အပိုင်း ၁၁၀
Viewers 16k

Chapter 110


ယောင်ယောင်က အသက်ရှင်သန်ရန်အတွက် သူ၏အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များကို အားကိုးနေရပြီး ကြယ်တာရာပင်လယ်ဓားပြများမှာ သူ့လက်ဖြင့် စိုက်ပျိုးထားသော သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များကို ရရှိနေသရွေ့ သူ့ကို တိုက်ခိုက်ဝံ့မည် မဟုတ်ပေ။


သို့သော် ဘေးကင်းစေရန်အတွက် ကျွင်းချင်ယွီသည် သူ၏သဘောတူညီချက်အတိုင်း ဆက်လက်လုပ်ဆောင်ပြီး ပြတ်ပြတ်သားသား အမိန့်ပေးလိုက်သည်။


"ယွမ်ချွမ်းကို လောလောဆယ် မက်ခါအကြောင်း မပြောနဲ့ဦး"


“ဟုတ်ကဲ့”


မက်ခါစစ်ဆေးခြင်း၏ အရှိန်အဟုန်က အလွန်နှေးကွေးခဲ့သည်။ စစ်ဆေးမှုပြီးသွားပြီးနောက် မက်ခါကို ဗီလာသို့ ပို့လိုက်ချိန်တွင် အချိန် တစ်လခွဲခန့်ပင် ကြာမြင့်သွားပြီဖြစ်၏။


ကျွင်းချင်ယွီသည် ၎င်းကို မည်ကဲ့သို့ အပြည့်အဝ အသုံးချနိုင်ကြောင်း သေချာ လေ့လာချင်ပုံရသည်။ ထို့ကြောင့် သူသည် ၎င်းကို အိမ်သို့မပို့ဘဲ ဥယျာဉ်ထဲ၌သာ ထားလေသည်။


ရှီခိုင်ရှင်းကိုလည်း တော်ဝင်စစ်တပ်မိသားစု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ယူဆထားကြသည်။ သူသည် ငယ်စဉ်ကတည်းက မက်ခါနှင့်ထိတွေ့ခဲ့ပြီး ကြီးပြင်းလာသည့်အခါတွင် တော်ဝင်စစ်ဘက်ဆိုင်ရာသင်တန်းကျောင်းသို့ ဝင်ရောက်ခဲ့သည်။ သူ၏ မက်ခါအပေါ် ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ပုံကို ထည့်မတွက်လျှင်တောင်မှ သူ၏ကျွမ်းကျင်ပိုင်နိုင်မှုအဆင့်ကတော့ နေရာတစ်ခုတွင် ရှိနေပါသည်။


ကျွင်းချင်ယွီသည် မက်ခါပေါ်တွင် သူ၏လက်ကို တင်ထားလိုက်ပြီး စက်ကို စစ်ဆေးရန်အတွက် ဝိညာဉ်စွမ်းအင်ကို ထုတ်လွှတ်လိုက်ပြီးနောက်တွင် မက်ခါတစ်ခုလုံးအပေါ် တဖြည်းဖြည်း ဖုံးလွှမ်းသွားလေသည်။ ထို့နောက် သူက စိတ်မပါတပါဖြင့် မေးလိုက်သည်။


“ငါ မင်းကို စုံစမ်းခိုင်းထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဘာ သတင်းထူးသေးလဲ”


ရှီခိုင်ရှင်းက ခေါင်းညိတ်လိုက်ပြီး ပြောသည်။


“အဲ့တာက အဖွဲ့ချုပ်နဲ့ သက်ဆိုင်ပုံရပါတယ်။ ဟိုဘက်က မက်ခါခေါင်းဆောင်က ဒီလို မက်ခါမျိုးကို လေ့လာခဲ့ဖူးတယ်၊ ဒါပေမယ့် မက်ခါခေါင်းဆောင် ပျောက်သွားပြီးတဲ့နောက်ပိုင်း လက်စွဲစာအုပ်လည်း ပျောက်သွားတာပဲ။ အဲ့ဒီနောက် ဒီလို မက်ခါမျိုးကို ဘယ်သူမှ ထပ်ပြီး မလေ့လာဖြစ်တော့ဘူး”


