အပိုင်း ၁၀၅
Viewers 18k

Chapter 105


အခွင့်အရေးများစွာက ဖုချန်းယွီ၏လက်ထဲသို့ ကြာမြင့်စွာ ကျရောက်နေခဲ့ရာ အာဏာလွှဲပြောင်းခြင်းကဲ့သို့သော ဖြစ်စဥ်များ မရှိချေ။ လိုအပ်နေသည့်တစ်ခုတည်းသောအရာမှာ အခမ်းအနားသာဖြစ်တော့၏။


ဖုယွမ်ချွမ်း ရာထူးတက်လာသည့်အခါတွင် တော်ဝင်မျိုးနွယ်များမှာ ဖိနှိပ်ခံလိုက်ရပြီး မည်သူမျှ ဘာမှမပြောဝံ့ကြပေ။


အမှန်တကယ်မှာ ယင်းက မြန်လွန်းလှသည်။ သို့မဟုတ်ပါပဲ သတ်မှတ်အမိန့်များကို လိုက်နာနေလျှင် ထိုအရာကို ဖြေရှင်းရန် နှစ်လမျှကြာသွားနိုင်သည်။ ဤအဆင့်အာဏာဖြင့်ဆိုပါက အချို့အရာများ၏ လုပ်ဆောင်နိုင်စွမ်းမှာ ပိုမိုမြင့်မားလာမည်ဖြစ်သည်။


ကျွင်းချင်ယွီက ဖုယွမ်ချွမ်းကို ဖက်လိုက်ပြီး ရင်ခွင်ထဲ၌ မှီလျက် တိုးတိုးလေးမေးလိုက်၏။


 "ခင်များက အင်ပါယာခေါင်းဆောင်ဖြစ်လာပြီဆိုတော့ နီးနီးနားနားစစ်ပွဲတွေဆို ကိုယ်တိုင် သွားရမှာလား"


“ကိုယ်သွားရမယ်” ဖုယွမ်ချွမ်းအနေဖြင့် စမ်းသပ်ထုတ်ကုန်များအကြောင်းကို ကောင်းစွာသိသည်။ထပ်ပေါင်းထည့်ပါမူ သူက သစ်သီးနှင့်အရွက်များကို အများဆုံးထိတွေ့စားသုံးရသူဖြစ်ပြီး ငါးလေးကလည်း ရံဖန်ရံခါ သူ၏လောကအသက်စွမ်းအင်(ဝိဥာဥ်စွမ်းအင်)ဖြင့် ကူညီပေးလေ့ရှိသည်။ သူကိုယ်တိုင် တိုက်ပွဲတွင် မက်ခါကိုထိန်းချုပ်ကာ မပါဝင်သော်လည်း ကိုယ်တိုင်ကြီးကြပ်နေခြင်းက ပို၍လုံခြုံသည်။ 


“…အင်းပါ” ကျွင်းချင်ယွီက သူနှင့်အကြာကြီးတွဲလျက်နေချင်သော်လည်း ကြယ်တာရာစစ်ပွဲအကြောင်းကို တကယ်မသိသေးချေ။ သူကမက်ခါများနှင့် တစ်ကြိမ်လေးပင် ထိတွေ့ခဲ့ခြင်းမရှိသလို ယင်းနှင့်ပတ်သက်၍ ဗဟုသုတအရာတွင်လည်း သူကမျက်ကန်းတစ်ယောက်ပမာပင်။ 


စစ်ပွဲအတွင်း၌ မခန့်မှန်းနိုင်သည့်အဖြစ်အပျက်များစွာ ရှိပေသည်။ သူသာမက်ခါကို ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်ပါလျှင် သူ့နောက်မှ လိုက်နေမည်ဖြစ်သည်။ ဖုယွမ်ချွမ်းက သဘောမတူလျှင်ပင် သူကတော့ သွားမှာပဲဖြစ်၏။


မက်ခါတစ်စီးကိုထိန်းချုပ်ရန် စိတ်စွမ်းအင်ကို အသုံးပြုရသည်။ သို့သော်လည်း ရေသူလေးတစ်ကောင်အနေဖြင့် စိတ်စွမ်းအင်ကို မည်သည့်နေရာမှ ရနိုင်မည်နည်း။


ကျွင်းချင်ယွီက သူ၏ပါးထက်ကို နမ်းလိုက်ကာဖြင့် “ခင်များအိမ်ပြန်လာတာကို စောင့်နေမယ်နော်”


