အပိုင်း ၁၁၃
Viewers 16k

Chapter 113


ဖုယွမ်ချွမ်းသည် သူ၏လက်ကို ငါးလေး၏ ခါးပေါ်တွင်တင်ကာ ခေါင်းငုံ့၍ နှုတ်ခမ်းကို ဖွဖွလေး နမ်းလိုက်သည်။ သူတို့ လူချင်းခွာပြီးသည့်အခါ ဖုယွမ်ချွမ်းက သူ့လက်ထဲမှ ရေခွက်ကိုယူကာ တစ်ငုံသောက်လိုက်သည်။


“အဲဒီဘက်မှာ အခြေအနေတွေက တည်ငြိမ်နေပါပြီ၊ လတ်တလော တိုက်ခိုက်မှုတွေ မလုပ်လာလောက်ဘူး၊ ကိုယ် တစ်ခုခုကို ဂရုစိုက်ဖို့ ပြန်လာခဲ့တာ"


ကျွင်းချင်ယွီသည် နှုတ်ခမ်းကို စူ၍ ဖုယွမ်ချွမ်း ပွေ့ဖက်လာသည့်အခါတွင် သူ့ကို ဆွဲဆိတ်ပစ်လိုက်သည်။


"ခင်ဗျား ကျွန်တော့်ကို ကြိုမပြောဘဲ ပြန်လာတာ" 


ဖုယွမ်ချွမ်း ပြန်လာမည်မှန်း သူ သိခဲ့မည်ဆိုလျှင် သူ့ကို ကျိန်းသေပေါက် လာကြိုရန် ထွက်လာမည် ဖြစ်ပါသည်။


 "ကိုယ် မနက်က ပြောပြမလို့ပါပဲ" 


 နောက်တစ်ခွန်း သူ မပြောရသေးမီတွင် ကျွင်းချင်ယွီသည် ခြေတစ်လှမ်းသာ၍ ဗီဒီယိုကို ပိတ်လိုက်သောကြောင့် သူ ပြောပြရန် အချိန်မရလိုက်ပေ။


 ကျွင်းချင်ယွီ : "……"


ကျွင်းချင်ယွီ ခဏတာ ဆွံ့အသွားသည်။ မနက်ခင်းတုန်းက သူ ဘာတွေလုပ်ခဲ့ပါလိမ့်။


သူသည် ဖုယွမ်ချွမ်းဟာ မကြာမီအချိန်တခဏအတွင်းတော့ ပြန်မလာလောက် ဟု ယူဆခဲ့၏။ သူ အတိအကျအားဖြင့် မည်သည့်ကိစ္စများ ကျူးလွန်ခဲ့သနည်း။


ကျွင်းချင်ယွီသည် လှည့်ထွက်ပြေးလိုက်ပြီး ကပျာကယာ ပြောသည်။


"ကျွန်တော် လုပ်စရာတစ်ခုခုရှိသေးမှန်း အခုမှ ရုတ်တရက် သတိရတယ်... "


ရလဒ်အနေဖြင့် သူ ခြေလှမ်းမစရသေးမီတွင် ရှီခိုင်ရှင်းမှ ဒစ်ဆန်မြို့စားအား ဆွဲထုတ်လာသည်ကို တွေ့ရှိလိုက်ရ၏။


အိမ်ထဲတွင် အသက်ရှုသံများ တခဏခန့် ငြိမ်သက်သွားသည်။


ဒစ်ဆန်မြို့စားသည် တစ်နည်းနည်းဖြင့် သတိမေ့နေ၍သာ တော်သေး၏။ မဟုတ်ပါက လက်ရှိအခြေအနေသည် မြို့စားကြီးကို ပို၍ အရှက်ရစေလိမ့်မည်။


 ရှီခိုင်ရှင်းက အလျင်စလို မတ်တပ်ရပ်၍ အရိုအသေပေးသည်။


 “အင်ပါယာအရှင်... မဒမ်...” 


