အပိုင်း ၁၀၈
Viewers 16k

Chapter 108


ကျွင်းချင်ယွီက ဘောလုံးကို ပေါ့ပေါ့တန်တန်ပင် ပုတ်လိုက်ပြီး အမှုမဲ့အမှတ်မဲ့ မေးလိုက်သည်။


 “ယွမ်ချွမ်းက မင်းကို ဘယ်အချိန်က ဝယ်ခိုင်းခဲ့တာလဲ”


“အတော်လေးကြာပြီရယ်…” ရှီခိုင်ရှင်းက ခေတ္တမျှ တွေးလိုက်ပြီးနောက် “ရေသူလေးတစ်ကောင်ကိုဝယ်ပြီး နောက်နေ့များလားပဲ”


ဖုယွမ်ချွမ်းက ရေသူလေးများ၏ငြင်းပယ်ခြင်းကို ခံခဲ့ရပြီး ရေသူကိုဝယ်ကာပြန်နိုင်သူတိုင်းက ပျော်ရွှင်ကြရသည်။ ဖုယွမ်ချွမ်း ရေသူလေးတစ်ကောင်ကို ဝယ်ပြီးပြန်လာသည့်နေ့ကို ရှီခိုင်ရှင်း နက်နက်နဲနဲမှတ်မိနေဆဲပင်။


ကျွင်းချင်ယွီက တဒင်္ဂမျှ ထိတ်လန့်သွားပြီး သူ့ခံစားချက်များကို ဖုံးကွယ်ကာ မထူးခြားသလို ပြောလိုက်သည်။ “ငါသိပြီ၊ မင်းသွားလို့ရပါပြီ”


“ဟုတ်ကဲ့ပါ မဒမ်၊ မင်းတစ်ခုခုလိုရင် ကျွန်တော့်ကိုခေါ်ဖို့ သတိရပါ ...”


ရှီခိုင်ရှင်းက သူထွက်သွားချိန်တွင် တံခါးပိတ်ပေးခဲ့လေသည်။


စာကြည့်ခန်းက စက္ကန့်အနည်းငယ်ကြာအောင် တိတ်ဆိတ်သွား၏ ကျွင်းချင်ယွီ၏လက်ချောင်းထိပ်လေးများက ဘောလုံးလေးကို အသာအယာ ပွတ်သပ်လိုက်လေသည်။ 


ဖုယွမ်ချွမ်းက သူ့ရှေ့တွင် အမြဲတမ်း သန်မာနေခဲ့သော်လည်း သူ၏ကိုယ်ရည်ကိုယ်သွေးမှာမူ နူးညံ့ပြီးသိမ်မွေ့ကာ မည်သည့်ကိစ္စတွင်မဆို ယုံကြည်မှုအပြည့်ရှိနေတတ်သည်။


ကျွင်းချင်ယွီက မူရင်းစာအုပ်ရှိ ဖုယွမ်ချွမ်း၏ဇာတ်ကောင်နှင့်ပတ်သက်၍ အညွှန်းကို သတိရသွားသည်။ သို့သော်လည်း သူကိုယ်တိုင် ဖုယွမ်ချွမ်းကို တွေ့လိုက်ရသောအခါ မူရင်းဇာတ်လမ်းတွင် ဖော်ပြထားသည့် သူ့ဇာတ်ကောင်နှင့် လက်တွေ့မှာ ဆန့်ကျင်ဘက်ဖြစ်နေကြောင်း တွေ့ရှိခဲ့ရသည်။ သူ၏နေ့စဥ်အပြန်အလှန်ဆက်ဆံမှုများအရ မူရင်းစာအုပ်ရှိစကားလုံးတို့ကို သဘာဝကျကျပင် စိတ်ထဲမှ ထုတ်ပစ်လိုက်တော့သည်။


