အပိုင်း ၁၁၁
Viewers 19k

Chapter 111


ဖုယွမ်ချွမ်း အနား၌မရှိချိန်တွင် ကျွင်းချင်ယွီသည် ဝမ်းနည်းနေပါသည် ဟူ၍ မပြောလိုပေ။ သူက ပြဿနာပြင်းပြင်းထန်ထန်များကို သိပ်ပြီး ကြုံတွေ့ရလေ့ မရှိခဲ့သော်လည်း ယခုအခါတွင် သူ၏စိတ်ခံစားချက်ကို ထိခိုက်စေသည့် အကြောင်းအရာများကို ဆက်တိုက်ဆိုသလို ကြုံတွေ့လာရသလိုပင်။


ဖုယွမ်ချွမ်းက ထိုစကားကို ကြားသောအခါ သူ ဝမ်းနည်းနေလား၊ ဝမ်းမနည်းနေလား ဆိုသည့်အကြောင်းကို နောက်တစ်ကြိမ် ပြန်မမေးတော့ပေ။


"ဖြေရှင်းရ မလွယ်ကူတဲ့ ကိစ္စတစ်ခုခု ကြုံလာခဲ့ရင် ရှီခိုင်ရှင်းကို ကိုင်တွယ်ဖြေရှင်းခိုင်းလို့ရတယ်"


ကျွင်းချင်ယွီသည် သူ၏နံဘေးတွင် လှဲလျောင်း၍ တိုးတိုးလေး ပြောလိုက်သည်။


 "စိတ်စွမ်းအင်မရှိတာက အဆင်မပြေဘူး" 


ဖုယွမ်ချွမ်းက စိတ်ရှည်လက်ရှည်ဖြင့် နှစ်သိမ့်ပေးသည်။


“စိတ်စွမ်းအင်ရှိတာလည်း အရမ်း အဆင်မပြေပါဘူး၊ ဓာတ်ရောင်ခြည်ဒဏ်ကို ခံရတဲ့အပြင် နေမကောင်းပါ ဖြစ်နိုင်တယ်"


"မင်း ရင်ဆိုင်ခဲ့ရတဲ့ ပြဿနာတွေအကြောင်း ကိုယ့်ကို အချိန်မရွေး ပြောပြလို့ရတယ်နော်"


 "ကျွန်တော် မက်ခါရဲ့ လည်ပတ်ပုံကို လေ့လာချင်တယ်"  


ကျွင်းချင်ယွီက မျက်လွှာချလိုက်သည်။ အရာအားလုံးကို ပြင်ဆင်ထားပြီးဖြစ်သော်လည်း သူသည် နောက်ဆုံး စိတ်စွမ်းအင်နှင့်ပတ်သက်၍ပဲ စိတ်ထဲ မတင်မကျဖြစ်နေဆဲ ဖြစ်သည်။


ကျွင်းချင်ယွီသည် သက်ပြင်းချလိုက်ပြီးနောက် သူ၏အသံက ပို၍ ဝမ်းနည်းလာသည်။ 


"ကျွန်တော် ခင်ဗျားကို တွေ့ချင်တယ်၊ ခင်ဗျားကိုလွမ်းတယ်"


ဖုယွမ်ချွမ်းသည် ငါးလေးကို သေချာ ကြည့်လိုက်၏။ သူက တခြားဘာကိုမှ ဂရုမစိုက်ဘဲ ငြင်သာစွာ ချော့မြူလိုက်သည်။


“မက်ခါကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ မလေ့လာလည်း ဖြစ်ပါတယ်” 


ကျွင်းချင်ယွီသည် သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်းမရှိပါက ဒုက္ခပြဿနာများသာ ကြုံတွေ့လာနိုင်သောကြောင့် ခေါင်းကို ခါယမ်းကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။


"နောက်ရက်အနည်းငယ်ကြာရင်..."


