အပိုင်း ၁၀၉
Viewers 16k

Chapter 109


နောက်တစ်နေ့မနက်တွင် ကျွင်းချင်ယွီ နိုးလာသောအခါ video callကို မပိတ်ရသေးပေ။


ဖုယွမ်ချွမ်းက အိပ်ပျော်နေပုံရသည်။ ကျွင်းချင်ယွီသည် လက်ကို ဆန့်ထုတ်လိုက်ပြီး ဖန်သားပြင်ပေါ်ကတဆင့် သူ့နဖူးကို ထိလိုက်ကာ စိတ်ထဲကနေ တိတ်တိတ်လေး နှုတ်ဆက်လိုက်၏။


'မင်္ဂလာမနက်ခင်းပါ'


မကြာခင်မှာ ဖုယွမ်ချွမ်းသည် အလွန် အလုပ်ရှုပ်တော့မည်ဖြစ်သောကြောင့် အိပ်ရန် သို့မဟုတ် အနားယူရန် အချိန်မရှိတော့ပေ။ အနားယူချိန်ရှိနေတုန်းမှာ ကျွင်းချင်ယွီသည် သူ့ကို မနှောင့်ယှက်ဘဲ အိပ်ရန် အချိန်နည်းနည်းလောက် ပေးချင်ပါသည်။


ကျွင်းချင်ယွီသည် ဖုယွမ်ချွမ်းနောက်လိုက်ပြီး ခဏလောက် လှဲနေချင်သေးသော်လည်း စာရွက်စာတမ်းများကို စစ်ဆေးရန် လိုအပ်သေးသောကြောင့် အချိန်အကြာကြီး မလှဲနေနိုင်ပေ။


၎င်းကိုတွေးမိပြီးနောက် ကျွင်းချင်ယွီသည် ဖုယွမ်ချွမ်းကို မနှောင့်ယှက်မိစေရန် သူ့ဘက်ကနေ အသံတိတ်မုဒ်သို့ ပြောင်းလိုက်၏။ သို့သော်လည်း ဖုယွမ်ချွမ်း အိပ်ရာက နိုးလာသည့်အခါ သူ ပြောတာကို ကြားနေနိုင်ဦးမည် ဖြစ်သည်။


ထို့နောက် သူ လက်ကောက်ကို ချွတ်ကာ ကုတင်ပေါ်၌ တင်ထားလိုက်ပြီး ရေချိုးရန် အိပ်ယာမှထလိုက်သည်။


သူ ရေချိုးပြီး ထွက်လာသောအခါ ဖုယွမ်ချွမ်းသည် အိပ်ပျော်နေဆဲဖြစ်၏။


ကျွင်းချင်ယွီက ခေါင်းကို ငဲ့ကြည့်လိုက်သည်။ ဖုယွမ်ချွမ်း ကြည့်ရတာ မနေ့က ပင်ပန်းသွားသည့်ပုံပင်။


ဖုယွမ်ချွမ်းသည် နိုးမလာသေးရကား ကျွင်းချင်ယွီလည်း ဘာလုပ်ရမှန်းမသိဘဲ ကုတင်ပေါ်တွင် ခဏ ထိုင်နေလိုက်သည်။ စာရွက်စာတမ်းများဖတ်ဖို့ ရုံးခန်းသို့ တန်းပြီးသွားရန် စဉ်းစားလိုက်ပြီး video callကိုတော့ ဖုယွမ်ချွမ်း နိုးလာသည်အထိ စောင့်ပြီးမှ ပိတ်ရန် တွေးလိုက်လေသည်။


အိပ်ခန်းထဲမှ ထွက်လာရင်း ကျွင်းချင်ယွီ ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ သူ မနက်စာမစားပါက ဖုယွမ်ချွမ်း နိုးလာသည့်အခါ ကျိန်းသေပေါက် ပြောဆိုလိမ့်မည်။


ကျွင်းချင်ယွီသည် ခဏလောက် စဉ်းစားပြီးနောက် တစ်ပတ်လှည့်ကာ အောက်ထပ်သို့ ဆင်းလာသည်။ ဖုယွမ်ချွမ်းလည်း မရှိသောကြောင့် ရိုးရှင်းသော နံနက်စာကိုသာ ပြင်ဆင်ရန် ဆုံးဖြတ်လိုက်၏။