“အင်း...” ဖုယွမ်ချွမ်းက ငါးလေး၏ဆံပင်ရှည်တို့ကို ခပ်ဖွဖွပွတ်သပ်ရင်း သူ၏မျက်လုံးထဲမှ နူးညံ့ကြင်နာမှုတို့ကို ဖုံးကွယ်မထားခဲ့ချေ။ သူ၏ချစ်စရာကောင်းသော ငါးလေးကိုကြည့်ကာ သူက တိုးညင်းစွာဆိုလိုက်သည်။


 “ရှီခိုင်ရှင်းက မင်းကိုကာကွယ်ဖို့ ကျန်နေခဲ့လိမ့်မယ်”


သူ့ငယ်သားများထဲတွင် ရှီခိုင်ရှင်းက ကျွင်းချင်ယွီနှင့် အရင်းနှီးဆုံးဖြစ်သည်။ လူပြောင်းလိုက်ပါမူ ငါးလေးစိတ်အဆင်မပြေဖြစ်မည်ကို စိုးရိမ်ရသည်။


ကျွင်းချင်ယွီက ချက်ချင်းပင် ငြင်းဆိုလာသည်။ “မဟုတ်တာ ၊ သူတို့အားလုံးကို ခေါ်သွားပါ ၊ ဘယ်သူ့ကိုမှ မချန်ခဲ့နဲ့ ”


ရှီခိုင်ရှင်းက ဖုယွမ်ချွမ်းနှင့် အတူရှိနေသည်မှာ ကြာပြီဖြစ်ကာ သူ၏ညာလက်ရုံးနှင့်ညီမျှသူပင်။ စစ်ပွဲမှာ ထိုနေရာတွင် ဤနေရာထက် အများကြီး ပိုအန္တရာယ်များပြီး သူ့အနား၌ ယုံကြည်စိတ်ချရသည့် လက်ထောက်တစ်ဦးရှိခြင်းက ဒုက္ခအများကြီးကို လျော့ကျစေလိမ့်မည်။


ဖုယွမ်ချွမ်း တိတ်ဆိတ်သွားရာ ကျွင်းချင်ယွီက သူ့ကိုဖက်ကာ လှုပ်ယမ်းလိုက်ပြီး “သူ့ကိုမနေခိုင်းရဘူးနော်၊ ကျွန်တော်ပြောတာ ကြားရဲ့လား”


“မင်းမနေ့က ညနက်တဲ့အထိမအိပ်ခဲ့ဘူးလေ၊ အခုမအိပ်ချင်ဘူးလား”


“စကားလမ်းကြောင်းမလွှဲနဲ့”


“လိမ္မာလေကွာ”


“ဖုယွမ်ချွမ်း!” ကျွင်းချင်ယွီ သူ့ကို စိုက်ကြည့်လိုက်သည်။ .


ဖုယွမ်ချွမ်းက ညင်သာစွာ တုန့်ပြန်လာ၏။


 “ဟုတ်ကဲ့၊ ကျွန်တော် ရှိပါတယ် ဆာ၊ ကျေးဇူးပြုပြီးပြောပါ၊ ကျွန်တော်နားထောင်ပါ့မယ် ”


“……”


ဤသို့သော ကောင်းမွန်သည့်စိတ်ထားမျိုးဖြင့် ကျွင်းချင်ယွီမှာ တင်းမာနိုင်စွမ်းပင်မရှိတော့ချေ။ သူကစိုးရိမ်တကြီးအကြည့်များဖြင့်သာ ကြည့်နေနိုင်တော့သည်။ 


“အပြင်မှာ ခင်များအဆင်မပြေဖြစ်နေမှာကို စိုးရိမ်တယ်လို့...”


“မဖြစ်ပါဘူး ” ဖုယွမ်ချွမ်းက သူလုပ်သည့်အရာများဖြင့်ပတ်သက်၍ သဘာဝကျကျပင် ယုံကြည်ချက် ရှိနေသည်။


သူပြောသကဲ့သို့ပင် ကောင်းကင်မှ အမြန်ဖြတ်သွားသည့် အလင်းတန်းက ရပ်သွားပုံရ၏။


ယင်းက နဂါးငွေ့တန်းဂလက်ဆီတစ်လျှောက် ဂြိုလ်တစ်ခုမှတစ်ခုထံ ဖြတ်သန်းကာ ခြေရာလက်ရာများ ချန်ခဲ့ပြီး မည်သည့်ဂြိုလ်ကိုမှ မထိခိုက်စေခဲ့ပေ။


