အပိုင်း ၁၀၀
Viewers 16k

Chapter 100


ဆက်အိပ်ရန် အကြံဖြင့်ရင်ခွင်ထဲတိုးဝင်လာသော ငါးလေးကိုကြည့်ကာ ဖုယွမ်းချွမ် အမြန်ပြောလိုက်၏။  


“ပြန်မအိပ်ခင်တစ်ခုခုစားပါဦး…”


ငါးလေးကို ဓာတ်ဖြည့်စာများ ပေးထားသော်လည်း မလုံလောက်ချေ။ တစ်ခုခု စားရန် လိုအပ်ပေသည်။ 


“မစားချင်ဘူး…” ကျွင်းချင်ယွီ မျက်လုံးပိတ်လျက်ပြောလိုက်၏။ 


“ဗိုက်ဆာလို့လား… ဆာရင်တစ်ခုခုသွားစားလေ…” 


“ကိုယ်က မဆာပါဘူး… ပြန်မအိပ်ခင် တစ်ခုခုစားလိုက်ပါနော်…” 


ဖုယွမ်ချွမ်း သူ့ဉာဏ်ရည်တုစက်ကိုကမ်းပေးကာ “ ကိုယ့်ဉာဏ်ရည်တုစက်လေးနဲ့ ဆော့နေနော် ပြန်မအိပ်နဲ့ဦး… ခဏနေပြန်လာခဲ့မယ်…” 


“အင်း…နမ်းသွားပါဦး” ကျွင်းချင်ယွီ မျက်လုံးများပင် မနည်းဖွင့်ပြီး ပြောလိုက်၏။ 


အလွန်ပင်ပန်းနေသော်လည်း ဖုယွမ်ချွမ်းစကားကို နားထောင်ရန် ဆုံးဖြတ်လိုက်သည်။ 


ငါးလေးကိုကြည့်ကာ ဖုယွမ်ချွမ်းမျက်နှာပေါ်တွင် နူးညံ့သော အကြည့်များဖြစ်လာသည်။ ငါးလေးဆီသို့ကုန်းလိုက်ကာ ပါးလေးကို နမ်းလိုက်သည်။


 “လိမ်လိမ်မာမာနေနော်…” 


ကျွင်းချင်ယွီ ခေါင်းအုံးလေးကို ဖက်ကာ သက်ပြင်းချလိုက်ရင်း “မြန်မြန်ပြန်လာနော်…” ဟုပြောလိုက်၏။ 


“ဟုတ်ကဲ့ပါဗျာ”


ဖုယွမ်ချွမ်း ထွက်သွားသောအခါ ကျွင်းချင်ယွီ ဉာဏ်ရည်တုစက်ကို လှမ်းယူလိုက်သည်။ ဖွင့်ပြီးသောအခါ အလိုလိုနေ့စွဲကို ကြည့်လိုက်မိသည်။


သူတို့ လက်ထပ်စာရင်းသွင်းပြီးသည်မှာ နှစ်ရက်တောင်ရှိသွားပြီတဲ့လား။ ညရောက်နေပြီ ဖြစ်သောကြောင့် နှစ်ရက်ပင်ကျော်သွားပြီ ဖြစ်သည်။ 


ကျွင်းချင်ယွီ မျက်တောင်လေးပုတ်ခက် ပုတ်ခက်လုပ်နေသည်။ ထို့ကြောင့်လည်း အလွန်ပင်ပန်းနေသည်ဖြစ်ရမည်။ သူ့လက်ထဲမှ ဉာဏ်ရည်တုစက်မှာ ဖုယွမ်းချွမ်ဟာဖြစ်၏။ ကျွင်းချင်ယွီဟာမှာ အိပ်ရာဘေးမှ စားပွဲပေါ်တွင် ရှိနေဆဲဖြစ်သောကြောင့် သွားမယူချင်။ ထို့အပြင် သူစိတ်ဝင်စားလောက်သော သတင်းထူးလည်း မရှိသောကြောင့် သူ့ဟာကို သွားမယူတော့။ 