သို့သော်လည်း ကြည့်ရသည်မှာ သူမြင်နေရသည်တို့မှလွဲ၍ ဖုယွမ်ချွမ်းအနေဖြင့် သူ့ကိူပျိုးထောင်ရန် များစွာ အားစိုက်ထုတ်ခဲ့ရပုံပင်။


ယခုဘောလုံးလေးကဲ့သို့ပင်။


ထိုလူက မိုက်မိုက်မဲမဲဖြင့် သူ၏ချုပ်အားကို ထပ်ခါထပ်ခါစမ်းသပ်နေမည့်ပုံကို စိတ်ကူးကြည့်၍မရပေ။


ညှစ်ဘောတစ်ဗူးလုံးတွင် ဤအရာလေးတစ်ခုသာ ကျန်ခဲ့၏။ သူက စမ်းသပ်မှုတွင် အမှားအယွင်းများစွာ ပြုလုပ်ပြီးနောက် အသင့်တော်ဆုံး ခွန်အားကို သူက သတိရှိရှိပင် ရှာဖွေတွေ့ရှိခဲ့သည်။


မရည်ရွယ်သည့်လှုပ်ရှားမှုများကြောင့် ရေသူလေးထိခိုက်သွားမည်ကို သူကစိုးရိမ်နေခဲ့သည်။


ကျွင်းချင်ယွီ၏မျက်ဝန်းလေးများက လခြမ်းသဏ္ဍာန် ကွေးညွတ်သွားသည်။ ဖုယွမ်ချွမ်း၏ငဲ့ညာမှုနှင့် အာရုံစိုက်မှုတို့မှာ တစ်ခါမှပင် ထုတ်မပြောပြခဲ့ဖူးပါချေ။


ရုံးခန်းထဲရှိအလင်းရောင်မှာ မျက်လုံးကာကွယ်ရေးမုဒ်ကို အလိုအလျောက် ပြောင်းသွားပြီး နွေးထွေးသည့်အလင်းရောင်က ဘောလုံးလေးထက်ကို ဖြာကျနေသည်။


ကျွင်းချင်ယွီက အနည်းငယ် စဥ်းစားလိုက်ပြီး ရွှေရောင်ဖျော့ဖျော့မာကာကိုယူကာ ဘောလုံးလေးပေါ်တွင် ရေသူလေးတစ်ကောင်ပုံကို ဆွဲလိုက်သည်။ 


ကျွင်းချင်ယွီ၏ ပုံဆွဲကျွမ်းကျင်မှုမှာ ပျမ်းမျှသာဖြစ်သည်။ သူက အပြင်ဘက်ကောက်ကြောင်းများကိုသာ ဆွဲခြင်းဖြစ်ပြီး အသေးစိတ်ကျကျမဆွဲခဲ့ချေ။ အကယ်၍ သူသာဆက်ဆွဲလိုက်လျှင် အဆုံးတွင် သူဆွဲလိုသည့်ဆိုလိုရင်းလေးပင် ပျောက်သွားနိုင်သည်။


မှင်ခြောက်သွားသည်နှင့် သူကဘောလုံးလေးကို အံဆွဲထဲ ပြန်ထည့်လိုက်သည်။ ကျွင်းချင်ယွီက စာရွက်စာတမ်း နှစ်ပုံကိုကြည့်ကာ သူနှင့်အနီးမှတစ်ခုကိုယူပြီး ဖတ်လိုက်သည်။ 


ရှီခိုင်ရှင်းပြောသည့် အထွေထွေအလုပ်များကို သင့်လျော်အောင် စုစည်းထားလေသည်။ သူတို့က အထွေထွေအလုပ်ဆိုသည်ထက်ပိုပြီး ကိစ္စကြီးကြီးသေးသေးအားလုံးကို ပို့ထားခြင်းပင်။