စိတ်စွမ်းအင်နိမ့်ပါးသောလူများကို တိုက်ခိုက်ရေးစွမ်းရည် နိမ့်ပါးသည်ဟု ယူဆမည်ဆိုလျှင် သူတို့သည် စစ်မြေပြင်တွင် ဤကဲ့သို့ မက်ခါမျိုးကို အမှန်တကယ် မောင်းနှင်နိုင်လျှင်တောင်မှ စိတ်စွမ်းအင်မြင့်မားသည့်လူများလောက် သန်မာနိုင်မည် မဟုတ်ပေ။


ထို့ကြောင့် ဤသို့သော မက်ခါမျိုးကို လေ့လာခြင်းထက် စိတ်စွမ်းအင်အပေါ် အာရုံစူးစိုက်ခြင်းက အဆပေါင်းများစွာ ပို၍ ကောင်းမွန်ပါသည်။ အကျိုးအမြတ်ရရှိမှုက အားထုတ်ခဲ့ရသည်နှင့် အချိုးမကျပါက သဘာဝအလျောက် မည်သူမျှ လုပ်ကြတော့မည် မဟုတ်။


"ဘယ်တုန်းက ပျောက်သွားတာလဲ"


“လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်လောက်ကပါ”


ရှီခိုင်ရှင်းက ပြောသည်။


“အခုနောက်ပိုင်း အင်ပါယာနဲ့ အဖွဲ့ချုပ်ကြားက အခြေအနေတွေက တင်းမာနေပြီး တကယ်တော့ အဲဒီအချိန်တုန်းက အဖွဲ့ချုပ်ကလည်း ဒီကိစ္စကို သိပ်ပြီး ဂရုမစိုက်ခဲ့တဲ့အတွက် အချက်အလက် အနည်းငယ်လောက်ပဲ သိခဲ့ရပါတယ်"


ကျွင်းချင်ယွီက မျက်ခုံးပင့်လိုက်သည်။ မက်ခါကို အလွန် မြန်မြန်ဆန်ဆန် ပေးပို့လိုက်ခြင်းက အံ့သြစရာမရှိပေ။ သုတေသနအသစ်များနှင့် ဖွံ့ဖြိုးတိုးတက်မှုအရ စျေးကွက်သို့ မတင်ပို့ရသေးသော ပစ္စည်းများကို ကြယ်တာရာပင်လယ်ဓားပြများက အသုံးပြုသင့်သည်မှာ ကြာမြင့်နေပြီဖြစ်၏။


အခြေခံအားဖြင့် ကြယ်တာရာပင်လယ်ဓားပြများသည် တပ်ဖွဲ့ထဲသို့ ဝင်ရောက်ရာကဲ့သို့ စိစစ်မှုအလွှာများကို မဖြစ်မနေ ဖြတ်သန်းရန် မလိုအပ်ပါ။ စိတ်စွမ်းအင်နည်းပါးသော လူအများအပြားသည်လည်း ကြယ်တာရာပင်လယ်ဓားပြအုပ်စုထဲတွင် နေရာတစ်နေရာ ရှာနိုင်ပါသည်။


တိုက်ခိုက်ရာတွင် ထိရောက်ခြင်း နည်းပါးမှုအား ရှောင်ရှားရန်အတွက် ထိုသို့သော မက်ခါကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။


ရှီခိုင်ရှင်းက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။


"မဒမ်ရဲ့ စိတ်စွမ်းအင်က အားနည်းတာကို ယောင်ယောင်က ဘယ်လိုသိသွားတာလဲ"


ယောင်ယောင်က သူ့အား သိထားသလား မေးသည့်အခါတွင် ရှီခိုင်ရှင်းသည် ထူးဆန်းသလို ခံစားခဲ့ရ၏။ ကျွင်းချင်ယွီသည် မက်ခါကို မည်သို့မောင်းနှင်ရမည်ကို သေချာပေါက် သိလိမ့်မည်ဟု မသိစိတ်က တွေးထားသောကြောင့် ဤမေးခွန်းသည် သူ့အတွက်တော့ အလွန် ထူးဆန်းနေခဲ့သည်။