အရှာဖွေခံရဆုံးစာရင်းတွင် ထိပ်ဆုံးမှ ပေါ်လာသည်မှာ နှစ်သစ်ကူးဆုတောင်းများဖြစ်ပြီး အောက်သို့ဆက်မကြည့်ခင် ခဏဝင်ကြည့်လိုက်၏။ ထိုအောက်မှာမှ အမှန်အကန် ရှာဖွေခံရသော နာမည်များဖြစ်သည်။ 


ထို့နောက် ထိပ်ဆုံးတွင် ဖုယွမ်ချွမ်း၏ နာမည်ကို မြင်လိုက်ရသောကြောင့် အံ့သွားကာ နောက်တစ်ခေါက်ပြန်ကြည့်လိုက်မိသည်။အဘယ့်ကြောင့် ဖုယွမ်ချွမ်း၏နာမည်မှာ ယခုလိုအချိန်တွင် ထိပ်ဆုံးရောက်နေရသနည်း။


ပါဝင်သောသူ : ဖုယွမ်ချွမ်း–ထိုစာလုံးများမှာ ထိပ်ဆုံးတွင် ရောက်နေ၏။ 


သိချင်ဇောဖြင့် အမြန်ဝင်ကြည့်လိုက်သော်လည်း အရေးကြီးကိစ္စမဟုတ်ပေ။ လက်ထပ်စာရင်းသွင်းခြင်းကို ဂုဏ်ပြုထားကြခြင်းဖြစ်သည်။ 


အချိန်မှာလည်း သူတို့စာရင်းသွင်းသောနေ့က အချိန်ဖြစ်ကာ လက်တလောရှာဖွေမှုအများဆုံးစာရင်း မဟုတ်ဟု ထင်လိုက်သော်လည်း ယခုအချိန်အထိ ထိပ်ဆုံးတွင်ရှိနေခြင်းဖြစ်၏။ 


သတင်းလွှင့်သူမှာ ဝန်ထမ်းများတော့ မဖြစ်နိုင်။ ကျွင်းချင်ယွီ သူတို့သွားစဉ်ကရော ပြန်လာခဲ့စဉ်ကရော လူမသိသူမသိဟု ထင်ခဲ့သောကြောင့် ရှာဖွေခံရသည့်စာရင်းတွင် ထိပ်ဆုံးရောက်နေမည်ဟု မထင်ထားခဲ့။


ဘလော့ဂ်ရေးသူ : [CP ပရိတ်သတ်တစ်ယောက်က စာရင်းရုံးမှာ မာရှယ်ဖုနဲ့တွေ့ခဲ့ပါတယ်။ မာရှယ်က သူ့လက်တွဲဖော်နဲ့ ကိုယ်တိုင်လာရောက်ခဲ့တာပါ။ ဂုဏ်ပြုပါတယ်။ ]


အတူတွဲပါလာသောပုံမှာ ဖုယွမ်ချွမ်းနှင့် ကျွင်းချင်ယွီပုံမဟုတ်ဘဲ လက်ထပ်စာရင်းသွင်းရုံးမှ နာမည်ကဒ်ပြားပုံသာ ဖြစ်၏။ 


[ဟဟ..ဒီစျေးဗန်းခင်းနေတဲ့ အကောင့်က နှစ်ကုန် KPIကို အကောင်းဆုံးဖြစ်အောင် ကြိုးစားနေတာပဲ.. ရာရာစစ မာရှယ့်အကြောင်းကို တင်ရဲတာလား…] 


[ငါလည်း CP အထူးခေါင်းစဉ်ထဲ ဝင်ကြည့်ခဲ့တယ် မင်းက တစ်ခုခုတော့ တစ်ခုခုပဲ…] 


[သူတို့တကယ် စာရင်းသွင်းပြီးသွားကြတာလား… မာရှယ်က သူ့ဘဝရဲ့ လက်တွဲဖော်ကို ရှာတွေ့သွားတယ်ဆိုတာ မယုံနိုင်စရာပဲ…]