ကျွင်းချင်ယွီက စိတ်ရှည်ရှည်နှင့် ဆက်ဖတ်နေခဲ့သည်။


ညလယ်ရောက်သည်အထိ အရေးကြီးစာရွက်စာတမ်းများ မရှိသေးပေ။


တရားဝင်အလုပ်ဟု သတ်မှတ်နိုင်သည်မှာ သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်ထုတ်ကုန်သစ်များနှင့် ပတ်သက်သည့် အစီအစဥ်သာဖြစ်သည်။ 


သူတို့က သစ်သီးနှင့် ဟင်းသီးဟင်းရွက်များမှာ စမ်းသပ်မှု၏ရလာဒ်များဟု ထင်နေကြသည်။ ယခုအချိန်တွင် ဖုယွမ်ချွမ်းကမရှိလေရာ သူတို့က ဖိနှိပ်ရန် လျှို့ဝှက်ကြံစည်ပြီး သစ်သီး၀လံနှင့်ဟင်းသီးဟင်းရွက်များကို အခမဲ့နီးနီး ဖြန့်ဝေပေးစေချင်နေကြသည်။


သူတို့၏ စကားလုံးများက ချိုသာသော်လည်း သူတို့၏ရည်ရွယ်ချက်မှာ ကိုယ်ပိုင်သည့်အရာများအား မျှော်မှန်းနေခြင်းသာဖြစ်၏။


ဖုယွမ်ချွမ်းသာရှိနေပါက ထိုတော်ဝင်မျိုးနွယ်များအနေဖြင့် ထိုအကြောင်းကို ဟဝံ့မည်ပင်မဟုတ်ချေ။ ကျွင်းချင်ယွီ မျက်ခုံးပင့်လိုက်သည်။ သူတို့က သူ့ကိုတွန်းအားပေးသူအဖြစ် ယူဆနေကြသည်လား။


သူက ထိုစာရွက်စာတမ်းကို ဖယ်ထုတ်ထားလိုက်ပြီး အခြားအထွေထွေအလုပ်များကို ဆက်ဖတ်နေသည်။


သူစာရွက်စာတမ်းများအား ဖတ်နေချိန်တွင် ဥာဏ်ရည်တုက တုန်ခါသွားသည်။ ကျွင်းချင်ယွီက အလျင်အမြန် ကောက်ယူလိုက်ရာ အမှန်တကယ်ကို ဖုယွမ်ချွမ်းထံမှ စာတိုပေးပို့လာခြင်းဖြစ်နေသည်။


ဖုယွမ်ချွမ်း : [အချက်ပြက အခုမှငြိမ်သွားလို့၊ မင်းဘာလုပ်နေတာလဲ]


ကျွင်းချင်ယွီက စားပွဲပေါ်မှ စာရွက်စာတမ်း အပုံလိုက်ကြီးကို ဓာတ်ပုံရိုက်ကာ ပို့လိုက်ပြီး


[တော်ဝင်မျိုးနွယ်တွေရဲ့အရေးတွေမှ အများကြီးပဲ...]


အားလုံးမှာ မရှိမဖြစ်အရေးကြီးသည့်အရာများ မဟုတ်ချေ။ မျိုးရိုးမြင့်အချင်းချင်း သဘောထားကွဲလွဲသည်တို့ကိုလည်း စာရွက်စာတမ်းတွင်ရေးကာ ပို့လာကြသည်ပင်။ ယခုအခါ မျိုးရိုးမြင့်များ၏ လုပ်ပိုင်ခွင့်များကို ပြင်းထန်စွာ ဖိနှိပ်ထားသဖြင့် သူတို့အနေဖြင့် ဘာမှမလုပ်ဘဲမနေနိုင်တော့သည်ကို မြင်နိုင်သည်။ 


ဖုယွမ်ချွမ်း : [နောက်ကျနေပြီ ၊ နည်းနည်းလောက် နားလိုက်ဦး ...]