အမှန်တကယ်တော့ ရှီခိုင်ရှင်းသည် ကျွင်းချင်ယွီ၏ စိတ်စွမ်းအင်ဟာ နိမ့်ပါးနေမှန်း သတိမပြုမိခဲ့ပေ။ ကြယ်တာရာဘက်က လူများသည် စိတ်စွမ်းအင်ကို အလွန် အကဲခတ်တော်ကြပြီး ၎င်းက စိတ်စွမ်းအင် ပိုမြင့်သည့်သူဟာ ပို၍သန်မာသည့်သူ ဖြစ်ကြောင်း ဆိုလိုခြင်း ဖြစ်နိုင်ပါသည်။


ရှီခိုင်ရှင်းသည် သူ၏ ထိုးထွင်းသိမြင်နိုင်သည့် အာရုံအပေါ် အခြေခံ၍ ကျွင်းချင်ယွီ၏ စိတ်စွမ်းအင်ဟာ နိမ့်ကျမှာမဟုတ်ဟု ယူဆခဲ့သည်။ ကျွင်းချင်ယွီ၏ စိတ်စွမ်းအင်ဟာ နိမ့်ကျနေမှန်း သူ ကြားသိလိုက်ရသောအခါ အလွန် အံ့သြသွားခဲ့ပြီး တစ်နေရာရာက သံသယဝင်ချင်စရာကောင်းနေလေသည်။


ပိုပြီးထူးဆန်းသည်မှာ ယောင်ယောင်သည် မက်ခါကိုလည်း ကိုင်တွယ်အသုံးပြုနိုင်သေးသည်။ အကယ်၍ လက်စွဲစာအုပ်ကို လွန်ခဲ့သည့် ရက်အနည်းငယ်ကမှ ရှာဖွေတွေ့ရှိခဲ့မည်ဆိုလျှင် ဤကိစ္စနှင့် ဆက်စပ်နေနိုင်သော်လည်း ရှင်းရှင်းလင်းလင်းတော့ မဟုတ်နိုင်ပေ။


ကျွင်းချင်ယွီကတော့ ယခင်က ဝမ်ချန်းယောင်နှင့် တစ်ကြိမ် တိုက်ခိုက်ခဲ့ဖူးသောကြောင့် ‌ဤကိစ္စကို အထူးအဆန်းသဖွယ် မခံစားရတော့ပေ။


ဝမ်ချန်းယောင်သည် ယောင်ယောင့်အား မည်သည့်အရာကိုမျှ ဖုံးကွယ်ထားလိမ့်မည် မဟုတ်သောကြောင့် သူမသည် ဟိုးအရင်ကတည်းက သူ၏ စိတ်စွမ်းအင်က နိမ့်ပါးကြောင်း သိထားပေလိမ့်မည်။


စမ်းသပ်မှုပြုလုပ်သည့်နေ့တွင် ယောင်ယောင်သည် အသီးအနှံဖျော်ရည်ထဲရှိ လောကအသက်စွမ်းအင်၏အာရုံစူးစိုက်မှု၌ ပြောင်းလဲမှုကို တွေ့ရှိခဲ့သည်။ ထိုအကြောင်းပြချက်ကြောင့် သူမသည် သူနှင့် စမ်းရေ အလဲအလှယ်လုပ်ရန်အတွက် ယုံကြည်စိတ်ချရပြီး အလျှော့အတင်းပြုလုပ်နိုင်သည့် ချစ်ပ်ပြားတစ်ခုကို အသုံးပြုလိုခဲ့ခြင်း ဖြစ်၏။


ထိုအချိန်တုန်းက သူသည် စမ်းသပ်မှုများ ပြုလုပ်ရင်းဖြင့် အလုပ်များနေခဲ့ပြီး စစ်မြေပြင်သို့ သွားရန် အလိုရှိခဲ့သည်။ ယောင်ယောင်ကလည်း သူနှင့် အကြံချင်း တူနေခဲ့၏။ လုပ်ငန်းစပ်တူလုပ်နိုင်ရန်အတွက် သူ့အား စိတ်ကျေနပ်မှုတစ်ခု ပေးစွမ်းလိုသောကြောင့် မက်ခါနှင့်ပတ်သက်သည့်အကြောင်းအရာကို ယောင်ယောင်ကပင် စတင် ယူဆောင်လာခဲ့သည်။ သို့သော်လည်း ကျွင်းချင်ယွီသည် စမ်းရေဟာ မက်ခါထက် အဆပေါင်းများစွာ ပို၍ အရေးကြီးသည့်အတွက် ငြင်းဆိုခဲ့ပြီး စကားစမြည်ပြောဆိုကြရာမှ နောက်ဆုံးတွင် အရောင်းအ၀ယ်တစ်ခု ဖြစ်သွားခဲ့ခြင်း ဖြစ်၏။


