Chapter 99
ကျွင်းချင်းယွီ မျက်ခုံးလေးပင့်ကာ ဖုယွမ်ချွမ်းဆုပ်ကိုင်ထားသော သူ့လက်လေးကို ကြည့်လိုက်သည်။ သူ့လက်ချောင်းများကိုလှုပ်ရှားရန်ကြိုးစားသော်လည်း လှုပ်လို့မရချေ။ စိတ်မလှုပ်ရှားဘူးတဲ့လား။
ထိုအခါမှ ဖုယွမ်ချွမ်း လက်ကိုအမြန်လျော့ပေးလိုက်ကာ ငါးလေး၏နီရဲနေသော လက်ကိုကြည့်ပြီး မေးလိုက်၏။ “နာသွားလား…”
“မနာပါဘူး…” ကျွင်းချင်းယွီ ဖုယွမ်ချွမ်းလက်ကို ပြန်ဆုပ်ကိုင်လိုက်ကာ လက်ချောင်းလေးများကိုယှက်ထားလိုက်ကြ၏။မျက်လုံးလေးများကို လခြမ်းကွေးဖြစ်သည်အထိ ပြုံးကာ ဖုယွမ်ချွမ်းကို မော့ကြည့်လိုက်သည်။
မျက်နှာဖုံးသာ မဝတ်ထားလျှင် ကျွင်းချင်းယွီ သူ့ကို နမ်းလိုက်မည်ဖြစ်သည်။
ဖုယွမ်ချွမ်း စိတ်လှုပ်ရှားသည်က ရှား၏။ အထဲတွင် ဝန်ထမ်းများက အလုပ်ဆက်လုပ်လျက်ရှိသည်။ အလုပ်တစ်ခုပြီးတိုင်း“မင်္ဂလာပါ… နှစ်ယောက်လုံးရဲ့ ဉာဏ်ရည်တုစက်တွေကို အရှေ့က အလိုလျောက်ဖက်စက်ပေါ်မှာ တင်ထားပေးပါ…” ဟု ပြောလေ့ရှိသည်။
ဖုယွမ်ချွမ်း နှင့် ကျွင်းချင်းယွီ တစ်ချိန်တည်းတွင် လက်မြှောက်လိုက်ကာ ဉာဏ်ရည်တုစက်များကို တင်ထားလိုက်၏။
“ဟုတ်ကဲ့… အချက်အလက်တွေကို ကူးယူလိုက်ပါပြီ… ဖုယွမ်…” ဝန်ထမ်းမှာ အချက်အလက်ကိုကြည့်ကာ မျက်လုံးများပြူးသွားပြီး နှစ်ယောက်လုံးကို မေ့ာကြည့်လိုက်၏။
ကံကောင်းစွာဖြင့် ဝန်ထမ်းမှာ ခဏအကြာသာ ငြိမ်သက်နေကာ အံ့ဩမှုများကို စိတ်ထဲတွင်သာ တိတ်တိတ်လေး ဖုံးဖိလိုက်သည်။ထိုနေရာသို့ စာရင်းလာသွင်းကြသော နာမည်ကြီးများကို အများအပြားမြင်ဖူးသော်လည်း မာရှယ်တစ်ယောက်အဖို့ ကိုယ်တိုင်လာတန်းစီသည်မှာ အလွန်ရှားသည်။
မာရှယ်များမှာ အထူးလူများဖြစ်သောကြောင့် အိမ်တိုင်ရာရောက် စာရင်းသွင်းခြင်းကို ဆောင်ရွက်ပေးကြသည်။ ထို့အပြင် မာရှယ်အများစုမှာ နိုင်ငံရေးအရ လက်ထပ်ကြပြီး တရားဝင် ညစာစားပွဲကျင်းပကာ လူအများသိအောင် ကြေညာလေ့ရှိကြသည်။ယခုလို လူကိုယ်တိုင် လာရောက် စာရင်းသွင်းသည်မှာ ရှားပါး၏။