စစ်ဆေးမှုရလဒ်၏အခြေအနေကို သိရှိနိုင်ရန် နောက်ထပ် သုံးရက်ခန့် စောင့်ရဦးမည် ဖြစ်သည်။


သူ၏ တုံ့ပြန်မှုတွင် ဖုယွမ်ချွမ်းက ပြန်ပြောလိုက်သည်။


"ယေဘုယျအားဖြင့်ပြောရမယ်ဆိုရင် လူတစ်ယောက်နဲ့ သူတို့ရဲ့ မက်ခါကို ချည်နှောင်ဖို့အတွက် စိတ်စွမ်းအင်ကို အသုံးပြုရတယ်၊ ဒါပေမယ့် လင့်ခ်ကို တည်ဆောက်လို့မရဘူးဆိုရင်တော့ အဲ့တာကို အသက်သွင်းလို့ မရနိုင်ဘူး"


 “အင်း”  


သူ ထိုအချက်ကို ကျူတိုရီရယ်ဗီဒီယိုများ ကြည့်ရှုစဉ်ကတည်းက သိရှိခဲ့ခြင်းဖြစ်ပြီး သံသယဖြစ်စရာအကြောင်းလည်း မရှိပါ။


 ဖုယွမ်ချွမ်းက အကြံပေးသည်။


“မက်ခါရဲ့တည်ဆောက်မှုပုံစံက လူ့ဖွဲ့စည်းပုံရဲ့ အခြေခံဥပဒေကို ခွဲခြမ်းစိတ်ဖြာမှုအပေါ် အခြေခံထားတာ၊ လောကအသက်စွမ်းအင်က မင်းအတွက် အနှိုင်းမဲ့ထူးခြားပြီး စျေးကွက်မှာ လောကအသက်စွမ်းအင်အတွက် တည်ဆောက်ပေးထားတဲ့ မက်ခါ မရှိသေးဘူး၊ တကယ်လို့ မင်းမှာ စိတ်စွမ်းအင်မရှိဘူးဆိုရင် လင့်ခ်ကို ဖယ်ရှားပြီး လောကအသက်စွမ်းအင်နဲ့ ထိန်းချုပ်ဖို့ ကြိုးစားကြည့်ပါလား"


“…?”  


ကျွင်းချင်ယွီ အံ့အားသင့်သွားသည်။ လင့်ခ်ကို လုံးလုံး ဖယ်ရှားပစ်ရမည် ဟု ဆိုလိုခြင်း ဖြစ်ပါသလား။


အကယ်၍ လင့်ခ်ကို မတည်ဆောက်နိုင်ပါက ချိတ်ဆက်ရန် လိုအပ်သည့်အပိုင်းကို ဖယ်ရှားပစ်ရမည်။ ၎င်းကို ဖုံးအုပ်ရန်အတွက် ဝိညာဉ်စွမ်းအင်ကို အပြည့်အဝ အသုံးပြုရန်မှာ မဖြစ်နိုင်ပေ။


ကျွင်းချင်ယွီ လေးလေးနက်နက် တွေးတောနေသည်ကို ကြည့်၍ ဖုယွမ်ချွမ်းက ဆက်ပြောသည်။


"မက်ခါရဲ့လင့်ခ်က ယေဘုယျအားဖြင့် လိုအပ်ပြီးတော့ လင့်ခ်ကို တိုက်ရိုက် ဖျက်ဆီးပစ်တာက မက်ခါကို ထိခိုက်စေနိုင်တယ်"


 “မဟုတ်ဘူး” 


 ကျွင်းချင်ယွီက အားပါးတရ ပြုံးပြလိုက်သည်။


“ကျွန်တော် ဘာလုပ်ရမလဲ သိပြီ”


ယောင်ယောင့်ထံမှ မက်ခါသည် စိတ်စွမ်းအင်အနည်းငယ်သာ လိုအပ်ပြီး ၎င်းကို ဖယ်ရှားပစ်ခြင်းက ကြီးကြီးမားမား ပြဿနာဖြစ်နိုင်မည် မဟုတ်ပေ။


စကားဆုံးသည်နှင့် သူ ချက်ချင်း အိပ်ယာမှထ၍ ပြောလိုက်သည်။


 “ကျွန်တော် ခဏ အပြင်သွားဦးမယ်"


ဖုယွမ်ချွမ်းက သတိပေးသည်။


 "မသွားခင် အဝတ်အစား လဲလိုက်ဦး"


အင်္ကျီအပေါ်ပိုင်းသည် ငါးလေးအတွက် ကြီးမားလွန်းနေလျှင်တောင်မှ ၎င်းသည် သူ့ကို တစိတ်တပိုင်းသာ ဖုံးအုပ်ထားနိုင်ပြီး အနည်းငယ် ခပ်မြန်မြန် လှုပ်ရှားလိုက်ရုံဖြင့် သူ၏အရေပြားကို မြင်တွေ့နိုင်သည်။


