အပိုင်း ၁၁၄
Viewers 16k

Chapter 114


ဖုယွမ်ချွမ်းသည် ငါးလေးကိုပါ ခေါ်လာမည်ဖြစ်သောကြောင့် ပြောစရာမလိုလောက်အောင်ပင် ပြည့်စုံစွာ ပြင်ဆင်ထားပြီး ဖြစ်သည်။


"ဒါပေမယ့် ကျွန်တော် မက်ခါကို ဘယ်လိုမောင်းနှင်ရမလဲ မသိသေးဘူး"


"မင်း အလိုရှိတယ်ဆိုရင် လေ့လာနိုင်ပါတယ်၊ ဒါပေမယ့် အဲ့တာက မရှိမဖြစ်ကြီး မလိုအပ်ပါဘူး"  


ဖုယွမ်ချွမ်းသည် နူးညံ့သော ကူရှင်လေးကို ဆွဲယူပြီး ငါးလေး၏အောက်တွင် ထား၍ ထိန်းချုပ်မှုကိရိယာ ပေါ်သို့ တင်လိုက်လေသည်။


နူးညံ့သော ကူရှင်လေးသည် ငါးလေး၏ အရွယ်အစားခန့်ရှိပြီး ဖုယွမ်ချွမ်းက အိမ်မှ ယူလာခဲ့ခြင်း ဖြစ်သည်။


ဖုယွမ်ချွမ်းက ကျွင်းချင်ယွီ တိတ်ဆိတ်နေခြင်းကို သတိထားမိသွားသောအခါ သူ့ကို ညင်သာစွာ နှစ်သိမ့်ပေးလိုက်သည်။


"ဖြစ်နိုင်ရင် ကိုယ် မင်းကို အဲ့ကိစ္စနဲ့ပတ်သက်လို့ သိပ်ပြီး စိတ်ထဲမထားစေချင်ဘူး"


ကျွင်းချင်ယွီ အေးခဲသွားသည်။ တစ်ယောက်ကို တစ်ယောက် ကြည့်မိလိုက်သည့်အချိန်တွင် ဖုယွမ်ချွမ်း၏ မျက်လုံးထဲ၌ နွေးထွေးမှုများကို မြင်တွေ့လိုက်ရလေသည်။ ဖုယွမ်ချွမ်း၏ ကြင်နာမှုတွင် သူ ထာဝစဉ် ပျော်ဝင်သွားတော့မည် ဟု တွေးနေမိ၏။


ကျွင်းချင်ယွီ သက်ပြင်းချမိလိုက်သည်။ သူစကားပြောရန် ‌ပြင်လိုက်သော်လည်း ဖုယွမ်ချွမ်းက ဂွမ်းထုပ်အား ဖွင့်လိုက်သည်ကို မြင်လိုက်ရသောအခါ ထိတ်လန့်သွားသည်။


 "ခင်ဗျား ဘာလုပ်မလို့လဲ"


 "မင်းကို ဆေးလိမ်းပေးမလို့လေ"


“ခဏလေး၊ ခဏလေး…” 


ကျွင်းချင်ယွီက လျင်မြန်စွာ ရှောင်ထွက်ရန် ပြင်လိုက်သော်လည်း ထွက်ပြေးရန်အတွက် ခြေထောက်များအဖြစ် အလွယ်တကူ မပြောင်းလဲနိုင်ခဲ့ဘဲ ရေသူလေးအရွယ် အဝတ်အစားများနှင့် နေသားတကျ မဖြစ်သေးပေ။


တစ်ဦးမောင်းမက်ခါ၏အတွင်းပိုင်းသည် အလွန်ကျဉ်းမြောင်းသည့်အပြင် ထိန်းချုပ်ကိရိယာက နေရာအတော်များများ ယူထားလေသည်။ အကယ်၍ နောက်ထပ်လူတစ်ယောက်သာ ဝင်လာမည်ဆိုလျှင် ပြည့်ကျပ်သွားပေလိမ့်မည်။


ကျွင်းချင်ယွီမှာ လူသားအဖြစ် အသွင်ပြောင်းလိုသော်လည်း သူ နေထိုင်ရန်အတွက် နေရာမရှိပေ။


ဖုယွမ်ချွမ်းသည် လိမ်းဆေးကိုယူ၍ သူ့လက်ကို ငါးလေးဆီ ဆန့်ပေးလိုက်ပြီး


 "ဒီကိုလာခဲ့"