ထို့ကြောင့်လည်း ဖုယွမ်ချွမ်းကိုမြင်လိုက်သော ဝန်ထမ်းမှာ လန့်သွားခြင်းဖြစ်သည်။ နံပါတ်စဉ်နှင့်တကွ အချက်အလက်ကိုစစ်ဆေးပြီးသောအခါ ဖုယွမ်ချွမ်းနာမည်ကို အသုံးပြုလိုက်သည်။
နံပါတ်စဉ်တစ်ခုအတွက် နာမည်တစ်ခုသာ သုံးနိုင်သည်။ ဝန်ထမ်းက အခြားတစ်ယောက် မာရှယ်၏နာမည် ယူသုံးသည်ဟု ထင်သောကြောင့် နောက်တစ်ကြိမ် စစ်ဆေးခြင်း ဖြစ်နိုင်သည်။ မည်သူက ဖုယွမ်ချွမ်းအစစ်ဟု ထင်မည်နည်း။
တစ်ဖက်တွင်လည်း ရင်ထဲလည်းခံစားသွားကြရသည်။ အသေးစိတ်ပင် ပြောစရာမလို။ ဖုယွမ်ချွမ်း သူ့လက်တွဲဖော်ကို မည်သို့ဂရုစိုက်သည်ကို အမြင်အာရုံရှိသောသူတိုင်း မြင်နိုင်၏။
ဝန်ထမ်းမှာ စာရင်းသွင်းခြင်းကို မြန်မြန်ဆန်ဆန်လုပ်ပေးကာ ဝန်ဆောင်မှုပေးနေသော ပြတင်းပေါက်မှတစ်ဆင့် စာရွက်စာတမ်းကို ထုတ်ပေးလိုက်သည်။ ထို့နောက် ပြုံးလျက် “လက်ထပ်မှတ်ပုံတင် စာရင်းသွင်းတာ ပြီးပါပြီ…နောက်ထပ် ကူညီပေးနိုင်တာများ ရှိပါသေးသလား…စာရွက်စာတမ်းထဲမှာ ဓာတ်ပုံထည့်ဖို့နေရာလေးပါပါတယ်…ကိုယ်တိုင်ရိုက်ပြီးတော့ ထည့်လို့ရပါတယ်…”
“ကောင်းပါပြီ…” ဖုယွမ်ချွမ်း စာရွက်စာတမ်းကို ကျေးဇူးတင်လျက် ယူလိုက်ပြီးနောက် ပြန်လှည့်ကာ ငါးလေးကို ဖက်လျက် လူအုပ်ကြားထဲမှ ထွက်လာခဲ့၏။
လာစဉ်ကလည်း လူမသိသူမသိပင်လာကာ ပြန်တော့လည်း တိတ်တဆိတ်ပင် ပြန်သွားကြသည်။
ဖုယွမ်ချွမ်း သူ့လက်ထဲတွင် စာအုပ်သေးသေးလေးကိုင်ထားသည်အထိ အသိစိတ်ပြန်မဝင်သေး။
တန်းစီရန် နံပါတ်စဉ်ယူစဉ်က စဉ်းစားခဲ့ဖူးသော်လည်း ယခုအခါ သူ့လက်ထဲ ရောက်လာခဲ့ပေပြီ။
ကျွင်းချင်းယွီ ဖုယွမ်ချွမ်းမျက်နှာပေါ်မှ ဖုံးမထားနိုင်တော့သော အပြုံးကို ကြည့်လိုက်သည်။
မထိန်းနိုင်တော့ဘဲ ခေါင်းလေးမော့ကာ နမ်းလိုက်သော်လည်း နူးညံ့သော မျက်နှာဖုံး၏ အထိအတွေ့ကြောင့် ရုတ်တရက်လန့်သွားသည်။
ဖုယွမ်ချွမ်း ခစ်ခနဲရယ်ကာ မျက်နှာဖုံးများကို ချွတ်၍ အနမ်းများခြွေကြတော့သည်။
—
သူတို့ အိမ်ပြန်ရောက်သောအခါ နေ့မွန်းတည့်ပင်ရောက်နေပေပြီ။
ဖုယွမ်ချွမ်း လက်ထပ် မှတ်တမ်းစာအုပ်ကို အပေါ်သို့ယူသွားကာ သိမ်းစရာနေရာ ရှာလေသည်။ ကျွင်းချင်းယွီ ခဏနေ ပြန်ဆင်းလာမည်ထင်သော်လည်း သူ့နောက်က မလိုက်လာချေ။