ကျွင်းချင်ယွီသည် သေချာ စစ်ဆေးကြည့်ပြီးနောက် ထိန်းချုပ်ခန်းထဲသို့ ဝင်လိုက်လေသည်။


"မင်းရဲ့မက်ခါနဲ့ လေ့ကျင့်နေကျနေရာဆီ ငါ့ကို ခေါ်သွားပေး"


ရှီခိုင်ရှင်းက ပြန်၍ ဖြေလိုက်သည်။


“ကောင်းပါပြီ၊ မဒမ်... အရင်ဦးဆုံး မြေပြင်ပေါ်ကို ဆင်းဖို့က ဘယ်လိုလုပ်မှာလဲ၊ ဟိုဘက်မှာ မက်ခါကို ပို့ပေးဖို့ ကျွန်တော် တစ်ယောက်ယောက် ရှာလိုက်ပါမယ်"


ကျွင်းချင်ယွီက ယခုမှ မက်ခါပေါ်တွင် ပထမဆုံးအကြိမ် ထိုင်ဖူးခြင်းဖြစ်ပြီး ရှီခိုင်ရှင်းသည် သူ့အား ကိုယ်တိုင်ကိုင်ကျ မောင်းနှင်ရန် မည်သို့ ခွင့်ပြုရဲမည်နည်း။


 "အဲ့ဒီအတွက် မလိုပါဘူး"


ကျွင်းချင်ယွီက ဤရက်ပိုင်းအတွင်း ကျူတိုရီရယ်ဗီဒီယိုများကို တစ်ချိန်လုံး ကြည့်ရှုနေခဲ့ပြီး ဖုယွမ်ချွမ်း၏ရုံးခန်းတွင်လည်း မက်ခါ အပြင် တိုက်ခိုက်ရေးစွမ်းရည်များနှင့်ပတ်သက်သည့် အချက်အလက်များစွာ ရှိပါသည်။


သူ့ထံတွင် ကိုယ်တိုင် မောင်းနှင်ဖူးသည့် အတွေ့အကြုံ အစစ်အမှန် မရှိသော်ငြားလည်း ၎င်းနှင့်ပတ်သက်သော ဗဟုသုတတော့ အနည်းနှင့်အများ ရရှိပြီး ဖြစ်သည်။


ထိုအချက်ကို စိတ်ထဲ၌ နှလုံးသွင်းကာ ကျွင်းချင်ယွီက မက်ခါကို အသက်သွင်းလိုက်၏။


ထို့နောက် သူ့နားထဲတွင် စက်သံများတဝီဝီ မြည်လာလေသည်။


'ပီ... စိတ်စွမ်းအင်ရှာဖွေမှု မအောင်မြင်ပါ။ ချည်နှောင်၍ မရနိုင်ပါ။ ကျေးဇူးပြု၍ စိတ်စွမ်းအင်များ ထပ်မံထုတ်လွှတ်ပြီးမှ ပြန်လည် ချည်နှောင်ရန် ကြိုးစားပါ'


ကျွင်းချင်ယွီ မျက်ခုံးပင့်မိလိုက်သည်။ စိတ်စွမ်းအင် နိမ့်ပါးခြင်းသည် စိတ်စွမ်းအင် လုံးဝမရှိခြင်း ဟူသည့် သဘောကို သက်ရောက်ခြင်း မဟုတ်ပါ။ သူ့ထံ၌ အသေးငယ်ဆုံး စိတ်စွမ်းအင်ပင် မရှိချေ။ သူ့အနေဖြင့် အခြေခံအကျဆုံး ချည်နှောင်မှုကိုပင် မလုပ်နိုင်ခြင်းပေလား။


ထိုသို့ဆိုလျှင် သူ့အတွက် နေ့တဝက်အချိန်အပြင် ငွေကြေးများစွာ အကုန်ကျခံခဲ့ရသော ဤမက်ခါသည် လုံးဝကို သုံးစားမရတော့ ဟူသည့် အဓိပ္ပါယ်များလား။