အစီအစဉ် ထွက်ခွာရန်ထက် အနားယူရန်ပင်ဖြစ်သည်။ မနက်စောစောတွင် ကျွင်းချင်ယွီက နားနေခန်းရှိအိပ်ယာထက်တွင် လဲလျောင်းလျက် သူ၏ဥာဏ်ရည်တုကို ကြည့်နေလေသည်။ 


အင်တာနက်ပေါ်တွင် ယင်းလှုပ်ရှားမှုအကြောင်းမှာ ရေးပန်းစားနေပြီး လူအများက ထိုအကြောင်းကို ဆွေးနွေးနေကြ၏။ 


အင်ပါယာမှသာ အပြည့်အဝသတိပေးမထားခဲ့ပါလျှင် ထိုအလင်းများကိုသမားရိုးကျမဟုတ်သည့် ကြယ်ကြွေခြင်းနှင့် မှားယွင်းနိုင်သော်လည်း ထိုသတိပေးထုတ်ပြန်ချက်နှင့် ပေါင်းစပ်လိုက်သည့်အခါတွင် ယင်း"ကြယ်ကြွေခြင်း"မှာ လှပလိမ့်မည်မဟုတ်ချေ။


[ငါ ဒီလိုပုံစံကို မကြိုက်ဘူး၊ စစ်ဖြစ်တော့မှာလား]


[ဒါဆိုလည်း တိုက်ကြတာပေါ့၊ သူတို့ကို ကြောက်စရာလား၊ အဲဒီ့အဖွဲ့ချုပ်ကလူတွေကို ဟိုအရင်ကတည်းက မကြိုက်တာကြာပြီ၊ သူတို့က အစီအစဥ်ကိုသာ ကြီးကြီးကျယ်ကျယ်ချနေတာ အရည်အချင်းကျမရှိဘူး၊ ဖွီ...]


[မင်းအကောင့်အရဆို မင်းက အင်ပါယာတပ်မတော်အကယ်ဒမီကျောင်းသားလား၊ ကောင်းပြီ... မင်းရဲ့လေသံက ခိုင်မာတာပဲ ]


[ရိုင်းရိုင်းစိုင်းစိုင်းတွေ ခန့်မှန်းမနေကြနဲ့၊ ဘာသတင်းမှ တရားဝင်မထုတ်ပြန်ရသေးဘူး၊ လူတွေကို ကြောက်အောင်လုပ်နေတာပဲ ...]


……


မှတ်ချက်များကိုဖတ်ရင်း ကျွင်းချင်ယွီတွေးလိုက်သည်။ : တရားဝင်သတင်းတဲ့လား?


မကြာခင်ထုတ်ပြန်တော့မှာပါ


တိုက်ပွဲကတော့ သေချာပေါက်ဖြစ်မှာဖြစ်သော်လည်း ဖုယွမ်ချွမ်းက စစ်မြေပြင်ကို အဝေးမှာဖြစ်စေလိမ့်မည်ဟု ကျွင်းချင်ယွီ ခံစားရသည်။ ပင်မဂြိုလ်ကို အသုံးပြုမည့်ဖြစ်နိုင်ချေမှာ နည်းလွန်း၏။


သူက လူများစိတ်မပူစေရန် အလျင်စလို ထုတ်ဖော်ပြောဆိုခြင်းမပြုခဲ့ပေ။ တရားဝင်သတင်းကိုစောင့်သည်က ပိုကောင်း၏။


သူသာပျင်းရိနေသဖြင့် မှတ်ချက်များကို သာမန်ကာလျှံကာဖတ်ပြီး အခြားသတင်းများကို အာရုံစိုက်လိုက်သည်။ တရားဝင်သတင်းထုတ်ပြန်ပြီးသည်နှင့် သူက ဥာဏ်ရည်တုကို ပိတ်လိုက်လေသည်။


သတင်းမှာ ထွက်လာပြီဖြစ်၏။ ဖုယွမ်ချွမ်း၏နိဂုံးချုပ်အပေါ် သူတို့ဆွေးနွေးမှုမှာ ပြီးသွားလောက်ပြီပင်။ ကျွင်းချင်ယွီက သူ့စောင်ကိုစုလိုက်ပြီး လှဲလိုက်သည်နှင့်တပြိုင်နက် ဖုယွမ်ချွမ်းက တံခါးဖွင့်လျက် ဝင်လာသည်။