[မာရှယ်ကိုယ်တိုင်က သူ့လက်တွဲဖော်ဆိုတာကို ဝန်ခံခဲ့တာလေ… သူတို့ စာရင်းသွင်းဖို့က အချိန်တစ်ခုပဲတဲ့… သူဘယ်သူလဲဆိုတာကလဲ သေချာသွားပြီ…]


……


အမည်မသိ မှတ်ချက်များ အများအပြားရှိနေကာ လူအများအပြားပင် ဆွေးနွေးမှုတွင် ပါဝင်နေကြ၏။ ထို့ကြောင့်လည်း ရက်အတော်ကြာသည်အထိ ရှာဖွေမှုစာရင်းတွင် ထိပ်ဆုံး၌ရှိနေခြင်းဖြစ်မည်။ 


တစ်ချို့မှာ သတင်းအမှားလား အမှန်လား သိချင်ကြကာ အချို့က ဂုဏ်ပြုပေးကြ၏။ 


မှတ်ချက်အမျိုးမျိုးပင် ဖြစ်သည်။ 


စျေးဗန်းဝင်ခင်းကြသော အကောင့်များကလည်း ထိုအရှိန်ကို ထိန်းထားပေးကြသည်။ အခုတလော ဖုယွမ်ချွမ်း၏နာမည်မှာ ရှာဖွေခံရသော စာရင်းတွင် တွေ့ရတာများလာ၏။ 


ဖုချန်းယွီနှင့် စကားတိုက်ပွဲဖြစ်ခဲ့စဉ်ကတစ်ခါ အချိုပွဲဆိုင်လေးဖွင့်စဉ်ကတစ်ခါ အားလုံးမှာ ဖုယွမ်ချွမ်း၏နာမည်သာ ဖြစ်၏။ 


အင်ပါယာ စစ်တပ်အရာရှိများမှာလည်း တိကျသောအဖြေမပေးနိုင်ကာ သူတို့လည်း ဘာဖြစ်နေမှန်း သေချာမသိကြချေ။ 


သို့သော် CP ပရိသတ်များမှာ အလွန်ပျော်ရွင်နေကြကာ စိတ်အား တက်ကြွစွာဖြင့် အပျော်တမ်းဝတ္ထုများရေးကြ၏။ 


ကျွင်းချင်ယွီ အချို့ကို ဖတ်ရှူကာ ဓာတ်ပုံရိုက်၍ပင် သိမ်းထားသည်။ သူ့ကို စာပို့ထားကြသူများမှာလည်းအများအပြားပင်။ ကျွင်းချင်ယွီ ထိုသူများထဲမှ အချိုပွဲဆိုင်လေးအကြောင်းမေးထားသူများကို ရွေးကာ စာပြန်ပေးသည်။ ထို့နောက် ကိုယ်ပိုင်စာမျက်နှာလေးဖွင့်ကာ ဆိုင်ဖွင့်ချိန်ကို ပြောင်းလဲလိုက်သည်။ 


[ကျွန်တော် အခုတလော အရမ်းပင်ပန်းနေလို့ ပိတ်ရက်လေးကို တိုးရတော့မယ် ထင်ပါတယ်… အဲ့ဒါကြောင့် အားနာစွာနဲ့ပဲတောင်းပန်တဲ့အနေနဲ့ အဲ့ဒီအချိန်အတွင်းမှာ အသီးအရွက်ဖျော်ရည်ကို အွန်လိုင်းကနေ ရောင်းချပေးပါ့မယ်]


အားလုံးမှာ နှစ်ဦးပွဲတော်တွင် အိမ်တွင်သာရှိနေကြကာ လုပ်စရာလည်း မရှိဘဲ အားလပ်နေကြသောကြောင့် စောစော မအိပ်ကြသေးချေ။ 