ဖုယွမ်ချွမ်း အောက်ထပ်တွင်ရေခဲမုန့်တစ်ဘူး စားပြီးသည့်တိုင် လှေကားမှ အသံမကြားရသေးချေ။
ခဏအကြာတွေးပြီးနောက် ကျွင်းချင်းယွီ အပေါ်တက်ကြည့်ရန်ဆုံးဖြတ်လိုက်သည်။ အိပ်ခန်းထဲတွင် လေးနက်သောမျက်နှာထားဖြင့် စင်ပေါ်၌ လက်ထပ်မှတ်ပုံတင်လက်မှတ်ကို ဟိုးအတွင်းထဲထိ ထည့်ကာ အခြားပစ္စည်းများဖြင့် ဖုံးလိုက်ပြီး စင်ကို သော့ခတ်လိုက်သည်။
မသိလျှင် အရေးကြီးစာရွက်စာတမ်းများကို သိမ်းနေသည်နှင့်ပင် တူနေသည်။
ကျွင်းချင်းယွီ တံခါးကိုမှီကာ လှမ်းနောက်လိုက်သည်။
“သော့က တစ်ခုပဲတော်ပြီလား… ထပ်ယူဦးမလား… လက်ဗွေနဲ့ဆို ပိုစိတ်ချရမှာနော်…”
ဖုယွမ်ချွမ်း မျက်ခုံးများပင့်လိုက်ပြီး ငါးလေး၏မျက်လုံးထဲမှ အပြုံးများကို မြင်ပြီးနောက် မတ်တပ်ထရပ်လိုက်သည်။
ကျွင်းချင်းယွီ တစ်ခုခုလွဲနေသည်ကို သဘောပေါက်သွားကာ လှည့်ပြန်ရန် ကြိုးစားသော်လည်း ဖုယွမ်ချွမ်း သူ့ကိုလှမ်းဆွဲကာ နံရံပေါ်သို့ ဆွဲကပ်လိုက်သည်။ ကလေးလေးတစ်ယောက်လို မျက်တောင်လေး ပုတ်ခက်ပုတ်ခက် လုပ်ကာ သူ့ရှေ့က အမျိုးသားကိုကြည့်ပြီး “ဒါက..အင်း…” ဟု အသံပြုလိုက်လေသည်။
ရှင်းပြရန်ပင် ဘာမှ မပြောနိုင်တော့ချေ၊
ကျွင်းချင်းယွီ လက်ကိုမြှောက်လိုက်ကာ ဖုယွမ်ချွမ်း ပခုံးပေါ်မှ သိုင်းဖက်လျက် နမ်းလိုက်သည်။
နောက်ထပ် လာဦးမည် ထင်ထားသော်လည်း အနမ်းများခြွေပြီးနောက်ဖုယွမ်ချွမ်း သူ့ကိုလွှတ်လိုက်ကာ ကြေသွားသော် အဝတ်စနားကို ဖြန့်ပေးလိုက်သည်။
ကျွင်းချင်းယွီ မျက်ဝန်းထဲတွင် တစ်လက်လက်တောက်ပနေကာ ကြောင်တောင်တောင်ဖြင့် မျက်တောင်လေးခက်လျက် မေးခွန်းထုတ်လိုက်၏။ “ဘာလို့…”
ဖုယွမ်ချွမ်း ပါးလေးကို ဖွဖွလေးနမ်းလိုက်ကာ ပြောလိုက်၏။
“လိမ်လိမ်မာမာနေ ညနေကိုစောင့်နေ…”
ကျွင်းချင်းယွီ နှုတ်ခမ်းလေးများကို စေ့ပြီး ပြုံးလိုက်ကာ ပါးကလေးများမှာ နီရဲသွား၏။ ပခုံးပေါ်တွင် ခေါင်းလေးမှီကာအသက်ရှုငြိမ်အောင် လုပ်လိုက်ရသည်။
ဒီနေ့မှာ နွေဦးပွဲတော်ဖြစ်ပြီး နှစ်သစ်ကူးအကြိုပွဲတော် ညစာစားပွဲ အတွက် ပြင်ဆင်စရာများ အများကြီးရှိနေသည်။ သူတို့အောက်ဆင်းလာကြသောအခါ ပြင်ဆင်ကြရတော့မည်။ ကျွင်းချင်းယွီ ကိတ်မုန့်စဖုတ်ကာ မုန့်ဖုတ်စက်ထဲ ထည့်ပြီးနောက် ဖုယွမ်ချွမ်းကို ကူညီပေး၏။
