်ပြောလိုက်၏။ “ဟွန့်…အပေါ်ယံဆန်လိုက်တာ…” 


“အပေါ်ယံဆန်တာ မဟုတ်ပါဘူးကွာ…” ဖုယွမ်ချွမ်း ကျွင်းချင်းယွီကိုချီကာ ချော့ရင်း ပေါင်ပေါ်ကောက်တင်လိုက်သည်။


“နောက်တစ်ခါ အပြင်ထွက်စရာရှိရင် ပြောနော်…”


ကျွင်းချင်းယွီ  ခေါင်းလေးစောင်းကာ ပုခုံးပေါ်မှီလိုက်ရင်း “အဲ့ဒါဆိုရင်ရော ကျွန်တော့်ကို တစ်ယောက်တည်း ပေးလုပ်မှာလား…” 


“အဲ့ဒါကတော့ အခြေအနေပေါ်မူတည်တာပေါ့…” 


ဖုယွမ်ချွမ်း အခြေအနေအားလုံးကို ယေဘုယျခြုံပြီး ပြောလေ့မရှိ။အခြေအနေတစ်ခုချင်းစီကို အသေးစိတ်လေ့လာပြီးမှ ပြောလေ့ရှိသည်။ 


ဖုယွမ်ချွမ်း ပြန်ပြောလိုက်၏။


 “အန္တရာယ်မရှိတာမျိုးဆိုရင်ပေါ့…ကိုယ်လည်း အဝေးကနေကူလို့ရပြီးတော့ အန္တရာယ်လည်းမရှိရင် တစ်ယောက်တည်းသွားလို့ရပါတယ်…”


ကျွင်းချင်းယွီ ခဏအကြာ အံ့ဩမိသွားသည်။ အန္တရာယ်ရှိမှုကို အတိအကျတိုင်းတာနိုင်သော နည်းလမ်းမရှိချေ။  ထို့ကြောင့်“ဘယ်လိုမျိုးက အန္တရာယ်များပြီး ဘယ်လိုကနည်းတာလဲ…” ဟုမေးခွန်းထုတ်လိုက်၏။ 


“ကိုယ်က အန္တရာယ်ရှိတယ်လို့ထင်ရင် အန္တရာယ်ရှိတာပေါ့…”


ကျွင်းချင်းယွီ: “…”


ထိုသို့ဆိုလျှင် ဖုယွမ်ချွမ်းသာ အားလုံးကို အန္တရာယ်ရှိသည်ဟု ထင်လျှင်… သူဘာမှ လုပ်မရတော့သည် မဟုတ်ပါလား။ 


ဖုယွမ်ချွမ်း စကားတစ်ခွန်းသာပြောပြီး ဖြေရှင်းချက်တော့မပေးချေ။ 


“နားတော့လေ… ကိုယ်တို့ မနက်ကျရင် စာရင်းသွင်းရဦးမယ်…” 


ကျွင်းချင်းယွီ နားသည်ဆိုသော စကားကိုကြားသောအခါ မသိစိတ်က ပြတင်းပေါက်အပြင်ကို ကြည့်လိုက်ကာ ထိုနေရာတွင် ရပ်ကြည့်လျက်”စာရင်းသွင်းတာ ဘယ်အချိန်ဖွင့်တာလဲ…” ဟုမေးလိုက်၏။ 


“ခြောက်နာရီ အတိ…”


ကျွင်းချင်းယွီ ပြတင်းပေါက်ကြားမှ ထွက်လာသော အလင်းရောင်လေးကို ညွှန်ပြကာပြောသည်။ “မိုးသောက်တောင် ရောက်နေပြီပဲ…” 


ဖုယွမ်ချွမ်း ခဏစဉ်းစားကာ ဆိုသည်။  “နေ့လည်မှ သွားလည်းရတာပဲ… အရင်နားပါဦး…” 


ကျွင်းချင်းယွီ ပင်ပန်းသည်ဟုပင် မခံစားရ။


 “မနားချင်တော့ဘူး…စာရင်းသွင်းဖို့ သွားရအောင်… ပင်ပန်းလို့လား…” 


“ကိုယ်က မပင်ပန်းပါဘူး… မင်း ခန္ဓာကိုယ်က ခံနိုင်ရည်မရှိမှာစိုးလို့…”


“ခံနိုင်ရည် မရှိစရာ ဘာရှိလဲ…” 


ညဘက် ညဉ့်နက်အောင်နေခြင်းက သူ့အတွက်တော့ အသေးအမွှားကိစ္စပင် ဖြစ်၏။ ကျွင်းချင်းယွီ ဆက်ပြောလိုက်သည်။