ကျွင်းချင်ယွီဝေးပေါ်တွင် တင်လိုက်သည်နှင့် ချက်လဍချင်းပင် ဝမ်းနည်းနေကြသောမှတ်ချက်များ ရောက်လာကြသည်။


[ဝါး…ငါ့ရဲ့ ပျော်ရွှင်မှုလေးကတော့ သွားပါပြီ…]


[ဒီ ပို့စ်ကို မြင်မြင်ချင်း နှစ်သစ်ကြီးမို့ မျက်ရည်မကျအောင် ထိန်းထားလိုက်ရတယ်… ဒီဆိုင်က အသီးအရွက်ဖျော်ရည်ရဲ့အရသာကို မေ့တောင်မေ့နေပြီ…]


[မင်းတို့က စားဖို့လောက်ပဲသိကြတာပဲ… ငါကတော့မတူဘူး… အခု အွန်လိုင်းဖြစ်နေတဲ့သူက မာရှယ်ရဲ့ လက်တွဲဖော်လား ဆိုတာမေးကြည့်ချင်တယ်…]


[ တကယ်လား… ငါပါ သိချင်သွားပြီ… သူ့အမျိုးသားက ဆိုင်ကိုတာဝန်ယူထားတာ ဟုတ်တယ်မလား…ဘယ်သူလဲဆိုတာ အရေးမကြီးပါဘူး… ပြောချင်တာက တစ်ခုပဲ… လက်ထပ်စာရင်းသွင်းတာကို ဂုဏ်ပြုပါတယ်…]


ခဏအကြာစဉ်းစားပြီး ကျွင်းချင်ယွီ ထိုမှတ်ချက်အောက်တွင် ကြောင်ပုံလေးဖြင့် မှတ်ချက်ပြန်ပေးလိုက်သည်။


[ သူတို့တကယ်ပဲ စာရင်းသွင်းပြီးသွားကြတာပဲ…]


[ ငါ့ကို သူကိုယ်တိုင် စာပြန်ပေးတာလား… အား… ငါတော့ နှစ်သစ်မှာ တကယ်ကျေနပ်နေပါပြီ…] 


[ဟေး ကြိုပြောလေ… ငါ့မှာ နှစ်သစ်ကြိုဆိုပွဲပြီးတော့ စားစရာကနည်းနေပြီ] 


မှတ်ချက်များမှာ တစ်ခုပြီးတစ်ခု တက်လာနေသည်။ ကျွင်းချင်ယွီမကြည့်လိုက်ခင်ပင် အောက်ရောက်သွားကာ ပြန်ရှာမကြည့်ချင်တော့။ ထိုအချိန်တွင် တံခါးဖွင့်သံကိုကြားလိုက်သောကြောင့် ဉာဏ်ရည်တုစက်ကို ပိတ်လိုက်ကာ ဆက်မကြည့်တော့ပေ။ထ၍ အိပ်ရာဘေးမှ စားပွဲကို အပေါ်ကိုတင်လိုက်သည်။ 


အိပ်ရာအစွန်ပေါ်တွင် ထိုင်ကာ အေးအေးဆေးဆေးပင် လုပ်နေခြင်းဖြစ်၏။ စားပွဲမှာ အောက်ခြေတွင်ဘီးများပါသောကြောင့်သယ်ရလွယ်ကူသည်။ 


ဖုယွမ်ချွမ်း အခန်းထဲဝင်လာသောအခါ ငါးလေးက စားပွဲပြင်ထားသည်ကို သတိထားမိသွားပြီး ညစာသရေစာဗန်းလေးကိုစားပွဲပေါ် အဆင်သင့်တင်လိုက်ကာ “ကိုယ် ရိုးရိုးလေးပဲ လုပ်လိုက်တယ်… မနက်ဖြန်မှ ပိုစားကောင်းတာ လုပ်ကျွေးမယ်…” 


ဖုယွမ်ချွမ်း ပြီးပြီးချင်းပင် အပေါ်ထပ်သို့ အမြန်တက်လာခြင်းဖြစ်၏။ ညဘက်ဖြစ်သောကြောင့် ငါးလေး စိတ်မသက်မသာဖြစ်နေမည်စိုးသောကြောင့်ဖြစ်သည်။ 


