Chapter 112
မှူးမတ်များထံမှ အစီအရင်ခံသော စာတမ်းများနှင့် အမှုကိစ္စများစွာကို ဖတ်ရှုကြည့်ပြီးသည့်နောက်တွင် ကျွင်းချင်ယွီသည် သူတို့ ရည်ညွှန်းသော 'အရေးကြီးကိစ္စများ' နှင့် ပတ်သက်၍ မည်သည့် သဘောထားမှ မရှိခဲ့ပေ။
သူတို့သည် သူတို့၏ အသေးအမွှားကိစ္စများကို ကြီးကြီးကျယ်ကျယ် ပြုလုပ်ရာတွင် အလွန် တော်ကြပြီး ဘာတစ်ခုမှမလုပ်ကိုင်ဘဲ ပြဿနာသာရှာတတ်ကြလေသည်။
အနည်းငယ်လောက် မိမိကိုယ်ကိုယ် ပြင်ဆင်ပြီးနောက်တွင် ကျွင်းချင်ယွီသည် ဧည့်ခန်းထဲသို့ လျှောက်လာခဲ့၏။
အိမ်ထဲတွင် အခိုင်းအစေများ မရှိသည့်အပြင် လက်ဖက်ရည်နှင့် ရေ ယူဆောင်လာပေးရန်အတွက် စက်ရုပ်များလည်း မရှိပါ။ စက်ရုပ်များသည် သန့်ရှင်းရေးအတွက်သာ အဓိကထားပြီး ရှီခိုင်ရှင်းသည် လူများကိုသာ ဦးဆောင်နိုင်သော်လည်း လက်ဖက်ရည် ချပေးရန်တော့ နားမလည်ခဲ့ချေ။
ကျွင်းချင်ယွီ ပြင်ဆင်နေသည့် အချိန်အတွင်း ဒစ်ဆန်မြို့စားသည် ဧည့်ခန်းအတွင်၌ ခြောက်သွေ့စွာ ထိုင်နေခဲ့ရလေသည်။
သို့သော်လည်း မြို့စားသည် ဒေါသဖြစ်နေသည့် အမူအရာမရှိကြောင်း သူ ရိပ်မိလိုက်သည်။ ဒစ်ဆန်မြို့စား သည် သူ ဝင်လာသည်ကို မြင်သောအခါ မိမိ၏ဆန္ဒအရ မတ်တပ်ရပ်၍ အရိုအသေပေးလိုက်သည်။
“အရှင်"
ကျွင်းချင်ယွီသည် မြို့စားကြီး၏အမည်ကို ရင်းနှီးနေသည်ဟု ထင်ရသည့် အကြောင်းရင်းကို သတိရမိသွားသည်။
သူ စာတမ်းများကို ဖတ်ရှုချိန်၌ စမ်းသပ်ဆဲ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များကို အခမဲ့ ဝေငှပေးခဲ့သော အမှုထမ်းမှာ ထိုမြို့စားကြီးပင် ဖြစ်သည်။ ထို့နောက် ဒစ်ဆန်မြို့စား ရောက်ရှိလာသောအခါ သူ တင်ပြချင်သော ကိစ္စသည် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များနှင့် ဆက်စပ်နေသည် ဟု ထင်မြင်မိလိုက်၏။
ကျွင်းချင်ယွီသည် လက်ဖက်ရည်စားပွဲ၏ တစ်ဖက်ခြမ်းတွင် ထိုင်ကာ ခပ်တည်တည်ဖြင့် ပြောလိုက်သည်။
"လာရင်းကိစ္စကို ပြောပါ"
ဒစ်ဆန်မြို့စားသည် ခေါင်းကို အနည်းငယ်မော့၍ ပြောလိုက်၏။
“အင်ပါယာဟာ နှောင်းပိုင်းကာလကတည်းက ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး အင်ပါယာအရှင်ဟာလည်း စစ်မြေပြင်ကို ရောက်ရှိနေခဲ့ပါတယ်။ အဲ့တာကြောင့် အရှင့်အနေနဲ့ အင်ပါယာရဲ့ အရေးကိစ္စများကို စီမံခန့်ခွဲရန် ကြိုးပမ်းခဲ့တာလည်း အမှန်ပါပဲ"