ကျွင်းချင်ယွီသည် သူ၏လက်ချောင်းထိပ်ကို ဆုပ်ကိုင်၍ အပေါ်သို့ ခုန်မတက်ဘဲ ပါးစပ်ကို လက်ဖြင့် ကာထားလိုက်သည်။


 "ကျွန်တော် အဆင်ပြေပါတယ်"


ရေသူတစ်ကောင်၏ ပြန်လည် ကုသနိုင်စွမ်းမှာ အလွန် အားကောင်းပြီး အကယ်၍ မကောင်းမွန်သေးလျှင်တောင် ရေထဲစိမ်လိုက်ပြီးနောက်တွင် အဆင်ပြေသွားလိမ့်မည် ဖြစ်သည်။


ဖုယွမ်ချွမ်းသည် လက်ချောင်းထိပ်ကို ကွေး၍ ငါးလေး၏ ပါးပြင်ကို ညင်သာစွာ ပွတ်သပ်လိုက်၏။  ကျွင်းချင်ယွီက လိမ်းဆေးကို အသုံးမပြုချင်သည့်ပေါ်သောကြောင့် ဂွမ်းထုပ်ကို ပြန်ချထားလိုက်သည်။


"တစ်နေရာရာက နေမကောင်းဘူးလို့ ခံစားရရင် ကိုယ့်ကို ပြောဖို့ မမေ့နဲ့နော်"


 “အင်း” 


ကျွင်းချင်ယွီသည် သူ၏လက်ချောင်းထိပ်ကို ပွေ့ဖက်၍ အနမ်းပေးလိုက်ပြီး


"ကျွန်တော်တို့ အဲဒီကို ရောက်ဖို့ ဘယ်လောက်ကြာသေးလဲ"


အမှန်မှာ သူတို့သည် မကြာသေးမီကမှ ထွက်ခွာလာခဲ့ခြင်း ဖြစ်၍ ဖုယွမ်ချွမ်းသည် အချိန်ကို တွက်ချက်ပြီး ပြောလိုက်သည်။


"နောက်ထပ် နာရီ နည်းနည်းလောက် ကြာဦးမယ်၊ အရမ်း မလောပါနဲ့"


မက်ခါသည် အလိုအလျောက် မောင်းနှင်စနစ်ဖြင့် မောင်းနှင်နေ၏။ လမ်းကြောင်းကို ဆုံးဖြတ်ပြီးနောက်တွင် လမ်းစဉ်မှ သွေဖည်ခြင်းမျိုး မဖြစ်စေရန်အတွက် ဂလက်ဆီကို ခုန်ကူးစဉ်၌သာ ခဏတာ ထိန်းချုပ်ရန် လိုအပ်ပေသည်။ ထိုအချိန်မှလွဲ၍ စောင့်ကြည့်နေရန် မလိုအပ်ပေ။


ငါးလေး၏အမြီးကို သူ၏လက်ချောင်းထိပ်ဖြင့် ရစ်ပတ်ထားရင်း ဖုယွမ်ချွမ်း သရေစာတချို့ သွားယူလိုက်သည်။


ယခင်ကဆိုလျှင် အိမ်၌ အိပ်ရာမှ နိုးလာသောအခါ ဖုယွမ်ချွမ်းသည် သူ့အား စားစရာတစ်ခုခု အမြဲ လုပ်ပေးလေ့ရှိသော်လည်း ယနေ့တွင်တော့ သူ အလောတကြီးဖြင့် ထွက်လာခဲ့သောကြောင့် ငါးလေးသည် အိပ်ရာမှနိုးနိုးချင်း ဗိုက်ဆာနေပေလိမ့်မည်။


အာဟာရဖျော်ရည်သည် ခန္ဓာကိုယ်အတွက် ကောင်းမွန်သော်လည်း အရသာဆိုးရွားသည့်အတွက် ငါးလေးက ၎င်းကို မနှစ်သက်ပါ။ ဖုယွမ်ချွမ်းသည် အာဟာရဖျော်ရည်ကို ကိုယ်တိုင်ပဲ သောက်လိုက်ပြီး ငါးလေးအား အဆာပြေမုန့် အချို့သာ ကျွေးလိုက်ပါသည်။