ကျွင်းချင်ယွီ စားပွဲပေါ်မှ ပန်းကန်များကိုကြည့်လိုက်သောအခါ ပြီးခဲ့သောအခေါက်က လက်ကျန်များမဟုတ်ချေ။ လတ်လတ်ဆက်ဆက် ပြင်ဆင်ထားသည်များဖြစ်၏။ အချိုပွဲတွင် ရေခဲမုန့်ပါဝင်ကာ အဓိကဟင်းကို စားပြီးမှ စားရမည် ဖြစ်သည်။ 


စားနေစဉ် ကျွင်းချင်ယွီ စဉ်းစားပြီးပြောလိုက်သည်။ “လူတွေက စာရင်းသွင်းတာကို အတုလားအစစ်လား သိချင်နေကြတာ… ကျွန်တော် ဂုဏ်ပြုထားတဲ့ မှတ်ချက်တစ်ခုကို စာပြန်ပေးလိုက်တယ်…”


ဖုယွမ်ချွမ်း ခေါင်းညိတ်ပြရင် “ကောင်းတာပေါ့ ကြေညာလိုက်ရင်လည်းရတာပဲ…” 


အင်ပါယာ စစ်တပ်ဌာန၏ ပြည်သူ့ဌာနမှာ တစ်နှစ်ပတ်လုံးဖွင့်ထားသည်။ ပုံမှန်ဆိုလျှင် ထိုသို့သတင်းမျိုးကို သူတို့က ဖော်ပြလေ့ရှိသော်လည်း သူတို့ကို စာရင်းသွင်းသည့်အကြောင်း မပြောပြထားသောကြောင့် ဌာနကလည်း သတင်းမှာ အမှားလားအမှန်လားခွဲခြားမရ ဖြစ်နေသည်။ 


“အင်း…” 


ထမင်းပန်းကန် တစ်ဝက်စားပြီးသောအခါ 

ကျွင်းချင်ယွီ ရေခဲမုန့်ပန်းကန်ကို ကိုင်၍စားတော့သည်။ 


ထိုအခါ ဖုယွမ်ချွမ်းက ငါးလေးပန်းကန်ထဲမှ ကျန်သောထမင်းကို သူ့ပန်းကန်ထဲ ယူလိုက်ကာ ဟင်းရည် ထပ်ထည့်ပေးသည်။ 


စားပြီးသွားသောအခါ ကျွင်းချင်ယွီ အိပ်ရာပေါ်တွင် ပြန်လှဲကာ အနားယူရန်လုပ်လိုက်ချိန်တွင် မျက်လုံးထဲ၌တစ်ခုခုကို သတိထားမိသွားသည်။ 


ခဏလောက် ငြိမ်သက်သွား၏။ 


ဒီဘူးက အရင်ကတည်းကဒီနေရာမှာ ရှိတာလား။ 


သူ ထိုနေရာတွင် ရှိနေသောဘူးကို မမှတ်မိချေ။ 


ကျွင်းချင်ယွီ အိပ်ရာဘေးမှစားပွဲပေါ်တွင် ရှိနေသော ဘူးကိုယူကာ ဉာဏ်ရည်တုစက်ဖြင့် ကြည့်လိုက်သည်။ 


အဖုံးကို တန်းမဖွင့်ဘဲ ကျွင်းချင်ယွီ အသံကိုမြှင့်ကာမေးလိုက်၏။ “ယွမ်ချွမ်း ဒါကဘာလဲ…” 


ဖုယွမ်ချွမ်း ပန်းကန်များကိုရှင်းကာ စက်ရုပ်ကိုလက်ဆင့်ကမ်းပေးနေရင်း လှည့်ကြည့်ကာ “ပုလဲလေးတွေ…” ဟုပြောလိုက်၏။ 


“ပုလဲတွေ…” ကျွင်းချင်ယွီ ဖုယွမ်ချွမ်း ပြောသည်ကို ပြန်မေးလိုက်၏။ ဘူးကို ဖွင့်လိုက်သောအခါ ပုလဲသေးသေးလေးများဖြင့်ပြည့်နေသည်။ တစ်ချို့မှာ လုံးဝန်းကာ တစ်ချို့မှာလည်း ပုံသဏ္ဍာန်မမှန်ချေ။


 “ဝယ်ထားတာလား..” 