 "အိုခေ"  


ကျွင်းချင်ယွီသည် သူ၏အဝတ်အစားများကိုယူကာ ဗီဒီယိုခေါ်ဆိုမှုကို ပိတ်ရန် ပြင်လိုက်သော်လည်း သူ လှည့်လိုက်သည်နှင့် ရပ်တန့်မိသွားသည်။ ဗီဒီယိုခေါ်ဆိုမှု၏ အခြားတစ်ဖက်မှ ဖုယွမ်ချွမ်းအား သူ လှည့်ကြည့်လိုက်လေသည်။


ဖုယွမ်ချွမ်းသည် ကျွင်းချင်ယွီ၏ အမူအရာကို အလွန် ရင်းနှီးနေသည်။


 “လာမရှုပ်နဲ့”


ကျွင်းချင်ယွီ၏ မျက်လုံးများသည် လခြမ်းကွေးသဏ္ဍာန် ကွေးညွှတ်သွားပြီး ဖြူစင်ရိုးသားစွာဖြင့် ပြောလိုက်လေသည်။


"ကျွန်တော်က ဒီတိုင်း အဝတ်လဲနေတာလေ... ​​ဘယ်လို လာရှုပ်နိုင်မှာလဲ"


 “…ကိုယ်ပြန်လာတာကို စောင့်နေလိုက်”


"ခင်ဗျား ပြန်လာတာကို စောင့်ရမယ်"


ကျွင်းချင်းယွီ စဉ်းစားလိုက်သည်။ အချိန်များကြာလာသည်နဲ့အမျှ သူ မေ့‌ပျောက်မိသွားမည်ကို စိုးရိမ်နေမိ၏။


ကျွင်းချင်ယွီထံတွင် ကြောက်ရွံ့စရာ မရှိပေ။


သူ၏ ညအိပ်ဝတ်စုံက ပါးလျလွန်းသည်။ ကြယ်သီးများကိုလည်း တဝက်တပျက် ဖြုတ်ထားသောကြောင့် ပခုံးနှစ်ဖက်မှတဆင့် တံတောင်ဆစ်အထိ လျှောကျနေသေး၏။ အရောင်ရင့်ရင့် ညအိပ်ဝတ်စုံက သူ၏အသားအရောင်နှင့် ဆန့်ကျင်ဘက်ဖြစ်နေပြီး အသားအရည်ကို ပို၍ ဖြူစင်ပုံ‌ပေါ်‌စေသည်။


အင်္ကျီစက သူ၏ခါးတဝိုက်တွင် အနည်းငယ် တွန့်ကြေနေသော်လည်း သူ ထလိုက်သည့်အချိန်တွင် ခေါက်ရိုးများက ချက်ချင်း ပြန့်သွားပြီး ခြေနှစ်လှမ်းသုံးလှမ်း လျှောက်လာပြီးသည့်အခါတွင် တွန့်ကြေရာများက သိသိသာသာ ပျောက်ကွယ်‌သွားလေသည်။


ကျွင်းချင်ယွီသည် ယခင်ဝတ်စုံကို ပြန်မလဲတော့ဘဲ ဗီရိုထဲမှ အသစ်တစ်စုံကို ထုတ်လိုက်သည်။ ညအိပ်ဝတ်စုံများ မရှိသော်လည်း ထသွားထလာ ဝတ်လို့ရသည့် အဝတ်အစားများ သူ့ထံတွင် အများကြီးရှိနေဆဲ ဖြစ်၏။


ထုတ်ယူလိုက်သည့် အဝတ်အစားများကို လက်ထဲတွင် ကိုင်ထားရခြင်းက သိပ်ပြီး အဆင်မပြေလှပေ။ သူသည် အရှိန်မထိန်းနိုင်ဘဲ ခလုတ်တိုက်ပြီး လဲကျလုမတတ်ဖြစ်သွား၍ မသိစိတ်မှတဆင့် ရှေ့သို့ ယိုင်လဲသွားကာ ကုတင်ပေါ်ရှိ ဗီရိုကို မျက်နှာမူထားသည့် သူ၏ ဉာဏ်ရည်တုစက်က အောက်ဘက်သို့ အနည်းငယ် တိမ်းစောင်းသွားလေသည်။