ဖုယွမ်ချွမ်းက အသာအယာလေး လှုပ်ရှားနေခြင်းပင်။ စာကြည့်မီးအိမ်က ဖွင့်ထားဆဲဖြစ်သည်ကို တွေ့လိုက်ရလျှင် သူကလျှောက်လာပြီး လက်နှစ်ဖက်အား စောင်ပေါ်မှ ကျွင်းချင်ယွီ၏ပါးလေးဘေးကို ဆန့်ထုတ်လိုက်သည်။ သူက တစ်ဖက်လူနှင့် နဖူးချင်းထိလိုက်ကာ မေး၏။ 


“ဘာလို့မအိပ်သေးတာလဲ”


ကျွင်းချင်ယွီက မျက်လုံးလေးများကို လခြမ်းသဏ္ဌာန်ကွေးလိုက်ပြီး “အတူအိပ်ဖို့ ခင်များပြန်လာတာကိုစောင့်နေတာလေ...”


ပြောရင်းဖြင့် သူ့ဘေးနေရာရှိ အိပ်ယာကို ပုတ်ပြလိုက်၏။ “နွေးနေပြီ၊ လာပြီးအိပ်”


ဖုယွမ်ချွမ်းက သူ့ကို နမ်းလိုက်ပြီး ညင်သာစွာပြောလိုက်သည်။ “ကောင်းပြီ”



အင်ပါယာမှ တရားဝင်ထုတ်ပြန်ချက်ထွက်ပြီးသည့် နေ့ကတည်းက ဖုယွမ်ချွမ်း၏တပ်မှာ အတူစုစည်းပြီး ထွက်ခွာရန် အသင့်ဖြစ်နေပြီဖြစ်သည်။ 


အခြား မာရှယ်သုံးဦးနှင့်အတူ စုပေါင်းပြီး သူတို့သည် တစ်နေ့တည်းတွင် ထွက်ခွာကာ မတူညီသော ဂြိုဟ်များကို အားဖြည့်ရန် ခွဲခြားထားလိုက်သည်။


သင်္ဘောပေါ်မတက်မှီတွင် ဖုယွမ်ချွမ်းက ကျွင်းချင်ယွီကို ပြောလာသည်။ 


“ယေဘုယျအားဖြင့်ဆိုရင် အင်ပါယာခေါင်းဆောင်က ခရီးကို ကိူယ်တိုင်ကိုယ်ကျ ဦးဆောင်ရတယ်၊ ပြီးတော့ အင်ပါယာအရေးကိစ္စတွေကို ဧကရီက ကိုင်တွယ်ရတယ်လေ ”


ကြီးကြီးမားမား တစ်စုံတစ်ရာ မဖြစ်ခဲ့လျှင် ဧကရာဇ်အား ဆုံးဖြတ်စေရန် စစ်မြေပြင်ကို သတင်းပို့မည်ဖြစ်ပြီး ဧကရီက အခြားအရာအားလုံးကို တာဝန်ယူရပေမည်။


ဖုယွမ်ချွမ်းက ငါးလေး၏ဆံနွယ်ရှည်တို့ကို ပွတ်သပ်ကာ တိုက်တွန်းလိုက်၏။ “တစ်ခုခု အဆင်မပြေတာမျိုးဆို ရှီခိုင်ရှင်းကို ကိုင်တွယ်ဖြေရှင်းခွင့်ပေးလိုက်နော်”


ကျွင်းချင်ယွီ ခေါင်းညိတ်လိုက်ပြီး “အဆက်အသွယ်မပြတ်စေနဲ့...”


“အင်း”


ကျွင်းချင်ယွီက သူ့ဘေးတွင်ရပ်လျက် စစ်သင်္ဘောထွက်ခွာသွားသည်ကို ကြည့်နေခဲ့သည်။


ဖုယွမ်ချွမ်းက အင်ပါယာအရေးကိစ္စအားလုံးကို ဖြေရှင်းခဲ့သည်။ ယေဘုယျအားဖြင့်ဆိုရလျှင် တစ်စုံတစ်ဦးမှ တမင်သက်သက်လာပြီး ပြဿနာမရှာသရွေ့ မည်သည့်အရေးကြီးပြဿနာမှ ဖြစ်မည်မဟုတ်ချေ။