“မဟုတ်ဘူး…”


ဖုယွမ်ချွမ်း ထိုသို့စကားတစ်လုံးတည်းပြောလျှင် တစ်ခုခုလွဲနေပြီမှန်း ကျွင်းချင်ယွီ ထူးဆန်းသော ခံစားချက်ကိုရလိုက်ချိန်မှာပင် ဖုယွမ်ချွမ်း ဆက်ပြောလိုက်သည်။


 “မင်း ငိုထားတာလေ..”


ကျွင်းချင်ယွီ : " … "


ကျွင်းချင်ယွီတစ်ယောက် ဘာကြောင့်ရေသူတစ်ယောက်၏မျက်ရည်များကပုလဲအဖြစ်ပြောင်းသွားရသည်ကိုစဉ်းစားနေရင်း သူအဖုံးလေးအားအသာပိတ်ကာ ပုလဲသေတ္တာလေးအား ဘေးနားရှိစားပွဲပေါ်သို့တင်ထားလိုက်သည်။ ထို့နောက် သူစောင်အောက်သို့ ပြန်ဝင်နေလိုက်သည်။ ကျွင်းချင်ယွီထပ်စဉ်းစားမနေတော့ပေ။ သူ့ကိုယ်သူလုံအောင်စောင်အားဆွဲကာဖုံးလိုက်၏။ 


ဖုယွမ်ချွမ်းတစ်ယောက် မရယ်ဘဲမနေနိုင်တော့ချေ။ ထို့နောက် သူလျှောက်သွားကာ စောင်ခြုံပေးလိုက်ပြီး" အသက်ရှူကြပ်နေဦးမယ်…"


သူခြုံထားသောဂွမ်းကပ်စောင်လေးက သိုးမွှေးနှင့်ပြုလုပ်ထား၍ အလွန်ပေါ့ပါးသော်လည်း တစ်စုံတစ်ယောက်ကတော့ စောင်ထဲအကြာကြီးနေနေကာအသက်မရှူနိုင်ဖြစ်နေ၏။ ကျွင်းချင်ယွီတစ်ယောက် စောင်ကိုမြဲမြံစွာဆုပ်ကိုင်ထားသည်။ ထို့နောက်ခေါင်းလေးပြူထွက်လာကာ " ခင်ဗျားဘာလို့ အဲ့ပုလဲတွေကိုသိမ်းနေတာလဲ…"


ထိုငါးလေး၏လေသံကို နားထောင်ခြင်းအားဖြင့်သူ၏အသံထဲ‌တွင် မကျေမနပ်ဖြစ်နေသည်ကပေါ်လွင်လှသည်။ ဖုယွမ်ချွမ်းက "ကိုယ်သူတို့ကိုအရင်ကလည်း အားလုံးပေါင်းပြီးတူတူသိမ်းထားဖူးတယ်…"


ကျွင်းချင်ယွီအသေအချာ စဉ်းစားနေလေသည်။ သူပြောခဲ့သောအရင်ကဆိုသည်က သူဖုယွမ်ချွမ်း၏ အတိတ်အကြောင်းကိုသိခဲ့ချိန်ကိုဆိုလိုနေခြင်းဖြစ်နိုင်သည်။ သို့သော် ထိုအချိန်က ပုလဲလုံးလေးများက ဤသေတ္တာထဲတွင်ပြည့်မနေသေးပေ။ တစ်နည်းဆိုရသော် ယင်းနှစ်ရက်အတွင်းသူ…။