ဖုယွမ်ချွမ်း၏ အသက်ရှုသံများ ရပ်တန့်သွားသည်။


အခန်းသည် တိတ်ဆိတ်နေပြီး သိမ်မွေ့ငြင်သာသော လှုပ်ရှားမှုအနည်းငယ်ကအစ အသံကြားနေရသည်။


ကျွင်းချင်ယွီလည်း ဘာကိစ္စမှမဖြစ်ခဲ့သလို အဝတ်အစားအချို့ကို ချွတ်ပြီး တစ်ဖက်သို့လှည့်၍ ကုတင်ဘေးတွင် ဒူးထောက်ကာ ယူလာသည့် ဘောင်းဘီကို လဲလိုက်သည်။ သူ ရှက်ကိုးရှက်ကန်းဖြင့် ကြည့်လိုက်သောအခါ ဖုယွမ်ချွမ်းသည် ဗီဒီယိုခေါ်ဆိုမှု၏ အခြားတစ်ဖက်မှတဆင့် ဘာတစ်ခုမှ မကြုံခဲ့ရသလို တည်ငြိမ်စွာဖြင့် ကြည့်နေလေသည်။


ဖုယွမ်ချွမ်းသည် ကုတင်ပေါ်တွင် လဲလျောင်းနေဆဲဖြစ်ပြီး ဗီဒီယိုချတ်၏ထောင့်မှတဆင့် များများစားစား မမြင်နိုင်လိုက်ပေ။ ထို့အပြင် သူ၏ခန္ဓာကိုယ်ကိုလည်း စောင်ဖြင့် ဖုံးအုပ်ထားဆဲ ဖြစ်ပါသည်။


ကျွင်းချင်ယွီသည် မျက်ခုံးပင့်လိုက်ကာ သူ၏ညအိပ်အင်္ကျီကို ချွတ်၍ ရှပ်အင်္ကျီကို အေးအေးဆေးဆေး ဝတ်လိုက်လေသည်။ သူသည် မကျေမနပ်ဖြင့် အင်္ကျီလက်ကို ခေါက်တင်ကာ လက်ချောင်းများကို ပွတ်သပ်လိုက်သည်။ တစ်ဘက်က ပြောလာမည့်စကားကို မစောင့်တော့ဘဲ သူ၏ဘယ်ဘက်လက်ကို ပါးစပ်နားသို့ မြှောက်လိုက်၍ နှစ်ကြိမ်ခန့် လျှာဖြင့်လျက်လိုက်သည်။


 "ကျွင်းချင်ယွီ"


သူ၏လက်ချောင်းများက ရပ်တန့်သွားပြီး အူတူတူ အကြည့်လေးဖြင့် အပြစ်ကင်းစင်စွာ မော့ကြည့်လိုက်လေသည်။


ဖုယွမ်ချွမ်းသည် သူ၏အမည်အား အလွန် လေးနက်စွာ ခေါ်ခြင်းကို ကြားရသည်မှာ ရှားပါးလွန်းသည်။ အကယ်၍ သူ၏အသံသည် အနည်းငယ် ကွဲအက်ကာ ဆွဲဆောင်မှုမရှိနေခဲ့ပါက ပို၍ ကြောက်စရာ ကောင်းပေလိမ့်မည်။


ကျွင်းချင်ယွီသည် ဖုယွမ်ချွမ်း တိတ်ဆိတ်နေသည်ကို သတိပြုမိသွားသောကြောင့် ‌ကြောက်ရွံ့မှုများ အနည်းငယ် လျော့ကျသွားပြီး အချိန်ထပ်ပြီးမဆွဲတော့ပေ။ သူ အဝတ်အစားများကို အမြန်လဲပြီး‌ ပြုံး၍ ဖန်သားပြင်ပေါ်မှတဆင့် ဖုယွမ်ချွမ်းကို နမ်းလိုက်သည်။  


"ကျွန်တော် သွားတော့မယ်နော်၊ ညကျမှ တွေ့မယ်"


ဗီဒီယိုခေါ်ဆိုမှုက ရုတ်တရက် ပြတ်တောက်သွားသည်။


ဖုယွမ်ချွမ်း "…….."