သူသည် ပြောစရာရှိသော်လည်း တိုက်ရိုက်မပြောဘဲ သွယ်ဝိုက်နေ၏။ ကျွင်းချင်ယွီသည် ခေါင်းကို မော့၍ သူ့ကို တစ်ချက်ကြည့်လိုက်သည်။
ဒစ်ဆန်မြို့စားက ပြုံး၍ ဆက်ပြောသည်။
“ကျွန်တော် စမ်းသပ်နေတဲ့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက် အသစ်တွေရဲ့ အစီအစဉ်နဲ့ ပတ်သက်တဲ့ အဆိုပြုချက်တစ်ခုကို တင်ပြခဲ့ပေမယ့် တရားဝင် အကြောင်းပြန်လာခြင်း မရှိသေးပါဘူး။ ကျွန်တော် တစ်ပြိုင်နက်တည်း တင်ပြခဲ့တဲ့ စာတမ်းအချို့ကိုတော့ ဖြေကြားထားပြီးပါပြီ”
“သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို စမ်းသပ်ဖို့ ဆုံးဖြတ်လိုက်တာက ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက် မဟုတ်ပါဘူး”
ထိုစာတမ်းကို ကျွင်းချင်ယွီ တစ်ဦးတည်းက ထုတ်ယူထားခြင်း ဖြစ်သည်။ မည်သည့်အဖြေမှ မတုံ့ပြန်ခြင်းဟာ မည်သည့် အဓိပ္ပါယ်ဆိုတာ ထင်ရှားနေသည် ဟု သူ ယူဆပါသည်။ ဒစ်ဆန်မြို့စားသည် ထိုကိစ္စနှင့်ပတ်သက်ပြီး မေးမြန်းရန်အတွက် သူ၏အိမ်တံခါးဝတွင် ပေါ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ဒစ်ဆန်မြို့စားက ကျွင်းချင်ယွီ ပြောသည်ကို မယုံကြည်ဘဲ အပြုံးတစ်ခုဖြင့် ပြန်ပြောလိုက်သည်။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ၊ အင်ပါယာအရှင်ရဲ့ အခွင့်အာဏာက အင်ပါယာအတွင်း တစ်ဦးတည်းအောက်မှာ ရှိနေတယ်လို့ ယူဆနိုင်ပြီးတော့ အရှင်တို့နှစ်ယောက်လုံးက တဦးနဲ့တစ်ဦး လုပ်ပိုင်ခွင့်ချင်း တူညီကြတယ်လေ၊ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို ကိုင်တွယ်ပိုင်ခွင့်မရှိဘူးဆိုတာ ကျွန်တော် မယုံကြည်ပါဘူး.. ၊အရှင်ရော လက်ခံပါရဲ့လား”
ကျွင်းချင်ယွီက သူ့ကို အကြည့်စူးစူးဖြင့် ကြည့်လိုက်သည်။ သူ၏လက်ချောင်းများ တဖြည်းဖြည်း တင်းကြပ်လာပြီးနောက် သူ့ကိုယ်သူ ထပ်တလဲလဲ သတိပေးလိုက်မိသည်- ငါ သူ့ကို ကိုယ်ထိလက်ရောက် ကျူးလွန်လို့ မဖြစ်ဘူး။