ဖုယွမ်ချွမ်း နိုးလာသောအခါ ပထမဆုံးမြင်လိုက်ရသည်က ဖန်သားပြင်ပေါ်တွင် ငါးလေး ချက်ပြုတ်နေခြင်း ဖြစ်သည်။ သူက အသံနက်နက်ဖြင့် မေးလိုက်သည်။


“ဘာလို့ အစောကြီး ထတာလဲ”


"ကျွန်တော် နိုးနိုးချင်းပဲ ထလိုက်တာ"


ကျွင်းချင်ယွီက မီးပိတ်လိုက်ပြီး ဒယ်အိုးထဲက ဝက်ပေါင်ခြောက်ကို ပန်းကန်ထဲပြောင်းထည့်ကာ အပြုံးလေးဖြင့် ပြောသည်။


"မနက်စာ အရင်စားရအောင်၊ ခင်ဗျားကို တစ်ယောက်ယောက် လာပို့ပေးမှာလား"


ရှီခိုင်ရှင်း မရှိသောကြောင့် အစားအသောက် ပို့ပေးရန် တာဝန်က ယွီကျစ်၏ပခုံးပေါ်သို့ ကျရောက်လာသည်။ သို့သော် ဖုယွမ်ချွမ်းသည် ထိုကိစ္စကို ခေတ္တရပ်ဆိုင်းထားသောကြောင့် ခေါင်းကိုခါယမ်း၍ ပြောလိုက်သည်။


"ကိုယ် ကန်တင်းကို သွားမှာ"


သူ၏စကားသံအဆုံးတွင် တံခါးခေါက်သံက ထွက်ပေါ်လာသည်။


ကျွင်းချင်ယွီကလည်း ထိုအသံကို ကြားလိုက်လေသည်။ သူက ပြုံး၍ ပြောလိုက်သည်။


"ကျွန်တော် ခင်ဗျားရဲ့အချိန်ကို ထပ်မယူတော့ပါဘူး။ မနက်စာစားဖို့ မမေ့နဲ့နော်"


ဖုယွမ်ချွမ်းသည် ဒီဘက်တွင် တကယ်လည်း လုပ်စရာများရှိနေသောကြောင့် သူ့ကို ပြောလိုက်သည်။


"ကောင်းပြီ၊ ညကျရင် တွေ့မယ်"


“အင်း”


Video call ချလိုက်ပြီးနောက်တွင် ထမင်းစားခန်းသည် ရုတ်တရက် တိတ်ဆိတ်သွား၏။


ကျွင်းချင်ယွီသည် အသားညှပ်ပေါင်မုန့်ကို အေးအေးဆေးဆေးစားပြီး နွားနို့ခွက်တစ်ဝက်ကို သောက်ကာ မနက်စာစားပြီးသည်နှင့် ယမန်နေ့က စာရွက်စာတမ်းများကို ပြုစုရန် ရုံးခန်းသို့ ထွက်လာခဲ့သည်။


စာရွက်စာတမ်းများကို အတည်ပြုနေစဉ်တွင် အသေးအမွှားပြဿနာများဖြစ်သည့် မရှိမဖြစ် မလိုအပ်သော စာရွက်များကို ကောက်ယူပြီး နံပါတ်များကို ပြင်ဆင်ရင်း ထိုလူများကို သတိရသွားခဲ့သည်။ သူ သတိပေးမှ ဖြစ်မည်၊ မဟုတ်ပါက ဤကဲ့သို့ကိစ္စမျိုးကို ပြုလုပ်ရန် အကြိမ်တိုင်း တုန်လှုပ်နေပေလိမ့်မည်။


ကျွင်းချင်ယွီသည် အချိန်ကို မကြည့်မိခင်အထိ အချိန်အတော်ကြာ အလုပ်ရှုပ်နေခဲ့သည်။ စမ်းသပ်ဒေတာကို အဆင့်မြှင့်တင်မှု ပြုလုပ်ရန် နေ့ခင်းပိုင်းတွင် အချိုပွဲဆိုင်သို့ သူ သွားမှ ဖြစ်မည်။