ကံကောင်းစွားဖြင့် ဟင်းချက်ပစ္စည်းအချို့မှာ အရသာနှပ်ပြီးသားဖြစ်နေသည်။ ထိုပစ္စည်းများကို အိုးထဲထည့်ကာ မီးအေးအေးဖြင့် ပြုတ်ပြီး ဒီတိုင်းခဏထားထားလိုက်သည်။ မဟုတ်လျှင် အရမ်းနောက်ကျမှသာ နှစ်ကူးအကြိုညစာကို စားကြရတော့မည်ဖြစ်သည်။
နောက်ဆုံးဟင်းပွဲကို ကြော်ပြီးသောအခါ ကျွင်းချင်းယွီ ပန်းကန်များခင်းကျင်းကြီး တူများကို လိုက်ချလေသည်။ ခဏတွေးပြီးနောက် “ဝိုင်အနီ တစ်ပုလင်းလောက် ဖွင့်ရအောင်…” ဟု ပြောလိုက်၏။
အိမ်တွင် အပူဒဏ်ခံနိုင်သော ဝိုင်သေတ္တာရှိပြီး ဝိုင်နီကိုသိမ်းထားရန်အတွက် အသင့်တော်ဆုံး အပူချိန်ကို ထိန်းထားပေးနိုင်သည်။ထိုသေတ္တာထဲတွင် ဝိုင်နီများ အများအပြားရှိသော်လည်း ဖုယွမ်ချွမ်းရော သူပါ သာမန်နေ့များတွင် ဝိုင်နီကို သောက်လေ့မရှိချေ။
ယနေ့မှာ ပွဲတော်ဖြစ်သောကြောင့် အခြေအနေနှင့် ကိုက်ညီအောင် သောက်သင့်သည်ဟုထင်သည်။
ဖုယွမ်ချွမ်း သူပြောသည်ကို ကြားလိုက်သောအခါ နောက်ဆုံးတစ်ခေါက် ဝိုင်နီသောက်ပြီးစဉ်က ငါးလေး၏ပုံစံကို သတိရသွားသည်။ “မင်းသောက်ပြီးရင် အိပ်ချင်လာလိမ့်မယ်နော်… နောက်ကျတဲ့ထိနေပြီး နှစ်သစ်ကို မကြိုချင်ဘူးလား…” ဟု မေးလိုက်၏။
ကျွင်းချင်းယွီလည်း ထိုအကြောင်းကို စဉ်းစားမိသည်။ ဝိုင်နီသောက်ခြင်းက နှစ်သစ်ကိုကြိုရခြင်းလောက် ပျော်စရာမကောင်းချေ။
လက်ထဲမှ ဝိုင်နီပုလင်းကို ပြန်ထည့်ကာ အအေးပုလင်းနှစ်လုံးကို ဖွင့်ပြီး တင်ထားလိုက်သည်။
ဖုယွမ်ချွမ်း နောက်ဆုံးဟင်းလျာကို စားပွဲပေါ်တင်လိုက်သည်။ “သွားရအောင်…”
“အင်း…”
အလုပ်ရှုပ်နေကြသောကြောင့် အခုအချိန်ထိ ဘာမှမစားကြရသေး။ သို့သော် စာရင်းသွင်းသည့်ကိစ္စကြောင့် စိတ်လှုပ်ရှားနေကြကာ ဗိုက်ပင်မဆာကြချေ။
ဟင်းလျာများဖြင့် ပြည့်နေသောစားပွဲကြီးရှေ့တွင် အမြဲတမ်း နည်းနည်းသာစားနိုင်သော ကျွင်းချင်းယွီရောက်နေသည်။ ထမင်းပန်ကန် တစ်ဝက်နှင့် ဟင်းတစ်ပွဲစီက တစ်ဇွန်းလောက်စီစားလိုက်လျှင် ဗိုက်ပြည့်သွားမည်ဖြစ်သည်။