“ဒါ့အပြင် ကျွန်တော်ရဲ့မိသားစုထဲက လူငယ်လေးတွေဆီကနေ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်ဆိုင်တွေက လတ်တလောမှာ မဖွင့်သေးဘူး လို့ ကြားသိရပါတယ်။ ဒီလိုဆိုရင် စိုက်ပျိုးထားတဲ့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို အရှင့်အနေနဲ့ ဘာဆက်လုပ်ဖို့ အစီအစဉ်ရှိပါသလဲ"
ဒစ်ဆန်မြို့စားသည် သူ၏ဆန္ဒအလျောက် အိမ်တံခါးဝသို့ ရောက်လာကတည်းက သူသည် သဘာဝကျကျ အကြောင်းပြချက်များကို ကောင်းမွန်စွာ ပြင်ဆင်ထားလေသည်။
“အင်ပါယာမှာ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေ ရှားပါးလာတာ ကြာနေပါပြီ၊ ယခုချိန်မှာ သစ်သီးဝလံနဲ့ အသီးအနှံအသစ်တွေရဲ့ နောက်ဆုံးထွက်ကုန်တွေကို ဘယ်သူ့ကိုမှ ရိတ်သိမ်းပြီး စားသုံးခွင့်မပေးဘဲ မြေကြီးပေါ်မှာ ပုပ်သိုးသွားအောင် ထားထားသင့်ရဲ့လား”
ဒစ်ဆန်မြို့စားက လေးနက်စွာဖြင့် ပြောသည်။
“ဒါက အလွန်ဖြုန်းတီးရာကျတာပဲ မဟုတ်ဘူးလား”
ကျွင်းချင်ယွီက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"မြို့စားကြီး သိပ်ကို အလိုရှိနေတယ်ဆိုရင်တော့ အဲဒီကိစ္စကို လျှောက်ထားဖို့ ကူညီပြီး အင်ပါယာအရှင်နဲ့ လူချင်းတွေ့ပြီး စကားပြောခွင့်ပေးပါ့မယ်"
သူတို့ထံတွင် ပိုလျှံနေသော သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကို ဖုယွမ်ချွမ်း၏တပ်သားများအတွက် ဦးစားပေးကြရသည်။ စစ်ပွဲက နီးလာပြီဖြစ်သောကြောင့် စစ်မြေပြင်တွင် ထူးခြားသည့် စိတ်စွမ်းအင်ရှိသော စမ်းသပ်မှုဘာသာရပ်များနှင့် ကြုံတွေ့လာရသောအခါ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များကို တပ်ဖွဲ့များထံသို့ ဦးစွာ ပေးအပ်ရမည်မှာ အသေအချာပင်။
"အရှင် ဒီလိုပြောတာက လူသားမဆန်ဘူး လို့ ထင်ပါတယ်"
ဒစ်ဆန်မြို့စားသည် သူ့အား စကားလုံးများဖြင့် ချိုသာစွာ ချော့ပြောခြင်းက အသုံးမဝင်နိုင် ဟု မြင်သွားပုံရကာ ဆက်၍ ပြောသည်။
“အရှင်က ဒီရာထူးနေရာကို အခုမှ တက်လာတာ ဖြစ်တဲ့အတွက် တချို့ကိစ္စတွေနဲ့ ပတ်သက်ပြီး အများကြီး မသိသေးတာ ဖြစ်နိုင်ပါတယ်၊ အရှင်က ငယ်ရွယ်ပါသေးတယ်၊ တချို့ကိုင်တွယ်ရခက်တဲ့ ကိစ္စတွေကို ကျွန်တော့်ဆီ လွှဲပေးလို့ရပါတယ်၊ အရှင် ဘယ်လိုသဘောရလဲ "
" မြို့စားကြီးက ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ လို့ ထင်မိပါတယ်"
“……?”