ဤစာရွက်စာတမ်းများသည် စမ်းသပ်ဒေတာနှင့် ယှဉ်လိုက်ပါက အနည်းငယ်သာ အရေးပါသည်။ စစ်ပွဲနီးလာသောအခါတွင် ဤစစ်ပွဲကို တတ်နိုင်သမျှ အမြန်ဆုံးဖြေရှင်းနိုင်ရန် နည်းလမ်းကို ရှာတွေ့ဖို့ကသာ အရေးအကြီးဆုံး ဖြစ်၏။



ယခင်သတ်မှတ်ထားသည့်အချိန်အတိုင်း ကျွင်းချင်ယွီသည် အချိုပွဲဆိုင်သို့ အချိန်မှန် ရောက်သွားခဲ့သည်။


ယောင်ယောင်သည်လည်း သိပ်မကြာခင်မှာပဲ ကျွင်းချင်ယွီနှင့်အတူ ရှေ့ဆင့်နောက်ဆင့် စတိုးဆိုင်ထဲသို့ ဝင်လာခဲ့လေသည်။


ယောင်ယောင်က ရှေ့တွင် ဝင်ထိုင်ကာ သူမ၏ စိတ်စွမ်းအင်ကို ထုတ်လွှတ်ရန် အလျင်စလိုမလုပ်ဘဲ ပြောလိုက်သည်။


“မနေ့က ကျွန်မ အစ်ကိုကို ပြောပြပြီးချင်းချင်း အဲ့ဒီနေ့ညမှာပဲ မက်ခါကို ပို့လိုက်တယ်၊ ရှင်မက်ခါကို အရင် ကြည့်ချင်လား"


သူတို့ စကားပြောနေရင်း အနောက်တံခါးဆီမှ ဘီးလှိမ့်သံများ ထွက်ပေါ်လာသည်။


ရှီခိုင်ရှင်းက တစ်ချက်ကြည့်လိုက်သည်။ တံခါးက တစ်စိတ်တစ်ပိုင်း ပွင့်နေပြီး အပြင်မှာရှိနေသည့်အရာကို သူ မြင်နေရသော်လည်း ကျွင်းချင်ယွီက ဘာမှ မပြောသည့်အတွက် ရှီခိုင်ရှင်းက တစ်ဖက်လူကို လမ်းကြောင်းမပေးပေ။


အပြင်က အရာကလည်း ၎င်းကိုမြင်ကာ ရပ်တန့်နေပြီး သူတို့သည်လည်း အပြင်ကအရာကို ငြိမ်ငြိမ်လေး စောင့်နေကြလေသည်။


အပြင်ဘက်က အသံကို ကျွင်းချင်ယွီ ကြားနေရသော်လည်း သူ့အာရုံက အပြင်၌မရှိဘဲ ထိုအစား မေးခွန်းကိုသာ မေးလိုက်သည်။


"မက်ခါရဲ့ ဓာတ်ခွဲခန်းလေ့လာမှု ကျသင့်နှုန်းက ဘယ်လောက်လဲ"


ဈေးနှုန်းကို အရင် ဆွေးနွေးခြင်းက ပိုကောင်းပါသည်။ သုတေသနနှင့် ဖွံ့ဖြိုးမှု စျေးနှုန်းအပြင် ဈေးကွက်ပေါက်ဈေးကိုပါ တွက်ချက်ခြင်းက ပို၍ သင့်လျော်လိမ့်မည် ဖြစ်သည်။


မက်ခါအကြောင်းဆွေးနွေးခြင်း လုပ်ငန်းကြောင့် သူ၏ နောက်ဆက်တွဲ စမ်းသပ်မှုကို ရွှေ့ဆိုင်းမည် မဟုတ်ပေ။ ကျွင်းချင်ယွီသည် ယောင်ယောင်၏ တုံ့ပြန်မှုကို စောင့်နေရင်း စမ်းသပ်ပြွန်နှင့်ပတ်သက်၍ ဇဝေဇဝါ ဖြစ်နေလေသည်။