 ဤမက်ခါသည် တုံ့ပြန်မှုပမာဏကို လျှော့ချလိုက်ရုံသာဖြစ်၍ တုံ့ပြန်မှုလုံးဝမရှိတော့ ဟုမဆိုလိုပေ။ ရေသူတစ်ကောင်သည် လေဖိအားနည်းရပ်ဝန်းတွင် စိတ်စွမ်းအင်ကို မည်ကဲ့သို့ ထုတ်လွှတ်နိုင်မည်နည်း။ သူသည် ထိုနေရာ၌ပင် ပတ်ချာလည်နေပြီး မည်သည့်နေရာကိုမှ မရောက်တော့ချေ။ သူ နောက်တစ်ကြိမ် စတုရန်းနေရာသို့ ပြန်ရောက်လာပြန်ပြီလား။


ကျွင်းချင်ယွီသည် ထိန်းချုပ်ကိရိယာကို လက်ချောင်းထိပ်များဖြင့် ပွတ်သပ်နေရင်းက တဖြည်းဖြည်း မျက်မှောင်ကြုတ်လာမိသည်။


အကယ်၍ သူသည် စိတ်စွမ်းအင် နည်းပါးသော မက်ခါကိုပင် မထိန်းချုပ်နိုင်ပါက မြင့်မားသော စိတ်စွမ်းအင် လိုအပ်သည့် မက်ခါအကြောင်းကိုမူ စဉ်းစားရန်ပင် မလိုအပ်တော့ပါ။


အနှီ အလွန် နိမ့်ပါးသည့် တုံ့ပြန်မှုပမာဏအား ဖယ်ရှားရန် နည်းလမ်းကို သူ ရှာဖွေမှ ဖြစ်ပေတော့မည်။


ယခုတော့ ထို ချည်နှောင်မှုက မဖြစ်နိုင်တော့ပေ။ ကျွင်းချင်ယွီသည် ၎င်းကို စဉ်းစားပြီးနောက် စက်မောင်းခန်း(ထိန်းချုပ်ခန်း)မှ ခုန်ဆင်း၍ ပြောလိုက်သည်။


"အခု မလုပ်နဲ့ဦး၊ ဒီမက်ခါကို တစစီ ခွဲထုတ်ဖို့ တစ်ယောက်ယောက်ကို အရင် ရှာလိုက် ပြီးရင် ဒီမက်ခါနဲ့ တခြား ထိန်းချုပ်ဖို့အတွက် ပြင်းထန်တဲ့ စိတ်စွမ်းအင် လိုအပ်တဲ့ မက်ခါတို့ရဲ့ ကွာခြားချက်ကို နှိုင်းယှဉ်ပြီး စိစစ်ခိုင်းလိုက်ပါ"


ကွာဟချက်များ တိုးလာခြင်းကြောင့် ၎င်းကို စိတ်စွမ်းအင် မပါဘဲ ထိန်းချုပ်နိုင်သင့်ပေသည်။


ရှီခိုင်ရှင်းက အံ့အားသင့်သွားပြီး 


"ခွဲထုတ်မယ်"  


အသေးစိတ် စစ်ဆေးကြည့်ပြီးနောက် အတိအကျကို မည်သည့်ပြဿနာမှ မရှိခဲ့သည့် မက်ခါအား တစစီ ခွဲထုတ်ရန် ဘာကြောင့် လိုအပ်နေရသည်လဲ။


"အင်း"


ကျွင်းချင်ယွီသည် အခြား မည်သည့် ရှင်းပြချက်ကိုမှ မပေးချေ။


"သူ့ကို စိတ်တိုင်းကျ ဖျက်စီးပြီး ခွဲထုတ်နိုင်ပေမယ့် ရလဒ်ကိုတော့ သုံးရက်အတွင်း ထုတ်ပေးရမယ်"


 "စိတ်ချပါ"


ရှီခိုင်ရှင်းသည် မည်သည့်အကြောင်းကြောင့် ၎င်းကို ရုတ်တရက် ဖြုတ်ပစ်ချင်သည်ကို နားမလည်သော်လည်း ထိုအမိန့်အား မပျက်မကွက် လုပ်ဆောင်လိုက်သည်။