ဒစ်ဆန်မြို့စားသည် သူ၏ပါးစပ်ကို ဖွင့်လိုက်ပိတ်လိုက်လုပ်နေသော်လည်း သူ ပြင်ဆင်လာသည့် စကားလုံးများကို ပြန်မပြောနိုင်ဘဲ တခဏခန့် ဆွံ့အသွားလေသည်။
ဒစ်ဆန်မြို့စား၏ အဆင့်အတန်းသည် မိဘမျိုးရိုးအရှိန်အဝါထံမှ ဆင်းသက်လာခဲ့ခြင်း ဖြစ်၏။ ယခုအခါတွင် တော်ဝင်အရှင်မင်းမြတ်သည် တသီးတသန့်ဖြင့် ကန့်သတ်ထိန်းချုပ်ခြင်းခံထားရသော်လည်း သူသည် သွားလေရာတိုင်းတွင် အမြဲ လေးစားမှုပေးခြင်း ခံခဲ့ရလေသည်။ ကျွင်းချင်ယွီက ထိုစကားကို ပြောလိုက်သည့်အခါ သူသည် အချိန်အတော်ကြာသည်အထိ အံ့ဩတုန်လှုပ်သွား၏။
ကျွင်းချင်ယွီမှာ ဧကရီတစ်ဦး၏ နေရာက အတော်လေး အဆင်မပြေဟု ခံစားနေရသည်။ အကယ်၍ သူသာ ကြင်ယာတော်တစ်ပါး မဟုတ်ပါက ဒစ်ဆန်မြို့စား၏လည်ပင်းကို ဖြတ်ထားနှင့်ပြီး ဖြစ်ပေမည်။
ဧကရီတစ်ပါးအနေဖြင့် ဂုဏ်သိက္ခာများ စောင့်ထိန်းရန် လိုအပ်သည်။
ဒစ်ဆန်မြို့စား၏မျက်နှာအမူအရာက အနည်းငယ်ပြောင်းလဲသွားကာ
"အရှင် ဘာကို ဆိုလိုတာလဲ"
"ကိုယ့်ကိစ္စပဲ ကိုယ်ဂရုစိုက်ပါ"
ထိုစကားကို ပြောပြီးသောအခါ ကျွင်းချင်ယွီသည် ဒစ်ဆန်မြို့စားထံ၌ အာရုံမရှိတော့ဘဲ ထွက်ခွာရန် ထလိုက်သည်။
ဒစ်ဆန်မြို့စားက အေးစက်စွာ ပြောသည်။
"အရှင်... ဒီစကားက မသင့်တော်ပါဘူး၊ ပြောစရာတောင် မလိုအောင် ကျွန်တော်က အရှင့်ထက် အသက်အရွယ်ကြီးသူ တစ်ယောက်ပါ၊ အရှင်က ရာထူးကို ရတာမကြာသေးတာမလို့ အရှင့်ရဲ့ကလေးဆန်မှုကို ကျွန်တော် ဗွေမယူတော့ပါဘူး၊ ကျွန်တော်က ရိုးရိုးရှင်းရှင်း အကြံဉာဏ်ပေးခြင်းသက်သက်ပါပဲ၊ အရှင်က လူကြီးသူမဖြစ်တဲ့ ကျွန်တော့်ကို ဆရာလုပ်နေတာ"
“ရှင်းရှင်းပြောရမယ်ဆိုရင် အရှင်က ဘယ်ကရောက်လာမှန်းတောင် ကျွန်တော်တို့ မသိပါဘူး၊ ကံကောင်းပြီး ဧကရီတစ်ယောက်အနေနဲ့ ဒီရာထူးကို ရခဲ့တာ၊ ဒါက အင်ပါယာအရှင်ရဲ့ကျေးဇူးကြောင့်ပဲမလား၊ အင်ပါယာအရှင်ရဲ့အနားမှာ လူတွေ အများကြီးရှိလာလို့ အရှင့်ရဲ့ဖြစ်တည်မှုကို မေ့သွားခဲ့ရင် အရှင့်မှာ ဘာကျန်ခဲ့မှာတဲ့လဲ"