ယောင်ယောင်သည် အထူးအခွင့်အရေးကို လိုချင်သော်လည်း ကျွင်းချင်ယွီ၏သဘောထားကို မနေ့က တွေ့ခဲ့ရသည်။ သူမသာ ဆက်ပြီးခုခံနေပါက သူမ လိုချင်တာနှင့် ဆန့်ကျင်ဘက် ဖြစ်သွားနိုင်သည်။ အများကြီး စဉ်းစားကြည့်ပြီးနောက်တွင် သူမက ပြောသည်။


“စျေးနှုန်းက အတိအကျတော့မရှိသေးဘူး"


ကျွင်းချင်ယွီက တစ်ခုခု မေးချင်နေသေးပုံရတာကို မြင်လိုက်ရသောအခါ ယောင်ယောင်သည် ဖုံးကွယ်မထားတော့ဘဲ ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။


“တကယ်တော့ ဒီမက်ခါက ကျွန်မအစ်ကို ဖန်တီးထားတာ မဟုတ်ဘူး။ သူက ဒီမက်ခါဖန်တီးသူရဲ့ လက်စွဲစာအုပ်ကို ရခဲ့ပြီးတော့ မက်ခါတည်ဆောက်သူဆီ ပြန်ယူလာပေးခဲ့တာ"


ဓာတ်ခွဲခန်းလေ့လာမှုအတွက် စျေးနှုန်းမရှိသည်မှာ သေချာသွားပြီး သူ ပြန်ယူလာခဲ့သည့်အရာက လက်စွဲစာအုပ်လုံးလုံးသာ ဖြစ်သည်။


ကျွင်းချင်ယွီသည် ထိတ်လန့်သွားပြီး သံသယဖြင့် မေးလိုက်မိသည်။


"ကြယ်တာရာဓားပြတွေကြားမှာ မက်ခါ တည်ဆောက်သူတွေရှိတာလား?"


ဤကြယ်တာရာဓားပြအုပ်စု၏ နယ်ပယ်မှာ အနည်းငယ် ကျယ်ပြန့်လွန်းသည်။


ယောင်ယောင်သည် ထိုစကားကိုကြားသောအခါ ပြုံး၍ ပုခုံးကိုတွန့်ပြီး ပြောလိုက်သည်။


"ကျွန်မတို့က သူတို့ကို ပြန်ပေးဆွဲထားတာလေ"


ကျွင်းချင်ယွီ: "……"


ဟုတ်ပါသည်။ ၎င်းလုပ်ရပ်က ကြယ်တာရာပင်လယ်ဓားပြများနှင့် အလွန် ဆင်တူသည်။


အကယ်၍သာ ပြန်ပေးဆွဲခံရသည်ဆိုပါက မက်ခါထုတ်လုပ်ရေးတွင် ကုန်ထုတ်ပစ္စည်းများအတွက် အသုံးပြုသည့်ငွေမှလွဲ၍ အခြားအသုံးစရိတ် မရှိသင့်တော့ပေ။


အဓိကအသုံးစရိတ်များကို ဝမ်ချန်းယောင်က ချန်လှပ်ထားခဲ့ပြီး လုယက်ရှာဖွေတွေ့ရှိထားသည့်ပစ္စည်းများကလည်း ဈေးကောင်းရရန် ခက်ခဲပေသည်။


အထက်ပါအချက်များကို ထောက်ရှူ၍ ကျွင်းချင်ယွီသည် သေချာစဉ်းစားပြီးမှ မေးလိုက်၏။


"မင်းတို့က ကုန်ထုတ်ပစ္စည်းတွေကို ဝယ်ခဲ့တာလား၊ လုယက်ခဲ့တာလား"


ယောင်ယောင်က ချောင်းတစ်ချက် ဟန့်လိုက်ပြီး


"ကျွန်မတို့ ဝယ်ခဲ့တာပါ"


သူတို့သည် ကြယ်တာရာပင်လယ်ဓားပြများအဖြစ် အရာအားလုံးကို လုယက်ခြင်းမပြုဘဲ တစ်ဖက်အဖွဲ့နှင့် မကိုက်ညီ‌သောအခါမှသာလုယက်ပြီး များသောအားဖြင့် ငွေသုံးစွဲရန် ရွေးချယ်လေ့ရှိသည်။