ကျွင်းချင်ယွီက မာရှယ်အက်ဘ်ဘော့ထ်ကို စောင့်ရှောက်(စောင့်ကြည့်)ထားသည်။ ဖုယွမ်ချွမ်းက မာရှယ်အက်ဘ်ဘော့ထ်ကို အားဖြည့်အနေဖြင့် စီစဥ်မထားသော်ငြား မာရှယ်အက်ဘ်ဘော့ထ်အား ဤနေရာတွင် မတွေ့ခဲ့ချေ။


မာရှယ်အက်ဘ်ဘော့ထ်မှလွဲ၍ အခြားသော မာရှယ်အားလုံးကမူ ရှိနေသည်။


ကျွင်းချင်ယွီက သူ့အထောက်အထားနှင် သူလုပ်မည့်အရာကို စိုးရိမ်နေမိသည်။ သူက မျက်မှောင်ကြုတ်ကာ မေးလိုက်၏။ “မာရှယ်အက်ဘ်ဘော့ထ် ဘယ်မှာလဲ”


ရှီခိုင်ရှင်းက ခေတ္တမျှစဥ်းစားပြီး ပြောလာသည်။ “သူအိမ်မှာဖြစ်နိုင်တယ်၊ မာရှယ်က... အဲ အင်ပါယာအရှင်က ကျွန်တော့်ကို အချို့စာရွက်စာတမ်းတွေ မာရှယ်ဟောင်းဆီ ပို့ပေးဖို့ ပြောထားတယ်၊ မာရှယ်အက်ဘ်ဘော့ထ်ကို မနေ့က အိမ်မှာ အကျယ်ချုပ်ချထားတယ် ”


စာရွက်စာတမ်းတွေ?


ကျွင်းချင်ယွီက သူ့မျက်ခုံးတစ်ဖက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်သည်။ မာရှယ်အက်ဘ်ဘော့ထ်နှင့် ဆက်ဆံရသည်မှာ အဆင်မပြေလောက်ဟူ၍ သူမူလက ထင်ခဲ့မိသော်ငြား သူမမျှော်လင့်ထားသည်မှာ မာရှယ်ဟောင်းက...


သေချာပေါက်ကို မာရှယ်ဟောင်းအနေဖြင့် ယခုအချိန်တွင် ဆိုးဆိုးရွားရွား ခံစားနေရပေလိမ့်မည်။


ရှီခိုင်ရှင်းက မေးသည်။ “အရှင်၊ ကျွန်တော်တို့ အခုချိန် ပြန်သွားသင့်ပြီလားနော်၊ လေက အရမ်းကြမ်းနေတယ် ”


ကျွင်းချင်ယွီက ပုခုံးကိုမတ်လိုက်ပြီး ပြောလာသည်။ “သွားစို့”


ရှီခိုင်ရှင်းက အလျင်အမြန် နောက်မှလိုက်သွားသည်။


ကားထဲတွင်ထိုင်ရင်း ကျွင်းချင်ယွီတစ်ယောက် ပြင်တင်းပေါက်အပြင်မှ ပြိုလဲနေသည့်မြင်ကွင်းကို ကြည့်နေလေသည်။


 “ကားလှည့်လိုက်၊ ငါတို့အိမ်မပြန်ဘူး၊ အချိုပွဲဆိုင်ကို သွားမယ် ”


“ဟုတ်ကဲ့ပါ” ရှီခိုင်ရှင်းက မည်သည့်ထင်မြင်ချက်မှ မပေးဘဲ ကားလှည့်ဟူသောအမိန့်ကို ချက်ချင်းပင် နာခံလေသည်။ 


ကျွင်းချင်ယွီမှာ စိတ်လျှော့၍မရသေးချေ။ ကျွင်းချင်ယွီ တုန်လှုပ်ခြင်းမရှိသည်မှာ အတော်ကြာပြီဖြစ်သည်။ 


သူသာ စောစောကတည်းက သိပါလျှင် ခေါင်းမာစွာဖြင့် ထောက်ပံ့သူအဖြစ် စစ်သင်္ဘောပေါ်မှာ နေမှာဖြစ်သည်။


ယခုမူ နောင်တရရန် နောက်ကျသွားပေပြီ။ စစ်သင်္ဘောက ထွက်သွားပြီဖြစ်ကာ သူကဆေးဝါးကို အဆင့်မြှင့်ရန် နောက်တွင်နေခဲ့ရသည်။


စမ်းရေရောက်လာလျှင် ယင်းက သူနှင့်ဖုယွမ်ချွမ်း၏လက်မှလွဲ၍ မည်သူ့ထံမှ ဖြတ်သွားလိမ့်မည်မဟုတ်ချေ။


သူကနောက်တွင် ကျန်ရစ်သော်လည်း သူ့တွင်အလုပ်လုပ်စရာရှိနေသေးသည်။


“လက်ဖက်ရည် သောက်ချင်လား ၊ အရှင်?”