ကျွင်းချင်ယွီက အသားခြောက်အပိုင်းလေးကို ကိုက်လိုက်သည်။ သူ့လက်တွင် ခွန်အား မရှိသောကြောင့် လှုပ်ရှားမှု အနည်းငယ်တောင် မလုပ်နိုင်ဘဲ အမဲသားခြောက်လေးများကို ဖုယွမ်ချွမ်း၏ လက်ဖဝါးပေါ် တွင် တင်၍ နည်းနည်းချင်းစီသာ စားနိုင်လေသည်။


ဖုယွမ်ချမ်းသည် အာဟာရဖျော်ရည်တစ်ပုလင်းကို သောက်လိုက်ပြီးနောက်တွင် ငါးလေးသည် သူ့ခန္ဓာကိုယ်ထက်ကြီးသော အသားခြောက်ကို အကိုက်သေးသေးလေးများ ကိုက်ကာ အသားခြောက်၏ ဘေးနှစ်ဖက်တွင် ထင်ရှားသော သွားရာလေးများ ချန်ထားခဲ့သည်ကို ကြည့်ရှုနေ၏။


ဖုယွမ်ချွမ်းက သူ့အား ကြည့်နေသည်ကို သတိထားမိသွားပြီး ကျွင်းချင်ယွီသည် အသားခြောက်ကို အရင်ဆုံး မျိုချပြီးမှ ပြောလိုက်သည်။


"ကျွန်တော် ဒစ်ဆန်မြို့စားကိစ္စကို ခင်ဗျားနဲ့ အရင်ဆုံး ဆွေးနွေးပြီးမှ ဖြေရှင်းချင်တယ်" 


မြို့စားမင်းသည် အခွင့်အာဏာကို ယခုချက်ချင်းပင် လိုချင်နေသော်ငြားလည်း ထိုသူတို့တွင် မည်မျှပင် ဂုဏ်သိက္ခာပုဒ်များရှိစေကာမူ ၎င်းတို့၏ အဆင့်အတန်းသည် တစ်စက်မှ မရှိ ဟူသည့် အဓိပ္ပါယ်ဖြစ်သည်။ ထိုအစား သူတို့သည် အလွန် ကိုင်တွယ်ရခက်ခဲသော အခြေအနေတွင် ရှိနေခဲ့သည်။ ထိုအခြေအနေကို မှန်းဆနိုင်သော အမှုထမ်းများက စီးပွားရေးလုပ်ငန်းသို့ ဝင်ရောက်ခြင်းဖြစ်စေ အခြားနယ်ပယ်များသို့ ကူးပြောင်းခြင်းဖြစ်စေ ပြုလုပ်ခဲ့ကြပြီး နေရာအမြင့်သို့တက်ရန် ၎င်းတို့၏ ရာထူးဂုဏ်သိမ်ကို ဆက်လက် တွယ်တာမနေကြတော့ပေ။


သို့သည့်တိုင် သူ့အတွက်တော့ ယခုလောလောဆယ် ပင်မဂြိုဟ်တွင် မရှိချိန်မှလွဲ၍ ၎င်းတို့ ရူးရူးနှမ်းနှမ်း ပြုမူနေကြပုံများကို မြင်တွေ့ရခြင်းမှာ အမှန်တကယ်ကို စိတ်အနှောင့်အယှက်ဖြစ်စရာပင်။ ထို့ကြောင့် သူသည် ထိုမှူးမတ်များနှင့် ပြောဆိုဆက်ဆံခြင်း မပြုနိုင်ပေ။


 ဖုယွမ်ချွမ်းသည် အသားခြောက်နေရာတွင် ငါးခြောက်ဖြင့် အစားထိုးပေးရင်း အေးအေးဆေးဆေး ပြောလိုက်သည်။


"အဲ့ကိစ္စကို ရှီခိုင်ရှင်း ဖြေရှင်းပြီးပြီ"


ကျွင်းချင်ယွီသည် အံ့အားသင့်သွား၍ မေးလိုက်၏။


"ကျွန်တော် ခင်ဗျားနဲ့အတူ တခြား ဂလက်ဆီကို သွားနေတာလေ... ရှီခိုင်ရှင်းရော ပါမလာဘူးလား"