 “အလုပ်တစ်ခု လုပ်တုန်းကဆိုရင် လေးရက်ဆက်တိုက် မအိပ်ဘဲတောင်နေခဲ့သေးတာ၊ဘအလုပ်ပြီးကြောင်းအထက်ကို စစ်ဆေးဖို့တင်ပြတဲ့အချိန်ထိ အားအပြည့်ပဲ…” 


ဖုယွမ်ချွမ်း :  “မင်းက တော်တော် သက်လုံကောင်းတာပဲ…”


ကျွင်းချင်းယွီ ပြုံးကာသူ့ကို နမ်းလိုက်သည်။


 "ပင်ပန်းနေရင် ခဏအိပ်လေ… မပင်ပန်းရင် စာရင်းသွင်းဖို့ တန်းသွားကြမလား…” 


“အဝတ်အစား သွားလဲရအောင်…”


“ကောင်းပါပြီ…”


ပြီးခဲ့သောအခေါက်က အခမ်းအနားအတွက် ပွဲတက်ဝတ်စုံများ ဝယ်ခဲ့ကြသော်လည်း ဖုယွမ်ချွမ်းက ထပ်ဝယ်ရန် အကြံပြုနေသေးသည်။ 


ကျွင်းချင်းယွီ အဝတ်အစားရွေးနေချိန်တွင် ပြန်စဉ်းစားနေမိသည်။ ထိုအချိန်က စာရင်းသွင်းခြင်းဆိုသည်မှာ ဘာမှန်းမသိသေးပေ။ဖုယွမ်ချွမ်း စာရင်းသွင်းမည့်နေ့တွင် ဘာဝတ်ရမည်ဆိုသည်ကို ကြိုတွေးထားသော နေ့များပင် ရောက်လာခဲ့လေပြီ။ 


အဝတ်အစားလဲပြီး ထွက်လာကြသောအခါ ခြောက်နာရီကျော်နေပြီ ဖြစ်သည်။ 


နွေဦးပွဲတော်မှာ နီးကပ်လာပြီဖြစ်သောကြောင့် စာရင်းသွင်းကြသူများလည်း အများအပြားရှိကြမည်ဖြစ်၏။ ကြယ်တာရာခေတ်ဖြစ်သည့်တိုင် နှစ်သစ်ကူးမှာ နာမည်ကြီးပွဲတော်ဖြစ်နေဆဲပင်။ 


ကျွင်းချင်းယွီ အထဲကိုကြည့်လိုက်ရာ အားလုံးက အတွဲလိုက်ထိုင်နေကြသည်ကို တွေ့လိုက်ရ၏။ 


အဝင်မှ အသိပေးစာကပ်သည့်နေရာတွင် ရေးထားသည့်အချိန်မှာ မနက်ကိုးနာရီမှ ညနေ ငါးနာရီအထိ ဖြစ်သည်။ စာရင်းသွင်းသည့်သူ များပြားသောကာလဖြစ်သည့်အလျောက် မနက်ခြောက်နာရီသို့ ပြောင်းထားပုံရသည်။ နေ့စဉ်ကြိုတင်စာရင်းပေးနိုင်သောအရေအတွက်ကိုလည်း အနည်းငယ်တိုးထား၏။ 


ဖုယွမ်ချွမ်း ငါးလေး၏လက်ကို ကိုင်ကာ မေးလိုက်၏။ 


“အေးနေလား…” 


သူတို့ထွက်မလာခင်က လက်အိတ်များပြင်ဆင်ထားခဲ့သော်လည်း ကျွင်းချင်းယွီမှာ လက်အိတ်ဝတ်ရသည်ထက် အအေးခံရသည်ကို ပိုနှစ်သက်သည်။ 


“မအေးပါဘူး…” ကျွင်းချင်းယွီ၏ အအေးဒဏ်ခံနိုင်မှုမှာမြင့်သည်။ ထို့အပြင် ယခင်ကလည်း အရမ်းအေးတတ်သူမဟုတ်ချေ။ယခုအခါ ရေသူတစ်ယောက်ပင်ဖြစ်နေသောကြောင့် ပေါ့ပေါ့ပါးပါး ဝတ်စားထားသည့်တိုင် အအေးဒဏ်ကို မခံစားရတော့ပေ။ 


ဖုယွမ်ချွမ်း မှာ သူအအေးမိမည်စိုးသောကြောင့် ပဝါနှင့် လက်အိတ်များ ယူလာခဲ့သည်။ 


ကျွင်းချင်းယွီ အင်္ကျီပေါ်တွင် သားမွေးကော်လာကိုထပ်လာသောကြောင့် ဖုယွမ်ချွမ်းက ပဝါမပတ်ပေးတော့ဘဲ နေလိုက်သည်။ 