ယောင်ယောင်က အကူအညီမဲ့စွာ ပြောသည်။


"အဲ့ဒါကြောင့် ပြောရမယ်ဆိုရင် မက်ခါရဲ့ စုစုပေါင်း ထုတ်လုပ်မှုကုန်ကျစရိတ်က တကယ် မများလောက်ပေမယ့် ပုံသေစျေးနှုန်းကိုတော့ ကျွန်မလည်း မဆုံးဖြတ်တတ်ပါဘူး"


ကျွင်းချင်ယွီသည် စျေးကွက်ပေါက်စျေး၏ အကြမ်းဖျင်း ခန့်မှန်းချက်ပမာဏကို တွက်ချက်ကာ ထိုပမာဏထက် သုံးဆပို၍ သူမထံ လွှဲပေးလိုက်သည်။


"ပိုလျှံတဲ့ ပေးချေမှုမှန်သမျှကို ပြန်အမ်းပေးရမယ့်အပြင် တစ်ခုခုချို့တဲ့နေတာပါခဲ့ရင်လည်း ငွေပြန်လျော်ပေးရမယ်"


"ကောင်းပါပြီ"


ယောင်ယောင်သည် ကျွင်းချင်ယွီဟာ ထိုကိစ္စအား ထိရောက်စွာ ဖြေရှင်းနိုင်သည်ကို မြင်သည့်အတွက်ကြောင့် ထိုငွေပမာဏကို လက်ခံလိုက်လေသည်။ နောက်နေ့များ၌ သူတို့ တခြားကိစ္စများအကြောင်း ပြောရဦးမည်ဖြစ်ပြီး တချို့ကိစ္စများက အလျင်စလို လုပ်၍မဖြစ်ပေ။


အသီးအနှံဖျော်ရည်တွင် ထည့်ထားသည့်အရာက စိတ်ဝင်စားမှုကို အလွန် ဆွဲဆောင်‌နိုင်ချိန်တွင် ဤပြဿနာကို ဆက်လက်ဆုပ်ကိုင်နေခြင်းက လိုချင်သည့်အကျိုးရလဒ်နှင့် ဆန့်ကျင်ဘက်ဖြစ်သွားနိုင်သည်။


သို့သော်လည်း ယောင်ယောင်က အလွန်အမင်း မတွေးခဲ့ပါ။ သူတို့ထံတွင် နက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှု မရှိသေးသော်လည်း အနည်းဆုံးတော့ သူမအတွက် အဆက်အသွယ်ရရှိရန် စမ်းသပ်မှုများအပေါ် မူတည်နေနိုင်ပါသေးသည်။


ယောင်ယောင်က ပြုံး၍ ရှီခိုင်ရှင်းကို ကြည့်ကာ "ဆရာ သူတို့ကို ဝင်ခွင့်ပေးလို့ ရပြီလား"


ရှီခိုင်ရှင်းသည် သူမကို ဂရုမစိုက်ဘဲ ကျွင်းချင်ယွီ၏ အချက်ပြမှုကိုသာ စောင့်နေသည်။


ကျွင်းချင်ယွီက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။


"ဝင်ခွင့်ပေးလိုက်ပါ"


ကျွင်းချင်ယွီ ၏ခွင့်ပြုချက်ရရှိမှသာ ရှီခိုင်ရှင်းသည် ကိုယ်ကိုလှည့်၍ လမ်းဖွင့်ပေးလိုက်၏။


မက်ခါတွင် ၎င်းအား နေရာချထားရန်အတွက် အထူးပြုလုပ်ထားသော ဘီးတပ်လှည်းတစ်စီး ပါရှိကာ အစွန်းဘက်ကို တွန်း၍ ပေးပို့နိုင်ပြီး အလုပ်ပြီးမြောက်ရန်အတွက် လူတစ်ဦးသာ လိုအပ်လေသည်။ ဘေးမှ အကူများက တံခါးရှေ့တွင် ရပ်ကျန်နေခဲ့ပြီး အထဲသို့ ဝင်မလာပေ။


မက်ခါကို လာပို့သည့်သူက ၎င်းကို အထဲသို့ တွန်းပို့ပေးပြီးနောက် တိတ်တိတ်လေး ထွက်သွားသည်။