 —


ကျွင်းချင်ယွီက မက်ခါပြဿနာကို အလွယ်တကူ ဖြေရှင်းနိုင်မည် မဟုတ် ကြောင်းကို ကြိုတင်မျှော်လင့်ထားခဲ့ပြီး ဖြစ်၏။ ကြယ်တာရာလူသားများ၏ စိတ်စွမ်းအင်သည် မည်မျှပင် နိမ့်ကျနေပါစေ သူတို့သည် လုံးဝ ထိုအရာ မရှိဘဲတော့ နေနိုင်လိမ့်မည် မဟုတ်ပေ။ သူ၏အခြေအနေက အတော်လေး ထူးခြားပြီး မက်ခါကို မောင်းနှင်ခြင်းက အတော်ကို ခက်ခဲပါသည်။


လောကအသက်စွမ်းအင်ဖြင့် စိတ်စွမ်းအင်ကို အစားထိုး၍ ရနိုင်၊မရနိုင် သူ မသိသော်လည်း ၎င်းကို ချည်နှောင်၍ မရသည့်အပြင် ကြိုးစားရန် အခွင့်အရေးလည်း မရှိတော့ပေ။


အချိန်အတော်ကြာ အလုပ်များနေပြီးနောက် မက်ခါနှင့်ပတ်သက်၍ အခြားတိုးတက်မှုမရှိခဲ့ဘဲ ဆေးဝါးဆိုင်ရာ သုတေသနပြုချက်များလည်း အောင်မြင်မှုတစ်စုံတရာ မရရှိခဲ့ပေ။ မင်းမျိုးမင်းနွယ်များထံမှ ကိစ္စကြီးငယ် အစီရင်ခံစာများကိုသာ နေ့စဉ်နှင့်အမျှ လက်ခံရရှိနေခဲ့လေသည်။


ကျွင်းချင်ယွီသည် တစ်ခုခုကို အလိုမကျသလို ခံစားနေရ၏။ သူသည် အခန်းထဲသို့ ပြန်ရောက်လာပြီး ကုတင်ပေါ်တွင် လဲလျောင်းလျက် ဗီဒီယိုခေါ်ဆိုမှု ဖန်သားပြင်ပေါ်မှတဆင့် ဖုယွမ်ချွမ်းကို ကြည့်ရင်း သက်ပြင်းချမိလိုက်သည်။ သူတို့ မတွေ့ရတာ တစ်လခွဲခန့်ပင် ရှိပြီ။ ဗီဒီယိုခေါ်ဆိုမှုများရှိသော်လည်း တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင် တွေ့မြင်ရခြင်းနှင့် လုံးဝ ကွာခြားပါသည်။


ယခုက ကျွင်းချင်ယွီ မျှော်မှန်းထားသည့် အချိန်အပိုင်းအခြားထက် ကျော်လွန်သွားပြီ ဖြစ်သည်။


ဖုယွမ်ချွမ်းလည်း အချိန်ကြာလာသည်နှင့်အမျှ ပို၍ အလုပ် များလာသည်။ တစ်ခါတစ်ရံတွင် သူသည် ညဘက်၌ အနားမယူနိုင်လျှင်တောင်မှ ကျွင်းချင်ယွီ အိပ်ပျော်စေရန် ချော့သိပ်ဖို့အတွက်တော့ အချိန်ပေး‌နေဆဲ ဖြစ်၏။


ဖုယွမ်ချွမ်း မနေ့ညက ပြန်မလာခဲ့ပေ။ ကျွင်းချင်ယွီက ရုပ်မြင်ခေါ်ဆိုမှုကို ဖွင့်ကာ သူ အိပ်မပျော်ခင် နံနက်အစောပိုင်းအထိ စောင့်နေခဲ့သည်။


ဖုယွမ်ချွမ်းက နိုးမလာသေးဘဲ မက်ခါနှင့်ပတ်သတ်သည့်ကိစ္စကို အလွန် စောစောစီးစီး မပြောပြချင်သောကြောင့် ဤကိစ္စကို သူ တစ်ယောက်တည်း မျိုသိပ်ထားရခြင်းက သူ့ကို ပို၍ စိတ်မကြည်မလင် ဖြစ်စေသည်။