ယခင်က သူသည် ပင်မဂြိုဟ်တွင်ရှိနေခဲ့သော်လည်း ရှီခိုင်ရှင်းသည် ထိုနေရာ၌ အမြဲတစေ နေ၍ မရနိုင်သောကြောင့် အခြား ဂလက်ဆီသို့ ထွက်ခွာသွားခြင်း မဟုတ်ပါလား။


ဖုယွမ်ချွမ်းက ပြောသည်။


"သူက ထောက်ပံ့ရေးအဖွဲ့နဲ့ ရက်အနည်းငယ်လောက် ကျန်နေခဲ့တာ"


ကျွင်းချင်ယွီက ခေါင်းညိတ်လိုက်သည်။ အဓိက အကြောင်းအရင်းမှာ သူသည် မှူးမတ်များ၏ ကိစ္စရပ်များကို ကိုင်တွယ်နေရသောကြောင့် ယခုတစ်ကြိမ်တွင် သူတို့နှင့်အတူ မလိုက်လာနိုင်ခြင်း ဖြစ်ပေလိမ့်မညိ။


အချိန်ကာလကို တွက်ချက်ကြည့်ပြီးနောက်တွင် ကျွင်းချင်ယွီသည် နောက်ထပ်မေးခွန်းများ မမေးတော့ဘဲ ငါးခြောက်ကိုသာ သတိရှိရှိ စားနေခဲ့သည်။


သူ ဒီတစ်ခေါက် ယူလာပေးသော ငါးခြောက်များနှင့် အသားခြောက်များသည် အတော်လေး အကောင်ကြီးပြီး ၎င်းတို့သည် ကျွင်းချင်ယွီ၏ အရွယ်အစားနီးပါး ရှိကြသည်။


သူ အရွယ်အစား ကြီးလာသည့်အခါတွင် စားရန်အတွက် ပြင်ဆင်ပေးထားခြင်း ဖြစ်နိုင်သည်။


ကျွင်းချင်ယွီ ငါးခြောက်ကို ကိုက်ရင်း စဉ်းစားနေမိသည်။ သူတို့ စခန်းချထားသည့် ဂြိုလ်ကိုရောက်ရှိသောအခါတွင် သူ၏ ပုံမှန်အရွယ်အစားအကြီးအတိုင်း ပေါ်လာနိုင်လောက်မည်လား။


ဦးစွာပထမအနေနှင့် သူသည် ရေသူလေးပုံစံဖြင့် ရောက်ရှိလာပြီးမှ လူသားပုံစံသို့ ပြောင်းလဲလိုက်ပြီးနောက် သူ့ကို တွေ့သွားကြမည်ဆိုလျှင် အပိုလူတစ်ဦးဟာ လျှို့ဝှက်ဆန်းကြယ်စွာဖြင့် ပေါ်လာသည့် အဓိပ္ပါယ်ကို သက်ရောက်သွားမည် မဟုတ်ပါလား။


သူ လူသားပုံစံသို့ မပြောင်းလဲခြင်းက ပို၍ ကောင်းပေမည်။ သူသည် ဖုယွမ်ချွမ်း၏ အိတ်ကပ်ထဲတွင် ရှိနေခြင်းဖြင့် လူများ အာရုံစိုက်မိခြင်းမှ ရှောင်ရှားနိုင်လိမ့်မည်။


သူသည် ငါးခြောက်ကို ဝါးရင်းဖြင့် ထိုကိစ္စကို တွေးနေခဲ့ကာ မျိုချလိုက်ပြီးနောက်တွင် အောက်သို့ ပြန်မကြည့်ဘဲ အတွေးထဲတွင် နစ်မြုပ်နေ၏။ သူသည် 'ဂျွတ်'ခနဲ မြည်အောင် ကိုက်ချလိုက်ပြီးမှ ၎င်းသည် ငါးခြောက်တစ်ကောင်လို မာကျောမနေဘဲ အနည်းငယ်ပင် ပျော့ပျောင်းနေသည်။


ပျော့ပျောင်းတယ်...