ဖုယွမ်ချွမ်း မေးလိုက်၏။ “ဗိုက်မဆာဘူးလား…”
“အင်း…”
ဖုယွမ်ချွမ်း ငြိမ်သွားကာ သူ့ပန်းကန်ထဲမှ ထမင်းများကို အကုန်ဆက်စားနေလိုက်၏။
ကျွင်းချင်းယွီ ဖုယွမ်ချွမ်း တူကိုချလိုက်သည်ကိုမြင်သောအခါ ထပြီးပန်းကန်များရှင်းရန် ပြင်နေစဉ် ဖုယွမ်ချွမ်းထကာ သူ့အနားကိုရောက်လာပြီး “လာ… ရေအရင်သွားချိုးရအောင်…”
ကျွင်းချင်းယွီ ခဏတွေဝေသွားပြီး“ပန်းကန်တွေအရင် သိမ်းကြမှာ မဟုတ်ဘူးလား…”
“နောက်တစ်ရက်နှစ်ရက်နေမှ ဒီအကြောင်းပြောကြတာပေါ့…”
“ဟမ်…” ကျွင်းချင်ယွီ မျက်ခုံးလေးများပင့်ကာ ပြန်မေးလိုက်သည်။ “တစ်ရက်နှစ်ရက်လား...”
ဖုယွမ်ချွမ်း၏ပုံစံမှာ သိပ်ရှုပ်ထွေးပုံမရဘဲ ကျွင်းချင်ယွီတစ်ယောက် သူ့ခါးနားတွင် ဖိအားတစ်ခုကို ခံစားလိုက်ရသည်။ မျက်လုံးက မသိမသာလေး ပြုံးပြနေ၏။
“အဲ့ဒါဆို…နောက်တစ်ရက်နှစ်ရက်ဆို… ကျွန်တော်တို့ ဒါတွေပြန်မသိမ်းထားသင့်ဘူးလား…”
မကုန်သော အစားအသောက်များကို ဖုံးအုပ်ပြီး ရေခဲသေတ္တာထဲ ထည့်ထားသင့်သည်ဖြစ်၏။ မဟုတ်လျှင် ပျက်စီးသွားမည်မဟုတ်ပါလား။
ဖုယွမ်ချွမ်း ငြိမ်နေသောအချိန်တွင် ကျွင်းချင်ယွီ ပန်ကန်များကို ရှင်းလင်းလိုက်သည်။ ရေခဲသေတ္တာထဲ ထည့်သင့်သည်များကိုထည့်ကာ ပန်းကန်ဆေးစက်ထဲ ထည့်သင့်သည်များကို ထည့်လိုက်၏။
သန့်ရှင်းရေးစက်ရုပ်မှာ တံခါးဝတွင် ဒီတိုင်းရပ်နေ၏။
ကျွင်းချင်ယွီ ထောင့်များပါမကျန် အသေးစိတ်သေချာရှင်းလင်းပြီး ဖုယွမ်ချွမ်းကလည်း သူ့ကို ကူညီပေး၏။
အားလုံးပြီးသွားသောအခါ ကျွင်းချင်ယွီ စဉ်းစားပြီးနောက် “ကျွန်တော်တို့ဧည့်ခန်းကိုပါ ရှင်းရအောင်…ပြီးတော့ အပေါ်ထပ်ကစာကြည့်ခန်းရော… စက်ရုပ်က အဲ့ဒီထဲကို သိပ်မသွားဘူး… ပြီးတော့…အားး”
သူ့စကားကို ပြီးအောင် မပြောလိုက်နိုင်ခင်မှာတင် ကျွင်းချင်ယွီ မျက်စိရှေ့က အရာအားလုံးနေရာပြောင်းသွားသည်ကို ခံစားလိုက်ရသည်။ အသိပြန်ဝင်လာသောအခါ ဖုယွမ်းချွမ်ပုခုံးပေါ် ရောက်နေ၏။
ကျွင်းချင်ယွီ မတတ်နိုင်ဘဲ အကျယ်ကြီးထရယ်မိတော့၏။ ဖုယွမ်ချွမ်း၏ခါးကို လှမ်းထိကာ “ရေအရင်ချိုးမယ်လို့ ပြောထားတာမဟုတ်ဘူးလား…” ဟု ပြောလိုက်၏။