ကျွင်းချင်ယွီ၏အမူအရာက အေးခဲသွားသောကြောင့် ဒစ်ဆန်မြို့စားသည် သူ့အား ကြောက်လန့်နေပြီဟု ထင်မှတ်သောကြောင့် လှောင်ပြောင်လိုက်သည်။
"ကျွန်တော်ပြောတာ အမှားပါလို့လား"
ကျွင်းချင်ယွီက လှည့်၍ အနောက်သို့ပြန်လျှောက်လာ၏။ သူက ဒစ်ဆန်မြို့စား၏ဘေးတွင်ရပ်ကာ ကုလားထိုင်ပေါ်တွင်ထိုင်နေသော မြို့စားကို ငုံ့၍ ကြည့်လိုက်သည်။
ဒစ်ဆန်မြို့စားက အေးဆေးတည်ငြိမ်သောအမူအရာဖြင့် ဆက်ပြောသည်။
"အရှင် စိုးရိမ်ဖို့ မလိုပါဘူး၊ အနည်းဆုံးတော့ အင်ပါယာအရှင်ရဲ့ဘေးနားကလူက အရှင်တစ်ယောက်တည်း ရှိပါသေးတယ်၊ အခွင့်အရေးရှိနေတုန်း အရှင့် လက်ထဲ အာဏာရောက်လာအောင် ဘာကြောင့် မယူချင်ရတာလဲ၊ ဟင်... အရှင်ဘယ်လိုထင်… အိုး.... ဘာလုပ်တာလဲ”
သူ၏ စကားမဆုံးမီတွင် ကျွင်းချင်ယွီသည် ဒစ်ဆန်မြို့စားကို သူ၏ ကော်လာနောက်ကျောက ကိုင်၍ ဆွဲထုတ်ပြီးနောက် ကြမ်းပြင်ပေါ်သို့ ကန်ချလိုက်သည်။
“အား…မင်း....”
အချိန်အတော်ကြာသည်အထိ လေးစားခြင်းခံခဲ့ရပြီး အဆင့်အတန်းတစ်ခုတွင် ရှိနေခဲ့သော ဒစ်ဆန်မြို့စားသည် သူ၏ အသက်အရွယ်ကြောင့် လှုပ်ရှားနိုင်မှု အားနည်းလာသည့်အတွက် ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီး အချိန် အနည်းငယ်ကြာသည်အထိ ပြန်မထနိုင်ပေ။
ကျွင်းချင်ယွီသည် နှေးကွေးစွာဖြင့် ရှေ့သို့တိုးလာကာ သူ၏ခါးကို လှမ်းကိုင်၍ တဖြည်းဖြည်း အားထည့်လိုက်သည်။
“ဖုယွမ်ချွမ်းက စိတ်ထားကောင်းတယ်၊ ဒီလို အဖြစ်အပျက်တွေ ကြုံလာတဲ့အခါ မှူးမတ်တွေပါ ဆိုတဲ့ဆင်ခြင်နဲ့ လျှော့ပေးလိုက်လိမ့်မယ်၊ ဒါပေမယ့် ငါကတော့ မလုပ်ဘူး”
အပြင်ဘက်တွင် ရှီခိုင်ရှင်းသည် အထဲမှ အသံများကို သတိထားမိပြီး တံခါးကို ချက်ချင်း လာခေါက်သည်။
"မဒမ်..."