 —


ကျွင်းချင်ယွီသည် ဉာဏ်ရည်တုစက်ကို အိပ်ကပ်ထဲ ထည့်၍ စိတ်ကောင်းဝင်နေသည့်မျက်နှာထားပုံစံသို့ ပြောင်းလိုက်ပြီးနောက် အောက်ထပ်သို့ ဆင်းလာခဲ့သည်။ ရှီခိုင်ရှင်းလည်း အပြင်ဘက်တွင် ကင်းလှည့်နေရာမှ ပြန်ရောက်လာလေသည်။


 "မဒမ်"


ကျွင်းချင်ယွီက ခေါင်းညိတ်၍ မေးလိုက်သည်။


 "ယောင်ယောင် ပို့လိုက်တဲ့ မက်ခါ ဘယ်မှာလဲ "


 ရှီခိုင်ရှင်းက ပြောသည်။


"ဥယျာဉ်ထဲမှာ ရှိနေတုန်းပါပဲ၊ စက်ပြင်ဆရာ လာယူသွားဖို့ကို စောင့်နေပါတယ်"


 "ခဏ ရွှေ့ဆိုင်းထားလိုက်၊ ငါ လုပ်စရာလေးရှိလို့"


 "ဟုတ်ကဲ့ပါ မဒမ်"


ကျွင်းချင်ယွီ လှည့်၍ ဥယျာဉ်ထဲသို့ ထွက်လာခဲ့သည်။ မက်ခါ၏ စိတ်စွမ်းအင်ထိန်းချုပ်မှုယူနစ်သည် မက်ခါတစ်ခုလုံး၏ အမျိုးမျိုးသော ထိန်းချုပ်မှုစနစ်များနှင့် ချိတ်ဆက်ထားပြီး ၎င်းကို ဖယ်ထုတ်ပစ်ခြင်းက မက်ခါကို ဖျက်ဆီးလိုက်ခြင်းနှင့် ညီမျှသည်။


သို့သော် ဤမက်ခါ၏ ထိန်းချုပ်မှုယူနစ်သည် အပေါ်ယံမျှသာဖြစ်ပြီး သာမန် မက်ခါများနှင့် ကွဲပြားပါသည်။


ကျွင်းချင်ယွီသည် လက်ထဲတွင် ယောင်ယောင် ပြင်ဆင်ပေးထားသည့် တင်ဆပ်မှုလမ်းညွှန်စာအုပ်နှင့် အခြားတစ်ဖက်က ကိရိယာတစ်ခုကို ကိုင်ဆောင်ထားလျက် ထိန်းချုပ်မှုယူနစ်ကို ရှာဖွေရန် ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်နေသည်။


သူသည် စက်မောင်းခန်းတွင် ထိုင်နေလျက်က ယူနစ်ကိုဖြုတ်၍ သူ၏လက်ကို ထိန်းချုပ်ကိရိယာပေါ် တင်ထားလိုက်သည်။


'တီတီ! သတိပေးချက် သတိပေးချက်'


'ယူနစ်ထဲတွင် မက်ခါ၏ အဓိက လျှို့ဝှက်ချက်များပါဝင်ပါသည်။ ကျေးဇူးပြု၍ ချက်ချင်း ရပ်လိုက်ပါ'


'သတိပေးချက် သတိပေးချက်'


ဖယ်ထုတ်ခြင်းကိစ္စဟာ အလွန် လွယ်ကူသည်တော့ မဟုတ်ပါ။ ၎င်းသည် ထိပ်ပိုင်းတွင် ဝက်အူအနည်းငယ်သာ ရစ်ပတ်ထားခြင်းမျိုး မဟုတ်ဘဲ အထူးကိရိယာများ တပ်ဆင်ထားကြောင့် အချိန်အတော်ပေးရပြီး ငြီးငွေ့ဖွယ်ကောင်းပါသည်။


အသံက အဆက်​မပြတ် ထွက်လာနေသည်။ ကျွင်းချင်ယွီသည် မျက်မှောင်ကြုတ်၍ နောက်ထပ် ဘုတ်ပြားတစ်ပြားကို ဖြုတ်လိုက်၏။


'သတိပေးချက်! တစ်စုံတယောက်က မက်ခါကို ပြင်းပြင်းထန်ထန် ‌ဖျက်ဆီးနေပါသည်'