ဖုယွမ်ချွမ်း သူ့ခေါင်းကို ဖွဖွလေးပုတ်ကာ “အင်း… ရေအရင်ချိုးကြရအောင်…”
—
လိုက်ကာများမှာ မပွင့်သေး။ ပြူထွက်လာသော နေရောင်တစိုးတစိမျှပင် မရှိဘဲ အားလုံးကို လုံခြုံစွာကာကွယ်ထား၏။
ကျွင်းချင်ယွီ အိပ်ချင်မူးတူးဖြင့်မျက်လုံးဖွင့်လိုက်သောအခါ နေ့နှင့်ညပင် မခွဲခြားနိုင်သေးချေ။
အိပ်ရာပေါ်မှ ဉာဏ်ရည်တုစက်ကို လှမ်းယူလိုက်သောအခါ တစ်ကိုယ်လုံးကိုက်ခဲနေသည်ကို ခံစားလိုက်ရသည်။ “အင်း…”
ကျွင်းချင်ယွီ မျက်မှောင်ကြုတ်လျက် လက်ကိုဖြည်းဖြည်းချင်းမကာ ပြန်ချလိုက်သည်။ လေ့ကျင့်ရေးခန်းတွင် ရက်အတော်ကြာ လေ့ကျင့်နေခဲ့ပြီး စောင်ပုံထဲတွင်နိုးလာရသော ခံစားချက်မျိုးဖြစ်၏။ .
ကိုက်ခဲနေရုံတင်မက ငိုခဲ့သောကြောင့်မျက်လုံးများခြောက်နေသော ခံစားချက်မျိုးပင်ဖြစ်နေသည်။ လည်ချောင်းတွင်လည်းယားနေသော ခံစားချက်မျိုးရသည်။ အသိစိတ်များအားလုံးလျော့ကျကာ စိတ်နှင့်ကိုယ်မကပ်သလို ခံစားနေရသည်။
စဉ်းစားနေတုန်း သူ့ခါးပေါ်မှလက်က လှမ်းဖက်သည်ကို ခံစားလိုက်ရသည်။ ကျွင်းချင်ယွီ မသိစိတ်ဖြင့် ဆိုလိုက်သည်။
“ဟင့်အင်း…တော်ပြီ”
သူ့အသံမှာ နက်နဲကာ အနည်းငယ် တိမ်ဝင်နေသည်။
“ဟင်.. နာလို့လား…” ဖုယွမ်ချွမ်းက အိမ်ရာဘေးမှ စားပွဲပေါ်က လိမ်းဆေးကိုယူလိုက်ကာ ပြောလာ၏။ “ကိုယ့်ကို ပြပါဦး…”
“……” ကျွင်းချင်ယွီ လိမ်းဆေးဘူးတောင့်ကိုကြည့်ကာ သူတို့နောက်တစ်ခေါက် ထပ်မလုပ်ခင်ကလည်း လူးခဲ့ဖူးသည်ကို ရေးရေးလေး မှတ်မိသွား၏။ လိမ်းဆေးတွင် ရောင်ရမ်းခြင်းကိုပျောက်စေနိုင်သော ပါဝင်ပစ္စည်းများပါဝင်ကာ လိမ်းလိုက်လျှင်လည်းအနည်းငယ် သက်သာသွားစေသည်။
ဆေးလိမ်းပြီးသောအခါ ကျွင်းချင်ယွီ ဖုယွမ်ချွမ်း၏ရင်ခွင်ထဲတွင်လှဲနေကာ အသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။ “နာတယ်…”
“ဘယ်နားကလဲ…”
ကျွင်းချင်ယွီ ခေါင်းခါပြလိုက်သည်။ တစ်ကိုယ်လုံး မသက်မသာ ဖြစ်သော်လည်း ဘာမှပြန်မပြောလိုက်ပေ။ ရင်ခွင်ထဲတိုးကာ“ကျွန်တော့်ကို ဖက်ထားပေး..” ဟုသာ ပြောလိုက်၏။