ကျွင်းချင်ယွီက ညှာတာစွာဖြင့် ပြောလိုက်သည်။
"ဝင်လာခဲ့"
တံခါးဖွင့်လိုက်သည်နှင့် ကျွင်းချင်ယွီသည် ကြမ်းပြင်ပေါ်တွင်ရှိနေသည့် ဒစ်ဆန်မြို့စားကို ကန်ထုတ်လိုက်ပြီး
"သူ့ရဲ့ ဒီခြေထောက်အကျိုးနဲ့ သူ့ကိုယ်သူ ပြန်သုံးသပ်နိုင်ဖို့ သူ့အိမ်ရှေ့မှာ ကြိုးတုပ်ထားလိုက်"
ရှီခိုင်ရှင်းသည် သနားစရာ ပုံသဏ္ဍာန်ဖြင့် ခြေထောက်ဒဏ်ရာရနေသည့် ဒစ်ဆန်မြို့စားကို ကြည့်လိုက်သည်။ သူသည် အသက်အရွယ်ရလာပြီဖြစ်၍ ဒဏ်ရာ အနည်းငယ် ရရုံမျှဖြင့် အသက်ဝဝ မရှူနိုင်ပေ။ ကျွင်းချင်ယွီလည်း သူ့စိတ်အလိုကျ လုပ်ခိုင်းထားသည်။ သူ၏အသက်တဝက်ခန့် ဆုံးရှုံးသွားသကဲ့သို့ ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေသေးသည်။
ဒစ်ဆန်မြို့စားသည် အလွန် ဒေါသထွက်နေသောကြောင့် အံကိုကြိတ်ထားလျက် တုန်ယင်နေသည်။
“ငါ.. ငါ အင်ပါယာအရှင်ကို တွေ့ချင်တယ်၊ ဘုရင်မင်းမြတ်ဆီ ကူညီဆက်သွယ်ပေး၊ ငါ…”
"လက်လျှော့လိုက်ပါတော့"
ရှီခိုင်ရှင်းက သက်ပြင်းချလိုက်သည်။ တခြားလူတစ်ယောက်ကဲ့သို့ ပြုမူနေသေးသည်။ ပထမဆုံး ဝင်လာသည့်အချိန်က သူ ကျွင်းချင်ယွီကို မည်သည့်ပုံစံဖြင့် ရန်စနေခဲ့တာလဲ။ ဤနေရာမှာ ပြဿနာလာရှာမည်ဆိုတာ ကြိုသိခဲ့ပါက သူ့ကို အခန်းထဲသို့ ဝင်ခွင့်ပေးမည်ပင် မဟုတ်။
ကျွင်းချင်ယွီသည် သူ့ကို ဘာသိဘာသာဖြင့် ကျော်သွားပြီး ပြောလိုက်သည်။
"သူ့ကို ဆွဲထုတ်သွားလိုက်... ဒီ မျက်စိစပါးမွေးစူးစရာလူကို ငါ့မျက်စိရှေ့အောက်မှာ မမြင်ရစေနဲ့"
"ဟုတ်ကဲ့ပါ မဒမ်"
နှစ်ရှည်လများ အမှုထမ်းခဲ့၍ မှူးမတ်အများအပြားထံမှ အားပေးထောက်ခံမှုကို ရရှိထားသည့် မြို့စားအများစုက ထိုအချိုးအတိုင်းသာ ဖြစ်ကြသည်။ သူတို့ထက် ရာထူးဂုဏ်အရှိန်အဝါ ကြီးမားသော ပုဂ္ဂိုလ်များအား သူတို့၏အသက်ကို လောင်းကြေးထပ်ကာ အာခံရဲသည့်သတ္တိကို မည်သည်ကရမှန်း ရှီခိုင်ရှင်း တကယ်ကို နားမလည်နိုင်ပါ။