ကျွင်းချင်ယွီသည် ဖုယွမ်ချွမ်းကို မော့ကြည့်လိုက်ရာ ဖုယွမ်ချွမ်းကလည်း သူ့အား ငုံ့ကြည့်နေသည်ကို တွေ့လိုက်ရသည်။ မသိစိတ်ဖြင့် ပါးစပ်ကိုဟ၍ သူ့အား ကိုက်ထားမိခြင်းကို လွှတ်လိုက်မိသည်။


ဖုယွမ်ချွမ်းလည်း ဘာမှပြန်မပြောဘဲ တိတ်တဆိတ်ဖြင့်သာ သူ့ကို ကြည့်နေလေသည်။


ကျွင်းချင်ယွီသည် အပြစ်ကင်းစင်စွာဖြင့် မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။


ရေသူ၏သွားများက အလွန် အစွမ်းထက်သည်။ ဤအကိုက်ခံရခြင်းသည် အမှန်တကယ် ရန်လိုမှုဖြင့်သာ ကိုက်ခဲ့ပါက အရိုးများပင် ကျိုးကြေသွားစေနိုင်သော်လည်း ကျွင်းချင်ယွီသည် သူ၏ ငါးခြောက်ကို ဝါးရန်သာ အလျင်လိုနေခဲ့သောကြောင့် ဖုယွမ်ချွမ်း၏လက်တွင် သွားအရာလေးတစ်ခုမျှသာ ကျန်ရှိနေခဲ့ပြီး သွေးထွက်သည့်လက္ခဏာ မရှိပေ။


အနည်းငယ်စဉ်းစားပြီးနောက်တွင် ကျွင်းချင်ယွီသည် ရှေ့သို့ငုံ့ကာ ထိုသွားအရာလေးကို ဖွဖွလေး မှုတ်ပေးလိုက်သည်။


 "ကောင်းသွားပြီနော်... မနာတော့ဘူး"


ဖုယွမ်ချွမ်းသည် ငါးလေး၏ ပါးပြင်နားတစ်ဝိုက်ရှိ ရှည်လျားသောဆံနွယ်များကို လက်ချောင်းထိပ်များဖြင့် ယူကာ သိမ်းလိုက်ပြီးနောက် ဆံပင်အစလေးများကို ရစ်ပတ်၍ သူ၏မျက်နှာကို ညင်သာစွာထိတွေ့လိုက်သည်။


"ထပ်စားချင်သေးလား"


 “ဟင့်အင်း”  


ရေသူတစ်ယောက်၏ အရွယ်အစားကြောင့် သူသည် အများကြီး မစားနိုင်တော့ဘဲ တစ်ခါတည်းနှင့် ဗိုက်ပြည့်သွားလေသည်။


ဖုယွမ်ချွမ်းသည် ငါးခြောက်ကို ကောက်ယူပြီးနောက် ဘူးထဲသို့ ပြန်ထည့်လိုက်သည်။ သူ၏လက်ကို ရေအမှုန်အမွှားတို့နှင့် ဆေးကြောပြီးနောက်တွင် ငါးလေးကို ဆုပ်ကိုင်လိုက်သည်။


ကျွင်းချင်ယွီသည် သူ၏ လှုပ်ရှားမှုများနှင့် ရင်းနှီးနေခဲ့ပြီး ဖုယွမ်ချွမ်း၏ လက်ဖဝါးထဲတွင် သက်တောင့်သက်သာ နားခိုရန် နေရာတစ်ခုကို ရှာတွေ့သွားသည်။ သူသည် ငါးလေးအသွင်သို့ မပြောင်းလဲခဲ့ခြင်းမှာ အချိန်အနည်းငယ်ကြာပြီဖြစ်သော်လည်း မြန်မြန်ဆန်ဆန်ပင် ကျင့်သားရသွားခဲ့သည်။


သို့သော်လည်း သူ ခန္ဓာကိုယ်ကို ကျုံ့ကွေးလိုက်သည်နှင့် ဖုယွမ်ချွမ်း၏လက်က သူ၏ငါးမြီးပေါ်သို့ ရောက်လာသည်။


ကျွင်းချင်ယွီသည် ခေါင်းလေးကို ဘာမှမသိသလို စောင်းငဲ့လိုက်ပြီး သူ တတ်နိုင်သမျှ အကြောဆန့်လိုက်လေသည်။


"အင်း..."