ဖုယွမ်ချွမ်း သူ့အဝတ်အစားကို ကူပြင်ပေးကာ သူ့​ရှေ့မှ အမွှေးပွငါးလေးကို ကြည့်ရင်း ပြုံးလိုက်မိသည်။


 “သွားကြရအောင်…”


“အင်း…”


ထိုနေရာကို ဝင်ထွက်နေကြသူများ အများအပြားရှိနေ၏။ ဖုယွမ်ချွမ်း သူ၏ အင်ပါယာစစ်ဝတ်စုံကို ဝတ်မလာဘဲ  ကျွင်းချင်းယွီနှင့် လိုက်ဖက်သော သာမန်ပွဲတက် ဝတ်စုံကိုသာ ဝတ်လာခဲ့သည်။ လူကြားထဲ ထင်ရှားနေမည်ကိုလည်း စိုးရိမ်သောကြောင့်ဖြစ်၏။ 


သူတို့နံပါတ်မှာ အတော်လေးနောက်ကိုရောက်နေ၏။ ဖုယွမ်ချွမ်းက စဉ်းစားပြီးနောက် ပြောလိုက်သည်။


 “ဒီမှာပဲ ထိုင်နေ… ကိုယ်သွားပြီး တန်းစီလိုက်မယ်…” 


နံပါတ်စဉ်အလိုက် နံပါတ်ဆယ်ခုကိုတစ်ကြိမ် ဝင်ရဏည်။ နံပါတ်စဉ်ကျော်သွားပါက နံပါတ်အသစ်ပြန်ယူရလျှင် ပိုဒုက္ခရောက်ပေမည်။ 


ကျွင်းချင်းယွီ ခေါင်းခါပြလျက် ဖုယွမ်ချွမ်းလက်မောင်းကို ဖက်ကာ ပြောလိုက်သည်။


 “ကျွန်တော်လည်း အတူတူသွားမယ်…” 


တန်းစီနေသော လူတန်းထဲသို့ ဝင်ဝင်လိုက်ချင်း ကျွင်းချင်းယွီ တစ်စုံတစ်ယောက်က သူတို့ကိုကြည့်နေသော ခံစားချက်ကိုရလိုက်သည်။ လူအများစုံရာနေရာဖြစ်သောကြောင့် မရည်ရွယ်ဘဲ ကြည့်လိုက်မိခြင်းသာ ဖြစ်ပေမည်။ 


အားလုံးမှာ မျက်နှာဖုံးများ ဝတ်ထားကြသော်လည်း ကျွင်းချင်းယွီက စိတ်ချရစေရန် မျက်နှာဖုံးကို မချွတ်ဘဲ တစ်ချက်ကြည့်ရုံနှင့်တင် ခွဲခြားနိုင်သည်။ 


သို့သော် ထိုအကြည့်ခံရသော ခံစားချက်မှာ ကြာမြင့်လာကာ ကျွင်းချင်းယွီ စိတ်ခံစားချက်အရ ထိုအကြည့်လာရာဆီသို့ ပြန်ကြည့်လိုက်သည်။ 


ထိုလူမှာ ယောက်ျားတစ်ယောက်ဖြစ်ကာ ကျွင်းချင်ယွီအကြည့်ကို သတိထားမိသွားသည်။ ပြုံးပြလိုက်ပြီးနောက် ပါးစပ်ကိုအုပ်ကာ ပြန်လှည့်လိုက်ပြီး ယောက်ျားဖြစ်သူကို အသာလေးရိုက်လိုက်၏။ 


ကျွင်းချင်းယွီ: “…”


သူတို့ ဘာလုပ်နေကြတာပါလိမ့်။ 


ကျွင်းချင်းယွီ ထိုအရာကိုမြင်သောအခါ တွေဝေသွား၏။ 


ထိုသူမှာ သူ့ယောက်ျားကို ရိုက်ပြီးနောက် ခေါင်းကိုငုံ့လျက် ဉာဏ်ရည်တုစက်ကို ဖွင့်ကာ CP1 အထူးခေါင်းစဉ် ၂ကို ဝင်ရန်အလွယ်တကူပင် ထိလိုက်၏။ 


[အစ်ကိုတို့ အစ်မတို့… နှစ်သစ်တောင် ရောက်ပြီနော်… ကျွန်တော် ဘယ်သူ့ကိုတွေ့လိုက်တယ် ထင်လဲ…]


[မေးစရာ လိုသေးလို့လား…မာရှယ်နဲ့ သူ့လက်တွဲဖော်ရဲ့ အထူးခေါင်းစဉ်အောက်မှာ ဘယ်သူ့ကိုတွေ့ဦးမှာလဲ…]


[ဘယ်မှာ တွေ့လိုက်တယ်လို့ရော ထင်ကြလဲ…]