ကျွင်းချင်ယွီသည် ဧည့်ခန်းထဲမှ ထွက်လာပြီး ရေတစ်ခွက်သောက်ရန် မီးဖိုချောင်ဘက်သို့ လှည့်လာခဲ့သည်။ ဖုယွမ်ချွမ်း အာဏာ မရှိသည့်ချိန်အတွင်း ထိုမှူးမတ်များသည် ဆိုးရွားသည့် လုပ်ရပ်များကို ကျူးလွန်ခဲ့ကြပြီး မနှစ်မြို့ဖွယ် စကားများစွာကို အချင်းချင်း ပြောဆိုနေခဲ့ကြ၏။ စစ်ပွဲအတွက် ပြင်ဆင်မှုများလုပ်နေရခြင်းနှင့် အချိန်မရှိခြင်းတို့ကြောင့်သာ သူတို့ကို စာရင်းမရှင်းနိုင်သေးခြင်း ဖြစ်သည်။
အမှန်တကယ်ပင် သူသည် သူ့ထံ၌ ကြီးကျယ်ခမ်းနားစွာ ထွက်ခွာသွားခဲ့သည်။
ကျွင်းချင်ယွီ ရေခဲရေကို သောက်ရင်း တွေးလိုက်မိသည်။ မည်သို့ပင်ဆိုစေကာမူ ယခုလောလောဆယ်တော့ သူ အင်ပါယာမှ မထွက်သွားနိုင်သေးပါ။ ဖုယွမ်ချွမ်းနှင့် ဆွေးနွေး၍ နောင်တချိန်အတွက် အန္တရာယ်မျိုးစေ့များ ချန်ထားခဲ့မည်ကို စိုးရိမ်ရသောကြောင့် ထိုမှူးမတ်များကို တစ်ခုခု စီစဉ်မှ ဖြစ်ပေမည်။
သူ ဉာဏ်ရည်တုစက်ကို ဖွင့်ကြည့်ရန် ပြင်လိုက်စဉ်တွင် အပြင်ဘက်မှ တံခါးဖွင့်သံကို ကြားလိုက်ရလေသည်။
ကျွင်းချင်ယွီ အံ့ဩသွား၏။ တံခါးဖွင့်သံ?
ဤအချိန်ကြီး မည်သူက လာ၍ တံခါးကို မခေါက်ဘဲနှင့် တိုက်ရိုက် ဖွင့်နိုင်သနည်း။ သူနှင့် ဖုယွမ်ချွမ်းတို့ နှစ်ဦးတည်းကသာလျှင် ဤအိမ်ရှိ တံခါးကို သော့ဖွင့်ခွင့် ရှိပါသည်။ ရှီခိုင်ရှင်းသည်လည်း ယာယီဝင်ရောက်ခွင့်သာရှိ၍ သူ၏တောင်းဆိုမှုကို ခွင့်ပြုမှသာ ဝင်ခွင့်ရရှိမည် ဖြစ်သည်။
ထိုအကြောင်းကို တွေးမိလေ ပို၍ ထူးဆန်းလေ ဖြစ်သည်။ သို့သော် သူ ထွက်လာသောအခါတွင် ဖုယွမ်ချွမ်းသည် တံခါးဝတွင်ရပ်နေပြီး သူ၏ကုတ်အင်္ကျီကို ချွတ်ကာ ချိတ်တွင် ချိတ်နေသည်ကို တွေ့လိုက်ရ၏။
ကျွင်းချင်ယွီ : "???"
ထိုအခိုက်အတန့်တွင် ကျွင်းချင်ယွီသည် သူ မျက်စိမှားနေခြင်း ဖြစ်မည် ဟု ယုံကြည်နေခဲ့ပြီး ဖုယွမ်ချွမ်းကို သူ လွမ်းဆွတ်တမ်းတနေလွန်းသောကြောင့် ပုံရိပ်ယောင်များပါ မြင်လာရသည် ဟု အထင်မှားနေမိသည်။
ဖုယွမ်ချွမ်းသည်လည်း မီးဖိုချောင်ထဲတွင် ငါးလေးက ခေါင်းကုတ်နေသည်ကို တွေ့လိုက်ရလေသည်။
“ဒီကိုလာပါဦး”
ကျွင်းချင်ယွီ မျက်လုံးများကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။ ထိုအရာက စကားပြောနေသည်။ ၎င်းက ပုံရိပ်ယောင်တစ်ခု မဟုတ်ပါလား။
သူသည် ကြောင်ကြောင်အအဖြင့် အရှေ့သို့ လျှောက်လာပြီး
“ခင်ဗျားက ဒီမှာ ဘယ်လိုလုပ် ရှိနေတာလဲ”
Xxxxx