ဖုယွမ်ချွမ်း ငါးလေးကိုပွေ့ဖက်လိုက်ကာ ကျောလေးကို ပုတ်ပေးပြီး နှစ်သိမ့်ပေးလိုက်သည်။
“ဆေးခန်းကို သွားပြီးတော့ မခံနိုင်ရင် အဲ့ဒီမှာလှဲနေရင်ရော…”
ဆေးခန်းမှာ ရောဂါကုသရန် အသုံးပြုသောအခန်းဖြစ်ကာ အခုအချိန် အသုံးပြုလျှင် အဆင်ပြေသည်။
ကျွင်းချင်ယွီ ထိုအခန်းကို တစ်ကြိမ်မှ အသုံးမပြုဖူးသလို သုံးရန်လည်း မစဉ်းစားဖူးပေ။ ယခုလိုအခြေအနေအတွက် အသုံးပြုရန်က…။
“မသွားချင်ဘူး…” ကျွင်းချင်ယွီ ပိုကောင်းသော အကြံကို စဉ်းစားမိသည်။ “ကျွန်တော်နဲ့ခဏလောက်အတူတူလှဲနေပေး…”
ကြီးကြီးမားမား မဟုတ်သောကြောင့် ခဏလောက်လှဲနေလိုက်လျှင် သက်သာသွားမည်ဟုထင်သည်။
“ဟုတ်ပါပြီ…” ဖုယွမ်ချွမ်း နှစ်ကူးမတိုင်ခင်နှင့် နှစ်ကူးပြီး ရက်အနည်းငယ်ကြာသည်အထိ အလုပ်လုပ်စရာမလိုပေ။ ငါးလေးကိုအတူတူအဖော်ပြုပေးရန်သာ စဉ်းစားထားသည်။
သို့သော် ဒီတိုင်းလှဲမနေဘဲ ငါးလေးကို အကိုက်အခဲ သက်သာစေရန် နှိပ်နယ်ပေးနေသည်။
ကျွင်းချင်ယွီ အလွန်ပင်ပန်းသောကြောင့် အိပ်ပျော်သွားတော့မည်ဟု ထင်နေစဉ် ခဏအကြာ၌ တစ်ယောက်ယောက် သူ့နားနားကပ်ကာ စကားပြောသည်ကို ကြားလိုက်ရသည်။
“ဗိုက်ဆာလား…”
ကျွင်းချင်ယွီ ခေါင်းပဲခါပြလိုက်ကာ “ဘာမှပြန်မပြောချေ..”
ထိုအခါ ဖုယွမ်ချွမ်း သူ့ကို မနှောင့်ယှက်တော့ဘဲ ငါးလေးအိပ်ပျော်သွားစေရန် ဆံပင်လေးကိုသာ သပ်ပေးနေလိုက်သည်။
—
ကျွင်းချင်ယွီ နောက်တစ်ကြိမ်နိုးလာသောအခါ အရင်ကလောက် မကိုက်ခဲတော့ချေ။ အနည်းဆုံးတော့ လက်မြှောက်လိုက်သောအခါ မသက်မသာဖြစ်နေသည်ဟု မခံစားရတော့။
ဖုယွမ်ချွမ်း ငါးလေး နိုးလာသည်ကို ထိုင်စောင့်နေ၏။
ကျွင်းချင်ယွီ အိပ်ချင်မူးတူး မျက်လုံးမှေးမှေးလေးများဖြင့် “ဘယ်အချိန်ရှိသွားပြီလဲ…”
“ကိုးနာရီ ထိုးတော့မယ်…” ဟုပြောရင်း ဖုယွမ်ချွမ်း ညမီးလေးထွန်းလိုက်သည်။ အပြင်မှာမှောင်မဲနေပြီ ဖြစ်သော်လည်းလိုက်ကာများကြောင့် သိပ်မထူးချေ။
ဆက်အိပ်ရန် အကြံဖြင့်ရင်ခွင်ထဲတိုးဝင်လာသော ငါးလေးကိုကြည့်ကာ ဖုယွမ်းချွမ် အမြန်ပြောလိုက်၏။
“ပြန်မအိပ်ခင်တစ်ခုခုစားပါဦး…”
Xxxxxxx