ကျွင်းချင်ယွီ : [ကောင်းပါပြီ၊ စောစောနားနော်၊ နောက်ကျတဲ့အထိ အလုပ်လုပ်မနေနဲ့]


သူ့အတွက်တော့ အတင်းအဖျင်းများမှ ရှောင်ရန် ထိုစာရွက်စာတမ်းများအားလုံးကို တစ်ခါတည်းအပြီးဖတ်ပြီးမှ အိပ်သည်က ပိုကောင်းသည်။


ကျွင်းချင်ယွီက လူတွေသူ့ကို ဘယ်လိုပြောလဲဆိုသည်ကို ဂရုမစိုက်သော်လည်း သူက ယခုဖုယွမ်ချွမ်းနှင့် အတူရှိနေပြီဖြစ်သည်။ သူ့အကြောင်းပြောသည်နှင့် ဖုယွမ်ချွမ်းပါ မလွဲမသွေပါလာလျှင်တော့ မကောင်းတော့ပေ။


စာပို့ပြီးသည်နှင့် ပြန်စာရောက်မလာတော့ချေ။ ကျွင်းချင်ယွီ အနည်းငယ်စဥ်းစားပြီးနောက် စာပို့လိုက်သည်။


 [ကောင်းသောညပါ]


ပြီးနောက် နောက်တစ်ခဏတွင် ဖုယွမ်ချွမ်းက ရုပ်မြင်ပြောရန် ခေါ်လာသည်။


ကျွင်းချင်ယွီ မသိစိတ်ဖြင့် ကောက်ကိုင်လိုက်ပြီး ကြောင်တောင်တောင်လေး မေးလိုက်သည်။ "ဘာဖြစ်လို့လဲ"


ဖုယွမ်ချွမ်း၏ဘက်ခြမ်းမှာ မှောင်မည်းနေပြီး တဖြည်းဖြည်း ရုပ်လုံးပေါ်လာဖို့ အတော်လေးကြာသွားသည်။


ငါးလေး၏နောက်ရှိ ပရိဘောကများကိုကြည့်ကာ သူကယခုထိ ရုံးတွင်ရှိနေသေးကြောင်း သိလိုက်ရသည်။ ဖုယွမ်ချွမ်းက မေးခွန်းထုတ်လိုက်သည်။


"မင်းနားတော့မယ်လို့ပြောခဲ့တာမလား"


"ဒါတွေဖတ်ပြီးရင် နားတော့မလို့ပါ"


ကျွင်းချင်ယွီက ဥာဏ်ရည်တုကို ဘေးတွင်ချကာ စားပွဲထက်တွင်လှဲလိုက်ပြီး သူ့ကိုကြည့်လိုက်သည်။


"ကျွန်တော် မပင်ပန်းသေးပါဘူး"


 


သူလုံးဝ အိပ်မငိုက်သေးချေ။ သူအခန်းကိုပြန်သွားလျှင်ပင် အိပ်ယာပေါ်လှဲချလိုက်ရုံသာရှိပြီး အိပ်မပျော်သည့်ဝေဒနာကို ခံစားရပေလိမ့်မည်။ မနက်ဖြန်မှာ ဒုက္ခရောက်ခြင်းမှ လွတ်မြောက်ရန်အလို့ငှာ နောက်ကျသည်အထိနေပြီး ထိုအရာအားလုံးကို ကိုင်တွယ်ဖြေရှင်းသည်က ပိုကောင်းသည်။


"နည်းနည်းလောက် နားလိုက်၊ ဒီကိစ္စတွေက အရေးမကြီးပါဘူး" ဖုယွမ်ချွမ်း ညအိပ်မီးကိုဖွင့်ကာ အိပ်ယာပေါ်တွင် ထိုင်လိုက်သည်။ 


ကျွင်းချင်ယွီ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ သူ့ကိုအပြစ်ကင်းစွာကြည့်လိုက်သည်။


"ဒါပေမယ့် ကျွန်တော် အိပ်မရဘူး"