ခန္ဓာကိုယ်အား မှီတွဲထားခြင်းကို လွှတ်ချလိုက်သည့်အခါ ဒစ်ဆန်မြို့စားသည် ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီး အသံကျယ်ကျယ်လောင်လောင် ထွက်သွားသည်။


 ဖုယွမ်ချွမ်းသည် ကြမ်းပြင်ပေါ်သို့ ငုံ့ကြည့်လိုက်ပြီး


 "ဒစ်ဆန်မြို့စား"


 ရှီခိုင်ရှင်းက ခေါင်းညိတ်လိုက်သည်။


 “ဟုတ်ပါတယ်”


ကိစ္စများ မည်သို့ ဖြစ်ပွားခဲ့ကြောင်း ဖုယွမ်ချွမ်းက သူ့ကို မေးခွန်းမထုတ်လာသောကြောင့် သူ တစ်ခွန်းမှ ထပ်ပြီး မပြောရဲပေ။


ကျွင်းချင်ယွီသည် ချောင်းတစ်ချက်ဟန့်လိုက်ပြီး ရှင်းပြရန် ကြိုးစားသည်။


"ကျွန်တော်တို့ စကားအငြင်းအခုန် မဖြစ်ခင်မှာ ကျွန်တော် သူနဲ့ စကားနည်းနည်းလောက် ပြောပြီး အမြင်တွေ ဖလှယ်ခဲ့ကြတာပါ"


ဖုယွမ်ချွမ်းသည် ငါးလေး၏ ရှည်လျားသော ဆံနွယ်များကို ခပ်ဖွဖွလေး ပွတ်သပ်လိုက်သည်။


 "သူ့ကို ဆွဲထုတ်သွားလိုက်"


 "နားလည်ပါပြီ အရှင်မင်းကြီး "


ရှီခိုင်ရှင်းသည် ဒစ်ဆန်မြို့စားကို အိမ်ပြန်ပို့ပေးခဲ့ရပြီး အချိန်ခဏကြာသည်အထိ ပြန်မလာနိုင်ခဲ့ပါ။


ဖုယွမ်ချွမ်းကို ကြည့်နေရင်းဖြင့် ကျွင်းချင်ယွီသည် မမေးကြည့်ဘဲ မနေနိုင်တော့ပေ။


"ခင်ဗျား ဘယ်လိုလုပ်ပြီး ဒီလောက် မြန်မြန် ပြန်ရောက်လာတာလဲ"


သူ ရှင်းရှင်းလင်းလင်း မှတ်မိသည့်အတိုင်းဆိုလျှင် ဖုယွမ်ချွမ်းသည် သူတို့ နံနက်ခင်း စကားပြောဆိုနေတုန်းက စစ်သင်္ဘောပေါ်ရှိ နားနေခန်းတွင် ရှိနေခဲ့သော်လည်း မျက်စိတစ်မှိတ်အတွင်း သူ၏ရှေ့တွင် ပေါ်လာခဲ့သည်။ ထိုအချက်က သူ့ကို နားလည်ရခက်စေသည်။


ဖုယွမ်ချွမ်းသည် ငါးလေးကို ရင်ခွင်ထဲသို့ ထည့်ပြီး ဆိုဖာပေါ်တွင် ထိုင်လိုက်၍ ရှင်းပြသည်။


“မက်ခါရဲ့ အရှိန်က စစ်သင်္ဘောထက် ပိုမြန်တယ်”


ထိုကဲ့သို့ဆိုလျှင်တောင် ယေဘူယျအားဖြင့်ပြောရလျှင် တပ်မတော်သည် စစ်သင်္ဘောများကိုသာ အသုံးပြုခြင်း ဖြစ်၏။ မက်ခါသည် ၎င်း၏ ပါဝါရင်းမြစ်ကို သုံးစွဲပြီးသည့်အခါတွင် အားပြန်သွင်းရန် နေရာတစ်ခု လိုအပ်သည်- ထိုအရာကို ဂြိုဟ်တစ်လုံးက လုပ်ဆောင်နိုင်သော်လည်း ကြယ်တာရာကြားခံနယ်တွင် တိုက်ပွဲဝင်ရန်အတွက် စစ်သင်္ဘောများ မရှိပါက ၎င်းသည် ပျက်စီးရန်လမ်းကြောင်း ဖြစ်ပေလိမ့်မည်။