သူ၏ ကျောအောက်ပိုင်းနှင့် ငါးမြီးနားတဝိုက်ကို လက်ချောင်းထိပ်များဖြင့် ဖွဖွလေး နှိပ်နယ်ပေးနေသောကြောင့် ကျွင်းချင်ယွီသည် သူ၏ခါးကို ဆန့်တန်းလျက် ဖုယွမ်ချွမ်း၏ လက်ကောက်ဝတ်ကို အမြီးဖြင့်ရစ်ပတ်ကာ မရည်ရွယ်ဘဲ ထပ်မံ ပွတ်သပ်လိုက်ပြန်သည်။


မက်ခါ၏အမြန်နှုန်းသည် အလွန် လျင်မြန်သော်လည်း သူတို့သည် စက်ပစ္စည်းခန်းထဲတွင် ထိုင်နေရင်းနှင့် တုန်ခါမှု အနည်းငယ်ကိုပင် မခံစားရပေ။ အကယ်၍သာ အပြင်ဘက်မှ ကြယ်တာရာ ရှုခင်းများ နောက်ပြန်ရွေ့လျားနေကြပုံနှင့် ရံဖန်ရံခါတွင် ဂြိုဟ်သိမ်လေးများအား ဖြတ်သန်းသွားပုံများကို ကြည့်ရှုမနေပါက မက်ခါသည် ရှေ့သို့ ရွေ့လျားနေသည် ဟုပင် ခံစားရမည် မဟုတ်ပေ။


ကျွင်းချင်ယွီက ဖုယွမ်ချွမ်း၏ လက်ဖဝါးပေါ်တွင် ငိုက်မျဉ်းနေပြီး ငါးမြီးက တွဲလောင်းကျနေကာ သူ၏လက်ကောက်ဝတ်ကို လာထိ၍ ရံဖန်ရံခါတွင် ခပ်ဖွဖွလေး ပွတ်တိုက်မိသွားကြသည်။


သူ ယခုလေးတင်ကမှ နိုးလာသော်လည်း အလွန်အမင်း အိပ်ငိုက်နေသေး၏။ ထို့အပြင် တိတ်ဆိတ်ငြိမ်သက်သောလေထုနှင့်အတူ ဇိမ်ခံ၍ကောင်းသော နှိပ်နယ်မှုလေးကိုပါ ပေါင်းစပ်လိုက်သောအခါ ဤအနေအထားသည် နှစ်ခြိုက်စွာအိပ်မောကျစေရန် အကောင်းဆုံး ဖြစ်လေသည်။


ထိုအချိန်တွင် ချောချောမွေ့မွေ့ ပျံသန်းနေသော မက်ခါသည် စွမ်းရည်များ ခပ်မြန်မြန် ဆုံးရှုံးသွားသကဲ့သို့ ရုတ်တရက် တုန်ခါသွားကာ ပြုတ်မကျမီတွင် လုံခြုံစိတ်ချရသော နေရာသို့ လျင်မြန်စွာ ပျံသန်းသွားလိုက်သည်။ ထိုလှုပ်ရှားမှုကြောင့် ကျွင်းချင်ယွီသည် အိပ်ငိုက်နေရာမှ ချက်ချင်း နိုးထလာခဲ့သည်။


သူ မမေးမီတွင် ဖုယွမ်ချွမ်းသည် ကြောက်လန့်နေသော ငါးလေးကို ချီ၍ ပါးပြင်ကို နမ်းလိုက်သည်။


"ဘာမှမဖြစ်ဘူး... မမြင်ရ‌တဲ့ အတားအဆီးတွေကို ရှောင်ပြီး မောင်းသွားရုံပါပဲ"


ကြယ်တာရာ အာကာသလေကြောင်းလမ်းသည် လျင်မြန်စွာ ပြောင်းလဲနေပြီး လမ်းကြောင်းသည် အခြားဒြပ်စင်များ မပါရဘဲ တတ်နိုင်သမျှ ရှင်းလင်းစေရန် ထိန်းသိမ်းထားခဲ့သည်။ သို့သော် အရာအားလုံးတွင် ခြွင်းချက် အမြဲ ရှိလေသည်။ ရှောင်လွှဲ၍မရနိုင်သော အထူး ဒြပ်စင်အချို့ကလည်း ရှိနေသေး၏။


သို့သော်လည်း ကြယ်တာရာအာကာသ အတွင်းသွားလာနိုင်သော မက်ခါ နှင့် စစ်သင်္ဘောများသည် အရေးပေါ် အတားအဆီးများကို ရှောင်ရှားနိုင်သည့် အထူးလုပ်ဆောင်ချက်များ ပါဝင်လေသည်။ မမြင်တွေ့နိုင်သည့် အတားအဆီးအရွယ်အစား မည်မျှပင်ရှိစေကာမူ တစ်နေရာသို့ ပြေးဝင်ပြီးနောက်တွင် မတော်တဆဖြစ်နိုင်ခြေမှာ မရှိတော့ပေ။