ဖုယွမ်ချွမ်း သူမကြာခဏလုပ်လေ့ရှိသည့် ငါးလေး၏ဆံနွယ်တို့ကို ပွတ်သပ်သကဲ့သို့ ကွန်ပျူတာမျက်နှာပြင်ကို ပွတ်သပ်လိုက်သည်။ သူတို့ကြားတွင် ကွန်ပျူတာဖန်သားပြင်တစ်ခုစာမျှ အကွာအဝေးသာရှိသည့်အတိုင်းပင်။ သို့သော်လည်း သူ့ကိူထိ၍မရချေ။ သူလက်ချောင်းများကို ပြန်ဆုတ်ရန်ပြုလိုက်သည်။


တစ်ဖက်ရှိကျွင်းချင်ယွီက ခြေတစ်လှမ်းဦးကာချဥ်းကပ်ပြီး စခရင်တစ်ဖက်ရှိ ဖုယွမ်ချွမ်းထံ သူ့ကိုယ်သူ ပစ်ဝင်လိုက်သည်။


ဖုယွမ်ချွမ်း၏မျက်လုံးများက အပြုံးဖြင့်ပြည့်သွားပြီး ညင်သာစွာချော့မော့လိုက်သည်။ "အခုလိမ်လိမ်မာမာနဲ့ အခန်းကိုသွားနော်၊ အတူနားရအောင်"


သူ့ကို ကုတင်ပေါ်တွင် လှဲနေရမည့်အစား ထိုင်နေသည်ကိုမြင်မှ ကျွင်းချင်ယွီသည် ဖုယွမ်ချွမ်း ဘာကိုဆိုလိုမှန်း အတိုချုံးတွေးမိသွားပြီး ချက်ချင်း သဘောပေါက်သွား၏။ ထို့နောက် သူက "ကောင်းပြီ" ဟု ချက်ချင်း ပြောလိုက်လေသည်။


ထို့နောက် သူသည် မတ်တပ်ထရပ်ကာ စားပွဲပေါ်ရှိ စာရွက်စာတမ်းများကို ကောက်ယူစုစည်းပြီး မနက်ဖြန်နေ့လည်တွင် ပြန်လည်သုံးသပ်ရန် စီစဉ်ထားလိုက်သည်။


Video call၏ အခြားတစ်ဖက်တွင်တော့ ဖုယွမ်ချွမ်းသည် ငါးလေးကို ဖမ်းလို့မရဘဲ “ဖြည်းဖြည်း၊ မပြေးနဲ့” ဟုသာ ပြောနိုင်လေသည်။


“အင်း...”


သူက မပြေးနဲ့ ဟုပြောသော်လည်း ကျွင်းချင်ယွီသည် ခြေလှမ်းအနည်းငယ်လောက် အိပ်ခန်းထဲသို့ ပြေးဝင်လာခဲ့ပြီးမှ ဖုယွမ်ချွမ်းကဲ့သို့ ကုတင်ပေါ်တွင် ဝင်ထိုင်လိုက်သည်။


သူ ထိုင်နေသည်ကို မြင်သောအခါ ဖုယွမ်ချွမ်းသည် ခြုံထည်စောင်လေးကို မ,ကာ အောက်သို့ ဆင်းလိုက်သည်။


ကျွင်းချင်ယွီသည် ဖုယွမ်ချွမ်း လှဲလေ့ရှိသည့်ဖက်တွင် သူ၏ ပေါ့ပါးသော ဦးနှောက်ငယ်‌လေးကို ချထားလိုက်ပြီးနောက် တခြားတစ်ဖက်တွင် ဝင်လှဲကာ ခြုံထည်စောင်ကို ပွေ့ဖက်ထားလျက် သူ့ကိုကြည့်နေလေသည်။


"မီးပိတ်လိုက်"