ဖုယွမ်ချွမ်းသည် လူအနည်းစုနှင့်သာ ပြန်လာခဲ့ခြင်း ဖြစ်ပြီး မက်ခါများကို အသုံးပြုခြင်းက ပို၍ အဆင်ပြေပြီး မြန်ဆန်လေသည်။


"ဒီတစ်ခေါက်ရော ဘယ်လောက်ကြာကြာ နေမှာလဲ"


 "နှစ်ရက်လောက်ပေါ့"


သူတို့သည် အလုပ်ကိစ္စများ ပြီးပြီးချင်း ဤနေရာမှ ထွက်သွားကြမည် ဖြစ်၍ ပြဿနာက အထစ်အငေါ့မရှိ ပြေလည်သွားခဲ့ပါက တစ်ရက်ပင် ကြာမည် မဟုတ်ပါ။


ဖုယွမ်ချွမ်း လူကိုယ်တိုင် ပြန်လာခြင်း ကိစ္စက အသေးအဖွဲတော့ မဖြစ်နိုင်ပေ။ ကျွင်းချင်ယွီက မေးလိုက်သည်။


"တစ်ခုခု ပြဿနာ ကြီးကြီးမားမား ရှိလို့လား"


ဖုယွမ်ချွမ်းသည် ငါးလေး၏လက်ကို ဆုပ်ကိုင်လိုက်ပြီး 


“မရှိပါဘူး”


ထိုကိစ္စက အထူးတလည် အရေးကြီးသောကြောင့် တခြားသူများ လုပ်ဆောင်၍ မရနိုင်‌ပါ။


ကျွင်းချင်ယွီ ခေါင်းညိတ်လိုက်သည်။ သူက ပြုံးလျက် ထိုရင်ခွင်ထဲသို့ ပြန်ဝင်၍ ဖုယွမ်ချွမ်းကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားလိုက်၏။


 “ တော်သေးတာပေါ့ ”


ဖုယွမ်ချွမ်းသည် ငါးလေးက လှုပ်လှုပ်ရွရွ ဖြစ်နေသောကြောင့် မပြုတ်ကျစေရန်အတွက် ဂရုတစိုက် ထိန်းပေးထားလိုက်သည်။


 "ပျော်လား"


 "အင်း..."


"ဒါဆို ကိုယ်တို့ ကိစ္စလေးတွေ ရှင်းကြတော့မလား"


 “ကောင်းပြီ”


ချက်ချင်း ပြန်ဖြေလိုက်ပြီးမှ ကျွင်းချင်ယွီသည် သတိပြန်ဝင်သွားကာ


"ဘယ်ကိစ္စကို ရှင်းမှာလဲ"


ဖုယွမ်ချွမ်းက ဘာတစ်ခွန်းမှ မပြောဘဲ သူ့ကို ငုံ့ကြည့်နေသည်။


ကျွင်းချင်ယွီ၏ ခါးတစ်ဝိုက်တွင်ရှိနေသော လက်သည် အနည်းငယ် တင်းကျပ်လာပြီး ထွက်ပြေး၍ မရအောင် ထိန်းချုပ်ထားလိုက်သည်။


ထွက်ပြေးရန် အခွင့်အရေး ဆုံးရှုံးသွားပြီးနောက်တွင် ကျွင်းချင်ယွီသည် သူ၏ရင်ခွင်ထဲတွင် လုံးလုံးလျားလျား မှီခိုလိုက်ပြီး


 "ခင်ဗျားက အရမ်းကို အနိုင်ကျင့်နေတာပဲ"


ဖုယွမ်ချွမ်းသည် သူ၏နောက်ကျောကို ပုတ်ရင်း ထိုစကားကို ကြားသည့်အခါ ငါးလေးကို ချီလိုက်ပြီး


"နောက်ထပ်လည်း အနိုင်ကျင့်တဲ့လုပ်ရပ်တွေ အများကြီး ရှိလာဦးမှာ"


အခန်းထဲသို့ပြန်ရောက်သည့်အခါ မနက်က ကျွင်းချင်ယွီ လဲဝတ်သွားသည့် ညအိပ်ဝတ်စုံက ကုတင်ပေါ်တွင် ရှိနေသေးပြီး တခြားနေရာသို့ မရောက်သေးပေ။