ကျွင်းချင်ယွီသည် ထထိုင်လိုက်ပြီး သူ့လက်ချောင်းများကို မှီကာ ဖန်သားပြင်၏ ဘယ်ဘက်အပေါ်ထောင့်တွင် မက်ခါရုပ်ပုံများ ပေါ်လာသည်ကို တွေ့လိုက်ရ၏။


လက်အောက်ငယ်သားများက သူတို့ကို အနောက်ကနေ ဝန်းရံထားသင့်သည်။


အရေးတကြီး ခံစားချက်မျိုး ရလာသောကြောင့် ကျွင်းချင်ယွီက မေးလိုက်သည်။


"ခင်ဗျား ဂလက်ဆီထဲမှာ hyperspace(အလင်းထက်မြန်အောင်) ခုန်တော့မလို့လား"


 “အမှန်ပဲ” 


ဖုယွမ်ချွမ်းသည် ငါးလေးကို နူးညံ့သည့် ကူရှင်လေးပေါ်တွင် တင်လိုက်၏။


"သေချာထိုင်နေနော်"


ကျွင်းချင်ယွီသည် သူကိုယ်တိုင် လက်တစ်ဖက်ဖြင့် ကူရှင်ပေါ်တွင် နေသားတကျဖြစ်အောင် နေလိုက်ပြီး အပြင်သို့ ပြန်ကြည့်ရန် ခေါင်းကို လှည့်လိုက်‌‌လေသည်။ အပြင်ဘက်တွင် မှောင်လွန်းသောကြောင့် ထိုနေရာတွင် ဘာရှိနေမှန်း ရှင်းရှင်းလင်းလင်း မမြင်ရပေ။


'တီ! အလိုအလျောက် မောင်းနှင်ခြင်းစနစ်ကို ပိတ်လိုက်ပါပြီ'


 'Hyperspace ခုန်ရန် အဆင်သင့်ဖြစ်ပါပြီ'


 'အန္တရာယ်ရှိခြင်း အဆင့် - ၅'


 'စတင်၍ ခုန်နိုင်ပါပြီ'


စက်သံရပ်သွားသည်နှင့် ဖုယွမ်ချွမ်းသည် မက်ခါကို သူ၏ရှေ့မှ အမှောင်ထုထဲသို့ ကျွမ်းကျင်စွာဖြင့် တွန်းပို့လိုက်သည်။


မက်ခါပေါ်တွင် hyperspace ခုန်ရခြင်းက စစ်သင်္ဘောပေါ်မှ ခုန်ရခြင်းနှင့် လုံးဝ မတူညီသော ခံစားချက် ဖြစ်သည်။ စစ်သင်္ဘောသည် ငြိမ်သက်လွန်းသဖြင့် အတွင်းဘက်တွင် ရှိနေသည့်အခါတွင် တစ်ယောက်ယောက် ခုန်ချသွားခြင်း ရှိ၊မရှိကိုပင် သတိထားမိမည် မဟုတ်ပေ။


မက်ခါကတော့ အတော်လေး သေးငယ်ပြီး ခုန်ချလိုက်သောအခါတွင်လည်း ခံစားချက်က ပို၍ သိသာထင်ရှားသည်။


အစွန်းတွင် တွဲလောင်းကျနေသော သူ၏ အမြီးထိပ်ဖျားလေးက မက်ခါ၏ရွေ့လျားမှုနှင့်အတူ လှုပ်ရမ်းသွားသည်။ သို့သော် ထိန်းချုပ်ကိရိယာပေါ်ရှိ  ကူရှင်အပျော့လေးသည် နေရာတွင် မြဲမြံစွာ တည်ရှိနေပြီး ချော်ထွက်မည့်လက္ခဏာ မပြချေ။


Hyperspace ခုန်ချသည့်ကာလသည် ရှည်လျားပြီး ကျွင်းချင်ယွီသည် ငြီးငွေ့လာသောအခါ ဖုယွမ်ချွမ်းအား ကြည့်ရန် လှည့်လိုက်လေသည်။


Xxxxxxx