“ငါ့ကိုအရှင်လို့မခေါ်နဲ့...” ကျွင်းချင်ယွီက ထိုအသုံးအနှုန်းဖြင့် နေသားမကျချေ။


“ဟုတ်ကဲ့ပါ မဒမ်...”


ကျွင်းချင်ယွီက လက်ဖက်ရည်တစ်ငုံမျှသောက်ပြီး ဘေးတွင်ချထားလိုက်သည့။ အများကြီးတွေးပြီးသည့်နောက် သူ့ဥာဏ်ရည်တုကိုထုတ်ကာ ဖုယွမ်ချွမ်းထံ စာပို့လိုက်သည်။  [ကျွန်တော်ခင်များကိုလွမ်းတယ်]


ဆယ်မိနစ်မျှ ခွဲခွာရပြီးနောက်တွင် ကျွင်းချင်ယွီမှာ (လွမ်းလွန်း၍) စစ်သင်္ဘောနောက်ကို လိုက်ချင်လာသည်။


သူကဖုယွမ်ချွမ်းမှာ အလုပ်များနေမှာဖြစ်သဖြင့် စာပြန်ရန်ကြာလိမ့်မည်ဟု တွေးခဲ့လေသည်။ ကျွင်းချင်ယွီ စာပို့ပြီးသည်နှင့် သူ၏ဥာဏ်ရည်တုကို ပိတ်လိုခဲ့သော်လည်း သူလှုပ်ရှားလိုက်သည်နှင့် သူ၏ဥာဏ်ရည်တုက နှစ်ကြိမ်မျှ တုန်ခါသွားသည်။ 


ဖုယွမ်ချွမ်းက သူကိုယ်တိုင်ရေးဆွဲထားသည့် ရွှေရောင်ဖျော့ဖျော့ရေသူလေးမှ အနမ်းပေးနေသည့် အီမိုဂျီတစ်ခုကို ပေးပို့လာသည်။ ဘယ်အချိန်က ထိုမျှချစ်စရာကောင်းသော ရုပ်ပြောင်လေးကို လုပ်ခဲ့သလဲ သူမသိတော့ပေ။ 


ကျွင်းချင်ယွီ၏မျက်ဝန်းလေးများက လခြမ်းသဏ္ဍာန် ကွေးညွတ်သွားပြီး အနမ်းပေးသည့်အီမိုဂျီလေးတစ်ခုဖြင့် ပြန်တုန့်ပြန်လိုက်လေသည်။


ကျွင်းချင်ယွီနှင့်ဖုယွမ်ချွမ်းက ခရီးစဥ်အတောအတွင်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန် အီမိုဂျီများ ပို့ခဲ့ကြသည်။ သူတို့တွင် တကယ်တမ်းပြောစရာစကားများ မရှိချေ။ ထိုအတိုင်း သူနှင့်ဆက်သွယ်ချင်ရုံလေးမျှသာ။


ရှီခိုင်ရှင်းက ဘေးမှနေ၍ သူ့လက်ဖက်ရည်ကို တိတ်တိတ်လေး ဖြည့်ပေးနေသည်။


ကျွင်းချင်ယွီက အချိုပွဲဆိုင်လမ်းထဲကို ကားယာဥ်ပျံဝင်သွားသည်ကိုကြည့်ကာ ဖုယွမ်ချွမ်းထံ စာတစ်စောင် ပို့လိုက်သည်။


[ကျွန်တော်ရောက်ပြီ၊ ခင်များလည်း အလုပ်ပြန်လုပ်တော့လေ...]


ဖုယွမ်ချွမ်း : [ကောင်းပြီ၊ ဂရုစိုက်နော်...]


ကျွင်းချင်ယွီက ဥာဏ်ရည်တုကို ဘေးဖယ်လိုက်ပြီး ကပြင်ထွက်ကာ အချိူပွဲဆိုင်ထဲသို့ နောက်ဖေးပေါက်မှနေ၍ ဝင်ခဲ့သည်။ 


Xxxxxxx