“မက်ခါရဲ့အမြင့်က ချိန်ညှိလို့ရပါတယ်။ ဒီထက်ပိုကြီးနေရင် အထဲကို တွန်းလာလို့မရတဲ့အတွက် ဒီအခန်းထဲက တွန်းထုတ်ပြီးတဲ့အခါ လွတ်လွတ်လပ်လပ် ချိန်ညှိနိုင်ပါတယ်"


ယောင်ယောင်သည် မက်ခါ၏ဘေးတွင်ရှိသော တပ်ဆင်မှုလမ်းညွှန်စာအုပ်ကို ကောက်ယူပြီး ကျွင်းချင်ယွီအား ကမ်းပေးလိုက်သည်။


"ရှင်လည်း ကျွန်မရဲ့ လက်ရှိအခြေအနေကို သတိထားမိမှာပါ၊ မက်ခါနဲ့ ပတ်သက်ပြီး ကျွန်မသိထားသလောက်က အပေါ်ယံပဲရှိသေးတယ်၊ ရှင့်ကို အသေးစိတ်ကျကျတော့ မသင်ပေးနိုင်သေးဘူး။ ဒါပေမယ့် ဒီမက်ခါက စိတ်စွမ်းအင် မလိုအပ်တဲ့အပြင် သူက သာမန် မက်ခါတွေနဲ့ မတူပါဘူး”


ယောင်ယောင်သည် သူမ သင်ပေးရန်ခေါ်လာသည့်လူကို သံသယဖြစ်မှာ သိနေသောကြောင့် မလိုအပ်သော နားလည်မှုလွဲခြင်းမျိုး မဖြစ်စေရန်အတွက် ထွေထွေထူးထူး ဘာမှမပြောဘဲ


“ရှင် ဒီအမျိုးသားကို သင်ပေးခိုင်းလို့ရပါတယ်” ဟုသာ ပြောလိုက်လေသည်။


ကျွင်းချင်ယွီသည် မက်ခါကို တစ်ချက်သာ ကြည့်လိုက်ပြီးနောက် ထိုနေရာမှ မျက်လုံး ပြန်ခွာလိုက်သည်။ သူ ထိုအရာကို သိပ်ပြီး စိတ်မဝင်စားပါ။ အသုံးဝင်လာနိုင်သည်ဟု ပြောသည့်အတွက်သာ သင်ယူရန် ဆန္ဒရှိခြင်းဖြစ်သည်။ သူက လက်ချောင်းကို ကွေး၍ စားပွဲခုံပေါ်သို့ ပုတ်ပြလိုက်သည်။


"အရင်ဆုံး မင်းရဲ့ စိတ်စွမ်းအင်ကို ထုတ်လွှတ်ကြည့်လိုက်ပါ"


ယောင်ယောင်က ပြုံးလိုက်ပြီး


"ကောင်းပါပြီ"


ရှီခိုင်ရှင်းသည် အနောက်ဘက်တွင် ရပ်နေလျက်က ယောင်ယောင်၏ စိတ်စွမ်းအင်ကို ဖျတ်ခနဲ ခံစားလိုက်ရသော်လည်း သည်းခံ၍ ရပါသေးသည်။ ဖုယွမ်ချွမ်း၏ စိတ်စွမ်းအင်များ တောက်လောင်နေချိန်တိုင်းတွင် သူ ရှိနေခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်။ ယောင်ယောင်၏ စိတ်စွမ်းအင်သည် နှိုင်းယှဉ်ကြည့်လျှင် ပြင်းထန်သည့်ထဲတွင် မပါဝင်ပေ။


သို့သည့်တိုင် ကျွင်းချင်ယွီသည် စိတ်စွမ်းအင်ကို တုံ့ပြန်လာခြင်း မရှိခဲ့ပေ။ ရှီခိုင်ရှင်းက ၎င်းကို တွေးကြည့်ပြီး နှုတ်ဆိတ်နေသည်။


ဒေတာများကို မှတ်တမ်းတင်ပြီးနောက်တွင် ဤတစ်သုတ်၏ အသီးအနှံဖျော်ရည်က ယောင်ယောင့်အတွက် ဖြစ်နေဆဲပင် ဖြစ်၏။