[လမ်းပေါ်မှာလား… စူပါမားကတ်မှာလား…စတိုးဆိုင်မှာလား…နှစ်သစ်ရောက်တော့မှာဆိုတော့ မာရှယ်လည်း နားရက်ယူထားမယ်ထင်တယ်… လမ်းမှာတွေ့တာ မဆန်းပါဘူး… စိတ်အေးအေးထားပါဦး…]


[လက်ထပ်မှတ်ပုံတင်ရုံးမှာ တွေ့ခဲ့တာ…] 


[နှစ်သစ်ရောက်ပြီလေ ညီအစ်မတို့… လုပ်ပါဦး…ဒီသတင်းကို လက်ဆင့်ကမ်းပေးကြပါဦး…လက်ထပ်ပွဲ သကြားလုံးလေးတွေစားကြရအောင်…]


[အမလေး… စိတ်အေးအေးထားပါဦး… အဲ့လိုဆို သတင်းသမားတွေ အစ်ကိုမာရှယ့်ဆီကို ရောက်လာကြမှာပေါ့… သူတို့တွေကနာမည်ကြီးတွေမှမဟုတ်တာ…သူတို့ရဲ့ ချစ်စရာကောင်းတာတွေကို ငါတို့အသိုင်းအဝိုင်းမှာပဲ သိမ်းထားကြရအောင်…]


[ဟုတ်ပါပြီ ဟုတ်ပါပြီ… သူတို့ဆီမသွားခဲ့ပေမယ့် မဒမ်က ငါကြည့်လိုက်တာကို သတိထားမိသွားပြီးတော့ ငါ့ကို လှည့်ကြည့်သွားတယ်…အိုး…တကယ် မျက်နှာဖုံးနဲ့တောင် အရမ်းကြည့်ကောင်းနေရောပဲ…သူ့ဆံပင်ကို ဘယ်လို ထိန်းသိမ်းလဲဆိုတာ သိချင်လိုက်တာ…]



ကျွင်းချင်းယွီ တစ်ချက်ပြန်ကြည့်လိုက်ကာ အကြည့်ချင်းမဆုံသည်ကို ထူးဆန်းနေသည်။ 


လက်ထပ်မှတ်ပုံတင် စာရင်းသွင်းသောနေရာတွင် အသံမျိုးစုံဖြင့် ပြည့်နှက်နေ၏။ ကျွင်းချင်းယွီ ထိုနေရာတွင် ခဏတာသာနေရမည်ဟု မှတ်ယူကာ ဂရုမပြုချေ။ 


တန်းစီနေသော လူများ အများအပြားရှိသော်လည်း အထဲမှ စာရင်းသွင်းခြင်းလုပ်ဆောင်ချက်မှာ မြန်ဆန်၏။ 


အချက်အလက်များကို တိုက်ရိုက်ဖတ်ကာ ဉာဏ်ရည်တုစက်မှ တစ်ဆင့် အချက်အလက်များကို ရယူနိုင်၏။ ထို့နောက် လက်ဗွေနှိပ်ပြီးသောအခါ စာရင်းသွင်းခြင်း ပြီးမြောက်ပြီ ဖြစ်သည်။ 


လက်ထပ်မှတ်ပုံတင်ကိုလည်း ရရှိမည်ဖြစ်သည်။ သိပ်အသုံးမဝင်သည့်တိုင် အမှတ်တရဖြစ်စေသော ခမ်းနားသည့် အရာတစ်ခုပင် ဖြစ်သည်။ 


အထဲမှ ဝန်ထမ်းများကို ကြည့်ကာ ကျွင်းချင်းယွီ ရုတ်တရက်ပြုံးလိုက်သည်။ ဖုယွမ်ချွမ်းပေါ်သို့ခေါင်းလေးမှီကာ တီးတိုးလေးမေးလိုက်၏။ “စိတ်လှုပ်ရှားနေလား…” 


“ဟင့်အင်း မလှုပ်ရှားပါဘူး…” ဖုယွမ်ချွမ်း၏ မျက်နှာ အမူအရာမှာ ယခင်ကနှင့် အတူတူပင်ဖြစ်ကာ အရယ်အပြုံးမရှိသောကြောင့် အေးတိအေးစက် ဖြစ်နေသည်ဟုပင် ထင်ရ၏။ 


ကျွင်းချင်းယွီ မျက်ခုံးလေးပင့်ကာ  ဖုယွမ်ချွမ်းဆုပ်ကိုင်ထားသော သူ့လက်လေးကို ကြည့်လိုက်သည်။ သူ့လက်ချောင်းများကိုလှုပ်ရှားရန်ကြိုးစားသော်လည်း လှုပ်လို့မရချေ။ စိတ်မလှုပ်ရှားဘူးတဲ့လား။ 


Xxxxx