ခဏလောက် လဲလျောင်းနေပြီးနောက်တွင် ကျွင်းချင်ယွီသည် အိပ်ရာမှထ၍ ညအိပ်ဝတ်စုံကို လဲဝတ်ရန် ပြင်လိုက်သည်။ သူ ဒီနေ့ စိတ်မကြည်လင်သောကြောင့် အလုပ်မလုပ်ချင်ဘဲ အိပ်ခန်းထဲမှာပဲ အေးအေးဆေးဆေး အနားယူချင်မိသည်။


ဗီရိုကို ဖွင့်ကြည့်လိုက်သောအခါ သူ့အ၀တ်များကို လျှော်ဖွပ်ရန်အတွက် အောက်ထပ်သို့ ယူသွားခဲ့ကြောင်း သတိရမိလိုက်၏။ စက်ရုပ်ကလည်း အိပ်ခန်းထဲသို့ ခြေချမည် မဟုတ်သောကြောင့် ကျွင်းချင်ယွီသည် ၎င်းတို့ကို ကိုယ်တိုင် သွားပြန်ယူရန်သာ တတ်နိုင်လေသည်။


သို့သော် သူသည် သွားယူချင်စိတ်လည်းမရှိတော့သည့်အတွက် ဖုယွမ်ချွမ်း၏ ညအိပ်ဝတ်စုံကိုသာ ဝတ်ဆင်လိုက်သည်။ ရေသူများသည် သေးငယ်‌သော အရပ်အမောင်းအချိုးအစား ရှိကြ၏။ သူသည် သာမန်လူတစ်ဦး၏ အရပ်အမြင့်ရှိသော်လည်း အရပ်ရှည်သည့်ထဲတွင် မပါသည့်အပြင် ဝတ်စုံကလည်း ဆိုဒ်ကြီးဖြစ်နေသောကြောင့် အင်္ကျီ၏ လက်ဖျားခြေဖျားလေးများက ထွက်နေကြလေသည်။


သူက ခြုံထည်လေးကို မ,၍ အနွေးစောင်များအောက်သို့ဝင်ရန်ပြင်လိုက်စဉ် ဖုယွမ်ချွမ်းက ဗီဒီယိုခေါ်ဆိုမှု၏ အခြားတစ်ဖက်မှ သူ့အား ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။


ကျွင်းချင်ယွီသည် တခဏခန့် ကြောင်အသွားပြီးနောက် သူ လုပ်ခဲ့သည့်အရာများကို သတိရသွားကာ မျက်နှာက တဖြည်းဖြည်း နီမြန်းလာသည်။


"ခင်ဗျား နိုးနေပြီဆိုရင်လည်း ဘာလို့ ..."


ဗီဒီယိုထဲမှလူသည် လှုပ်ရှားကာ စကားပြောနေသည့်ပုံပေါ်သော်လည်း အသံက ထွက်မလာပေ။


ဖုယွမ်ချွမ်းသည် ဗီဒီယိုခေါ်ဆိုမှု၏ ဘယ်ဘက်အောက်‌ခြေထောင့်ကို ညွှန်ပြသောကြောင့် ကျွင်းချင်ယွီသည် သူ၏လက်ညှိုးညွှန်ရာသို့ လှမ်းကြည့်လိုက်သောအခါ နှစ်ဘက်အသံတိတ်မုဒ် ဖွင့်ထားသည်ကို တွေ့လိုက်ရလေသည်။


ဖုယွမ်ချွမ်းသည် သူ့ကို အသံပြုရန် ခေါ်ခဲ့လိမ့်မည်ဖြစ်သော်လည်း သူ မကြားမိလိုက်ခြင်းသာ ဖြစ်၏။


ကျွင်းချင်ယွီသည် အသံတိတ်မုဒ်ကို ပိတ်လိုက်ပြီးနောက် ချောင်းတစ်ချက်ဟန့်ကာ


"အဟမ်း... ကျွန်တော် သတိမထားမိလိုက်ဘူး"


ဖုယွမ်ချွမ်းက ငြင်သာစွာ မေးလိုက်သည်။


“မင်း ဝမ်းနည်းနေတာလား” 


 “မဟုတ်ပါဘူး”  


Xxxxxxx