ကျွင်းချင်ယွီက သူ ပြောသည့်အတိုင်း လုပ်လိုက်သည်။ အိမ်ထဲရှိ အလင်းရောင်ပြောင်းလဲမှုများကိုတုံ့ပြန်ရန်အတွက် ဖန်သားပြင်၏တောက်ပမှုက သဘာဝအလျောက် ချိန်ညှိပေးမည် ဖြစ်သည်။


သူ မီးပိတ်ပြီး ပြန်ကြည့်လိုက်သောအခါ အများကြီး ပို၍ မှောင်မိုက်‌သွားပုံပေါ်သည်။


ဖုယွမ်ချွမ်းက တိတ်ဆိတ်ငြိမ်သက်‌သည့်အသံဖြင့် ပြောလိုက်သည်။


"အိပ်တော့"


“အင်း…”


ကောင်းမွန်သည့် လေထုလေးက ပတ်ဝန်းကျင်ကို လွှမ်းခြုံထားသော်လည်း ကျွင်းချင်ယွီသည် နည်းနည်းလေးမှ ပင်ပန်းနွမ်းနယ်နေသလို မခံစားရပေ။ သူက မျက်လုံးကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီး ချစ်စရာအမူအရာလေးဖြင့် ပြောလိုက်သည်။


"အိပ်မပျော်ဘူး"


သူ ခုနကအထိ ငိုက်မျဉ်းနေသော်လည်း အခုတော့ နည်းနည်းလေး ပိုပြီး လန်းဆန်းလာသလို ခံစားရသည်။


ဖုယွမ်ချွမ်းနှင့် video chatလုပ်ခြင်း သို့မဟုတ် အိပ်ခြင်း။ သူ စဉ်းစားစရာပင်မလိုဘဲ ချက်ချင်း ပထမတစ်ခုကို ရွေးမိလိမ့်မည် ဖြစ်သည်။


ထို့အပြင် သူတို့သည် မကြာခဏ အတူနေလေ့ရှိတာကြောင့် ဖုယွမ်ချွမ်းနှင့် သိပ်ပြီး video chat လုပ်လေ့မရှိပေ။ video chat လုပ်ခြင်းက မလိုအပ်ခဲ့ဘဲ ယခုကဲ့သို့ တစ်ခါတရံ video chatခြင်းကပင် အသစ်အဆန်းဖြစ်နေသလို ခံစားရလေသည်။


ဖုယွမ်ချွမ်းက သူ့ကို စိတ်ရှည်လက်ရှည်ဖြင့် လမ်းညွှန်ပေးသည်။


"မျက်လုံးတွေကိုမှိတ်ထားလိုက်"


သူ မအိပ်ချင်သော်လည်း ကျွင်းချင်ယွီသည် မျက်လုံးများကို နာခံစွာ မှိတ်လိုက်ပြီး


"အင်း..."


နောက်ကြောင်းပြန်၍ ဖုယွမ်ချွမ်းက အသံတိုးတိုးလေးဖြင့် မေးလိုက်သည်။


"မင်း ဒီနေ့ ဘာတွေ အလုပ်ရှုပ်နေခဲ့တာလဲ"


ကျွင်းချင်ယွီက စဉ်းစားပြီး ပြောလိုက်သည်။


"ကျွန်တော် အချိုပွဲဆိုင်ကို သွားခဲ့ပြီး အဲဒီ့နောက်ပိုင်း အိမ်မှာပဲ တစ်ချိန်လုံး စမ်းသပ်ဒေတာကို ကိုင်တွယ်ထိန်းချုပ်နေခဲ့တာ"


"အဲ့ဒီကိစ္စနှစ်ခုပဲလား"


"ပြီးတော့ ခင်ဗျားကိုလည်း လွမ်းတယ်"


ကျွင်းချင်ယွီသည် မျက်လုံးများကိုမှိတ်လိုက်ပြီး နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးတက်လာကာ ချစ်စဖွယ် ပြောလိုက်သည်။


"ကျွန်တော် ခင်ဗျားအကြောင်းကို တွေးရင်းနဲ့ တစ်နေကုန် အလုပ်ရှုပ်နေတာ"