ညအိပ်ဝတ်စုံများသည် လစ်လပ်ခြင်းမရှိဘဲ ကုတင်ပေါ်တွင် ထုပ်ပိုးထားသည့်အတိုင်းဖြင့် သူတို့ကို မခေါက်ထားလျှင်တောင်မှ တွန့်ကြေရာများ မရှိပါ။


ကျွင်းချင်ယွီသည် ကုတင်ပေါ်တွင် ဝင်ထိုင်လိုက်၍ ဖုယွမ်ချွမ်းက သူ၏ညအိပ်ဝတ်စုံကို ကမ်းပေးပြီး


 "ဒါကို ဝတ်လိုက်"


သူသည် ညအိပ်ဝတ်စုံကို လဲဝတ်ချင်သော်လည်း ဖုယွမ်ချွမ်းက လှည့်မကြည့်ဘဲနှင့် ထွက်သွားခဲ့သည်။


သူ၏ရည်ရွယ်ချက်ကို သဘောပေါက်သွားသည့်အခါတွင် ကျွင်းချင်ယွီသည် ချက်ချင်း မျက်နှာများ နီရဲသွား၏။


ရေချိုးပြီးသည့်နောက်တွင် ဖုယွမ်ချွမ်းသည် ခေါင်းအုံးပေါ်၌ ကွေးကွေးလေး အိပ်ပျော်နေသော လက်သီးဆုပ်အရွယ်အစားခန့် ငါးလေးကို ကြည့်လိုက်သည်။ သူက ကုတင်ပေါ် တက်၍ သူ၏အမြီးဖျားတစ်ဝိုက်ကို လက်ချောင်းများဖြင့် ဝန်းရံပေးလိုက်သည်။


ငါးလေးသည် ဗလုံးဗထွေးဖြင့် ညည်းညူရင်း သူ၏လက်ကို ရစ်ပတ်လျက် ဆက်၍ အိပ်နေလေသည်။


သူ၏ သေးငယ်သော အရွယ်အစားကြောင့် ဖြစ်ဟန်တူသည်။ သူ၏ပခုံးပေါ်မှ မျက်နှာလေးက ပို၍ ထင်ရှားလာသော်လည်း ခန္ဓာကိုယ်အစိတ်အပိုင်းများကတော့ သိပ်ပြီး သဲသဲကွဲကွဲ မရှိလှပေ။


ဖုယွမ်ချွမ်းက ရေသူလေးကို သူ၏အိတ်ကပ်ထဲသို့ ထည့်လိုက်ပြီး ရုံးခန်းထဲသို့ လှည့်ထွက်လာခဲ့သည်။


ယခင်က တင်သွင်းခဲ့သော အချက်အလက်များအတွက် ရလဒ်များ ထွက်ရှိလာရန် တစ်ညတာက လုံလောက်ပါသည်။


အလွန် ပင်ပန်းနေပုံရသော ငါးလေးသည် သူ၏အရှေ့အိတ်ကပ်ထဲတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေပြီး ဖုယွမ်ချွမ်းသည် သူ့အား အနှောင့်အယှက် မဖြစ်စေရန်အတွက် ကီးဘုတ်ကို ညင်သာစွာ ရိုက်နှိပ်နေလိုက်သည်။


ကျွင်းချင်ယွီသည် အသိစိတ်မရှိတချက်၊ ရှိတချက်ဖြင့် လန့်နိုးလာခဲ့သည်။ သူ၏ပတ်ဝန်းကျင်က စိမ်းသက်နေပြီး ဘယ်ရောက်နေမှန်းလည်း မသိချေ။ သူ အိပ်မပျော်မီတွင် နောက်ဆုံးမှတ်ဥာဏ်ကလည်း ရပ်တန့်သွားသောကြောင့် အသေအချာ အတည်မပြုနိုင်လိုက်ဘဲ ရေသူအဖြစ်သို့ အသွင်ပြောင်းသွားခဲ့ခြင်း ဖြစ်လေသည်။