အချက်ပေးသံက အနည်းငယ် ပို၍ ပြင်းထန်လာသည်။


ကျွင်းချင်ယွီသည် ကိရိယာကို ခပ်မြင့်မြင့် မြှောက်ကိုင်ကာ ပင်မထိန်းချုပ်မှုစနစ်ကို ရည်ရွယ်၍ ဖြိုချရန်အတွက် ကိုင်တွယ်တော့မည့် အခိုက်အတန့်တွင် ရပ်တန့်သွားသည်။


 အချက်ပေးသံက ချက်ချင်း ရပ်တန့်သွားပြီး မီးအနီရောင် မှိတ်တုတ်မှိတ်တုတ်က ရုတ်တရက် အစိမ်းရောင်သို့ ပြောင်းလဲသွား၏။


ထို့နောက် အားနည်းသည့်အသံလေးတစ်သံက ထွက်ပေါ်လာလေသည်။


'တီ.... ကံကောင်းပါစေ'


ထိုအသံထွက်လာပြီးနောက်တွင် ကျွင်းချင်ယွီသည် ဆက်လက် ဖျက်ဆီးခဲ့ပြီး သတိပေးချက်အသံများ ထပ်မံ ထွက်ပေါ်လာခြင်း မရှိတော့ပေ။


အလွန်ရှည်ကြာသော ဖျက်ဆီးခြင်း လုပ်ငန်းစဉ်ပြီးသည့်နောက်ဆုံးတွင် ထိန်းချုပ်ယူနစ်ကို ဖယ်ထုတ်နိုင်ခဲ့လေသည်။ မက်ခါသည် မည်သည့် ပြဿနာမှမရှိဘဲ လည်ပတ်နေပုံ ပေါ်ပြီး အနည်းဆုံးတော့ အလုံးစုံ မပျက်ဆီးသွားခဲ့ပေ။


ကျွင်းချင်ယွီသည် အဖုံးများကို ပြန်လည်တပ်ဆင်ပြီး အင်ဂျင်ခလုတ်ကို နှိပ်ကာ လောကအသက်စွမ်းအင်ဖြင့် ၎င်းကို ပြန်လည် ချည်နှောင်လိုက်သည်။ ခဏအကြာတွင် မီးအစိမ်းရောင်သည် လိမ္မော်ရောင်သို့ ဖျတ်ခနဲ လင်းသွားပြီး နောက်ဆုံးတွင် အဖြူရောင်သို့ ပြောင်းသွား၏။


 'တီ... ချည်နှောင်မှု အောင်မြင်ပါသည်'


ကျွင်းချင်ယွီသည် သူ၏ မျက်ခုံးအလယ်ဗဟိုကို ဖိထားလိုက်ပြီး လောကအသက်စွမ်းအင်သုံးစွဲမှုက အနည်းငယ်လွန်ကဲသွားသည်ဟု ခံစားနေမိသည်။


လောလောဆယ်တွင် လင့်ခ်တစ်ခုကိုသာ ဖယ်ထုတ်နိုင်သေးသောကြောင့် စစ်မှန်သည့် ထိန်းချုပ်မှု မရရှိသေးပါ။ မက်ခါသည် အခြားစက်ပစ္စည်းများထက် လုပ်ငန်း အပြည့်အဝ လုပ်ဆောင်နိုင်ရန် လောကအသက်စွမ်းအင် များစွာ လိုအပ်သော ကြီးမားသည့် စက်ပစ္စည်းတစ်ခု ဖြစ်သည်။


ထိန်းချုပ်ကိရိယာကို ဖယ်ရှားလိုက်သည့်အတွက် အာရုံခံနိုင်စွမ်းအဆင့်သည် မက်ခါ၏အခြားအစိတ်အပိုင်းများနှင့် မတူညီနိုင်တော့ဘဲ ကွာခြားသွားလိမ့်မည် ဖြစ်၏။


ကျွင်းချင်ယွီသည် ထိုင်၍ တခဏ အနားယူလိုက်သည်။ သူ၏လောကအသက်စွမ်းအင် မလုံလောက်တော့သည့်အခါတွင် ရေသူအဖြစ်သို့ အသွင်မပြောင်းသွားစေနိုင်ရန်အတွက် သူသည် စစ်ဆင်ရေးနည်းပညာများကို စတင် မလေ့ကျင့်မီ ပုံမှန်အခြေအနေသို့ ပြန်ရောက်စေရန် အချိန်တခဏ အနားယူရန် လိုအပ်ပေသည်။