ယောင်ယောင်သည် သူမ၏ နဖူးပေါ်မှ ချွေးများကို သုတ်လိုက်ပြီး တစ်ကျိုက်တည်း သောက်ချလိုက်သည်။


"ဒီနေ့ အကျိုးသက်ရောက်မှုက မနေ့ကထက် ပိုကောင်းတဲ့ပုံပဲ"


ကျွင်းချင်ယွီက ခေါင်းငုံ့ပြီး မှတ်တမ်းတင်လိုက်သည်။


"သောက်သုံးသည့်ပမာဏ မတူညီ"


ယောင်ယောင့်အဖို့တော့ သူနှင့် စကားအနည်းငယ်ပြောနိုင်စရာ ကိစ္စမရှိဘဲ ဤကဲ့သို့တုံ့ပြန်မှုမျိုး ရရှိခြင်းမှာလည်း အံ့သြစရာ မဟုတ်သောကြောင့် သူမ နွေးထွေးစွာ ပြုံးလိုက်သည်။


ရှီခိုင်ရှင်းသည် ထိုအပြုံးကို မြင်လိုက်ရသောအခါ စိတ်မသက်မသာခံစားရပြီး သူ့အကြည့်ကို ဘေးသို့လွှဲလိုက်လေသည်။


နောက်ဆုံးတစ်ခုပြီးသွားသောအခါ ယောင်ယောင်သည် ပြန်ရန် မတ်တပ်ရပ်လိုက်ပြီး


"မက်ခါနဲ့ပတ်သက်ပြီး ပြဿနာတစ်ခုခုရှိလာခဲ့ရင် ကျွန်မဆီကို အချိန်မရွေး ဆက်သွယ်လိုက်ပါ၊ ရောင်းချမှုပြီးဆုံးတဲ့အထိ ဝန်ဆောင်မှုပေးပါတယ်"


ကျွင်းချင်ယွီက ပြန်ပြောလိုက်သည်။


"ကောင်းပါပြီ"


ရှီခိုင်ရှင်းသည် တံခါးကိုပိတ်ပြီးနောက် သက်ပြင်းချလိုက်သည်။


"ယောင်ယောင်က နေရာတိုင်းမှာ ထူးဆန်းနေတယ်လို့ ကျွန်တော် ခံစားရတယ်"


ကျွင်းချင်ယွီသည် ဖုယွမ်ချွမ်းနှင့် မသက်ဆိုင်သော မည်သည့်အရာကိုမျှ ဂရုမစိုက်သည့်ပုံစံဖြင့်


"ဘယ်နားက ထူးဆန်းနေလို့လဲ"


အသီးအနှံဖျော်ရည်ထဲသို့ စမ်းရေအနည်းငယ်ထည့်လိုက်ခြင်း၏ အာနိသင်မှာ အလွန်ကောင်းမွန်ပြီး ယမန်နေ့ကထက် အကျိုးသက်ရောက်မှု ပိုတိုးလာခြင်းက ပို၍ သိသာထင်ရှားလာသည်။


ယောင်ယောင်က စမ်းရေအရောင်းအဝယ်နှင့်ပတ်သက်ပြီး စကားပြောချင်နေသည်ကို ကျွင်းချင်ယွီ နားလည်‌သော်လည်း ၎င်းနှင့် ပတ်သက်ပြီး မည်သည့်မှတ်ချက်မှ မပေးခဲ့ပေ။


ရှီခိုင်ရှင်းက မက်ခါကိုကြည့်ကာ ပြောလိုက်သည်။


"မဒမ် ကျွန်တော် ဒီမက်ခါကို စမ်းသပ်ဖို့ ပြန်ပို့လိုက်ပါမယ်"


ကျွင်းချင်ယွီသည် ယောင်ယောင်ဟာ ဤစက်ကို တစ်စုံတရာ ပျက်စီးချို့ယွင်းအောင်လုပ်ထားလိမ့်မည်ဟု မထင်မိပါ။ ထိုအရာက နှစ်ဦးစလုံးအတွက် ဆုံးရှုံးမှုကိုသာ ဖြစ်ပေါ်စေလိမ့်မည်။


Xxxxxxx