သူ၏ဘေးတွင် ဖုယွမ်ချွမ်း ရှိနေခြင်းကို ခံစားလိုက်ရ၍ အိတ်ကပ်၏ အပေါက်သေးသေးလေးမှတစ်ဆင့် ဖုယွမ်ချွမ်း၏ မေးရိုးကို လှမ်းမြင်လိုက်ရသောကြောင့် တစ်ဖက်သို့ လှည့်ပြီး စိတ်ချလက်ချဖြင့် ဆက်၍ အိပ်နေလိုက်သည်။


သူ့အိတ်ကပ်ထဲမှ လှုပ်ရှားမှုက အတော်လေး သိသာလှသည် ဖုယွမ်ချွမ်း၏ လက်ချောင်းထိပ်များက ငါးလေး၏ ရှည်လျားသော ဆံနွယ်များကို ညင်သာစွာ ပွတ်သပ်ပြီး ချော့မြူလိုက်သည်။


 “ပြန်အိပ်လိုက်ဦး” 


ကျွင်းချင်ယွီသည် သူ၏ အမြီးဖျားလေးကို ဖုယွမ်ချွမ်း၏ လက်ကောက်ဝတ်တွင် ရစ်ပတ်လိုက်ပြီး အသံတိုးတိုးဖြင့် စကားလုံးများ ဗလုံးဗထွေး ရေရွတ်ပြီးနောက် အသံထွက်မလာတော့ပေ။


ဖုယွမ်ချွမ်းသည် ဖန်သားပြင်ပေါ်၌ ၉၉.၉% ကိုပြသထားသည့် စမ်းသပ်မှုရလဒ်ကို ကြည့်ရှုနေပြီး အချိန်အတော်ကြာအောင် တိတ်ဆိတ်နေခဲ့သည်။ သူသည် ဉာဏ်ရည်တုစက်တွင် screen shotပုံလေး ရိုက်၍ သိမ်းဆည်းထားလိုက်ပြီး စမ်းသပ်မှုဆိုင်ရာဘာသာရပ်များအပါအဝင် ဤစမ်းသပ်မှုနှင့်သက်ဆိုင်သည့် အကြောင်းအရာအားလုံးကို ဖျက်ပစ်လိုက်သည်။


စားပွဲပေါ်ရှိ စာရွက်စာတမ်းအများအပြားမှာ ကျွင်းချင်ယွီ၏ လက်ရေးမူဖြင့် ကူးယူမှတ်တမ်းတင်ထားသော စမ်းသပ်အကြောင်းအရာများ ဖြစ်သည်။ ဖုယွမ်ချွမ်းသည် ၎င်းတို့ထဲမှ အချို့ကို အပေါ်ယံအားဖြင့် ကြည့်လိုက်၏။ သူသည် တဖက်ကမ်းခတ် ကျွမ်းကျင်သည့် ပရော်ဖက်ရှင်နယ် စမ်းသပ်သူ မဟုတ်သော်လည်း အခြားသူများ၏ စကားများမှတဆင့် သင်ယူနားထောင်ခြင်းကြောင့် အကြောင်းအရာများစွာကို သိနေခဲ့ပါသည်။


ဒေတာသည် အလွန်ပြီးပြည့်စုံပြီး ဤဒေတာအပေါ် အခြေခံ၍ နောက်ဆုံးရလဒ်ကို တွက်ချက်နိုင်ခဲ့သည်။


ငါးလေးကတော့ အိပ်ပျော်နေဆဲ ဖြစ်၏။ ဤကာလမျိုးတွင် အိမ်၌ အနှီကိစ္စများ ဆောင်ရွက်ရသည်မှာ သူ့အတွက် ပင်ပန်းသွားပုံရသည်။ ဖုယွမ်ချွမ်းသည် သူ့ကို မနှိုးတော့ဘဲ ရလဒ်ကို ကိုယ်တိုင် အဖြေထုတ်လိုက်လေသည်။


သူ၏ ဉာဏ်ရည်တုစက်သည် နှစ်ကြိမ်ခန့် တုန်ခါသွား၏။ ရှီခိုင်ရှင်းသည် သူ့ထံ မေးမြန်းရန်အတွက် စာတစ်စောင် ပေးပို့ခဲ့သည်။