ဖုယွမ်ချွမ်း အနား၌ မရှိသည့်အချိန်တွင် ရေသူအဖြစ်သို့ အသွင်ပြောင်းသွားခြင်းက သူ့အတွက် စိတ်ကူးကြည့်၍မရနိုင်လောက်အောင် အန္တရာယ်များလွန်းပါသည်။


သူသည် အခုချိန်ထိ အလုပ်နေရာသို့ ပြန်မလာနိုင်သေးပါ။ ရှီခိုင်ရှင်းက သူ နေရာ၌မရှိသည်ကို သတိရမိသွားပါက ဤဇာတ်လမ်း၏ နောက်ဆက်တွဲ အကျိုးဆက်များက ပို၍ပင် ရှုပ်‌ထွေးကုန်လိမ့်မည်။


သူ တစ်ဦးတည်း လေ့ကျင့်သည့်အချိန်တွင် အထူးသတိထားရန် လိုအပ်ပေသည်။


ရှီခိုင်ရှင်း ရောက်လာသည့်အချိန်တွင် မက်ခါသည် ဖြည်းဖြည်းချင်း ခြေလှမ်းနေသည်ကို သူ မြင်တွေ့လိုက်ရ၏။ သူက မက်ခါ၏ဘေးတွင်ရပ်၍ အော်ပြောလိုက်သည်။


"မဒမ် ဒစ်ဆန်မြို့စားက အလည်ရောက်လာပြီး မဒမ်နဲ့ တွေ့ချင်တယ်လို့ ပြောပါတယ်"


ကျွင်းချင်ယွီ လုပ်လက်စများ ရပ်တန့်သွားသည်။ 


ဒစ်ဆန်မြို့စား ... ထိုအမည်ကို ရင်းနှီးနေသော်လည်း သူ၏မှတ်ဉာဏ်ထဲတွင် ထိုအမည်နှင့် သက်ဆိုင်သောလူ၏မျက်နှာကို မမှတ်မိတော့ပေ။


ကျွင်းချင်ယွီ ရပ်တန့်သွားသည်ကို ကြည့်၍ ရှီခိုင်ရှင်းက ချက်ချင်း ဆက်ပြောသည်။


 "မြို့စားက မဒမ်နဲ့ အရေးတကြီး ဆွေးနွေးစရာရှိတယ်လို့လည်း ပြောပါတယ်"


"သူ့ကို ဧည့်ခံခန်းထဲမှာ စောင့်ခိုင်းထားလိုက်ပါ"


 "ဟုတ်ကဲ့ မဒမ်"


အတိတ်ကာလများက နန်းတော်ထဲတွင် အမှုကိစ္စများ ဆွေးနွေးကြလေ့ရှိသော်လည်း သူတို့ မလှုပ်ရှားခဲ့သေးပေ။ ကျွင်းချင်ယွီသည် ဗီလာ၌ ရှိခြင်းကို ပို၍ ကျင့်သားရနေခဲ့ပြီး စစ်ပွဲ ပြီးဆုံးသည့်အချိန်အထိ နေအိမ် အပြောင်းအရွှေ့ကို စောင့်ဆိုင်းရပေမည်။


အချို့သော ပွဲအခမ်းအနားများမှလွဲ၍ ယခုက သူသည် မှူးမတ်များနှင့် ပထမဆုံးအကြိမ် တရားဝင် တွေ့ဆုံခြင်း ဖြစ်၏။


မှူးမတ်များထံမှ အစီအရင်ခံသော စာတမ်းများနှင့် အမှုကိစ္စများစွာကို ဖတ်ရှုကြည့်ပြီးသည့်နောက်တွင် ကျွင်းချင်ယွီသည် သူတို့ ရည်ညွှန်းသော 'အရေးကြီးကိစ္စများ' နှင့် ပတ်သက်၍ မည်သည့် သဘောထားမှ မရှိခဲ့ပေ။


သူတို့သည် သူတို့၏ အသေးအမွှားကိစ္စများကို ကြီးကြီးကျယ်ကျယ် ပြုလုပ်ရာတွင် အလွန် တော်ကြပြီး ဘာတစ်ခုမှမလုပ်ကိုင်ဘဲ ပြဿနာသာရှာတတ်ကြလေသည်။


Xxxxxx