 ထိုအကြောင်းကိုစဉ်းစားမိလိုက်ပြီး ကျွင်းချင်ယွီ၏ပါးလေးများတဖန်နီရဲလာသည်။


 "သူတို့က သိပ်လှတာပဲ…"


ဖုယွမ်ချွမ်း၏ စိတ်အားထက်သန်သောအမူအရာမှာ ပေါ်လွင်လှပေသည်။ ကျွင်းချင်ယွီစောင်ကိုတင်းကြပ်စွာဆုပ်ထားလျက် သူစဉ်းစားနေသည်က မြေကြီးသို့မဟုတ် ကြမ်းခင်းပေါ်ကိုကျသောအရာများကိုအမှိုက်တစ်ခုကဲ့သို့လွှင့်ပစ်ကြသည် မဟုတ်ပါလားဟူ၍။ သို့သော် ဖုယွမ်ချွမ်းက ထိုအရာလေးများကို သိမ်းဆည်းထားလိမ့်မည်ဟုသူထင်မထားခဲ့ပေ။ 


ဖုယွမ်ချွမ်းက ပုလဲလုံးများကို နောင်တစ်ချိန်အသုံးပြုလို့ရစေရန် သေတ္တာထဲတွင်သိမ်းဆည်းထားလိုက်ပြီး ငါးလေးအားချော့သိပ်ရန်ပြင်သည်။  ကျွင်းချင်ယွီကအိပ်ပျော်နှင့်လေပြီ။ သူက အချိန်အတော်ကြာမအိပ်ဘဲနေတတ်သော်လည်း ခေါင်းချသည်နှင့် အိပ်ပျော်တတ်သောသူမျိုးဖြစ်သည်။ ဗိုက်ပြည့်၍ အိပ်ပျော်သွားသည်လည်းဖြစ်နိုင်သည်။ 


တခဏအကြာတွင်တော့ အခန်းထဲ၌ အသက်ရှူသံသဲ့သဲ့ကိုသာကြားရတော့သည်။အချိန်အနည်းငယ်ကြာပြီးနောက် ဖုယွမ်ချွမ်းလည်း သူနှင့်အတူလှဲနေလိုက်သည်။ သူ့ဉာဏ်ရည်တုစက်၏အလင်းရောင်က မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသောကြောင့် သူ၏ကောင်ငယ်လေးအိပ်နေသည်ကိုအနှောင့်အယှက်ဖြစ်မည်စိုး၍ ကောက်ယူ‌လိုက်ကာအချက်ပြကိုပိတ်ထားလိုက်သည်။


 သူက အချက်အလက်များကိုလေ့လာနေရသောကြောင့် ကျွင်းချွင်ယွီငြိမ်းချမ်းစွာအိပ်ပျော်နေစဉ် သိုသိုသိပ်သိပ်ထကာ စာရွက်စာတမ်းများကိုဆက်လက်လုပ်ဆောင်ရန် သူ၏စားပွဲဆီသို့လျှောက်ခဲ့လိုက်သည်။ 


.....


ကျွင်းချင်ယွီတစ်ယောက် အိပ်ချင်မူးတူးနှင့်မျက်လုံးဖွင့်ကြည့်လိုက်သောအခါ မမျှော်လင့်ဘဲသူ၏ဘေး၌ နေရာလွတ်ကြီးဖြစ်နေသည်။ 


"ဟင်…" ကျွင်းချင်ယွီမျက်မှောင်ကြုံ့ကာ အခန်းထဲ၌ ဖုယွမ်ချွမ်း၏အရိပ်အယောင်ကို ဟိုဟိုဒီဒီရှာဖွေနေသည်။ ထိုအမျိုးသားကို သူ၏အလုပ်စားပွဲ၌တွေ့လိုက်ရ၏။ သူလည်းစောင်ကိုဖယ်ကာ မျက်လုံးကိုပွတ်သပ်လျက် လမ်းလျှောက်သွားလိုက်သည်။ 


Xxxxxx