[အရှင် ဒစ်ဆန်မြို့စားက နိုးလာပြီးနောက်မှာ စိတ်နည်းနည်း မငြိမ်မသက်ဖြစ်နေပြီး ဂိတ်တံခါးကနေ ထွက်ဖို့ ရုန်းကန်နေပါတယ်၊ ကျွန်တော် သူ့ကို လွှတ်ပေးလိုက်ရမလား]


ဖုယွမ်ချွမ်း : [ သူ(JQY) ဘယ်လို စီစဉ်ထားလဲ၊ သူပြောတဲ့အတိုင်းလုပ်လိုက်]


ရှီခိုင်ရှင်း : [အရှင်က ကျွန်တော့်ကို ဒစ်ဆန်မြို့စားရဲ့ခြေထောက်တွေကို ချိုးပြီး သူ့အိမ်တံခါးဝမှာ ချည်ခိုင်းထားဖို့ ပြောခဲ့တယ်၊ မြို့စားရဲ့ခြေထောက်တွေက ကျိုးသွားပြိီဆိုပေမယ့် သူက ဆက်ပြီး ရုန်းကန်နေတုန်းပါပဲ၊ သူက အရှင့်ကို အရမ်းကို မရိုမသေ ဆက်ဆံခဲ့တဲ့အပြင် နောင်တချိန်မှာ အင်ပါယာအရှင်က လူအများ ဝန်းရံတာကိုခံရလိမ့်မယ်လို့လည်း ပြောလိုက်သေးတယ်]


 ဖုယွမ်ချွမ်း၏ အမူအရာက စူးရှလာသည်-


 [သူ့ကို မျက်စိရှေ့မှာမမြင်ရအောင် လုပ်လိုက်ပါ]


ရှီခိုင်ရှင်း : [နားလည်ပါပြီ အရှင်]


ဖုယွမ်ချွမ်းသည် သူ၏ ဉာဏ်ရည်တုစက်ကို ချထားလိုက်ပြီး ဒေတာကို ဆက်လက် တွက်ချက်သည်။


အင်ပါယာ၏ မြင့်မြတ်မှုသည် ပဒေသရာဇ်စနစ်၏ အမွေအနှစ် ဖြစ်ပေသည်။ ကောင်းမွန်သည့်အချက်မှာ ဖက်ဒရယ်စနစ်နှင့် ဖုချန်းယွီ၏ ကြိုးပမ်းမှုများကြောင့် အင်ပါယာအရှင်၏ သြဇာအာဏာမှာ အခေါင်းပေါက်ဖြစ်ခဲ့ပြီး ၎င်းတို့အတွက် အချည်းနှီးသော အနေအထားကို ဖြစ်ပေါ်စေခဲ့သည်။


ထိုကဲ့သို့ဆိုလျှင်တောင်မှ ဖုယွမ်ချွမ်း မမျှော်လင့်ထားခဲ့သည့်အရာမှာ စစ်မှန်သော အာဏာမရှိသည့် မင်းမှုထမ်းတစ်ယောက်က အလွန်ရိုင်းပျနေဆဲ ဖြစ်ပြီး ငါးလေးဆီ ပြေးလာ၍ သူ့ရှေ့တွင် ထိုစကားလုံးများကို သတ္တိရှိရှိ ပြောဝံ့ခြင်း ဖြစ်၏။


အခြားသူများကို စံနမူနာပြရန်နှင့် ထိုဂနာမငြိမ်သော မှူးမတ်များကို ပါးစပ်ပိတ်သွားစေရန်အတွက် ဒစ်ဆန်မြို့စားကို ဆုံးမလိုက်ခြင်းက အကောင်းမွန်ဆုံး ဖြစ်ပေလိမ့်မည်။


စမ်းသပ်မှုသည် အတော်လေး ရှုပ်ထွေးခဲ့၏။ တိကျသေချာစေရန်အတွက် ဖုယွမ်ချွမ်းသည် အပင်ပန်းဆုံး စမ်းသပ်နည်းကို ကျင့်သုံးခဲ့ပြီး ရလဒ်များ ထွက်လာရန် တစ်ရက်နှင့်တစ်ည အချိန်ယူခဲ့ရလေသည်။