“ကောင်းတယ်”


ဖုယွမ်ချွမ်းသည် မယုံကြည်နိုင်လောက်အောင် နူးညံ့သိမ်မွေ့စွာဖြင့် ဖန်သားပြင်ပေါ်ရှိ ငါးလေးကို ကြည့်ကာ နူးညံ့ပျော့ပျောင်းသောအသံဖြင့် ညင်ညင်သာသာလေး ပြောလိုက်သည်။


ကျွင်းချင်ယွီသည် မျက်လုံးများကို မှိတ်ထားလျက် သူ့နားထဲတွင် ဖုယွမ်ချွမ်း၏အသံများဖြင့် ပြည့်နှက်နေ‌လေသည်။ ရင်ထဲတွင် ဘဝင်ကြည်နူးစွာဖြင့် ဖုယွမ်ချွမ်းသည် သူ့ဘေးတွင် ရှိနေဆဲဟု ထင်ယောင်ထင်မှား ဖြစ်နေမိ၏။


ခေတ္တခဏတောင် ရပ်တန့်မနေဘဲ စကားများ တစ်ခွန်းပြီးတစ်ခွန်းဆိုနေ၏။


သူ၏ နူးညံ့သိမ်မွေ့သော အသံသြရှရှက သူ့နားထဲလေးကို ထွေးပိုက်ထားပြီး သူ့ကို အိပ်ပျော်စေရန် ရည်ရွယ်နေသောကြောင့် တဖြည်းဖြည်းချင်း အိပ်ငိုက်လာရသလို ခံစားရသည်။


ဖုယွမ်ချွမ်းသည် ကျွင်းချင်ယွီ၏ တုံ့ပြန်မှုက ပိုမိုပျော့ပျောင်းလာသည်ကို သတိပြုမိသဖြင့် သူ၏ အသံကို တဖြည်းဖြည်း လျှော့ချလိုက်လေသည်။


မိနစ်အနည်းငယ်ကြာပြီးနောက်တွင် သူ့စကားသံကိုကြားလိုက်သောအခါ နှုတ်ခမ်းများ လှုပ်ယမ်းရုံသာ တုံ့ပြန်လိုက်သော်လည်း ကျွင်းချင်ယွီသည် တဝက်တပျက် အိပ်မောကျသည့် အဆင့်သို့ ရောက်သွားပြီ ဖြစ်၏။


ဖုယွမ်ချွမ်းသည် သူ့ကို စကားထပ်မပြောတော့ဘဲ တေးသွားလေးတစ်ခုကို ခပ်တိုးတိုး ငြီးလိုက်သည်။


တေးသွားသံက သိပ်မကြာလိုက်ဘဲ ငါးလေး၏ အသက်ရှုသံတွေ တည်ငြိမ်သွားပြီးသည့်နောက်တွင် ဖုယွမ်ချွမ်းလည်း ရပ်တန့်လိုက်သည်။


အိပ်ပျော်နေသော ကျွင်းချင်ယွီမှာ အလွန်လိမ္မာရေးခြားရှိနေပုံပေါ်ပြီး ဖုယွမ်ချွမ်းက နူးနူးညံ့ညံ့လေး ပြောလိုက်သည်။


"ကောင်းသောညပါ "


Video callကို အသံတိတ်မုဒ်သို့ပြောင်းလိုက်ပြီး ခဏအကြာတွင် တခြားတဖက်က သူ၏အသံကို မကြားရကြောင်း အတည်ပြုပြီးမှ ဖုယွမ်ချွမ်းသည် သူ၏စောင်ကို ဖယ်လိုက်၍ ထကာ ထွက်ခွာသွားသည်။


"အစည်းအဝေးအတွက် ဒုတိယထပ်ကိုသွားဖို့ Group Cကို အကြောင်းကြားလိုက်"


“ဟုတ်ကဲ့”


Xxxxxxx