ဖုယွမ်ချွမ်းသည် ဤတစ်ကြိမ်တွင် စမ်းသပ်မှုပြုလုပ်ရန်အတွက်သာ ပြန်လာခဲ့ခြင်းဖြစ်ပြီး ရလဒ်များ ထွက်လာပြီးနောက်တွင် သူသည် အိမ်၌ ကြာကြာ နေမည်မဟုတ်ပါ။ သူ၏အိတ်ကပ်ထဲမှ ငါးလေးကတော့ အိပ်ပျော်နေဆဲဖြစ်၍ အချိန်အတော်ကြာ စဉ်းစားပြီးနောက်တွင် သူ့ကို မနှိုးတော့ဘဲ ထွက်ခွာရန်အတွက် မက်ခါကို မောင်းနှင်လိုက်သည်။


သူ့နောက်မှ လိုက်လာသည့် လက်အောက်ငယ်သားများက ဆင့်ခေါ်စာကို လက်ခံရရှိပြီးနောက် အနီးကပ် လိုက်လာကြလေသည်။


 —


ကျွင်းချင်ယွီ နိုးလာသောအခါ သူသည် အခုထိ ဖုယွမ်ချွမ်း၏ အိတ်ကပ်ထဲတွင် ရှိနေမှန်း သတိထားမိသွားပြီး အပြင်ဘက်တွင် အနည်းငယ် မှောင်နေသောကြောင့် အပေါ်က အပေါက်သေးသေးလေးပင် ပျောက်ကွယ်သွားပြီ ဖြစ်သည်။


အပြင်၌ ညမိုးချုပ်နေပြီလား။


ကျွင်းချင်ယွီသည် သူ၏အိတ်ကပ်ကို ဆွဲခါလိုက်ပြီး


 "ယွမ်ချွမ်း"


"နိုးလာပြီလား"  


သူ၏အသံကိုကြားသည့်အခါ ဖုယွမ်ချွမ်းသည် မက်ခါထိန်းချုပ်ခန်းထဲမှ အဝါရောင်မီးလုံးများကို ဖွင့်လိုက်ပြီး


"တစ်နေရာရာက အဆင်မပြေသလို ခံစားရသေးလား"


ကျွင်းချင်ယွီသည် ခေါင်းကို ခါယမ်းလိုက်ပြီး ခပ်ဖျော့ဖျော့သာလင်းနေသော မီးရောင်များမှတဆင့် အပေါ်မှ ခလုတ်မျိုးစုံကို တစ်ချက်ကြည့်လိုက်ပြီး 


"ဒါက... ဘယ်နေရာလဲ"


"ထိန်းချုပ်ခန်း"  


ဖုယွမ်ချွမ်းသည် ငါးလေးကို အပြင်သို့ထုတ်ပေးရန် လက်လှမ်းလိုက်ပြီး


"ကိုယ်တို့ အခု တတိယမြောက် ဂလက်ဆီထဲကို ခုန်ဆင်းတော့မယ်"


 ကျွင်းချင်ယွီ : "???"


အိပ်ရာမှ မနိုးခင်အချိန်ထိ သူ အိမ်မှာ ရှိနေခဲ့သည်။ နိုးလာသည့်အချိန်တွင် ပင်မဂြိုလ်နှင့် အဝေးကြီးတွင် မည်ကဲ့သို့ ရောက်နေရသည်လဲ။


ကျွင်းချင်ယွီတစ်ယောက် အံ့သြတုန်လှုပ်စွာဖြင့် ဖုယွမ်ချွမ်း၏ လက်ဖဝါးထဲတွင် ကျုံ့ကျုံ့လေးနေလိုက်ပြီး


"ခင်ဗျား ကျွန်တော့်ကို စစ်မြေပြင်ဆီ ခေါ်လာတာလား"


"ကိုယ် စမ်းသပ်ဒေတာတွေကို တွက်ချက်ပြီးပြီ၊ မင်းအိမ်မှာပဲ တစ်ချိန်လုံးနေဖို့ မလိုပါဘူး၊ အင်ပါယာရဲ့ အရေးကိစ္စတွေကို ကိုင်တွယ်ဖို့ ကိုယ် တခြားတစ်ယောက် ရှာထားတယ်၊ မကောင်းတဲ့ကိစ္စတွေ ဘာတစ်ခုမှ ဖြစ်လာမှာမဟုတ်ဘူး”


Xxxxxxx